စကားဝိုင်း

နွေဦးတော်လှန်ရေးအတွင်း အရပ်ဘက်အုပ်ချုပ်ရေးကို ဘယ်လို တည်ဆောက်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

နွေဦးတော်လှန်ရေးအတွင်း အရပ်ဘက်အုပ်ချုပ်ရေးကို ဘယ်လို တည်ဆောက်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

အရပ်ဘက်အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် ဆွေးနွေးခြင်း

၁။ လက်ရှိတော်လှန်ရေးကာလမှာ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်မှုက ဘယ်လောက်ထိ အရေးကြီးပါသလဲ။ မှတ်ချက်စကားနဲ့ စလိုက်ပါရစေ။

ဒေါက်တာ ပညာမွန် (ဒါရိုက်တာ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ )

နိုင်ငံရဲ့ ဘယ်အုပ်ချုပ်ရေး အဆင့်မဆို အရပ်ဘက်အုပ်ချုပ်ရေးက အရေးကြီးတယ်။ အခု တော်လှန်ရေးကာလမှာ အရပ်ဘက်အုပ်ချုပ်ရေးတည်‌ဆောက်မှုက အရေးကြီးသလို စိန်ခေါ်မှုတွေကလည်း အများကြီးရှိနိုင်တယ်။ အခုတော်လှန်ရေးမှာ ပြည်နယ်တစ်ခုကို အုပ်ချုပ်ရေး ယန္တရား တည်ဆောက်တဲ့ အခါမှာ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့လိုတယ်။ ဒါမှသာ တရားဝင်မှုရှိမှာဖြစ်တယ်။ အုပ်ချုပ်ရေးယန္တရားက နှစ်ခု အလုပ်လုပ်တယ်။ တစ်ခုက ပြည်သူကို ဝန်ဆောင်မှုပေးတယ်။ တစ်ခုက ပြည်သူကို လုံခြုံမှုပေးတယ်။ အဲ့ဒီနှစ်ခုကို လုပ်နိုင်ရင် အုပ်ချုပ်ရေးက တရားဝင်မှု ပိုမိုရရှိမှာဖြစ်တယ်။

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

ဒီနွေဦးတော်လှန်ရေးမှာ အရပ်ဘက် အုပ်ချုပ်ရေးက အရမ်းအရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးမှာ လက်နက်နဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးကို တော်လှန်နေတာဖြစ်တဲ့ အတွက် ပြည်သူတွေကို လက်နက်နဲ့ ထပ်ပြီး အုပ်ချုပ်လို့ မရဘူး။ ပြည်သူတွေကို အရပ်ဘက် အုပ်ချုပ်ရေးနဲ့ပဲ အုပ်ချုပ်လို့ရတော့မယ်။ အခုတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြိုဖျက်ပြီး ကိုယ့်ဘက်က အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်ဖို့လိုတယ်။ ရန်သူဘက်က ယန္တရားကိုပဲ ဖျက်ပြီး ကိုယ့်ဘက်က အုပ်ချုပ်ရေး ယန္ဆရားကို မတည်ဆောက်နိုင်ဘူးဆိုရင် အဖက်ဖက်က နှောက်နှေးကျန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

တော်လှန်ရေးလို့ ပြောလိုက်ရင် လူတွေက စစ်ရေး အမြင်နဲ့ပဲ မြင်ကြတယ်။ နိုင်ငံရေးလို့ ပြောရရင် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး နဲ့ သံတမန်ရေး အဓိက ၄ ခုက မပါမဖြစ်ပါရတာဖြစ်တယ်။ တော်လှန်ရေးလုပ်လိုက်တာနဲ့ ရန်သူ့ရဲ့ အုပ်ချုပ်ရေး စနစ်ကို ပြိုပျက်အောင်လုပ်ပြီးတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး စနစ်နဲ့ အစားထိုးဖို့က တော်တော်လေး အရေးကြီးပါတယ်။ အရပ်သားအုပ်ချုပ်ရေးလို့ ပြောတာ အရပ်သားတွေကနေ အရပ်သားတွေ အတွက် အရပ်သားနှင့် ဒီစနစ်ကို ပိုပြီး ကျင့်သုံးဖို့လိုအပ်မယ်။ အဲ့ဒါမှပဲ ပိုပြီးတော့ ထိရောက်မယ်။ ပိုပြီးတော့ တရားဝင်မှုရှိမယ်။ ပြည်သူ့အုပ်ချုပ်ရေး စနစ်က ရန်သူ့ကို တိုက်ခိုက်ဖို့အတွက်လည်း အကောင်းဆုံး လက်နက်လည်း ဖြစ်တယ်။

