တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 18, March 1, 2024)

၁။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့ PNLO ဥက္ကဌအသိပေး
  February 29, 2024

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ခွန်သူရိန်က ဖေဖော်ဝါရီ ၂၈ ရက်က ပြောကြားတဲ့ ပြည်သူ သို့ပန်ကြားချက်ထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာမယ်လို့ပါရှိပါတယ်။ ခွန်သူရိန်က PNLA သတင်းစဉ်ကနေ ပအိုဝ်းဘာသာနဲ့ ပြောကြားခဲ့တာမှာ စစ်အာဏာရှင်တော်လှန်ဖို့ ပအိုဝ်းအချင်းချင်းကူညီသင့်တယ်၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်မကျဆုံးသရွေ့ တိုက်ပွဲတွေလည်း ပြီးဆုံးမည်မဟုတ်၊ စစ်အာဏာရှင်မပြုတ်မချင်း တော်လှန်နေဦးမယ်၊ စစ်ပွဲကလည်းဒီထက်မက ပိုပြင်းမယ် ဆိုတာ မိဘပြည်သူတွေကို အသိပေးတယ်လို့ ပါရှိပါတယ်။

လက်ရှိမှာ ခွန်သူရိန်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သလို ပအိုဝ်းအမျိုးသားတပ်မတော် PNLA တပ်မှူးချုပ် လဲ ဖြစ်ပါတယ်။ PNLO ဟာ PPST လို့ခေါ်တဲ့ NCA ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ၈ ဖွဲ့မှာ ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာဖြစ်စဉ်မှာ စစ်ကောင်စီ၊ PNO တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်ကောင်စီကို အတိ အလင်းတော်လှန်တဲ့ စစ်ဆင်ရေးမှာပါဝင်လာတဲ့ ပအိုဝ်းတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=427911739595276&set=a.285900487129736

၂။  ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သင်တန်းပေး
  March 1, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ လူငယ် ၁၀၀ ကျော် ကို  ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းကနေ  စစ်တပ်ကအတင်းအကျပ်ခေါ် ဆောင်သွားပြီး ခမရ ၅၄၂ ထဲမှာ စစ်သင်တန်းတွေစပေး နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က စစ်သင်တန်းတက်ဖို့ ကျောက်တလုံးဒုက္ခသည်စခန်းက ဂိုဒေါင်ထဲ မှာ အတင်းအကျပ်စုရုံးကာ နာမည်စာရင်းကောက်ခံပြီး ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကနေ နှစ်ပတ်ကျော်အထိကြာတဲ့အထိ ခမရ ၅၄၂ မှာ စစ်သင်တန်းတက်ဖို့ စစ်ကားကြီးတွေနဲ့ ခေါ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒေသခံအမျိုးသမီး တဦးက “ဒီနိုင်ငံ မှာနေတဲ့အတွက် စစ်မှုထမ်းရမယ်၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် စစ်သင်တန်းတက်ထားဖို့ လိုအပ်တယ်ဆိုပြီး အစည်းအဝေးမှာ ပြောတယ်။ မတက်ချင်လို့ ထွက်ပြေးတဲ့သူတွေကိုပါ အရေးယူမယ်။ လိုအပ်ရင် တိုင်းပြည်အတွက် အသက်ပေး ရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောသွားတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၃၅၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတဲ့ ကျောက်တလုံးဒုက္ခသည်စခန်းကနေ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီဘက်ကနေ အဓိကပစ်မှတ်ထားပြီး စစ်သင်တန်းပေးနေပြီး စစ်ကားကြီးတွေနဲ့ပါ မနက် ၈ နာရီတခေါက် ညနေ ၄ နာရီမှာတခေါက် အကြိုအပို့လုပ်နေတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။  “မနက်မိုး လင်းတာနဲ့ စစ်ကားတွေနဲ့ စစ်သင်တန်းတက်ဖို့ စာရင်းပေးခံထားရတဲ့ လူတွေအကုန်ကို စစ်ကားနဲ့တင်တယ်၊ ညနေဆိုရင်လည်း စစ်ကားနဲ့ ပြန်လာပို့တယ်။ ကြားထဲမှာ ထမင်းတော့  ကျွေးတယ်။ ထွက်ပြေးလို့လည်းမရ၊ မတက်ဘူးလို့ ငြင်းလို့လည်း မရတော့၊ မတက်ချင်ဘဲနဲ့လည်း စစ်သင်တန်းတက်နေကြရတယ်။” ဒါ့အပြင် စစ်သင်တန်းတက်နေတဲ့သူတွေဆီကနေ သင်တန်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပေါက်ကြားမှာစိုးတဲ့အတွက် မိုဘိုင်းဖုန်းတွေကိုပါ သိမ်းဆည်းထားပြီးတော့ သတင်း အချက် အလက် မပေါက်ကြားရအောင် စစ်သင်တန်းတက်ဖို့ ဖိအားပေးခံထားရတဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်ထားပြီးတော့ ကျောက် တလုံးစခန်းတွင်းမှာပါ ရဲ၊ စစ်သား၊ စရဖ တွေကိုပါ လုံခြုံရေးတိုးချဲ့ချထားတယ်လို့ သိရပါတယ်။ စစ်သင်တန်းကို မတက်ချင်ပေမဲ့ စစ်တပ် ခြိမ်းခြောက်မှုတွေအပြင်၊ ဖမ်းဆီးခံရမှုတွေကိုပါ ကြောက်ရွံ့နေရတဲ့ ကျောက်တ လုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ဟာ သတင်းဖြေကြားဖို့ ကြောက်ရွံ့နေပြီးတော့  လုံခြုံရေးကို သတိဝီရိယ အများကြီးထားနေရတယ်လို့ ကျောက်တလုံး စခန်း တွင်း နေထိုင်သူ တဦးက ပြောပါတယ်။ https://burmese.dvb.no/post/641002
၃။ တနင်္သာရီ၊ မရင်းကြီးရွာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသားနှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိ
  February 29, 2024

စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာက သက်လတ်ပိုင်းအရွယ် ရွာသားနှစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာရှိတဲ့ အမြောက် တပ် အမတ (၃၀၆) တပ်ရင်းကနေ အနောက်မော်တုန်းကျေးရွာအုပ်စုက မရင်းကြီးကျေးရွာနဲ့ ဘန်းလမွတ်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မရင်းကြီးရွာဒေသခံတွေကပြောပါတယ်။ “အိမ်နှစ်ဆောင်ကြားထဲကို လက်နက် ကြီး ကျည်ကျတာပါ။ အိမ်ထဲမှာရှိနေတဲ့ လူတွေထိတာ ဒဏ်ရာတွေက စိုးရိမ်ရတယ် ”လို့ မရင်းကြီးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်သူတွေကတော့ အသက် ၃၅ နှစ်အရွယ် ကိုအောင်ဇော်ဝင်းနဲ့ အသက် ၃၉ နှစ်အရွယ် ကိုကျော်ဌေး တို့ဖြစ်ပါတယ်။  ကိုကျော်ဌေးမှာ ဦးခေါင်းရှပ်ထိဒဏ်ရာ၊ ပခုံးမှာ လက်နက်ကြီးကျည်စထိမှန်ပြီး လက်ကျိုးတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ကိုအောင်ဇော်ဝင်းမှာတော့ တင်ပဆုံနေရာမှာ လက်နက်ကြီးကျည်စတွေထိမှန်ခဲ့ကာ ညတွင်းချင်း ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မရင်းကြီးရွာ ဒေသခံအမျိုးသားက ပြောပြပါတယ်။ အမတ (၃၀၆) တပ်ကနေ မရင်းကြီးရွာဘက်ကို လက်နက်ကြီးနဲ့ အချက်ရေ ဆယ်ချက်ထက် မနည်း အခုလ ၂၇ ရက်ညက ပစ်ခတ်ခဲ့ပြီး ဘန်းလမွတ်ရွာဘက်ကိုတော့ သုံးချက် ခန့်ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကနေ့လယ်အထိလည်း အဲ့ဒီရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။  https://www.facebook.com/photo/?fbid=424229883328100&set=a.196212682796489

၄။ စစ်တွေဈေးအတွင်းသို့ စစ်ကောင်စီ၏ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှု  ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့်ဒဏ်ရာရ
February 29, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီး ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ ကြေင်း ရခိုင့်တပ်တော် – AA ကတရားဝင်ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅၀ နီးပါး အထိရှိရာ စုစုပေါင်း ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် စစ်တွေမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်အနီး တဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်း ဈေး ဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုထားသည်။

ပြည်သူလူထုကို အဓိကပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးနေသော အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့သောလုပ်ရပ်များကိုတာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည်ဖြစ်ပြီး ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်ကျူး လွန်နေမှုများတွင် ပါဝင်ပတ်သက်နေသောသူများအား စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဆက်လက် အသိ ပေးထားသည်။ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုများကျူးလွန်နေ သော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ဆန့်ကျင် တားဆီး ပေးကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ တိုက်တွန်းထားသည်။ မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်အပြည့်ဖြင့် ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူများ သွားလာနေထိုင်ရာ မြို့၊ ရွာ၊ နေအိမ် များ၊ ဈေးများ၊ စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် တိုက် ခိုက်နေသော ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်သွားလာ နေထိုင်ကြပါရန် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်က အထူးတိုက်တွန်း ထားသည်။ https://www.facebook.com/photo?fbid=761198396107769&se t=pcb.761198546107754
၅။  မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေး နှစ်ဦး ဒဏ်ရာရ
   February 29, 2024

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။ မင်းတပ်မြို့နယ်၊ လှေးကောင်း ကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၇ နာရီခန့်က စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကြောင့် စိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “မြို့ထဲ စစ်တပ် တပ်ရင်း ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ဖြစ်ပါတယ်။ ရွာအနီးနား ပတ်ဝန်းကျင်မှာ လက်နက်ကျည် ရှစ်လုံးလောက် ကျရောက် ပေါက်ကွဲသွားတာဖြစ်တယ်။ ဝဥ စိုက်ခင်း အလုပ်လုပ်နေတဲ့ ကလေးနှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ လူနေအိမ် တစ်လုံး ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် ကလေး နှစ်ယောက်သည် အသက် ၁၆ နှစ်အရွယ် နှင့် အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး နှစ်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ မင်းတပ်မြို့ရှိ ခလရ (၂၇၄) မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခုလအတွင်း ကျေးရွာဖက် များသို့ ဝင်ထွက်သွားလာနေကြသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများနှင့် ပြည်သူများကို ဖမ်းဆီးပြုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် ချင်းလဲန်းကာကွယ် ရေးတပ်(မင်းတပ်)က အသိပေးထားသည်။ https://www.facebook.com/photo?fbid=7287772 79391294&set=pcb.7287 77376057951
၆။ မံစီမြို့တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ
   February 29, 2024

