တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 36, May 3, 2024)

၁။ တီးတိန်မြို့ကို သိမ်းပိုက်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကြိုးပမ်းနေ
 May 2, 2024
ချင်းပြည်နယ်အတွင်းမှာ အခြေချလှုပ်ရှားနေကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိနေတဲ့ တီးတိန်မြို့ကို စစ်ရေးအရထိန်းချုပ် သိမ်းပိုက် နိုင်ရေးအတွက် အပြိုင်ကြိုးစားဆောင်ရွက်နေ ကြပါတယ်။ ဒီနှစ် အစပိုင်းက တီးတိန်မြို့နယ်ထဲမှာရှိနေတဲ့ ရဲနဲ့စစ်တပ်ပေါင်းပြီးတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို  ချင်းကာ ကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ တီးတိန်မြို့ကို အပြီးတိုင်ထိန်းချုပ်နိုင်ရေးအတွက် ချင်းအမျိုးသားတပ် ဦး (CNF) ဦးဆောင်တဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ကလည်း မေ ၁ ရက်က တီးတိန် မြို့ရဲ့ ၁၅ မိုင်အကွာကို ရောက်ရှိပြီး တပ်စွဲထားပါတယ်။ ဒါ့အပြင်  ချင်းပြည်ချင်းလန်းကောင်စီမှာ မပါဝင်သေးတဲ့ ချင်းညီနောင် အဖွဲ့တွေဘက်ကလည်း တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် လအတော်ကြာကတည်းက စစ်ရေးအရ ပြင်ဆင်ဆောင်ရွက် နေတာကြောင့် တီးတိန်မြို့ကို မသိမ်းပိုက်ခင်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်ပေါ်ရေးအတွက် အရင်ညှိနှိုင်း နေကြတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က ပြောပါတယ်။
ဧပြီ ၁၇ ရက်နေ့ကတည်းက PDF Zoland က တီးတိန်မြို့ကို သိမ်းပိုက်ဖို့အတွက် ၉၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ဆောင် ရွက်ပြီးဖြစ်တာကြောင့် CNF အနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့တွက် ကြိုတင် အသိပေးဖို့ထုတ် CNF စစ်ဦးစီးချုပ်ဆီကို အချက် ၅ ချက်ပါတဲ့ အသိပေးစာပေးပို့ခဲ့ပါတယ်။ လက်ရှိမှာတော့ ချင်းအမျိုးသားတပ် ဦး ဘက်က တီးတိန်းမြို့ကို သိမ်းပိုက်ဖို့ အင်အားအများအပြားနဲ့ တီးတိန်မြို့ပတ်ဝန်ကျင်ကို ရောက်ရှိလာတဲ့အတွက် နှစ်ဖက် ပဋိပက္ခတွေ မဖြစ်အောင် ညှိနှိုင်းနေတာလို့ ကိုယောမန်ကပြောပါတယ်။ CNF အနေနဲ့ ကိုယ်နယ်မြေမဟုတ်ဘဲ ချင်းညီနောင် အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ချင်းညီနောင်အဖွဲ့တွေ ဘက်က ပူးပေါင်း တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ Read ni full

၂။  မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်
 May 3, 2024
ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင်ဌာနချုပ် က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။  မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသော အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ ၂ ရက်နေ့ နံနက် ၄ နာရီက သိမ်းပိုက်ရရှိပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ခိုင်လုံသော သတင်းရင်းမြစ်က ” မောင်တော ကို AA က သိမ်းလိုက်ပါပြီ။ မနေ့က နံနက် အာရုဏ် ၄ နာရီလောက်မှာ သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံခဲ့ပေမယ့် AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ” ဟု ပြောသည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်မှာ AA ထံ လက်နက်ချ အညံ့ခဲ့ပြီး မွတ်ဆလင်အကြမ်း ဖက်အဖွဲ့ ARSA, ARA နှင့် RSO တို့က စစ်ကောင်စီဖက်မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့မှာလည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုရှိကြောင်းလည်း သိရသည်။  စစ်ကောင်စီဖက်က ယခုအချိန်အထိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်နေကြောင်းနှင့် စစ်တွေမြို့ဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။  ဘူးသီးတောင်မြို့ကို လည်း သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA သည် ထိုးစစ်အရှိန်ကို ယခင်ထက် ၄ ဆခန့် မြှင့်တင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ အကြီးဆုံးစခန်းဖြစ်သော စကခ ၁၅ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည် မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်ပြီး ယင်းတပ် ဌာနချုပ်ကို သိမ်းပိုက်ရရှိပါက ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်နိုင်မည်ဖြစ် သည်။ အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ပြို၊ ရမ်းဗြဲနှင့် ပလက်ဝတို့ သိမ်းပိုက်ထားပြီး အခြားမြို့နယ်များကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင်းတိုက်ခိုက် နေသည်။ Read ni full