၂။ အုပ်ချုပ်ရေး၊ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားဆိုတဲ့ စကားရပ်အပေါ် ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုလို့ ရမလဲ။ အရပ်ဘက်အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ဆိုရင် အဓိက အခြေခံရမယ့်အချက်နဲ့ မူဝါဒတွေက ဘာတွေ ဖြစ်မလဲ။

ဒေါက်တာ ပညာမွန် (ဒါရိုက်တာ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ )

အရပ်ဘက်အုပ်ချုပ်ရေးဆိုတာ ပြည်သူလူထုက အုပ်ချုပ်နိုင်ဖို့က အဓိက ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုကို ကြည့်မယ်ဆို အရပ်ဘက် အုပ်ချုပ်ရေးဆိုတာ ရွေးကောက်ပွဲ ကျင်းပပေးရမယ်။ အဲ့ဒီဒေသက လူတွေကို အုပ်ချုပ်ရေးအတွက် ရွေးကောက်တင်မြောက်ထားရမယ်။ တရားဝင်မှုလည်း ရှိမယ်။ အုပ်ချုပ်ရေး ခိုင်မာဖို့ ၃ ခု ကြည့်ရမယ်။ တစ်ခုက တရားဝင်မှု၊ နောက်တစ်ခုက ပြည်သူတွေအတွက် ဝန်ဆောင်မှု နဲ့ လုံခြုံရေး တို့က အရေးကြီးပါတယ်။

၃။ အရပ်ဘက်အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ဆိုရင် အဓိက အခြေခံရမယ့်အချက်နဲ့ မူဝါဒတွေက ဘာတွေ ဖြစ်မလဲ။ ဒီနေရာမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အာဏာခွဲဝေရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးစေချင် ပါတယ်။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

ပထမ အရေးကြီးဆုံးက ဘာဖြစ်လို့ အရပ်သားအုပ်ချုပ်ရေး တည်ဆောက်ဖို့လိုလဲဆိုတာကို ပြည်သူလူထု နားလည်ဖို့က အရေးကြီးပါတယ်။ အဲ့ဒီရည်ရွယ်ချက်ကို သိမှပဲ လူထုတွေက အကောင်အထည်ဖော်တဲ့ဆီမှာ ပူးပေါင်းပါဝင်လာမှာ ဖြစ်တယ်။ ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲမှာရှိတဲ့ ဓလေ့ထုံးတမ်းတွေက ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်မှုအတွက် လိုအပ်တဲ့ ဥပဒေသတွေကို လုပ်ရင်းနဲ့ ပေါ်လာတာဖြစ်တယ်။ မူဝါဒ ရေးဆွဲတဲ့ဆီမှာတော့ အဲ့ဒီ ဒေသမှာရှိတဲ့ ပြည်သူလူထုနဲ့ ကိုက်ညီတဲ့ မူဝါဒ ဖြစ်ဖို့လိုတယ်။ အဲ့ဒါမှပဲ အောင်မြင်တဲ့ အရပ်သား အုပ်ချုပ်ရေး ဖြစ်လာမယ်လို့ ကျနော်ယုံကြည်တယ်။ အာဏာခွဲဝေရေးမှာလည်း အစိုးရက အဆင့်ဆင့်ဖြစ်သင့်တယ်။ အရပ်ရွာ အဆင့်၊ ဒေသန္တရ အဆင့်၊ ပြည်နယ် အဆင့်နဲ့ ပြည်ထောင်အဆင့် စသည်ဖြင့် အဆင့်ဆင့် ခွဲထားဖို့လိုတယ်။