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ညနေ ခြောက်နာရီခန့်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီခြေမြန် တပ်ရင်း ခမရ-၆၀၁ နှင့် ၃၁၉ ကြားရှိ မံစီအခြေစိုက်အမြောက်တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သောလက်နက်ကြီးသည် မောရဝတီ ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“မံစီမြို့ခံအမြောက် တပ်ကနေ လက်နက်ကြီးရမ်းပစ်နေတာ။ ငါးကြိမ်လောက်ပစ်တာ နှစ်ကြိမ်က ကျွန်တော်တို့ရပ်ကွက်ထဲကျတာ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ရမ်းပစ်နေတာ။ ရပ်ကွက်ထဲကျတာ မိန်းကလေးတစ်ယောက်ထိသွားတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူကို မံစီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဝမ်းဗိုက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့သည်ဟု မေတ္တာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။“ကျွန်တော်တို့အသင်းကနေ မံစီဆေးရုံကိုပို့ထားပြီး ဗျ။ ထိခိုက်ထားတာတွေက ခြေဖမိုး၊ ခြေသလုံး၊ ခြေဖဝါး၊ ဝမ်းဗိုက်တွေမှာရော ထိထားပါတယ်ဗျ” ဟု ပြောသည်။ ကချင်လွတ် မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မံစီမြို့နယ် သံတံတားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်းပျက်စီးသွားသည့်အပြင် အသက် (၅၄) နှစ်အရွယ် ဦးဆန်ထွေး ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်။ https://www.facebook.com/photo/?fbid=7193255 33728451&set=pcb.719326017061736
၇။  မင်းတပ်မြို့က စစ်ကောင်စီတပ်ရင်း လက်နက်ကြီးပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ
  February 29, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ကောင်စီရဲ့ တပ်ရင်းကို လက်နက်ကြီးကျည် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ်ထံက သိရပါတယ်။ မင်းတပ်မြို့က စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၄၅ အချိန်မှာ ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ်မှ လက်နက်ကြီး ကျည် ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကနေ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးပစ်တဲ့ ကျည်က တပ်ရင်းဗဟိုကင်း တည့်တည့်ကျတယ်။ ပွဲချင်းပြီး ၂ ဦးသေတယ်။ ဆေးမှူးတစ်ဦး ပြင်းထန်ဒဏ်ရာရတယ်။ တပ်ရင်းလိုင်းခန်းအချို့ ထိခိုက်ပျက်စီး တယ်။”လို့ ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ https://www.facebook.com/zalen.inf o/videos/84336620 0926949

၈။ ကံပေါက်မှာ CDM ဆရာမတစ်ဦးအပါအဝင် အရပ်သားသုံးဦးကို စစ်ကောင်စီထပ်ဖမ်း
  February 29, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန်မှာဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ခိုင်သဇင် ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ကြတဲ့ CDM ဆရာမ တစ်ဦး၊ မဂ္ဂင်ရပ်ကွက် နေ PTT ကုမ္ပဏီကားမောင်းနေသူ ကိုနိုင်နဲ့ဇနီးဖြစ်သူတို့ကို သူတို့ရဲ့နေအိမ်အသီးသီးမှာရှိနေတဲ့အချိန် ဖမ်းဆီးခဲ့တာလို့ ဒေသခံ တွေက ပြောပြပါတယ်။ ကျနော်တို့ကံပေါက်မှာ လူတွေလည်းကုန်ပြီ ဖမ်းလို့ကုန်တာနဲ့ စစ်မှုထမ်းရမှာစိုးလို့ ထွက်ကြတာနဲ့။ အခုလည်းကြည့် လူကြီးလူငယ်အလွှတ်မပေးဘူး ဒီကောင်(စစ်ကောင်စီ)တွေက မြင်မြင်ရာအကုန်ဆွဲနေကြတာ။ လို့ ဒေသခံ အသက် ၂၀ ကျော် လူငယ်တစ်ဦးက ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့ အရပ်သားသုံးဦး ဘယ်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာ အတိအကျမသိရပေမယ့် မောရဝတီရေတပ် ဌာန ချုပ်မှာ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေခန့်မှန်းနေကြပါတယ်။ စစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ ကံပေါက်ရွာခံ အများစုကို မောရဝတီရေတပ်ဌာနချုပ်မှာ ထိန်းသိမ်းကာ စစ်ဆေးလေ့ရှိပါတယ်။ အခုလအထဲမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့  ကံပေါက်ရွာခံ အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ရှစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ အဲဒီကိုးဦးထဲမှာ အများစုက CDM ဆရာမ တွေပါ။  ကံပေါက်ဒေသရှိရာ ရေဖြူမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီဖမ်းဆီးထားတာက ရွာငါးရွာက အရပ်သား စုစုပေါင်း ၃၁ ဦးထက်မနည်းရှိနေပါတယ်။ ပြီးခဲ့တဲ့လ ကတော့ ရေဖြူမြို့နယ်က အရပ်သား ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့ပါ တယ်။ https://www.facebook.com/photo/?fbid=424264146658007&set=a.196212682796489
၉။ ရေနီအသုံးပြုနေရတဲ့ ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူရှိ
   February 29, 2024

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ (၅) ရွာမှာ သောက်သုံးရေအတွက် ရေနီကိုအသုံးပြုနေ ရပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။“၅ ယောက် ၁၀ ယောက်အထိ။ ထပ်ခါထပ်ခါ ဖျားတဲ့ လူနာများရင်တော့ စိုးရိမ်ရတယ်။ ဖျားတဲ့ လူများလာရင် ဆိုင်တဲ့ နေရာ၊ အဖွဲတွေ ပြောပြရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရေနီကိုအသုံးပြုနေရတဲ့ ကျေးရွာတွေမှာ ဒေသခံတချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတဲ့အပြင် ကလေးငယ်တွေ ဟာ အရေပြားယားယံမှုတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။ ရေရှားပါးမှု နဲ့ ရေမသန့်တာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေ များလာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးက ရေနဲ့ ဆိုင်တယ်လေး။ ကျနော်တို့ ဒီမှာနေတာ ရေမရှိဘူးလေးနော၊ ရေမရှိတော့ ရေချိုးဘာညာမရှိလို့ ကျန်းမာရေး ထိခိုက်နိုင်တယ်ပေါ့။ ရေဝယ်ဖို့ကျတော့လည်း မတတ်နိုင်ဘူးပေါ့။ အဲ့တော့ ဝမ်းပျက်ဝမ်းလျှောတော့ စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာ (၅) ရွာမှာ ယခုနှစ် ဖေဖော်ဝါရီလ ပထမ အပတ်ကစပြီး စုဆောင်းထားတဲ့ ရေသိုလှောင်ကန်မှာ ရေမရှိတော့တဲ့အတွက် သောက်သုံးရေရရှိဖို့ ရေနီကိုသာ အသုံးပြုနေရ တာပါ။ သောက်သုံးရေရရှိဖို့အတွက် ရေနီကန်က ရေကို ကျေးရွာ ၅ ရွာအပြင် စစ်ဘေးရှောင်တွေလည်း စုပေါင်း အသုံးပြုနေကြ တာဖြစ်ပါတယ်။ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာကြောင့် ရေလှူဒါန်းပေးဖို့ကိုလည်း ကျေးရွာဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေ က တောင်းဆိုထားကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%9b%e1%80%b1%e1%80%94%e1% 80%ae%e1%80%a1%e1%80
၁၀။  မိုးမိတ်နဲ့ မဘိမ်းမြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး မပခတိုင်းမှူးဆီ အာဏာလွှဲ
   February 29, 2024

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်ပြည်မြောက်ပိုင်း၊ မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာြပီး မြောက်ပိုင်း တိုင်း တိုင်းစစ်ဌာချုပ်(မပခ) တိုင်းမှူးဆီ လုပ်ပိုင်ခွင့် အာဏာလွှဲအပ်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ မှာ ကြေညာပါ တယ်။ မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေက ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေးယန္တရားအားလုံး မပခတိုင်းမှူးရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက် ရှိ မည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စီမံပိုင့်ခွင့်အာဏာကပါပေးတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ မပခတိုင်းမှူးဟာ ဗိုလ်မှူးချုပ်စိုးလှိုင်ဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀)ကနေ တိုင်းမှူးအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ခန့်အပ်ခဲ့တာပါ။

မိုးမိတ်နဲ့ မဘိမ်းမြို့တွေဟာ ရှမ်းပြည်မြောက်ပိုင်းအတွင်းမှာ တည်ရှိတာဖြစ်ပေမယ့် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ဂွင်အတွင်း မှာပါဝင်တာကြောင့် မပခတိုင်းမှူးဆီ အာဏာလွှဲတာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ အဲ့ဒီ့ စစ်အုပ် ချုပ်ရေးကြေညာတဲ့ ၂ မြို့ဟာ ကချင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းနယ်မြေတွေနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ ဒေသတွေဖြစ်ပါတယ်။ မိုးမိတ်မြို့မှာ မပခလက်အောက်ခံတပ်ရင်းတွေအဖြစ် ခမရ-၃၄၈၊ စကခ-၂၁ ရဲ့ ဗျူဟာတစ်ခု၊ ခလရ-၂၂၃ နဲ့ ခလရ-၂၇၆ တို့ အခြေစိုက်တပ်စွဲထားပါတယ်။ မဘိမ်းမြို့ဟာလည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီကလည်း ပြန်လည်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေပါတယ်။ https://www.facebook.com/photo?fbid=427882089598241&se t=pcb.427882256264891
၁၁။ တမူးရှိ SNA နှင့် ကသည်းပူးပေါင်းတပ်တို့ တပ်စွဲထားသည့်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
   February 29, 2024