 ၃။ ဝင်းရေးမြို့နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်၍ ဒေသခံသောင်းချီ နေအိမ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရဆဲ
 May 2, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ သောင်းနှင့်ချီသော ဒေသခံများမှာ နေအိမ်မပြန်ရဲကြသေးဘဲ ယခုအချိန်ထိ တိမ်းရှောင် နေထိုင်ရဆဲဖြစ်ကြောင်း သိရ သည်။ လွန်ခဲ့သည့် ၂ လကတည်းက အနန်းကွင်းနှင့် တောင်စွန်းကျေးရွာများထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းပစ်ခတ်မှုများပါ လုပ်ဆောင်နေသည့် တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုခံ၊ သစ်က တိုက်၊ ဆင်ပြေးနှင့် လွတ်ရှမ်းကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ခန့်မှ လူကြီးလူငယ်၊ ကလေးများပါဝင်သည့် စစ်ရှောင် အယောက်တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။
အဆိုပါ ဒေသခံစစ်ရှောင်အများစုသည် တောတောင်၊ ကျောက်ဂူများနှင့် ဥယျာဉ်များနှင့် နီးစပ်ရာ အသိမိတ်ဆွေရှိသည့် ကျေးရွာများတွင် သွားရောက်တိမ်း ရှောင်နေကြရသော်လည်း လုံခြုံမှုမရှိကြောင်း စစ်ရှောင်တစ်ဦးက ပြောဆိုသည်။ စစ်ရှောင် အမျိုးသမီးတစ်ဦးက“ အိမ်ပြန်ရဲသေးဘူး၊ လက်နက်ကြီးအသံက နေ့တိုင်းကြားတယ်။ မနေ့ည ကတည်းက ဒီနေ့အထိ လက်နက် ကြီးအသံက အသံပိုပြီးကျယ်တယ်၊ တောင်စွန်းဘက်မှာ။ အခုက တစ်ခြားနေရာမှာသွားရှောင်နေတော့ အသံက ရပ်လိုက်ထွက် လိုက်ပဲ နေရာညရော ။ လက်နက်ကြီးတွေက နေရာတိုင်းမှာကျတော့ တချို့က ခြံထဲမှာနေရင်း ထမင်းချက်ရင်တောင် တွင်းထဲ မှာ ချက်စားနေရတာရှိတယ်”ဟု ပြောသည်။  Read ni full

၄။ တီးတိန်မြို့နယ်မှာ ZRA နဲ့ CNA တို့ တိုက်ပွဲထပ်ဖြစ်
May 2, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Keizaang ရွာနဲ့ Muizawl ရွာကြားမှာ မေ ၂ ရက်နေ့ ညနေပိုင်းက ချင်းအမျိုးသားတပ် မတော် (CNA)နဲ့ Zomi Revolution Amry (ZRA)တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မေ ၁ ရက်နေ့က လည်း တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ” မနေ့ကလည်း လိုင်တွီးမှာ ဖြစ်တယ်။ အဲ့အနီးအနားမှာပဲ ဒီနေ့လည်း ထပ်ဖြစ်တယ်။ CAN က စစ်ရေးဖော်ဆောင်ဖို့ လာတာကို ZRA က ကြားဖြတ်ကာကွယ် တိုက်ခိုက်တာလို့ ကြားတယ်ဗျ။ “မေ ၁ ရက်နေ့ တိုက်ပွဲအတွင်းမှာ CNA တပ်ဖွဲ့၀င် ဆလိုင်းဗန်‌ဟွီထန် (Salai Van Hoi Thang) ကျဆုံးသွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း လိုင်တွီးကျေးရွာအနီးမှာ CAN နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့ပါ တယ်။ Read ni full

၅။ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်
 May 3, 2024
ဝိုင်းမော်မြို့နယ် ဂဂမ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၆ နာရီခန့်မှစတင်ကာ KIA ပူးပေါင်းတပ်က ထိုးစစ် ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ဂဂမ်တောင်တပ်စခန်းကြီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ်သံများ ကြားနေရသည်ဟု ကဇူးယန်ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။“ကဇူးကနေ လက်နက်ကြီးသံတွေမကဘူး သေနတ်သံတွေလည်းကြားနေရတယ်။ အခုတော့ ခဏပြန်ငြိမ်နေတယ်။ အဲ့နေရာကကုန်းဆိုတော့ သေနတ်သံ၊ စက်သေနတ်သံတွေကြားရတယ်။ အဲ့မှာ ရွာသားတွေတော့မရှိတော့ဘူး” ဟုပြော သည်။ အဆိုပါကျေးရွာမှာ ကဇူးယန်ကျေးရွာမှ ၁၀ မိုင်ခန့်အကွာ၊ ဆမားလမ်းခွဲမှ ၇ မိုင်ခန့်အကွာနှင့် ဂီးဒေါန်စခန်း အနီးတွင် တည်ရှိသည်။
အဆိုပါစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အချိန်ယူပြင်ဆင်ခဲ့ကြခြင်းဖြစ်ပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြောင်း KIA သတင်းရင်းမြစ်တစ်ဦးကပြောသည်။“တပ်စခန်းကြီးလို့ပြောလို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ သူကစစ်ရေးအရနယ်မြေ စိုးမိုး ထားတဲ့ တပ်စခန်းကြီး ဖြစ်တယ်။ အချိန်ယူ ပြင်ဆင်ပြီးနောက် ဒီမနက် အလုပ်စဝင်တာပါ။ တိုက်ပြီဆိုမှတော့ အပြီးသိမ်းဖို့ တိုက်တာ ပေါ့” ဟုပြောသည်။ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ Read ni full