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

အရပ်ဘက် အုပ်ချုပ်ရေးဆိုတာ ကျမတို့ သွားမယ့် ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍမှာ အရေးပါတဲ့ ကိစ္စလည်းဖြစ်တယ်။ ဒိမှာအများစုံအခြေခံရမယ့် အချက်က အုပ်ချုပ်ရေးနဲ့ စုံညီကွဲပြားမှုဖြစ်တယ်။ အုပ်ချုပ်ရေးနဲ့ စုံညီကွဲပြားမှုက ဆိုင်မှ မဆိုင်တာလို့ တွေးကောင်းတွေးမိလိမ့်မယ်။ ကျမတို့နိုင်ငံရဲ့ အနေအထားအရ ဒေသအလိုက်အရပ်ဘက် အုပ်ချုပ်ရေးကို ဖော်ဆောင်တဲ့ အခါမှာ စုံညီကွဲပြားမှုကို အခြေခံဖို့လိုတယ်။ အရပ်ဘက်အုပ်ချုပ်ရေးလို့ ပြောလိုက်တာနဲ့ အာဏာခွဲဝေမှုကလည်း ဆက်တိုက်ပါဝင် လာတယ်။ အာဏာခွဲဝေရေးအတွက်ကလည်း ဒေသနဲ့ ကိုက်ညီမှု ရှိမယ့် အပေါ် သွားသင့်တယ်လို့ မြင်တယ်။

၄။ အုပ်ချုပ်ရေးဖော်ဆောင်မှု အတွေ့အကြုံတွေကို ဆွေးနွေးစေချင်ပါတယ်။ စစ်ကိုင်းဒေသက အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်မှုထဲက စိန်ခေါ်မှုနဲ့ လက်တွေ့လုပ်ဆောင်နေတဲ့ ကဏ္ဍတွေကို ဘယ်လိုရှိနေလဲ။ အလားတူ ချင်းပြည်အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး ပြောပြပေးပါဦး။  

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

ကျမတို့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဖြိုဖျက်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ကြတာ အားလုံး အသိပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေး ယန္တရားထဲ မှာ ခရိုင်အလိုက် မြို့နယ် အလိုက် ကျေးရွာအလိုက် အုပ်ချုပ်ရေး အစုအဖွဲ့တွေဖွဲ့တယ်။ အုပ်ချုပ်ရေးနဲ့အတူ ပညာရေး၊ ကျန်းမာရေး။ တရား‌ေရး၊ လုံခြုံ‌ရေးနဲ့ လူသားစာနာရေးတွေလည်း တွဲပြီးပါဝင်လာတယ်။ ဒီယန္တရားတွေ ဖော်ဆောင်ရာမှာ အဓိက အခက်အခဲက human resource ဖြစ်တယ်။ နွေဦးတော်လှန်ရေး ကာလမှာ နိုင်ရာ ဝန်ကို ဝင်ထမ်းရတဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ကျွမ်းကျင်ပညာရှင်တွေ လိုအပ်မှုကလည်း စိန်ခေါ်မှု တွေရှိတယ်။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေး အကောင်အထည်ဖော်လို လိုအပ်ပါတယ်။ ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေရဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတာဝန်တွေကို ကျနော်တို့ လုပ်ဖို့လိုတယ်။ အစိုးရက ဒီမိုကရေစီနည်းအရ ဖွဲ့စည်းသင့်တယ်ဆိုပင်မဲ့ တော်လှန်ရေး ကာလဖြစ်နေတဲ့အတွက် အဲ့ဒါက တော်တော်ခက်ခက်နေတယ်။ အဲ့ဒါကြောင့် တော်လှန်ရေးမှာပါတဲ့ အဓိက state holder တွေနဲ့ပဲစုပြီး Chin land council ဖွဲ့ ဒီ chin land council ရဲ့ အစိုးရ လွှတ်တော် တရားရေး ဆိုပြီး ဖွဲ့ရပါတယ်။ ဒီ အပေါ်မှာ တချို့က ဝေဖန်မှုရှိပင်မဲ့ ကျနော်တို့လည်း တော်လှန်ရေးကာလမို့ တော်လှန်ရေးနဲ့ ကိုက်ညီမှုရှိတဲ့ ပုံစံကို သွားရတာ ဖြစ်ပါတယ်။

၅။ တဘက်က NUG ဦးဆောင်မှုနှင့်အတူ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်မြင်မှု ရလဒ်လို့ ပြောရမယ့် စစ်ကောင်စီ လက်ထဲက တိုက်ခိုက် သိမ်းပိုက်နိုင်တဲ့ မြို့တွေလည်း ရှိနေပါတယ်။ စစ်ကောင်စီ လက်ထဲက တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ မြို့တွေကို ရေရှည် အားကောင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို ဘယ်လို တည်ဆောက် သင့်သလဲ။