ရှမ်းနီအမျိုးသားများတပ် (SNA)နှင့် ကသည်းပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသော တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အစပ်ရှိ ကမ္ဘာလုံးစေတီကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တမူးခရိုင် ကွပ်ကဲမှုဖြင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကမ္ဘာလုံးစေတီကုန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။“အခုမြေပြင်အခြေအနေကတော့ ကျွန်တော်တို့သိမ်းထားပြီး နယ်မြေရှင်းလင်းရေးဝင်ထားပြီးပြီဗျာ။ လောလော ဆယ်သူတို့ဘက်က စစ်ကြောင်းထိုးလာတာမျိုးတော့မရှိသေးဘူး။ အောင်ဇေယျာကိုသိမ်းပြီးလို့ ဆုတ်ခွာသွားတဲ့ကောင်တွေ အဲ့ ကမ္ဘာလုံးစေတီစခန်းမှာသွားပေါင်းတာလေး အဲ့ကြောင့်ထပ်တိုက်တာဗျ” ဟုပြောသည်။

အဆိုပါကမ္ဘာလုံးစေတီကုန်းတွင် SNA တပ်မဟာ ၈၉၁ လက်အောက်ခံ တပ်ရင်း – ၂ နှင့် ကသည်းပူးပေါင်းတပ်တို့က တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှ MI-2 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး၊ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး M22 တစ်လက်၊ G3 လေးလက်၊ G3 ကျည် ၆၇၅ တောင့်၊ 7.62ကျည် ၂၃၅ တောင့်၊ 5.56 ကျည် ၁‌၇‌၂‌ တောင့်၊ နင်းမိုင်း တစ်ခု၊ ကတ်သီး သုံးခု၊ M22 ကျည်အိမ် နှစ်ခုနှင့် G3 ကျည်အိမ် ၁၀ ခုတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသကထုတ်ပြန်ခဲ့သည်။ သွားရောက် တိုက်ခိုက်ရာတွင် တမူးခရိုင်ကွပ်ကဲရေးဖြင့် တမူးခရိုင်တပ်ရင်း (ရင်း – ၁၊ ရင်း – ၂) နှင့် KNA(B) ပူးပေါင်းအဖွဲ့တို့ ပါဝင်ခဲ့ပြီး ခရိုင်း တပ်ရင်း – ၄ ကလည်း လမ်းကြောပိတ်ဆို့ရေးတာဝန်ယူပေးခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid= 719048260422845&set=pcb.719048347089503
၁၂။ MDF နဲ့ CDF-Mara ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး MDF တပ်ဖွဲ့က မတရားလုပ်ဆောင်နေတယ်လို့ မရာ အုပ်ချုပ်ရေးကောင်စီထုတ်ပြန်
  February 29, 2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မရာမျိူးနွယ်စုများ နေထိုင်ရာဒေသတွင် ၂၀၂၄၊ ဇန်နဝါရီ ၂၄ ရက်မှစတင်ပြီး ယခုအချိန်အထိ ချင်းတပ်ဖွဲ့အချင်းချင်းအကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းရှိနေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံး ရှိနေတယ်လို့ မရာအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းအနေနဲ့ Maraland Defense Force (MDF) အဖွဲ့က မတရားပြုကျင့်နေတာကြောင့်ဖြစ်တယ်လို့လည်း မရာ အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက် မှာပါဝင်ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီခန့်က ပလက်ဝမြို့နယ်၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေကျေးရွာ အနီး မှာ ချင်းအမျိုးသားတပ်မတော်(CNA ၊ CDF – Mara )စတဲ့ ချင်းပူးပေါင်းတပ်ဖွဲ့ တွေနှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Maraland Defense Force (MDF)တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး CNF/CNA ၊ CDF- Mara-နဲ့ ချင်းပူး ပေါင်းတပ်ဖွဲ့က (၄) ဦး ကျဆုံးပြီး နှစ်ဖက်တပ်ဖွဲ့အကြား ထိခိုက်ကျဆုံးမှုတွေ ပိုမိုရှိလာနေတာလည်းဖြစ်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ဇန်နဝါရီ ၂၄ ရက်တွင် Maraland Defense Force (MDF)က ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် CDF- Mara မှ ရဲဘော်တစ်ဦး၊ CNA မှ ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး CDF- Mara က ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ပိုက်တေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CNA မှ ရဲဘော် (၁) ဦးကျဆုံးပြီး CNA နှင့် CDF ချင်းပူးပေါင်းတပ်မှ ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း MDF က ထုတ်ပြန်ပါတယ်။ MDF တပ်ဖွဲ့ကို မဟာမိတ်ဖြစ်တဲ့ ရခိုင့်တပ်တော် (AA) က ပါဝင်ကူညီတိုက်ခိုက် ပေးနေတဲ့အတွက် ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ အရ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ခုခံ တွန်းလှန် နေတာဖြစ်တယ်လို့လည်း မရာအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ Maraland Defense Force (MDF) တပ်ဖွဲ့ဟာ CDF-Mara တပ်ဖွဲ့မှ လိုချင်တဲ့ ရာထူးနေရာကိုမရရှိခဲ့တာကြောင့် ခွဲထွက်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင် စနစ်ကို အပြီးသတ်တိုက်ခိုက်ရန် အတွက် ပါဝင်လိုခြင်းမရှိဘူးလို့လည်း မရာ အုပ်ချုပ်ရေးကောင်စီက ဖော်ပြထားပါတယ်။ https://www.facebook.com/phot o?fbid=797110479124310 &set=pcb.797110535790971
၁၃။ မြောက်ဦးမှာ သတင်းထောက် ကိုဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အရာရှိတွေဝန်ခံ
  February 29, 2024

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း- ၃၇၈ မှာ ဖမ်းဆီးထားတဲ့ သတင်းထောက် ကိုဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အရာရှိတွေဝန်ခံထားတဲ့ ရုပ်သံဖိုင်ကို ရက္ခိုင့်တပ်တော်-AA က ဖေဖော်ဝါရီ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။ ၎င်းတို့ ၇ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အချုပ်ခန်း ကနေ ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့ပြီး မြေမြုပ်လိုက်ကြောင်း AA တပ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးအာကာမြင့်က ပြော ပါတယ်။ ခမရ- ၃၇၈ တပ်ရင်းရဲ့ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး ဒဏ်ရာရချိန်မှာ သူတို့ကို အခုလိုသတ်ဖြတ်ဖို့အမိန့်  ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ” အချုပ်ခန်းထဲက သူတို့ခုနစ်ဦးကို မျက်လုံးကို ပဝါနဲ့စည်း၊လက်ထိပ်ခတ်ပြီး ဆေးခန်းဘက် ကို ဒုတပ်ကြပ်သန်းအောင် တို့ကခေါ်သွားပါတယ်။ အဲဒီနေရာမှာပဲသေနတ်နဲ့ပစ်သတ်ပြီး မြေမြှုပ်လိုက်တာပါ”လို့ ဗိုလ်ကြီး အာကာမြင့် က ဝန်ခံထွက်ဆိုထားပါတယ်။

သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်မှူးသိန်းထိုက်စိုးကတော့ ၎င်းတို့ ၇ ဦးကိုတော့ သတ်ဖြတ်မြေမြုပ်ပြီးနောက် တပ်မမှူး ဗိုလ်ချုပ်မင်းမင်းထွန်းထံ ဗုံးစထိမှန်ပြီး သေဆုံးသွားတာဖြစ်ကြောင်း တင်ပြခဲ့တယ်လို့ နောက်ထပ် စစ်သုံးပန်းတစ်ဦးဖြစ်တဲ့ မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးခင်မောင်စိုးက ဝန်ခံထားပါတယ်။ သတင်းထောက် ကိုဖိုးသီဟ သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတကာတွေအနေနဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=7280726761 66666&set=pcb.72807305949
၁၄။ SSPP/SSA ထံ တစ်နှစ်စာ အခွန်ပေးဆောင်ထားသည့် ကုန်ကားများကို အခွန်ထပ်မံ ကောက်ခံနေ၍ ကုန်ကားသမား များ အခက်တွေ့နေ
 February 29, 2024

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲနှင့် နောင်ချိုအကြားရှိ နောင်ပိန်ရွာအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) က ကုန်ကား​များကို အခွန်ကောက်ခံနေကြောင်း ကုန်ကားမောင်းသူများထံက သိရသည်။ SSPP/SSA ထံ တစ်နှစ်စာအခွန်ပေးဆောင်ပြီးဖြစ်သော်လည်း ကုန်ပစ္စည်းများတင်ဆောင်ပြီး ဂိတ်ကိုဖြတ်မောင်းသည့်  ကားများက်ို ထပ်မံ၍ အခွန်တောင်းယူကြောင်း ကုန်ကားမောင်းသူများကဆိုသည်။ “တစ်နှစ်စာ​ အခွန်ကောက်တာဆို​ပေမယ့် နောက်​အ​ခေါက်​တွေ ဖြတ်လို့ ခါလီဆိုရင် ထပ်မ​ကောက်ဘူး။ ကုန်ပါရင်ထပ်ကောက်ပြန်တယ်။ ပေးပြီးသားကို ထပ်ခါ ထပ်ခါ အခွန်တောင်းနေတော့ အတော်လေးဒုက္ခရောက်တယ်။ မပေးပြန်တော့လည်း ကျွန်တော်တို့​ဖြတ်မောင်းခွင့်မရှိပြန်ဘူး”ဟု ကုန်ကားမောင်းသူအမျိုးသား တစ်ဦးက ပြောသည်။ SSPP/SSA သည် ၆ ဘီးကားတစ်စီးလျှင် ၃ သိန်း၊ ၁၀ ဘီးကားတစ်စီးလျှင် ၆ သိန်း၊ ၁၂ ဘီးကားတစ်တစီး လျှင် ၁၀ သိန်း​၊ တွဲကားတစ်စီးလျှင် ၁၅ သိန်းဝန်းကျင်အထိ အခွန် သတ်မှတ်ထားပြီး ကုန်ကားသမားများက နှစ်စဥ် ပေးသွင်းရကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေများတွင်  လက်နက်ကိုင်အဖွဲ့ များက နယ်မြေဒေသအလိုက် အခွန်ကောက်ယူမှုများရှိသလို စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထား သည့် နယ်မြေများတွင်လည်း အခွန်ကောက်ယူများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ထို့ပြင် ရှမ်းမြောက် သီပေါမြို့တွင် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်- SSPP/SSA နဲ့ စစ်ကောင်စီတပ်တို့ နားလည်မှု ယူထားကြပြီး မြို့တွင်း အခွန်များ ကောက်ခံနေကြောင်း ရှမ်းမြောက်ဒေသအခြေစိုက်  ရွှေဖီမြေသတင်းဌာနတွင်  ဖော်ပြထားသည်။ https://www.facebook.com/photo?fbid=728721626063526&set=a.583120797290277