၆။ ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား
May 2, 2024
ရှမ်းပြည်နယ်တောင်းပိုင်း မိုးနဲ၊ လင်းခေး၊ မိုင်းပန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ  စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှာ ရွှေတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူစုဆောင်းပေးပြီး ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်က ရက်တိုသင်တန်းပေးထားတဲ့ ပျူစောထီးတွေကို မိုးနဲမြို့ကို စေလွှတ်တာဖြစ်တယ်လို့ သိရပါတယ်။ မိုးနဲမြို့ပေါ်ကို စစ်ကောင်စီအင်အား (၆၀)လောက် အရပ်ကား(၃)စီးနဲ့ ဝင်ရောက်လာပြီး မြို့ပေါ်တပ်ရင်းတွေမှာ နေရာချထားတာတွေရှိပြီး နမ့်စန်မြို့ပေါ်မှာလဲ ရောက်ရှိနေတယ်လို့သိရပါတယ်။
“နမ့်စန်က ခလရ ၂၄၈ ၊ လင်ခေးအထွက် ခမရ ၅၁၈ နဲ့ အမြောက်တပ် ၃၆၃ တပ်တွေမှာ ပျူနဲ့ စစ်ကောင်စီ တပ်တွေ ရောက်လာတယ်၊ တောင်ကြီး(ရပခ)က နောက်ချန်တပ်တွေကို ရှေ့တန်းပို့ပြီး စစ်မှုထမ်းဟောင်းနဲ့ ပြည်သူ့စစ်တွေကို မြို့ထိန်း ခိုင်းထားတယ်နဲ့တူတယ်”လို့  မိုးနဲဒေသခံတစ်ဦးက ပြောပါတယ်။  လက်ရှိမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ရဲ့ ထိန်းချုပ်မှု ဧရိယာအတွင်းက မိုင်းပန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်မြို့နယ်တွေမှာ (RCSS/SSA) က တပ်သားသစ် သင်တန်းများပေးနေသလို RCSS  ရဲ့ ဥက္ကဌ ကိုယ်တိုင်လည်း နယ်မြေအုပ်ချုပ်ရေးနဲ့ စိုးမိုးရေးအတွက် ဒေသခံရှမ်းလူထုနဲ့ တွေ့ဆုံ မှုတွေ ပြုလုပ်နေတာတွေလဲ ရှိပါတယ်။ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)ကို အခြေစိုက်ထားပေမယ့် ဒေသအတွင်းမှာ (SSPP/SSA)နဲ့ (RCSS/SSA)တို့က လှုပ်ရှားနေတာဖြစ်ပြီး ရှမ်းတပ်တွေ ကလဲ အင်အားသစ်စုဆောင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ Read ni full

၇။ ပုဏ္ဏားကျွန်းမှာ ဝမ်းပျက်ဝမ်းလျှောမှုကြောင့် သုံးဦးသေဆုံး၊ လူတစ်ရာခန့် အရေးပေါ် ဆေးကုသရန်လိုအပ်နေ
May 2, 2024
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အစုလိုက် အပြုံ လိုက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်သုံးဦး သေဆုံးခဲ့သလို ရောဂါကူးစက်ခံထားရတဲ့ နောက်ထပ်ဒုက္ခသည် တစ်ရာခန့် လည်း အရေးပေါ်ဆေးကုသဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက မေလ ၂ ရက်နေ့မှာ ပြောပါတယ်။ သောက်သုံးရေ မသန့်ရာ ကနေဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာဖြစ်ပြီးဆေးဝါးတွေပြတ်လပ်နေသလို ဆေးကုသဖို့အတွက်လည်းငွေကြေးအခက် အခဲဖြစ်နေတာလို့ အထက်မြတ်လှဲဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြင့်က ပြောပါတယ်။ “အခု ဒုက္ခသည်စခန်းမှာ ဝမ်းပျက် ဝမ်းလျှောဖြစ်နေသူ တစ်ရာကျော်လောက်ရှိတယ်။ ကလေးတွေရော၊ လူကြီးတွေရော အားလုံးဖြစ်နေကြတာပဲ။ သေသွားတာ က သုံးယောက်ရှိပြီ။ အရေးပေါ်ဆေးကုသဖို့လို အပ်နေပါတယ်။ အခုရက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ အဓိကတော့ ရေကြောင့်ပဲ။ ပြီးရင် ဆေးကုဖို့ ပိုက်ဆံမရှိဘူး။ ဆေးတွေလည်းမရှိဘူး။ အတော်အခက်အခဲဖြစ်နေကြပါတယ်” ဧပြီလကစလို့ ရာသီဥတုပူပြင်း မှုနဲ့အတူ သောက်သုံးရေပြတ်လပ်ခဲ့တာကြောင့် မသန့်ရှင်းတဲ့ရေတွေကို ဒုက္ခသည်တွေ သောက်သုံးခဲ့ရတာလို့ သူက ဆိုပါတယ်။
မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး လူဦးရေ ခုနစ်ရာကျော် နေထိုင်ပါတယ်။   ရောဂါဖြစ်ပွားမှုတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရတော့တာကြောင့် စားနပ်ရိက္ခာအတွက် လည်း အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီဒုက္ခသည်စခန်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းက ရွာတချို့မှာလည်း သောက်သုံးရေကန်တွေ ခန်းခြောက်နေလို့ သောက်ရေပြတ်လပ်နေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြား ရောဂါဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။  Read ni full