ဒေါက်တာ ပညာမွန် (ဒါရိုက်တာ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ )

အဓိကကတော့ တိုင်းရင်းသားဘက်မှာတော့ အုပ်ချုပ်ရေး စနစ်တည် ဆောက်မှုမှာတာ့ ဝင်ရောက် အကောင်အထည်ဖော်မှု မရှိပါဘူး။ မကွေး၊ စစ်ကိုင်းဘက်မှာတော့ အကောင်အထည် ဖော်တာပိုရှိလိမ့်မယ်။ ကျနော်တို့ နားလည်ထားဖို့လိုတာက အုပ်ချုပ်ရေးတည်ဆောက်တဲ့ဆီမှာ ဘယ်အစိုးရနေရာမှာ ရှိမလဲဆိုတာ သိဖို့လိုမယ်။ NUG က ပြည်ထောင်စုအစိုးရဆို ပြည်ထောင်စုအတွက် အုပ်ချုပ်ရေး တည်ဆောက်ဖို့လိုအပ်မယ်။ ဒေသန္တရအုပ်ချုပ်ရေးတွေမှာတော့ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ဖို့ ခိုင်မာအောင်ပံ့ပိုးဖို့လိုအပ်မယ်။

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

တော်လှန်ရေး ရေချိန်မြင့်လာတဲ့အချိန်မှာ NUG အစိုးရအနေနဲ့ စစ်ကိုင်းတိုင်းက တချို့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်တာ ရှိတယ်။ အဲ့ဒီဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ဖို့ အရေးကြီးဆုံး အချက်က ကြိုတင်ပြင်ဆင်မှုပါ။ ကြိုတင်ပြင်ဆင်ထားမှသာ ရေရှည်ထိန်းသိမ်းသွားနိုင်မယ်။

၆။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EROs)တွေကလည်း စစ်ကောင်စီ လက်ထဲကနေ သိမ်းဆည်းထားနိုင်တဲ့ မြို့တွေကို အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေကြပြီလို့ ကြေညာထုတ်ပြန် ထားတာ တွေ ရှိပါတယ်။ သိမ်းဆည်းလိုက်တဲ့ တချို့နယ်မြေတွေမှာတောင် EROs အချင်းချင်းကြား အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်မှု အငြင်းပွားမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ တိုင်းရင်းသားဒေသတွေအတွက်ဆိုရင်လည်း ရေရှည် စနစ်ကျတဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ဆိုရင် ဘာတွေက အဓိက အခရာကျမလဲ။ လိုအပ်နေမလဲ။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

အရေးကြီးတာက နယ်မြေကိစ္စပါပဲ။ တော်တော်များများက သမိုင်းအခြေခံအရ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုပြီးတော့ သတ်မှတ်ကြတာတွေရှိတယ်။ သမိုင်းဆိုတာက အတိတ်ဖြစ်တဲ့ အတွက် အဲ့ဒီဟာတွေက ဘယ်လောက်အထိအခုချိန်မှာ ဆက်စပ်နေမလဲဆိုတာကိုကြည့်ဖို့ လိုအပ်မယ်။ ကျနော်တို့က အဲ့ဒီနယ်မြေတွေကို အုပ်ချုပ်ရေး တည်ဆောက်ဖို့ဆိုရင် အဲ့ဒီနယ်မြေမှာ ရှိတဲ့ လူထုတွေက အဆုံးအဖြတ်ပေးတဲ့ ပုံစံလောက် ကောင်းတဲ့ အရာမရှိတော့ဘူး။ ဒေသခံပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို EROs တွေအနေနဲ့လိုက်လျော နိုင်မယ်ဆို ပြဿနာ တော်တော်များများ ပြီးသွားလိမ့်မယ်။ EROs တွေအနေနဲ့လည်း ပြည်သူတွေနဲ့ တချိန်လုံးရန်ဖြစ်မယ့်ကိစ္စကို ရှောင်သင့်ပါတယ်။

အားကောင်းတဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရန် အဖြေရှာဆွေးနွေးခြင်း

၁။ နောက်တဆင့်ကို ဆွေးနွေးစေချင်ပါတယ်။ ပြည်ထောင်စုအဆင့်က အမျိုးသား ညီညွတ်ရေးအစိုး(NUG) အနေနဲ့ လက်ရှိ ၃ နှစ်တာ ကာလအတွင်းမှာ စနစ်တကျနဲ့ အရပ်ဘက်အုပ်ချုပ်ရေး လုပ်ငန်းစဥ်တွေ ဘယ်လောက် ထိ ဖော်ဆောင်နိုင်နေပြီလို့ ထင်ပါသလဲ။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