၁၅။ ငဖဲမြို့နယ်က ချင်းအမျိုးသား ၁၀ ယောက်ကို စစ်ကောင်စီက ပြည်သူ့စစ် သင်တန်းပေးဖို့ ခေါ်ဆောင်သွား
  March 1, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာက ချင်းအမျိုးသား ၁၀ ဦးကို စစ်ကောင်စီက ပြည်သူ့စစ် သင်တန်းပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီက ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာက ချင်းအမျိုးသား ၁၅ ဦး ကို ပြည်သူ့စစ် သင်တန်းတက်ဖို့ စာရင်းကောက်ခံရာ စာရင်းထဲမှာပါတဲ့ ၅ ဦးဟာ ပြည်သူ့စစ် သင်တန်းတက်ရောက်လိုခြင်း မရှိ တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲ့ဒီ စာရင်းထဲမှာပါတဲ့ ချင်းအမျိုးသား ၁၀ ဦးဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဂုတ်ကြီးကျေးရွာက ဦးကျော်မှ ဦးဆောင်ပြီး ပြည်သူ့စစ် သင်တန်းတက်ရောက်ဖို့ ငဖဲမြို့က စစ်ကောင်စီ တပ်ရင်းသို့ သွားကြ တယ်လို့ သိရပါတယ်။

“စစ်တပ်က ပြည်သူ့စစ် သင်တန်းတက်ဖို့ ခေါ်တာပါ။ စာရင်းထဲပါတဲ့ ရွာက ချင်းအမျိုးသား ၁၀ ယောက်က သွားပြီ။ ၅ ယောက်က သင်တန်းမတက်ချင်လို့ တိမ်းရှောင်နေတယ်။ တစ်ခြား ချင်းရွာတွေမှာလည်း စစ်တပ်ကနေ  စာရင်းကောက်တာတွေ ရှိပါတယ်။ သင်တန်းတက်ဖို့တော့ မခေါ်သေးဘူး။”လို့ ငဖဲမြို့နယ် ဒေသခံ တစ်ဦးက ဆိုပါတယ်။ စစ်ကောင်စီဟာ ငဖဲမြို့နယ်က ချင်းရွာတွေမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ကျေးရွာတွေမှာ စာရင်းကောက်ခံပြီလို့ သိရ ပါတယ်။ ငဖဲမြို့နယ်မှာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စျေးမှပြန်လာတဲ့ စွန်ပျော်ကျေးရွာက ချင်းလူငယ်နှစ်ဦးကို စစ်ကောင်စီ ရဲ့ ပျဥ်းဝစစ်ဆေးရေးဂိတ်မှာ တစ်ရက်ကြာ ဖမ်းဆီးခဲ့ပါတယ်။ https://www.facebook .com/photo?fbid=74388982784218 6&set=a.603254748572362
၁၆။ ခိုးလီဆို စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်၊ အကူအညီလိုအပ်နေ
  February 29, 2024

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ခိုးလီဆို စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုရှိ နေပြီး အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောပါတယ်။“အလှူရှင် မရတော့ဘူးလား၊ အဲ့လို တွေတော့ လာမေးကြတယ်။ ဒီတစ်နှစ် မဟုတ်ပဲ နှစ်ဟောင်းကတည်းက အလှူမရတော့ဘူးဆိုတော့ ဘယ်လိုအခြေအနေရှိလဲ ဆိုပြီး အခက်အခဲရှိနေတဲ့သူတွေက လာမေးကြတယ်”လို့ စစ်ဘေးရှောင် ကူညီပေးနေတဲ့သူ တစ်ဦးက ပြောပါတယ်။ စစ်ရှောင်ကာလ ကြာမြှင့်လာသလို အလှူရှင်တွေကိုသာ မှီခိုအားထားရတဲ့ စစ်ဘေးရှောင်တွေဟာ အလှူရှင်ကနေ ထောက်ပံ့မှုမရရှိတာ လနဲ့ချီ ရှိနေပြီလို့ဆိုပါတယ်။ ဒါ့ကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေကြတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အရင်က သူများဆန်တွေ လာလှူသေးတယ်၊ အခုတော့ တစ်ခါမှ မလာတော့ဘူး ပြောရမှာပေါ့၊ စစချင်း ပြေးတုန်းက စောင်တွေပါ လာလှူကြသေးတယ်”လို့ သူက ဆိုပါတယ်။ စစ်ဘေးရှောင်နေစဉ်ကာလအတွင်း စားနပ်ရိက္ခာမရရှိသူတွေဟာ ဒေသခံတွေရဲ့တောင်ယာတွေမှာ နေ့စားလိုက်ရင်း ဝမ်းရေးဖြေရှင်းနေရတယ်လို့ သိရပါတယ်။“တောင်ယာ အငှားလိုက်ရတာ ပေါ့နော။ တစ်ရက်မှ ၆ ထောင်၊ ၇ ထောင်ဆိုတော့ မလွယ်ဘူးလေး၊ ဒီမှာတော့ အိမ်တိုင်းလိုလို စားနပ်ရိက္ခာ အဆင်မပြေကြဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောပါတယ်။ ခိုးလီဆိုစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ လူဦးရေ ၇၀၀ ကျော်ရှိ နေပါတယ်။ https://www.kantarawaddytimes.org/%e1%80%81%e1%80%a d%e1%80%af%e1%80%b8%e%e1%80
၁၇။  BGF နှင့် KNU ပူးပေါင်းတိုက်ခိုက်မည့် ကောလဟလကြောင့် လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများတွင် မိုင်းများ ထောင်ထား
  February 29, 2024

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် နယ်ခြားစောင့်တပ်-BGF တို့ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်မည်ဟူသော ကောလာဟလများကြောင့် လှိုင်းဘွဲမြို့ရှိ စစ် ကောင်စီတပ်ရင်းများ ပတ်ပတ်လည်တွင် မိုင်းများထောင်ထားကြောင်း တပ်တွင်းနီးစပ်သည့် သတင်း အရင်းအမြစ်မှ သိရသည်။ လှိုင်းဘွဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၈၊ ၃၃၈၊ ၃၃၉ တို့ ပတ်ပတ်လည်တွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ မိုင်းများထောင်ထားပြီး ထိုသို့ကာကွယ်မှုပြုလုပ်နေရခြင်းမှာ BGF က ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင့် ပူးပေါင်း ကာ စစ်ကောင်စီအား တိုက်ခိုက်မည်ဟူသော ကောလာဟလများ တပ်တွင်းပျံ့နှံ့နေခြင်းကြောင့် ဖြစ်သည် ဟု တပ်တွင်းနီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “တပ်ထဲမှာသတင်းကြားတာတော့ BGF က KNU ရဲ့ တပ်မဟာ(၄) ခုနဲ့ ပေါင်းပြီး သူတို့ကို တိုက်ဖို့ရှိတယ်၊ အဲ့လိုကြားနေရတယ်။ နေရတာလည်းစိတ်ညစ်တယ်တဲ့။ ဘာတွေကြောက်လို့ ကြောက် နေမှန်းကိုမသိဘူး။ တစ်နေ့က ညပိုင်းလောက်ကလည်း မိုင်းသံကြားတာ သူတို့ပဲဖောက်တာလား ပေါက်တာလားမသိဘူး။ အခုလောလောဆယ်တော့ မြို့ခံလူ ဘယ်သူမှ မိုင်းမထိသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့မိုင်းများလိုက်ထောင်ပြီးသည့်ရက်တွင် မိုင်းကွင်းပတ်ပတ်လည်သို့ လူရော အိမ်မွေး တိရစ္ဆာန်ပါ သွားလာခြင်းမပြုရန်နှင့် တစ်စုံတစ်ရာဖြစ်ပွားပါက ၎င်းတို့တာဝန်မယူကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှ တဆင့် သတိပေးထားသည်ဟုလည်း လှိုင်းဘွဲမြို့ခံက‌ ပြောသည်။“မိုင်းတွေလိုက်ထောင်ထားတာ ၃၊ ၄ ရက်လောက်ရှိပြီ။ ဆိတ်တွေ နွားတွေကျောင်းရင် သူတို့နေရာမှာ မိုင်းထောင်ထားလို့ မလာဖို့မှာတယ်။ လာရင်သူတို့တာဝန်မယူဘူးတဲ့ အုပ်ချုပ် ရေးမှူးနဲ့ ရာအိမ်မှူးတွေက နေတဆင့်ပြောတာ။ သူတို့တပ်ရင်းရှိတဲ့ ကတ္တရာလမ်းမပေါ်တည့်တည့် က ခလရ(၂၈) တပ်ရင်းနား၊ စိုက်ပျိုး ရေး ရုံးနဲ့မျက်နှာချင်းဆိုင်မှာ အန္တရာယ်ရှိသည်မိုင်းရှိသည် ဆိုပြီး ဆိုင်းဘုတ်နဲ့ရေးထားတယ်။” ဟု ၎င်းမြို့ခံက ပြောသည်။ BGF ဘက်က စစ်ကောင်စီနှင့်ပူးတွဲလုံခြုံရေးယူထားသည့် နေရာများမှ ၎င်းတို့တပ်ဖွဲ့ဝင်များ ကိုရုပ်သိမ်း၍ BGF အခြေစိုက်သည့် စခန်းနေရာများတွင်သာ ပြန်လည်တာဝန်ထမ်းဆောင်စေသလို စစ်ကောင်စီဘက်ကလည်း ဖားအံမြို့အတွင်းအပြင်တွင် လုံခြုံ ရေးတင်းကြပ်မှု ယခင်ကထက်ပိုမို လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။ https://kicnews.org/2024/02/bgf-%e1%80%94%e1%80%be%e1%80%84%e1%80

၁၈။  ရည်မှန်းချက်တူညီသော ချင်းပြည်ကောင်စီ၊ တော်လှန်ရေးအင်အားစုများနဲ့အတူ လက်တွဲသွားမယ်လို့ CDF-Senthang သတင်းထုတ်ပြန်
  February 29, 2024