၈။မိုင်းအန္တရာယ် သတိပေးချက်တွေ လိုက်နာကြဖို့ ကရင်နီ အုပ်ချုပ်ရေးကောင်စီ သတိပေး
May 2, 2024
ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ များလာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ် အသိပေးချက်တွေကို တိတိကျကျလိုက်နာကြဖို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မေလ ၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်ပါတယ်။ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အရပ်သားတွေကို ထိခိုက်စေနိုင် တဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေ ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ် ဖွဲ့ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်မရှိဘဲနေရပ်မပြန်ကြဖို့ ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ နေရပ်ပြန်ခွင့်ရတဲ့ ဒေသခံ တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို တွေ့ရှိ ရင်ထိတွေ့ကိုင်တွယ်တာမလုပ်ဘဲ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကို အသိပေးဖို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီးမော့ဆိုမြို့နယ် ပူးဖားကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး နွားကျောင်း သွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကယားပြည်နယ်မှာ မိုင်းကြောင့် ထိခိုက်ခဲ့ရသူ အနည်းဆုံး ဦးရေ ကိုးဆယ်အထိ ရှိနေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။“ဒီ ၂၀၂၄ ခုနှစ် မှာပဲ မိုင်းကြောင့် ထိခိုက်သွားတဲ့သူက ဦးရေ သုံးဆယ်ရှိတယ်။ သေဆုံးသူက နှစ်ဦးကျော်တယ်” ဒီးမော့ဆိုနဲ့ ရှမ်းပြည်တောင် ပိုင်း ဖယ်ခုံမြို့နယ်တွေဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။ ကယားပြည်နယ် အတွင်းမှာ ၂၀၂၃ နိုဝင်ဘာ မှာစတင်တဲ့ (၁၁၁၁) စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှာတောနဲ့ မောချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့ မြို့ခုနစ်မြို့ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။ Read ni full

၉။ ဆီဆိုင်ဒေသခံများ နေရပ်ပြန်နေရန်စစ်ကောင်စီကပြန်ခေါ်ပေမယ့် အများစုကပြန်မနေရဲသေး
 May 2, 2024
တိုက်ပွဲ ငြိမ်နေပြီဖြစ်သည့် ဆီဆိုင်မြို့တွင် ဒေသခံများအား စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် နေရပ် ပြန်ရန်ခေါ်နေပြီး ပြည်သူအများစုက မပြန်ရဲသေးကြောင့် ဆီဆိုင်မြို့ခံအမျိုးသမီး တစ်ဦးထံမှသိရသည်။ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သောကြောင့် ပြည်သူများမြို့ထဲပြန် လာနေရန် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ခေါ်နေကြောင်း သိရသည်။“သူတို့က တော့ပြန်လာနေဖို့ ခေါ်တာကြာပါပြီ ကျွန်မအနေနဲ့တော့ ပြန်မနေကြသေးတာပဲကောင်းပါတယ်၊ တစ်ချို့ဆိုမရဲတရဲနဲ့တော့ ပြန်နေ ကြပြီဆိုပေမဲ့ လေးငါးရက်နေပြီးပြန်ထွက်သွားကြတယ်၊ ပြီးမှပြန်လာနေကြတယ်၊ ပြန်လာမနေဘူးဆိုရင်လည်း သူခိုးကများတယ်။ ပြီးတော့ လက်နက်ကြီးသံတွေလည်းကြားနေရတုန်းဆိုတော့ မပြန်ရဲကြသေးဘူး” ဟုဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြော သည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စိတ်ချလက်ချနှင့် ပြန်နေ၍ရပြီဖြစ်ကြောင်း အခြေနေမကောင်းမှ အကြောင်းကြားပေး မည်ဟုပြောဆိုထားသောကြောင့် မြို့ထဲပြန်နေသည့်ပြည်သူအချို့သည် ပြေးရလွားရမည်ဆိုပါက အဆင်သင့်ဖြစ်ရန် ပစ္စည်းများ အား အဆင်သင့်ကားပေါ်တင်ထားရကြောင်း သိရသည်။
“ဈေးတွေလည်းသူတို့ရှင်းပေးပြီးပြီ ဈေးလည်းပြန်ထားပေးပြီ ကြက်သားရောင်းတဲ့သူနဲ့ ဈေးသည်အချို့တွေလည်း ဈေးပြန်ရောင်းနေကြပြီ ဒါမဲ့မြို့ထဲမှာ စစ်ကောင်စီရော PNO တွေရော နေရာအနှံ့ရှိနေတော့ တော်လှန်ရေးအဖွဲ့ ရုတ်တရက်ထပ် လာတိုက်မှာ စိုးရိမ်စိတ်တွေတော့ရှိတာပေါ့” ဟု၎င်းကဆက်ပြောသည်။ ဆီဆိုင်မြို့သို့ ပြန်နေလိုသူများအနေဖြင့် အုပ်ချုပ်ရေး မှူး ရာအိမ်မှူးသို့အကြောင်းကြားရန်မှာထားခြင်းများရှိပြီး လက်ရှိပြန်နေကြသူများသည် လူလွတ်သမား၊ လူငယ်၊ လူရွယ် များ သာ ပြန်နေကြပြီးစိုးရိမ်စိတ်ဖြင့်သာ နေနေကြရကြောင်း သိရသည်။ ဆီဆိုင်မြို့တွင်း အချို့နေရာတွင်သွားခြင်းမပြုရန် တားမြစ် ထားပြီး မိမိနေအိမ်ခြံဝင်းအတွင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတွေ့ပါကလည်း တာဝန်ရှိသူများထံတိုင်ကြားနိုင်ပြီး ၎င်းတို့မှလာရောက်ဖယ်ရှားပေးမှုလည်းရှိကြောင်း သိရသည်။ Read ni full