ကျနော်တို့ အရပ်သား အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့ မူဝါဒ တွေရှိဖို့က အရေးကြီးတယ်။ ကျနော်တို့ လိုအပ်တဲ့ မူဝါဒတွေချမှတ်ပြီး အဲ့ဒီ မူဝါဒတွေ အပေါ်မှာ အခြေခံပြီးတော့ လိုအပ်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း တွေကို ပထမဆုံးလုပ်ဖို့လိုတယ်။ အဲ့ဒါတွေကို လုပ်နိုင်ဖို့ NUG အနေနဲ့ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်နေတဲ့ နေရာ ဒေသတွေမှာ နည်းပညာ၊ ငွေကြေးနဲ့ human resources တွေ ထောက်ပံ့ကူညီဖို့ အရေးကြီးပါတယ်။

ဒေါက်တာ ပညာမွန် (ဒါရိုက်တာ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ )

NUG အနေနဲ့က အဓိက ပံ့ပိုးဖို့ ဖြစ်ရမယ်။ အားနည်းတဲ့ ဒေသတွေကို များများ ပံ့ပိုးဖို့ကို NUG က လုပ်သင့်တယ်။ အုပ်ချုပ်ရေး ယန္တရားကိုတော့ ပြည်နယ်တွေက တည်ဆောက်သင့်တယ်။ အုပ်ချုပ်ရေး ယန္တရားတွေက ခိုင်ခိုင်မာမာ မရှိခဲ့ဘူး ဆိုရင် SAC ပြုတ်ကျသွား power vacuum တွေဖြစ်သွားနိုင်တယ်။ power vacuum ဖြစ်သွားရင် ကိုယ့်အချင်းချင်းတိုက်ခိုက်ကြမယ်။ အုပ်ချုပ်ရေး ယန္တရား တွေကို အခုချိန်က စပြီး ဘယ်လိုခိုင်မာအောင် တည်ဆောက်မလဲဆိုတာ NUG အစိုးရရဲ့ တာဝန်ဖြစ်တယ်။

၂။ တဆက်တည်းမှာ နွေဦးတော်လှန်ရေးကာလ အစမှာကတည်းက ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေ ဖွဲ့စည်းခဲ့ကြတယ်။ ဒီ ပအဖ အဖွဲ့အစည်းတွေက လက်ရှိချိန်မှာ အရပ်ဘက်အုပ်ချုပ်ရေးကို တည်ဆောက်နိုင် သလား။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေ ရှိနိုင်မလဲ။

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပအဖ တွေ ပေါ်လာပြီးနောက်မှာတော့ အုပ်ချုပ်ရေး လုပ်ငန်းစဥ်တွေက ကောင်းကောင်းမွန်မွန် လည်ပတ်လာနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ အနီးနား ပတ်ဝန်းကျင် အနေအထားအထိပါ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ထားနိုင်တဲ့ အနေအထားတွေ ရှိတယ်။

၃။ တဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EROs) တွေရဲ့ သက်ဆိုင်ရာဒေသ ထိန်းချုပ် စိုးမိုးနယ် မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်မှု ရှိနေပြီးသား ဖြစ်ပါတယ်။ ထိုအုပ်ချုပ်ရေးကို အရပ်ဘက် အုပ်ချုပ်ရေး စစ်စစ်မှန်မှန်ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