ဆဲန်ထန်လူထုညီလာခံကို ချင်းပြည်ကောင်စီရဲ့ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၁၆-၁၇ ရက်နေ့ တို့တွင် ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆဲန်ထန်ဒေသတစ်နေရာ၌ ညီလာခံကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။  အဆိုပါ ညီလာခံသို့ တက်ရောက်သူပေါင်း(၁၂၇)ဦးတက်ရောက်ခဲ့ပြီး ဆဲန်ထန်မျိုးနွယ်စုနှင့် ဒေသအားလုံးကိုယ်စားပြုဖြအဖြစ် Senthang Central Council/ Senthang Revolution Force ကိုဖွဲ့စည်းခဲ့ပြီး လိုအပ်သော မူဝါဒနဲ့ရှေးလုပ်ငန်းစဉ်များကို ချမှတ် နိုင်ခဲ့ တယ်လို့ဆိုပါတယ်။

ဆက်လက်၍ ရည်မှန်းချက်တူညီသော ချင်းပြည်ကောင်စီနှင့် အခြားသော တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေးအတွက် Senthang Central Council / Senthang Revolution Force အနေ ဖြင့် ဆက်လက်ပြီး တော်လှန်တိုက်ပွဲဝင်သွားမည်ကြောင်း ဖော်ပြထားပါတယ်။ ဆဲန်ထန်မျိုးနွယ်စုနှင့် ဒေသအားလုံးကိုယ်စားပြု အဖြစ် Senthang Central Council / Senthang Revolution Force ကိုဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် လက်ခံကြိုဆိုကြောင်း ZZLMS ကထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo?fbid=893898776073230&set=pcb.893924372737337
၁၉။ စစ်မှုထမ်းရန် အသက်ကျော်လွန်သည့် အမျိုးသားများအား ပြည်သူ့စစ်အဖြစ်ပစ်မှတ်ထား စုဆောင်းဖို့ စစ်ကောင်စီ ညွှန်ကြား
  February 29, 2024

စစ်ကောင်စီ အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်ကျော်လွန်အကျုံးမဝင်တော့သည့် အမျိုးသား များအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား ဦးစားပေး စုဆောင်းရန် စစ်ကောင်စီ က ညွှန်ကြားထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။“ပြည်သူ့စစ်မှုထမ်း ဥပဒေက စစ်တပ်မှာ တာဝန်ထမ်းဆောင် ရမှာ။ ပြည်သူ့စစ်၊ အရပ်အခေါ် ပျူစောထီးပေါ့၊ သူကတော့ ရပ်ရွာ လုံခြုံရေး ခေါင်းစဥ်နဲ့သွားတာ မတူဘူး။ ပြည်သူစစ်က အသက်အရွယ် ကန့်သတ်တာတိတိကျကျမရှိဘူး။ ကျန်းမာရေး ကောင်းတယ်ဆိုဆွဲထည့်လို့ရတယ်ပေါ့”ဟု စစ်ရေးသင်းရင်းမြစ် က ရှင်းပြသည်။ လက်ရှိ နိုင်ငံတ၀ှမ်း စစ်ကောင်စီက ဒေသအလိုက် ပြည်သူ့စစ်များအလျင်စလိုဖွဲ့စည်းပြီး လက်နက် တပ်ဆင်နေ ရာ စစ်မှုထမ်းရန် အကြုံးမဝင်သည့် အမျိုးသားများ ဦးစားပေး ရွေးချယ် တာဝန်ပေးရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် ဒေသများရှိ ပြည်သူစစ်များကို စစ်ကောင်စီက လက်နက်များ ထုတ်ပေးနေရာ ယခုလ အတွင် သျှမ်းတောင် အခြေစိုက် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ကို စစ်တပ်က လက်နက် အများအပြား ထုတ်ပေးခဲ့သည်။ ပြည်သူ့စစ် မဟာဗျူဟာ ဆိုသည်မှာ စစ်တပ်၊ အုပ်ချုပ်ရေးယန္တရား၊ ဌာနဆိုင်ရာများ၊ ပရဟိတအပါအဝင် အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံအတွင်းရှိ အဖွဲ့စုံ ကွန်ရက် သဖွယ်ချိတ်ဆက်၍ သတင်းစုဆောင်းကာ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ချေမှုန်းသည့် မဟာဗျူဟာဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။ လက်ရှိနိုင်ငံတဝှမ်း လူငယ်လူရွယ်များကိုအကြောင်းအမျိုး မျိုးပြကာ စစ်ကောင်စီက ဖမ်းဆီးနေပြီးအတင်းအကျပ် စစ်သားစုဆောင်းနေသည်ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်နေသည်။ https://www.facebook.com/photo/?fbid=722849 009954813&set=pcb.722849549954759
၂၀။ နေအိမ်(၅၀)ကျော် မီးလောင်ပြာကျခဲ့ရသည့် သံတောင်ကြီးဒေသခံများ စားနပ်ရိက္ခာ လိုအပ်
  February 29, 2024

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်(အထူးဒေသ)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ မီးရှို့ခြင်းကြောင့် နေအိမ်(၅၇)လုံး မီးလောင်ပြာကျခဲ့ရသော ကန်လှရွာမှ ဒေသခံများမှာ လက်ရှိတွင် စားနပ်ရိက္ခာလိုအပ်လျက်ရှိကြောင်း သိရသည်။ သက်ကြီး ရွယ်အို တစ်ဦး သေဆုံးခဲ့ရသော ကန်လှရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ခံရမှုအပြီးတွင် ထိုအိမ်ပိုင်ရှင်များမှာ ကိုယ်ထူကိုယ်ထ နေအိမ်ပြန်ဆောက်လုပ်နေကြသော်လည်း အိုးအိမ်မဲ့သွားသူ လူပေါင်း(၂၀၀)အတွက် စားနပ်ရိက္ခာလိုအပ်လျက်ရှိသည်ဟု နယ်ခံ များ က ပြောသည်။ သံတောင်ကြီးမြို့နယ်နေထိုင်သူ ဒေသခံတစ်ဦးက “လက်ရှိကတော့ အိမ်တွေပြန်ဆောက်ဖို့ ခွင့်ပြု ထားတဲ့ တောတွေထဲက သစ်ဝါးခုတ်ပြီး အိမ်ပြန်ဆောက်နေကြတယ်။ နေ့ခင်းဆိုရင်အိမ်ပြန်ဆောက် ညနေဆိုရင်တော့ ယာယီနေတဲ့ နေရာတွေမှာပြန်နေပေါ့။ နီးစပ်ရာ အသိတွေက ဘုန်းကြီး ကျောင်းတွေကနေတဆင့် လှူတာရှိတယ် ဆိုပေမဲ့ နည်းနည်းပါးပါး ပဲ။” ဟု ၎င်းက ပြောသည်။

ကန်လှရွာခံများသည် တိုက်ပွဲဖြစ်ပွားချိန်က ရုတ်တရတ်တိမ်းရှောင်ထွက်ပြေးရသဖြင့် မိမိတို့ပိုင်ပစ္စည်းများထုပ်ပိုး သယ် ယူနိုင်ခြင်းမရှိသလို လက်ရှိ အိမ်ပြန်ဆောက်လုပ်နေစဥ်တွင်လည်း ယာယီပြု လုပ်ထားသော တာလပတ်အမိုးဖြင့်မိုးပြီး အကာ အရံမရှိသည့် နေရာများတွင်နေထိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှသိရသည်။“အိမ်ပြန်မိုးဖို့ အိမ်တစ်လုံးလုံး ပြန်မဆောက်နိုင်တဲ့သူတွေဆိုရင် ယာယီနေဖို့အမိုးအကာ လိုတာပေါ့။ အခုချိန်က စိုက်ပျိုးသီးနှံရိတ်သိမ်းပြီးချိန်ဆိုတော့ သိပ်ပြီး အလုပ်မရှိဘူးလေ။ ရွာသားတွေကို ကျနော်မေးကြည့်တာတော့ နေစရာက သူတို့ဘာသာလောလောဆယ် ဖြေရှင်းလို့ရသေး တယ်တဲ့ စားစရာကအဓိကပါပဲ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။ https://kicnews. org/2024/02/%e 1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%

၂၁။ တိုက်ပွဲပြင်းထန်လာ၍ ဘိတ်-ထားဝယ်ခရိုင်အတွင်း ပြည်သူ ၇,၀၀၀ ကျော်စစ်ရှောင်ရပြီး အကူအညီများလိုအပ်နေ
  March 1, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ၊ ထားဝယ် အရှေ့တောဒေသ တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ဒေသခံ အရပ်သားပြည်သူထောင်နှင့်ချီ စစ်ရှောင်နေရပြီး ထောက်ပံ့မှုအကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ၂၈ရက်နေ့အထိတွင် ထာဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်း ကျေးရွာ များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်သည့်အတွက် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ဝကုန်း၊ ဟိန္ဒားကျေးရွာ အပါအဝင် မေတ္တာမြို့လုံးကျွတ် ဒေသခံအရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါ စစ်ရှောင်နေသူအများစုသည် ထိုင်း-မြန်မာနယ်စပ်ဘက်တွင် သွားရောက်တိမ်းရှောင်ကာ ထိုင်းတာဝန်ရှိသူများ ဘက်မှ နိုင်ငံအတွင်း ပေးဝင်ခြင်းမပြုသည့်အတွက် နယ်စပ်ကျေးရွာများတွင် အဆင်ပြေသလို ခိုလှုံနေထိုင်ကြရပြီး လက်ရှိတွင် အရေးပေါ်အကူအညီအများလိုအပ်နေကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။ ၎င်းက “ စစ်ရှောင်တွေက တချို့ကစားစရာ ဘာမှမပါလာဘူး။ တချို့ကတော့ နှစ်ရက်သုံးရက်စာလောက်တော့ ပါလာတယ်။ စစ်ရှောင်ဦးရေက ထောင်နဲ့ ချီရှိတယ်။ အကူအညီကမရှိဘူး။ ကူညီတဲ့အဖွဲ့ တွေကလည်းမရောက်ဘူး။ ကျနော်တို့က တတ်နိုင်သ လောက်ရှာပြီး ထောက်ပံ့ပေမယ့်လည်း မလောက်တဲ့ အနေအထားမှာရှိတယ်။”ဟု ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ် မြို့မှတစ်ဆင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထားဝယ်-ထီးခီး လမ်းဘက်သို့ စစ်ကြောင်းထိုးလာကာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျောက်မဲတောင်-ဝကုန်းရွာကြား ရောက်ရှိချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ PDF ပူးပေါင်း စစ်ကြောင်းများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီကား ၇ စီး မီးလောင်ပျက်စီးခဲ့ သည်။ https://kicnews.org/2024/03/%e1%80 %90%e1%80%ad%e1%80%af%e1%80%80%e1%80%%80%95%e1%
၂၂။  ပုဏ္ဏားကျွန်း ခမရ (၅၅၀) တပ်ရင်းကို သိမ်းပိုက်နိုင်တော့မည်ဟု AA ထုတ်ပြန်
  February 1, 2024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ (၅၅၀) တပ်ရင်းတခုလုံးအား အလုံးစုံသိမ်းပိုက်ရန် လက် တကမ်းအလိုသို့ ရောက်နေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ကြေညာချက် ထုတ်ပြန်သည်။ အလုံးစုံသိမ်းပိုက်ရရှိ ရေးအတွက် ထိုးစစ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ကြေညာ ချက်တွင် ပြောထားသည်။ အဆိုပါ ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဝန်းကျင်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ရက္ခိုင့်တပ်တော် (AA)  က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည့် ခမရ (၅၅၀) တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေစိုက်သည့် စစ်ကောင်စီ၏ တခုတည်းသော တပ်ရင်းဖြစ်သည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့တွင်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့်ပျက်စီးဆုံးရှုံးမှုများနေကြောင်း ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောသည်။ “မီးတွေလောင်ပြီးတော့ ပျက်စီးမှုတော်တော်များနေတယ်၊ တိတိကျကျသိရအောင်လို့ သွားကြည့်လို့လည်းမရဘူး။ ဒါပေမဲ့ မြို့နဲ့အနီးစပ်ဆုံးနေရာကနေ နေပြီးတော့ ကြည့်နေရတယ်။ ပျက်စီးမှုက တော်တော်များတယ်။ မီးလောင်မှုလည်းအများကြီးပဲ” ဟု ပုဏ္ဏားကျွန်းမြို့ခံက ပြောသည်။ တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းတမြို့လုံးရှိ ဒေသခံများအပြင် မြို့နှင့် အနီးတဝိုက်ကျေးရွာများမှ ဒေသခံများ၊ ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့ သွားသည့် ကားလမ်းတလျှောက်မှ ကျေးရွာများ၊ ရေလမ်းတလျှောက်မှ ကျေးရွာများ စသည့်ရွာများမှ ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရသည်။ https://www.facebook.com/photo/?fbid=735280108746250& set=a.585999837007612
၂၃။ မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ
   March 1, 2024