၁၀။ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ပေါ် တက်လာသော်လည်း ဟန့်တားနိုင်ဆဲ ဟုဆို
 May 2, 2024
ထိုင်း-မြန်မာနယ်စပ် သင်္ဃန်းညီနောင်နှင့် မြဝတီကို ပြန်ထိန်းချုပ်ရန် အင်အားအများအပြားဖြင့် တက်လာနေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းမှာ ဒေါနတောင်ပေါ်သို့ ရောက်လာသော်လည်း ဟန့်တားနိုင်ဆဲဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU)ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။ အဆိုပါ စစ်ကြောင်းသည် ကော့ကရိတ်မြို့အလွန် အာရှလမ်းမကြီးဘေး ကော့နွဲ၊ တတံကူး၊ ရွာသစ်ကုန်းရွာများအနီး ၃ ပတ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ရက် ပိုင်းက ဒေါနတောင်ပေါ် သို့ စတင်တက်လာနိုင်ခဲ့သည်ဟု သိရသည်။ ပဒိုစောကလယ်စေးက “ကျနော်တို့ ခံစစ်ကြောင်းရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို နည်းနည်းကျော်လာတဲ့အဆင့်ပဲ ရှိသေးတယ်လို့ပဲ သိထားပါတယ်”ဟု ပြောသည်။ သံချပ်ကာ၊ တင့်ကား၊ တံတား ထိုးယာဉ်၊ လက်နက်ကြီးများ အပြည့်အစုံပါ အင်အား ၅၀၀ ခန့်ရှိ ယင်းစစ်ကြောင်းသည် လေကြောင်းပစ်ကူဖြင့် တက်လာနေ သော်လည်း ဧပြီ ၁၂ မှ ၂၉ ရက်ထိ ဒေါနတောင်ခြေအစပ်တွင်သာ ရှိနေခဲ့သည်။ အောင်ဇေယျစစ်ကြောင်းကို ကရင်တော်လှန်ရေး ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်နေရာ ၃ ပတ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ဒေါနတောင်ပေါ် တောနော်ရေ တံခွန်အနီး နေရာယူထားသည့် ပူးပေါင်းစစ်ကြောင်းများက ဆုတ်ခွာပေးခဲ့သဖြင့် တောင်ပေါ်သို့ တက်လာနိုင်ခြင်းဖြစ်ကြောင်း လက်ရှိ တောနော်ရေတံခွန် အလွန်တွင်သာရှိနေသေးကြောင်း ပူးပေါင်းစစ်ကြောင်းတပ်ခွဲတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် အာရှလမ်းမကြီးအပြင် ဒေါနတောင်ပေါ်လမ်းဟောင်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင် လမ်းနှင့် အခြားလမ်းကြောင်းများမှလည်း တက်ရန်ကြိုးစားနေကြောင်း ပူးပေါင်းစစ်ကြောင်းများထံကသိရသည်။ စစ်ကောင်စီ တက်ရောက်လာနိုင်သော လမ်းကြောင်းမှန်သမျှတွင် ခံစစ်များအားလုံး ပြင်ဆင်ထားသည်ဟုလည်း ပဒိုစောကလယ်စေး က ပြောသည်။ ၎င်းက “အာရှလမ်းက ဦးစားပေးပြီးလာတာကို ကျွန်တော်တို့ သိရတယ်။ နောက် အခြားဘယ်ညာလမ်းကြောင်းတွေ ကနေ လာနေတယ်လို့လည်းသိတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးကို ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။ စိတ်ဓာတ် စစ်ဆင် ရေးများနှင့်အတူ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ်များကို အကောင်းဆုံး ဟန့်တားနိုင်ရန် ပြည်သူ များအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်ထဲမဝင်သွားဘဲ တော်လှန်ရေးတပ်များကို ဆက်လက်ပံ့ပိုးရန် အရေးကြီးကြောင်း CDM ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။ Read ni full

၁၁။ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ KBC တောင်းဆို
May 3, 2024
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာပြီးနောက် ပြန်လည်ထိန်းသိမ်းခံထားရတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) က ဒီနေ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ KBC ရဲ့ အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကျန်းမာရေး အားနည်းလာတဲ့ အတွက် ဆေးဝါကုသဖို့လိုအပ်နေတာကြောင့် အမြန်ဆုံး လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ KBC က တာဝန် ရှိသူ တစ်ဦး က ပြောပါတယ်။“အခုအခြေအနေက ဘာမှ ထူးတာမရှိသေးဘူး။ ထောင်ရိပ်သာမှာပဲ ခေါ်ထားတာပေါ့။ သူက သွေးတိုးလည်း ဖြစ်တယ်၊ အဆုတ်လည်း အားနည်းနေတယ်။ တော်တော်ပိန်သွားတယ်။ အဲ့ဒါကြောင့် ဆေးကုသမှု ခံယူဖို့လိုအပ်တယ်” KBC အနေနဲ့လည်း ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး ကချင် ငြိမ်းချမ်းရေးအဖွဲ့(PCG) ကလည်း စစ်ကောင်စီတပ်နဲ့ ညှိနှိုင်း ပြောဆိုတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက နေပြည်တော်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် ခြောက်နှစ်ချ မှတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ညမှာပဲ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ Read ni full