EROs တွေရဲ့ အုပ်ချုပ်ရေး စနစ်တွေကတော့ စစ်မှန်တဲ့ အရပ်သား အုပ်ချုပ်ရေး စနစ် မဖြစ်သေးဘူး။ အဲ့ဒီမှာ စစ်မှန်တဲ့ အရပ်သား အုပ်ချုပ်ရေးဖြစ်ဖို့ အရပ်သားတွေအတွက် အရပ်သားတွေက အရပ်သားတွေနဲ့ တည်ဆောက်တဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်မှ အရပ်သား အုပ်ချုပ်ရေးလို့ ခေါ်ရမှာပါ။ မြို့သိမ်းပြီးနောက် အုပ်ချုပ်ရေးဖော်ဆောင်ဖို့ လိုအပ်တဲ့ အဆောက်အဦး မရှိတဲ့အတွက် အရပ်သား အုပ်ချုပ်ရေးဖော်ဆောင်ဖို့ ခက်ခဲ နေမှုများရှိတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရ အဖွဲ့တွေအနေနဲ့ ဒေသန္တရ အုပ်ချုပ်ရေး ဘယ်လို တည်ဆောက်မလဲ ဆိုတာ ဥပဒေ နည်းဥပဒေတွေ လိုအပ်တယ်။ ဒေသန္တရ အုပ်ချုပ်ရေးတွေအတွက် ဥပဒေ၊ နည်းဥပဒေတွေရှိလာပြီးဆိုရင် အဲ့ဒါတွေအတိုင်း အရပ်သားအုပ်ချုပ်ရေးကို အကောင်အထည်ဖော်သင့်တယ်။

၄။ နောက်ဆုံးအနေနဲ့ အောင်မြင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် နွေဦး တော်လှန်ရေး ဖြစ်လာဖို့အတွက် အရပ်ဘက်အုပ်ချုပ်ရေးယန္တရား တည်ဆောက်မှု အခန်းကဏ္ဍက ဘယ်လောက် အထိ အရေးပါသလဲ။

ဒေါက်တာ ပညာမွန် (ဒါရိုက်တာ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ )

အရပ်သားအုပ်ချုပ်ရေးက တော်တော်ကို အရေးပါပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျနော် နှစ်ပိုင်းတွေ့ရပါတယ်။ စစ်ရေးကတော့ အားကောင်းတယ်။ နိုင်ငံရေးအပိုင်းမှာတော့ တော်တော်လေး အားနည်းနေသေးတယ်။ state holder တွေကြားမှာ ညီညွတ် မှုတွေ၊ သဟဇာတာဖြစ်မှုတွေ၊ စည်းလုံးမှုတွေ သိပ်မရှိသေးဘူးလို့ မြင်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ အုပ်ချုပ်ရေး ယန္တရား ဖြစ်ဖို့လိုတယ်။ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုမဖြစ်ထားဘူးဆိုရင် ကိုယ့်လမ်းကိုယ်လျှောက်ဆိုတဲ့ အခြေအနေတွေ ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။

ဒေါက်တာရွှေခါးရ် (နိုင်ငံခြားရေးဝန်ကြီး၊ ချင်းပြည်အစိုးရ)

ဒီမေးခွန်းကို Perspective နှစ်ခုနဲ့ ဖြေချင်ပါတယ်။ ပထမ တစ်ခုက တော်လှန်ရေးအောင်မြင်ဖို့ အရပ်သားအုပ်ချုပ်ရေး နဲ့ ဒုတိယ တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အရပ်သား အုပ်ချုပ်ရေး ဆိုပြီး နှစ်ပိုင်းဖြစ်တယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက် အရပ်သားအုပ်ချုပ်ရေး ဒါက မရှိမဖြစ်တည်ဆောက်ရမယ့် အရာဖြစ်တယ်။

ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ အရပ်သား အုပ်ချုပ်ရေးကလည်း တော်တော်အရေးကြီးပါတယ်။ Bottom Up federalism အတွက်က  အခု ကျနော်တို့လုပ်နေတဲ့ ပြည်သူ့ အုပ်ချုပ်ရေးကနေတက်လာရမှာ ဖြစ်တယ်။

ဆရာမ ချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့ အခါမှာ အရပ်ဘက် အုပ်ချုပ်ရေးက အရေးကြီးပါတယ်။ ယခု တော်လှန်ရေးမှာ စစ်ရေးက တော်လှန်ရေးကို ဦးဆောင်နေသလို တစ်ဖက်မှာ လူထုကို ဦးဆောင်ဖို့ အရပ်သား အုပ်ချုပ်ရေးကလည်း လိုအပ်တယ်။ စစ်ရေး တစ်ခုတည်းကိုသွားမယ်ဆိုရင် နောင်တချိန်မှာလည်း လက်နက်နဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးပဲ ထပ်ဖြစ်သွားလိမ့်မည်။ ဒါကြောင့် အခုကတည်းက အရပ်သား အုပ်ချုပ်ရေးကို ဖော်ဆောင်သင့်ပါတယ်။

 

Related Articles

Back to top button