မြစ်ကြီးနား–ချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမိုခက်ခဲ လာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ခုလို စစ်ဆေးရေး ပိုတင်းကြပ်လာတာ ဒီနှစ်လဆန်းပိုင်းကနေ ပိုပြီးဆိုးရွားလာတာ ဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ယောက်က ပြောပါတယ်။“ဆန်တွေကသယ်လို့မရဘူး၊ ဆန်သယ်ရင် တစ်အိတ်ကို ဘယ်လောက်ဆိုပြီး တောင်းကြတယ်၊ တစ်ချို့အိမ်မှာ စားဖို့အတွက်ဘဲဆိုရင်က အဲ့လိုသယ်နေကြတယ်။ ခုပိုဆိုးလာတယ်”လို့ ပြောပါတယ်။ ဒါအပြင် ဆန်အိတ်အရေအတွက်အလိုက် သယ်ဆောင်ခပေးနေရတာဖြစ်ပြီး တစ်အိတ်ကို အနည်းဆုံး ၅ ထောင်က ပေးဆောင် ရတယ်လို့ ဆိုပါတယ်။ လက်ရှိချီဖွေမြို့ပေါ်မှာ ၂ တင်းအိတ်ဆန် တစ်အိတ် ၁ သိန်း၇သောင်း၊ စက်သုံးဆီတွေလည်း တစ်လီတာ ၅၀၀၀/ ၅၅၀၀ ထိရှိနေပြီး အရင်နှစ်တွေထက် ၂ ဆလောက်ထိုး တက်လာတာလို့ ဒေသခံတွေက ပြောပြပါတယ်။

ချီဖွေမြို့နယ် က တစ်ချို့ကျေးရွာတွေမှာရှိတဲ့ တရုတ်သတ္တုတူးဖော်ရေး နေရာတွေမှာတော့ တရုတ်ပြည်ဘက်က မှာပြီး သွင်းယူတာတွေရှိပေမဲ့လည်း အများစုကတော့ မြစ်ကြီးနားဘက်က အဓိကသယ်ယူတာဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦး က ပြောပါတယ်။“အခုအကုန်လုံးကတော့ မြစ်ကြီးနားက သယ်ယူပြီး စားတဲ့သူတွေဘဲပေါ့နော် တရုတ်ပြည်ဘက်က စားတာက ဒီသတ္တုဆိုက်တွေမှာနဲ့ ချန်းမုန်းခုန်းဘက်မှာလည်း တရုတ်လမ်း လူတော့မဝင်ခိုင်းဘူး ဒါပေမဲ့ ပစ္စည်းတွေတော့ သယ်ခွင့်ပြုတော့ အဲ့ကနေ မှာစား၊ မြစ်ကြီးနားက မှာစားနဲ့ လုပ်နေကြတာပေါ့”လို့ပြောပါတယ်။ စစ်ဆေးမှုတွေပိုမို တင်းကျပ်တဲ့ ဂိတ်နေရောတွေ ကတော့ ၁၃ ကီလိုမီတာ စုပေါင်းဂိတ်နဲ့ မန်ဝိန်းဂိတ်တွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ မြစ်ကြီးနား– ချီဖွေ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၃၀ ခုလောက်ရှိတာဖြစ်ပါ တယ်။ https://burmese.kachinnews.com/2024/02/28/bb1-78/
၂၄။ ပင်လုံမှာ နေအိမ်ထဲဝင် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၆၀၀ နဲ့ ရွှေတွေယူသွား
  February 29, 2023

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် ကုန်သည်တစ်ဦးရဲ့ အိမ်ကို အဖွဲ့တဖွဲ့ကဝင်ရောက် ငွေညှစ်သွားတာခံခဲ့ရတယ်လို့ သတင်းအရင်းအမြစ်တွေထံကသိရပါတယ်။ မနက် ၁၀ နာရီလောက်က ပင်လုံမြို့၊ ဈေးအနောက်ဘက်က ကုန်သည်တစ်ဦး (လုံးစမ်း)ရဲ့အိမ်ကို အနုကြမ်းဝင်စီးတဲ့ပုံစံမျိုးနဲ့ ဝင်ရောက်ပြီး တောထဲက အဖွဲ့အစည်းနဲ့ပတ်သက်မှုရှိတယ်ဆိုကာ ကျပ်သိန်း ၆၀၀ နဲ့ရွှေတွေကို အဖွဲ့အစည်းက ယူဆောင်သွားတယ်လို့ သိရပါတယ်။

`အိမ်ရှေ့ဆိုင်ရှေ့ လူစိမ်းတွေရှိရင် သတိထားကြပါ၊ ခဏပေးဝင်ပါအုန်း၊ မေးစရာရှိလို့ပါဆိုရင် အိမ်ထဲထိုင်ခွင့်မပြုကြပါနဲ့ဗျာ”လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ ပင်လုံမြို့ကို အဝင်အထွက်ပြုနိုင်တဲ့ စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေရှိနေတဲ့ ကြားက ခုလိုအေးဓါးမြတိုက် အနုကြမ်းစီးခံရတာဟာ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘဲ အန္တရာယ်ကြီးမားစွာ အားကိုးရာမဲ့ဖြစ် နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ https://www.facebook.com/photo/?fbid=4279 57986257318&set=a.285903069
၂၅။ ဝိုင်းမော်တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
  February 29, 2024

ဝိုင်းမော်မြို့နယ် ခ.လ.ရ (၅၈) အနီး ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဝက်စာရှာထွက်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ကြောင်း သိရသည်။ မဒိန်ကျေးရွာနှင့် ခကွမ်ကျေးရွာကြားရှိ စစ်ကောင်စီတပ်က ထောင်ထား သည့် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ဆေးရုံရောက်ချိန်တွင် သေဆုံးခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။“ကျွန်မတို့ မနေ့က ဘုရားကျောင်းသွားတဲ့အချိန်ပေါက်ကွဲသံကြားလိုက်ရတယ်။ သံဇကာလည်းလုပ်ထားတယ်။ အဲ့မှာက ခြံလည်းကာထား တာ။ မိုင်းအန္တရာယ်ရှိတယ်လို့လည်း ရေးထားတာတွေရှိတာတဲ့။ ငှက်ပျော်ပင်သွားခုတ်ရင်းနဲ့ဖြစ်သွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ မဒိန်ကျေးရွာတွင်နေထိုင်သည့် အသက် ၇၀ ကျော်ခန့်အရွယ်ရှိ ဒေါ်ကိဝမ် ဆိုသူဖြစ်ပြီး ခြေထောက် နှစ် ဖက်နှင့် နောက်ကျောတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြော သည်။ “ခြေထောက်နှစ်ဖက်စလုံးထိထားတယ်။ နောက်ကျောကဒဏ်ရာကြောင့် သေဆုံးသွားတာဟုတ်တယ်” ဟုပြောသည်။ စစ်ကောင်စီတပ်စခန်း အနီးတစ်ဝိုက်တွင်မြေမြုပ်မိုင်းနင်းမိသောကြောင့် အရပ်သားပြည်သူသေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေ ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မူဆယ်မြို့၊ မန့်မိုင်ကျေးရွာတွင် တံမြတ်စည်းပင်ခုတ်ရန် သွားသည့် အမျိုးသမီး တစ်ဦး မြေမြုပ်မိုင်း နင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ဖြတ်လိုက်ရပြီးနောက် အသက်သေဆုံးခဲ့သည်။ https://www.fa cebook.com/photo/?fbid=718943827099955&set=pcb.718944093 766595

၂၆။ ရွာငံရှိ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းများကို ဒေသကာကွယ်ရေးတပ် ဝင်ရောက်ဖမ်းဆီး
  February 29, 2024

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာအတွင်းက မူးယစ်ဆေးနဲ့ လောင်းကစား ဝိုင်းတွေကို Ywangan People Defence Force (JPRF)က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ တယ်လို့ သိရပါတယ်။ ရွာငံမြို့၊ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာအတွင်း ဘောလုံးအားကစားကို ဗန်းပြပြီး ဂျင်နဲ့ မိုးကြိုးကုန်း ကင်းအစရှိတဲ့ လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးတွေကိုပါ ရောင်းဝယ်ဖောက်ကားနေကြတာကြောင့် ဝင်‌ရောက် ဖမ်းဆီးခဲ့တာလို့ Ywangan People Defence Force (JPRF)က ထုတ်ပြန်လာ ဖြစ်ပါတယ်။