၁၂။  အာရက္ခတပ်တော်(AA)ထံ စစ်မှုမထမ်းလိုတဲ့ ပလက်ဝမြို့နယ်က ဒေသခံ အယောက် ၄၀ ကျော် မီဇိုရမ်ဘက် ထွက်ပြေး
May 2, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်(AA) ရဲ့ လူသစ်စုဆောင်းမှုကြောင့် ဒေသခံပြည်သူ အယောက် ၄၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပလက်မြို့နယ် မီးဇာရွာမှာ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ အစည်းဝေးမှာ အသက် ၁၈ နှစ်ကနေ အသက် ၄၀ နှစ်အတွင်း အမျိုးသားတွေဟာ အာရက္ခတပ်တော်(AA)ထံ စစ်မှုထမ်းရမှာဖြစ်ကြောင်း ပြောဆိုပြီး AA ထံ စစ်မှုမထမ်းလိုတဲ့ ဒေသခံ အယောက် ၄၀ ကျော်ဟာ မနေ့ညနေက မီဇိုရမ်သို့ ရောက်ရှိလာတာဖြစ်ပါတယ်။
“မနေ့ညနေက မိန်းကလေးအပါဝင် အယောက် ၄၀ ရောက်လာတယ်။ ဒီမနက် ၇ ယောက် ထပ်ရောက်တယ်။ မိန်းက လေး ၇ ယောက်ပါတယ်။ အကုန်လုံးက အသက် ၃၀ ဝန်းကျင် လူငယ်တွေပါ။ AA က စစ်သင်တန်းတက်ရမယ်ပြောလို့ ထွက်ပြေး လာကြတာဖြစ်ပါတယ်။”လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ဆိုပါတယ်။ အဲ့ဒီ ထွက်ပြေးတိမ်းရှောင် လာတဲ့ သူတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နေထိုင်ပြီး ၎င်းတို့ စားဝတ်နေရေးနဲ့ နေစရာတွေ အတွက် အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။ ပလက်ဝမြို့နယ်မှာ AA က ကျီးလေ၊ တရွန်အိုင်၊ မီးဇာရွာ စတဲ့ ကျေးရွာတွေကို ဧပြီလတွင်းက သွားရောက်ပြီး အစည်းဝေးပြုလုပ်ကာ ဒေသခံတွေအနေနဲ့ စစ်မှုထမ်းရမယ်လို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ Read ni full

၁၃။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ ပြည်သူနှစ်ဦး ဒဏ်ရာရ
May 2, 2024
စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် ယမန်နေ့ည ၆ နာရီခွဲခန့်က အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသ အခေါ် စမ်းသီတာကုန်းအပေါ်ပိုင်းရှိ လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ပျက်စီးပြီး ဒေသခံ ပြည်သူနှစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ်သည်ဟုသည်ဟု ဆိပ်မူကျေးရွာနေ ကျောက်အရောင်းအဝယ်လုပ်သူ တစ်ဦးက ပြောသည်။ “စစ်ကြောင်းထိုးလာလို့ပစ်ခတ်ကြရင်း အဲ့ဖက်လက်နက်ကြီးတစ်လုံးကျသွားတယ်လို့ပြောတယ်။ အိမ်လည်း ပျက်စီး သွားတယ်၊ အဲ့အိမ်ကလူတွေလည်း ဒဏ်ရာရထားတယ်။ နှစ်ယောက်လုံးကိုတော့ ဆေးရုံခေါ်သွားလိုက်ပြီ အခြေနေတော့စိုးရိမ်ရ တယ်” ဟုပြောသည်။
လက်နက်ကြီးထိမှန်ခဲ့သူ အသက် ၃၅ နှစ်အရွယ် မအိမာ ဆိုသူနှင့် ကျန်တစ်ဦးတို့မှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ရပ်ကွက်နေ အခြားဒေသခံတစ်ဦးကပြောသည်။“အုန်းခနဲဆိုပြီး အသံတော်တော်ကျယ် တယ် အိမ်ထိကို ကျောက်ခဲတွေလွင့်လာတယ်။ အသိအစ်မတော့ ထိသွားတယ် ဒဏ်ရာတော်တော်များလို့ ကားနဲ့ဆေးရုံကို ခေါ် သွားတာတွေ့တယ်။ ဆေးရုံမှာ ဆေးကုသခံနေပါတယ်တဲ့” ဟုပြောသည်။ ဆိပ်မူကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က လစာထုတ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲသုံးဦး ပစ်ခတ်ခံရကာ တစ်ဦးဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က မြို့ အတွင်း လှုပ်ရှားမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာ လျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။

၁၄။ စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂ တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့
May 2, 2024
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ–ရှမ်းပြည်နယ်စပ်က မိုးဗြဲမြို့ အနီးက ခမရ ၄၂၂ တပ်ကို သိမ်းယူဖို့ တော်လှန် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ စစ်ကူအင်အားတွေ ပို့ဆောင်ထားနိုင်မှုကြောင့် အပြီးသပ်မသိမ်းယူနိုင်ပဲ တပ်တွေကို ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။“၄၂၂ စစ်ဆင်ရေးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အခုလောလောဆယ် အပြီး သတ်မသိမ်းနိုင်သေးတဲ့ အခြေနေမျိုးမှာတော့ရှိပါတယ်။ စစ်ကူတွေထပ်ရောက်လာတော့ အပြီးသတ်မသိမ်းနိုင်ဘူးလို့ ပြောလို့ ရပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
ဧပြီလ တတိယပတ်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်လောက်က ဖယ်ခုံမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး ၄၂၂ တပ်စခန်းကို အင်အားဖြည့်ခဲ့တာလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီဟာ ခမရ ၄၂၂ တပ်ရင်းအတွင်း စစ်ကူအင်အားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က စစ်ကူလာတဲ့ လမ်းကြောင်းမှာလည်း ဖယ်ခုံမြို့ရှိ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ခမ၄၂၂ စခန်းသိမ်းတိုက်ပွဲဟာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ သုံးခဲ့တယ်လို့သိရပါတယ်။ Read ni full