အဲ့ဒီလောင်းကစားဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ ဖုန်းနဲ့ ငွေသားသိန်း ၂၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး လောင်း ကစားဝိုင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် စတဲ့ဒေသတွေမှာ စစ်ကောင်စီ တပ် အရာရှိတွေနဲ့ ပျူစောထီးတွေက အခကြေးငွေယူကာ လောင်းကစားဝိုင်းတွေကို တွင်တွင်ကျယ်ကျယ် နေရာအနှံ့ဖွင့်လှစ် ထားပြီး မူးယစ်ဆေးတွေကိုလည်း စစ်တပ်လက်အောက်ခံပျူစောထီးတွေက ရောင်းဝယ်ဖောက်ကားနေကြပါတယ်လို့လည်း JPRF က ဖော်ပြပါတယ်။ https://www.facebook.com/photo/?fbid=797567639078594&set=pcb.797567789078579
၂၇။ အိန္ဒိယ – မြန်မာ ကားလမ်းဖောက်လုပ်ရေး မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA အဖွဲ့ ဆွေးနွေး
  March 1, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို ဆက်သွယ်ရေး ကားလမ်းဖောက်လုပ် ရေးကိစ္စနဲ့ပတ်သက်လို့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နဲ့ ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတို့ ဖေဖော်ဝါရီ လ ၂၉ ရက်နေ့က နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြပါတယ်။ အဲဒီလမ်းဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အရှေ့လိုင်ရမ်ကနေ ပလက်ဝမြို့ကို ဖောက်လုပ်မယ့်လမ်းပိုင်း ဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP)အရ ပလက်ဝ-ဇိုရမ်ပူလမ်းပိုင်းဟာ ပလက်ဝ မြို့ ဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင်ဖောက်လုပ်မယ့် ၁၀၀ ကီလိုမီတာရှည်လျားပြီး ကား လမ်းအကျယ် ၂၇ ပေရှိ လေးလမ်းသွား ကားလမ်းမ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ရပ်နားထားခဲ့ရတဲ့ ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်း ဟာ ၂၀၂၃ ခုနှစ် အစပိုင်းမှာ ပြန်လည်စတင်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ပြန်ရပ်ထားရပြီး ပလက်ဝမြို့ကို AA က သိမ်းယူပြီး နောက် အခုလို လမ်းဖောက်လုပ်ရေး ပြန်စတင်လာခဲ့တာလို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ အိန္ဒိယနိုင်ငံဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ https://www. facebook.com/photo/?fbid=811 941717633899&set=pcb.811941754300562
၂၈။ ဖမ်းဆီးထားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်က ဒုပါချုပ်နဲ့ပါမောက္ခနှစ်ဦးကို စစ်ဆေးနေတယ်လို့ ဗထူးတပ်မတော် ပြော
  February 29, 2024

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးနဲ့ ပါမောက္ခဆရာမတွေကို ဖမ်းဆီးပြီးနောက် စခန်းမှာ စစ်ဆေးနေ တယ်လို့ ဗထူးတပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ထားဝယ်နည်း ပညာတက္ကသိုလ်ကျောင်းဝင်းထဲကို ဗထူးတပ်မတော်ရဲဘော်တွေ ဝင်ရောက်ပြီး ကျောင်းအုပ်ကြီး ဒုပါမောက္ခချုပ် ‌‌ဒေါက်တာ ကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခဒေါ်နန္ဒာလွင်နဲ့ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခဒေါ်စုစုလတ်လို့ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာပါ။ ဗထူးတပ်မတော်ရဲ့ ပြေရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြက်က စစ်ကျွန်ပညာရေးကိုဆက်လက် အသက်သွင်း နေတာကြောင့်အခုလို ဖမ်းဆီးရတာဖြစ်ပြီး ဗထူးတပ်မတော်ရဲ့စခန်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“စစ်ဆေးနေဆဲဆိုတော့ အရေးယူမှုပုံစံကိုပြောဖို့ စောနေပါသေးတယ်။ အရေးယူမှုတွေကတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နည်းပညာတက္ကသိုလ်ကျောင်းထဲမှာတော့ ဆရာ၊ ဆရာမတွေအများကြီးရှိ ပေမဲ့ အချိန်အတိုင်းအတာအရ အဓိကကျတဲ့လူသုံးယောက်ကိုပဲ ဖမ်းလာခဲ့တာလို့ ရဲဘော်ထက်မြက်ကဆက်ပြောပါတယ်။ ထားဝယ် နည်းပညာတက္ကသိုလ်မှာ အခုနှစ် တက်ရောက် သင်ကြားနေသူ ဆရာ၊ ဆရာမ ဆယ်ဂဏန်းလောက်နဲ့ ကျောင်း သား ၁၀၀ ကျော်ရှိတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဖမ်းဆီးထားတဲ့ကျောင်းအုပ်ကြီးနဲ့ ဆရာမတွေကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးထားရှိထားတယ်လို့လည်း ရဲဘော်ထက်မြက်ရဲ့ပြောပြချက်အရ သိရပါတယ်။ https://www.facebook.com/photo/?fbid=424189819998773&set=a.196212682796489

၂၉။ စစ်ရှောင်နေရတဲ့ မူဆယ် ဝိန်းမိုင်ရွာထဲက အရပ်သားနေအိမ်ထဲ ပြည်သူ့စစ်နဲ့ စစ်ကောင်စီ တပ်သားတွေက ဖောက်ထွင်းခိုးယူပြီး မဏ္ဍပ်ထိုးကာ ပြန်ရောင်းစားနေ
  February 29, 2024

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်ပန်းကျေးရွာအုပ်စု ဝိန်းမိုင်ရွာက လူထုတွေရဲ့ နေအိမ်ထဲကပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံရပြီး မဏ္ဍပ်ထိုးကာ ပြန်ရောင်းစားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ သူတို့ ကိုယ်တိုင် ခိုးတာ။ ရွာထဲမှာ သော့ခလောက်တွေကို ဖျက်ပြီးတော့ အိမ်ထဲကိုဝင်ပြီး လိုချင်တဲ့ပစ္စည်းတွေ အကုန်ယူကြတာ။ အိမ် ရဲ့ ပါကေးကအစ အကုန်လုံး ခွာယူတာ။ ပရိဘောဂပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မီးလုံး၊ မီးစိုင်း ဝါယာကြိုး အကုန်ဖြတ်ယူတာ။ အကုန်ခိုးတာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သော့ဖျက်ပြီး ဖောက်ထွင်း ခိုးယူခံရတဲ့ အိမ်ရှင်တွေအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်မတင်ဖို့ ခြိမ်း ခြောက်ခံထားရတယ်လို့ သူက ပြောပါတယ်။ “နမ့်ခုမ်ရွာနဲ့ကပ်လျက် ဝိန်းမိုင်ရွာမှာရှိတဲ့ အိမ်တွေကို စစ်တပ်ကိုယ်တိုင်က ဖောက် နေတာ။ ပြည်သူ့စစ်ကိုယ်တိုင်က ဖောက်ပြီးတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ အကုန်လုံး ယူပြီးတော့ ရောင်းစားတယ်။ အဲမှာဟို ညောင်ပင်အောက်မှာ မဏ္ဍပ် ထိုးပြီးတော့ကို အကုန်လုံးကို ရောင်းစားနေတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ နမ့်ခွမ် ဘုန်းကြီးကျောင်းရဲ့တစ်ဖက် ဝိန်းမိုင်ရွာမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲ ဖြစ်ပွားတာကြောင့် ဒေသခံတွေ ဘယ်သူမှ မနေတော့ပဲ စစ်ရှောင်နေရပြီး တခါတလေ နေအိမ် ပြန်ကြည့်သူတွေသာရှိကာ စစ်တပ် ထိန်းချုပ်ထားတဲ့ နေရာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo/?

၃၀။ စစ်မှုထမ်းရမည်ကို အကြောင်းပြပြီး သံတွဲမြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ တစ်အိမ်ထောင်လျှင် ငွေသောင်းချီတောင်းနေ
February 29, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ဒေသခံများအား စစ်မှုထမ်း ရမည်ကို အကြောင်းပြပြီး တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်ငါးသောင်း တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်ရွာ လူငါးယောက်စစ်မှုထမ်းရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက လိုက်လံ ရွေးချယ်နေပြီး ထိုသို့ ရွေးချယ်ခံရမည်ကို စိုးရိမ်နေသည့် ဒေသခံများထံမှ ငွေကြေးများတောင်းခံနေခြင်း ဖြစ်သည်။  “သူတို့က တစ်ရွာ ငါးယောက်ရွေးတယ်။ မဲနှိုက်မယ်ပြောပြီး မနှိုက်ဘူး။ ရွေးပြီးလား မပြီးလားလည်းမသိဘူး။ ဒါပေမဲ့ ငါးသောင်း စီ တစ်အိမ်ကိုပေါ့ ပေးရမယ်လို့ ပြောလာတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ၎င်းကြုံတွေ့နေရသည်ကို ရှင်းပြသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် နယ်မြေခံ စစ်ကောင်စီတပ်များ မသိရှိရဘဲ ယင်းသို့ ငွေတောင်းခံနေခြင်းဖြစ် သည်ဟု ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒီဘက်မှာ တပ်မ ၅၅ တို့ ရှိသေးတယ်။ အခုက အုပ်ကြီး တွေက သူတို့အပိုင်လိုက် တောင်းနေတာ၊ တပ်ကတောင်းခိုင်တာမျိုးတော့ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။ ယင်းသို့ မပေး မနေရ ငွေတောင်းခံနေသဖြင့် စစ်ဘေးကြောင့် လမ်းများပိတ်ဆို့ခံရပြီး ကျပ်တည်းနေသည့် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။ “မပေးနိုင်ဘူး။ ရှိမှမရှိတာ၊ သူတို့က မပေးနိုင်ရင် လူကိုခေါ်မယ့်ပုံစံလုပ်နေတာ၊ ဘယ်လိုလုပ်ရမလဲ”ဟု လုံခြုံရေး အရ ကျေးရွာအမည်ကို ထုတ်ဖော်မပြောရန် တောင်းဆိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ https://www.facebook .com/photo/?fbid=961592781996777&set=a.776968607125863

၃၁။ စစ်ကောင်စီတပ်က အမ်းမြို့အဝင်ကားလမ်းများကို ဘက်ဟိုးများဖြင့်ထိုးကာ သွားလာ၍ မရအောင်ဖျက်ဆီးထား
   March 1, 2024

အကြောက်လွန်နေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သည်  အမ်းမြို့အဝင်ကားလမ်း ၃ ခုကို ဘက်ဟိုးများဖြင့် ထိုးကာ သွားလာ၍ မရအောင် ဖျက်ဆီးထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အမ်းမြို့အတွင်းသို့ ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်လာနိုင်သည့် ယူဆသော ရန်ကုန်-စစ်တွေ ကားလမ်းအပါအဝင်  လမ်းပိုင်း ၃ ခုကို  ဘက်ဟိုး များဖြင့် ထိုးဖျက်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အမ်း-မအီဆက်သွယ်ထားတဲ့ လမ်းပိုင်းရယ်။ တပ်တောင်နဲ့ အမ်းကိုဆက်သွယ်ထားတဲ့လမ်းပိုင်းရယ်။ အမ်း-စစ်တွေလမ်းပိုင်းက လမ်းတွေကိုစစ်တပ်က ဖျက်ဆီးလိုက်ပြီဗျ။ လမ်းတွေကိုဘက်ဟိုးတွေနဲ့ ထိုးပြီးတော့ဖျက်လိုက်တာ” ဟု အမ်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

အမ်းမြို့တွင် အမ်း-စစ်တွေလမ်းပိုင်း၊ အမ်း- တပ်တောင်လမ်းပိုင်း ၊ အမ်း-မအီလမ်းပိုင်းနှင့် အမ်း-မင်းဘူးလမ်းပိုင်းတို့ရှိရာ ဗမာပြည်သို့ သွားရောက်နိုင်သည့် အမ်း-မင်းဘူးလမ်းပိုင်းမှလွဲ၍ ကျန်လမ်းပိုင်းသုံးခုစလုံးကို စစ်ကောင်စီကဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ” အမ်းမှာက လမ်းပိုင်းလေးခုရှိတာ။ မင်းဘူးလမ်းပိုင်းကလွဲပြီး ကျန်တဲ့လမ်းတွေ အကုန်လုံးစစ်တပ်က ဖျက်ဆီးလိုက်ပြီ။ အမ်း-မအီလမ်းပိုင်းမှာဆိုရင် ၆ မိုင်ကုန်းနားက လမ်းတွေအကုန် ဖျက်ဆီးလိုက်ပြီလို့ သိရတယ်။ ပြီးတော့ တပ်တောင်ကားလမ်းမှာဆိုလည်း လုံးရွာဘက်တွေမှာ လမ်းတွေ ဖျက်ပစ်လိုက်ပြီလို့ သိရတယ်”ဟု အမ်းမြို့နယ်ဒေသခံက ပြော သည်။ စစ်ကောင်စီသည် အဆိုပါကားလမ်းပိုင်းနေရာများတွင် အလျားပေ ၁၀၀ နှင့် အနက်ပေ ၁၇ လောက်ရှိသည့်ကျင်းကြီးများ ဘက်ဟိုးဖြင့်တူးဖော်ကာ လမ်းကို ကားသွားလာ၍ မရအောင် ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ အမ်းမြို့တဝိုက်ကို လည်း ရက္ခိုင့်တပ်တော်ဘက်က အင်အားအများအပြားဖြင့် ဝိုင်းဝန်း ပိတ်ဆို့ထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။ https://burmese.narinjara.com/…/65e16e28b427d018737f40a8
၃၂။  မြစ်ကြီးနားမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်နေ
  March 1, 2024

မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။ ဖုန်းအော်ပရေတာအားလုံးနီးပါးပြတ်တောက်နေပြီး ဝိုင်ဖိုင်အင်တာနက်များလည်း မရရှိတော့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။ “ရုတ်တရက်ကြီး အားလုံးပိတ်ချလိုက်တာဗျာ။ ဘာတစ်ခုမှ မရတော့ဘူး။ အရမ်းကို အလုပ်ပျက်အကိုင်ပျက်ဗျာ။ ပြည်သူတွေကို သက်သက်ဒုက္ခပေးနေသလိုပဲ” ဟုဆိုသည်။ လက်ရှိအချိန်တွင် MyTel, Atom, MPT နှင့် အော်ရီဒူးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်သည်ဟု သူကဆိုသည်။

မိုဘိုင်းလ်အင်တာနက်များနှင့် ဖိုင်ဘာအင်တာနက်များ အားလုံးပြတ်တောက်နေသော်လည်း MEC Tel ဖုန်းလိုင်းဖြင့် ဖုန်းခေါ်ဆိုနိုင်သည်ဟု အခြားဒေသခံတစ်ဦးကဆိုသည်။ “MEC Tel က ဖုန်းပြောလို့ရတယ်။ အင်တာနက်တော့ မရဘူး။ ဘယ် အချိန်ထိပျက်မလဲတော့ မသိဘူး”ဟု ပြောသည်။ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အင်တာနက် ဖိုင်ဘာကြိုးများပြတ်ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း မြစ်ကြီးနားမြို့တွင် ဖိုင်ဘာအင်တာနက်လိုင်းနှင့် မိုဘိုင်းလ်ဖုန်းလိုင်းများ တစ်လကျော်ကြာပြတ်တောက်ခဲ့သည်။ https://www.facebook.com/photo/?fbid=7198483770095 00&set=a.535867405407599
၃၃။ ရေးမြို့တွင်  အထပ်သားစက်ရုံအလုပ်သမား ၁ ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး
  March 1, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ YANGON HUANYUE ကုမ္ပဏီ အထပ်သားစက်ရုံအနီး ဖေဖော်ဝါရီ ၂၈ ရက်က စက်ရုံ အလုပ် သမား တယောက်  ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ကိုလှမင်း (ခ) ကိုမင်းဖြစ်ပြီး စက်ရုံနဲ့ ကိုက် ၅၀၀ အကွာ ပေါ့ထော်ကျေးရွာသွား ကားလမ်းဘေးရှိ ရာဘာ ခြံ မှာ ဝဲဘက်ရင်အုံ တလက်မခန့် ထိုးသွင်းဒဏ်ရာ တချက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူ က “အဲဒီအထပ်သားစက်ရုံရှိ ဝန်ထမ်းတွေကို အုပ်ချုပ်သူက ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်း အလုပ်သိမ်းချိန်မှာ သေဆုံးသူ စက် မောင်း ကိုလှမင်း(ခ)ကိုမင်းကို မတွေ့လို့ လိုက်လံရှာဖွေခဲ့တဲ့အချိန်မှာ ထိုးသွင်းဓားဒဏ်ရာနဲ့ သေဆုံးနေတာကို ရှာတွေ့ခဲ့တာ”လို့ ပြောပါတယ်။ စက်ရုံလုပ်သား ကိုလှမင်းကို ဘာသူက ဘာကြောင့် သတ်သွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။ https://burm ese.dvb.no/post/641023
၃၄။ နမ့်စန်မြို့က ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီက အစည်းအဝေးလုပ်၊ ရွာခံတွေ ထွက်ပြေးမှာစိုးလို့ မြို့အဝင် အထွက်တွေ ပိတ်ဆို့
 February 29, 2024

ရှမ်းတောင်နမ့်စန်မြို့နယ်က ကျေးရွာတွေမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျေးရွာဥက္ကဌတွေကို ခေါ် ပြီး စစ်မှုထမ်းဖို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဖို့ အစည်းအဝေးခေါ်ဆောင်တာကြောင့် ပြည်သူတွေ ထွက်ပြေးမှာ စိုးတဲ့အတွက် လိုင်းကားတွေပိတ်ဆို့ထားပြီး မြို့အဝင်အထွက်တွေလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ နမ့်စန် မြို့ ခံတစ်ဦးက ပြောပါတယ်။ ” ရှမ်းရှေ့ထွက်တဲ့ကားတွေဆို စစ်တပ်က လုံးဝမပေးထွက်ဘူး။ ထိုင်းနိုင်ငံကို ထွက်ပြေးမှာ ဆိုလို့ တဲ့ တခြာလိုင်းကားတွေကျတော့ အရမ်းစစ်ဆေးတယ် နမ့်စန်ကနေ ခရီးသည်တွေကို တင်လို့လဲမရဘူး။ တချို့ရက်တွေဆို မြို့ အဝင်အထွက်တွေကို ပိတ်ထားတယ် ဘာကြောင်လဲတော့ မသိဘူး” လို့ပြောပါတယ်။ စစ်ကောင်စီ စစ်မှုထမ်းဖို့ ထုတ်ပြန်တဲ့ အချိန်ကတည်းက ဒေသခံတွေဟာ ပြည်ပတွေကို ရွေ့ပြောင်းကြတာများတယ်လို့ ၎င်းကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်မှူထမ်းဖို့အစည်းအဝေးလုပ်တာနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက “အခုသူတို့ က ကျေးရွာတွေရဲ့ အိမ်ထောင်စားရင်တွေသူတို့မှာရှိတယ်တဲ့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေအရ တာဝန်ထမ်းဆောင်ဖို့ ရွာ ဥက္ကဌ တွေရဲ့ တာဝန်ပေါ့။ အခု ရွာကလူငယ်တော်တော်များက မရှိတော့ဘူး” လို့ပြောပါတယ်။ နမ့်စန်မြို့နယ်က ကျေးရွာ ခံတော်တော် များဟာ ပြည်သူစစ်တပ်ဖွဲ့ထဲနဲ့ ရှမ်းတပ်ဖြစ်တဲ့ RCSS/ SSPP တပ်ဖွဲ့ထဲကို စစ်မှူထမ်းတဲ့သူတွေ များတာကြောင့် စစ်ကောင်စီ တပ်ထဲကို တာဝန်ထမ်းဆောင်မယ်သူတွေအတွက် အခက်ခဲဖြစ်တယ်လို့ ဥက္ကဌတွေက အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ပြည်ပထွက်ပြေးတဲ့သူတွေကို ကျန်ခဲ့တဲ့မိသားစုဝင်တစ်ဦး တာဝန်ထမ်းဆောင်ရပြီး လူကိုယ်စားမရှိပါက တခြားနည်းလမ်းနဲ့ ပြန်လည်လုပ်ဆောင်မယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ကပြောတယ်လို့ ၎င်းကဆိုပါတယ်။ https://www.face book.com/photo/?fbid=427528326300284&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button