၁၅။ ရခိုင်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော
 May 2, 2024
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခ သည် တစ်သိန်းငါးသောင်း ခုနစ်ထောင်ခန့် ရှိရာကနေ တစ်လခန့်အတွင်း နောက်ထပ်ဒုက္ခသည် တစ်သောင်းနီးပါး တိုးလာတာ ပါ။ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းမှုတွေပြတ်တောက် နေပြီး ပူပြင်းတဲ့ရာသီမှာ နေစရာနေရာ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
“တချို့ရွာတွေမှာ နေစရာနေရာမရှိလို့ ကားလမ်းဘေးတွေ၊ ရထားလမ်းဘေးတွေ၊ တောင်ကြားတွေမှာ တဲထိုးပြီး နေရတယ်။ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းပါတယ်” ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဧပြီလအတွင်း အသိပေးထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုနဲ့ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ခံနေရတယ်လို့ဆိုပါတယ်။ Read ni full

၁၆။ ကရင်နီ စစ်ဘေးရှောင် ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ
May 2, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တည်ဆောက်နေဆဲ စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ လတ်တလောတည်ဆောက်နေဆဲ စစ်ဘေးရှောင် စာသင်ကျောင်း တွေက ကလေးသူငယ်တွေဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေဖြစ်ပြီး ယခုတိုက်ပွဲတွေ ငြိမ် သက်သွားတဲ့အချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို ပြန်လာကြသူတွေ ဖြစ်တယ်လို့သိရပါတယ်။ “တစ်ကျပ်၊ တစ်ပြား ဘယ် လောက်ဘဲဖြစ်ဖြစ်ပေါ့ ပါဝင်ပြီးတော့ ကလေးတွေရဲ့ အနာဂတ် ပညာရေး စနစ်ကို အားဖြည့်ပေးကြပါလို့ အကူအညီတောင်းပါ တယ်၊ ကျောင်းတွေက စေတနာ့ဝန်ထမ်းနဲ့  CDM ဝန်ထမ်းတွေအတွက်လဲ ထောက်ပံ့ကြေးအကူအညီ လိုအပ်နေတယ်” Karenni Support Team (KNST)ရဲ့ ပြန်ကြားတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စေတနာ့ဝန်ထမ်းတွေအတွက် လစာပေးနိုင်ခြင်းမရှိပေမယ့် ကျေးရွာတွေက တစ်အိမ်ထောင်(၁၀၀၀)ကျပ်နဲ့ လစဉ် ထောက်ပံ့မှုတွေကို အချိုးကျ ပြန်လည်ခွဲဝေပေးတာတွေရှိပေမယ့် လောက်ငှမှုမရှိဘဲ ဒေသတွင်း ရေရှားပါးမှု ပြဿနာလည်း ကြုံ နေရတာကြောင့် ရေကားနဲ့ မော်တာအတွက် စက်သုံးဆီ ကုန်ကျစရိတ်၊ ရေသိုလှောင်ကန်အတွက် ကုန်ကျစရိတ်စတဲ့အကူအညီ တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်  ကရင်နီပြည်မှာ စစ်ဘေးရှောင် စာသင်ကျောင်း (၂၃) ကျောင်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ၂၀၂၄ ဧပြီလအတွင်းမှာပဲ တစ်ကျောင်း ပါဝင်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု (PKPF)ရဲ့ မေ ၁ နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Read ni full

၁၇။ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး
 May 2, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ PNO တို့က တံတားကိုမိုင်းခွဲဖျက်စီးခဲ့သည့်အပြင် ဒရုန်းဖြင့်မီးလောင်ဗုံး ကျဲချပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ PNLA က သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်ကဆိုပါတယ်။ တံတားဖျက်ဆီးပြီးနောက် စစ်ကောင်စီနဲ့ PNO တို့က ရွှေတဂူဘုရားဝင်း အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဘုရားစေတီများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူများအသုံးပြုသွားလာနေတဲ့ တံတားနဲ့ ပြည်သူများ အထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အဦးကို လာ ရောက်ဖျက်ဆီးတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို PNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက လိုက်လံ ရှင်းလင်းခဲ့လို့ စစ်ကောင်စီဘက်က ၈ ယောက်သေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနှင့် PNO က ကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့်ပစ်ခတ်ခြင်း ဒရုန်းများနဲ့ ပစ်ခတ်ခြင်းကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်က စစ်ကောင်စီနှင့် PNO တို့က သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဆိုပါတယ်။ Read ni full

၁၈။ မံစီမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း
 May 2, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ဒေသခံတွေနဲ့ မြို့နဲ့နီးတဲ့ ကျေးရွာနေပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မ တော် KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တပ်က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ မံစီမြို့ပေါ်က ဒေသခံပြည်သူ တွေနဲ့ မြို့နဲ့နီးတဲ့ကျေးရွာတွေဖြစ်တဲ့ စံလွန်ယန်အပါအဝင် ရွာတစ်ချို့ကပြည်သူတွေကို လက်နက်ကိုင်နှစ်ဖက်တပ်က ဧပြီ ၁ ရက်နေ့ကစပြီး အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ မံစီမြို့နေအမျိုးသမီး တစ်ဦးကပြောပါတယ်။“မံစီမြို့နယ်တဝိုက်ရွာကလူတွေကို တစ်ပတ်နှစ်ပတ်လောက်တဲ့ ရှောင်ရမယ်ထင်တယ်တဲ့။ အဲ့တာ ကြောင့် အရေးပေါ်ရှောင်ခိုင်းထားတာရှိတယ် မံစီမြို့နယ်တဝိုင်းအားလုံးရှောင်ကြတဲ့လူများတယ်”လို့သူကပြောပါတယ်။
လက်ရှိမံစီမြို့တွင်းမှာ ခမရ ၃၁၉ တပ်၊ စစ်ကောင်စီရဲစခန်းတွေကျန်ရှိနေသေးတာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားလာနိုင်တာ ကြောင့် ဒေသခံတွေကိုနှစ်ဖက်တပ်တွေက ကြိုတင်ပြီးပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူ တွေဟာ လက်ရှိ မံစီအထက်ဘက်က မိုင်းခေါင်ကျေးရွာနဲ့ ကောင်ဂျာရွာ၊ မုန်းဒိန်ကျေးရွာတွေမှာတိမ်းရှောင်နေကြပြီး လူဦးရေ များတာကြောင့် နေရာထိုင်ခင်းနဲ့စားသောက်ရေးအခက်အခဲ ဖြစ်နေတယ်လို့လည်း အခြားစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။“အများပိုင်းကတော့ မိုင်းခေါင်ရွာထဲမှာပဲဟုတ်တယ် Rc Camp ၂ ခုဖွင့်ထားတယ်အဲ့မှာလူပေါင်း ၃၀၀၀ ၊၄၀၀၀ မကဘူး လူများလို့နေရာထိုင်ခင်းတွေ စားရေးသောက်ရေးတွေတော့အခက်အခဲ ဖြစ်တာပေါ့”လို့ သူကပြောပါတယ်။ မံစီမြို့ပေါ် မှာအိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ထဲက လက်ရှိ အိမ်ခြေ ၃၀၀ ကျော်လောက်ထိတိမ်းရှောင်သွားကြပြီလို့သိရပါတယ်။ Read ni full

၁၉။ စစ်ဘေးရှောင် ကော့ဘိန်းရွာသားများ နေရပ်ပြန်ရန် စိုးရိမ်နေ
 May 1, 2024
မွန်-ကရင်နယ်စပ်  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာမှာ  စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင် ရောက်နေထိုင်ဖို့ စစ်ကောင်စီဘက်က ခေါ်ယူနေပေမဲ့ လုံခြုံမှုမရှိတဲ့အတွက်  ပြန်လည်ဝင်ရောက်မှာမဟုတ်ဘူးလို့  စစ်ရှောင် ပြည်သူတွေနဲ့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ မြေပြင်ကနေ သံချပ်ကာကားတွေသုံးပြီး   အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်က ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာကို ဝင်ရောက်ပြီး ကော့ဘိန်းရဲစခန်းကို ပြန်လည် သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေ ကို ရွာမှာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီဘက်က ခေါ်ယူခဲ့ပါတယ်။
MSFC ဌာနမှူး မိဆုတဂျိုက “စစ်ကောင်စီတွေရှိနေသရွေ့ကတော့ သူတို့စိတ်အေးချမ်းစွာ ပြန်လည်ဝင်ရောက်မှုမပြုနိုင်ဘူး။ သူတို့ရှိနေသရွေ့ကတော့ ပြေးလို့ရှိရင် မလွယ်ဘူး။ သူတို့အရမ်းပြန်ချင်တယ်။ ပြန်ထွက်လို့မလွယ်ဘူး။ စိတ်လုံခြုံလို့ ပြန်ကြပြီလားမေးရင်တော့  လုံးဝကို စိတ်မလုံခြုံဘူး။ ပြန်လည် မပြန်ကြသေးဘူး”လို့ ပြောပါတယ်။ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ် တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော် ၊ ဒေသခံ ၁ သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး ပြည်သူ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားနေတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက  ပြောပါတယ်။ ဒါအပြင် စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေကို ပြန်လည်ခေါ်ယူနေတဲ့အပေါ် အလွယ်မယုံဖို့နဲ့ အချိန်မရွေးစစ်က ဖြစ်လာနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ Read ni full

၂၀။ ကျိုက်ထိုက စစ်ကောင်စီ အကျဉ်းဦးစီးဌာန အရာရှိ အသတ်ခံရ
May 3, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေး (ရွှေဖြူ) အကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ ဧပြီလ ၂၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျိုက်ထိုမြို့နယ် ဒီပစ်ခတ်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) က မေလ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ ဦးစင်းအောင် (ခ) ဦးဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မရွာက သူနေထိုင်ရာအိမ်မှာပဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  ကရင်အမျိုး သားအစည်းအရုံး KNU တပ်မဟာ (၁) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်း ကတော့ ဒေသတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အခြေအနေကိုစုံစမ်းပြီး သတင်းပေးတာတွေလုပ်ခဲ့လို့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
“သူက သတင်းပေးတာရှိတယ်။ ထောက်ပို့တချို့ရဲ့ သတင်းတွေကိုယူပြီး ဖမ်းခိုင်းတာရှိတယ်။ ဒေသခံတွေ အပေါ် လည်း အနိုင်ကျင့်တာရှိတယ်။ သူတာဝန်ယူရာ အကျဉ်းဦးစီးဌာနမှာလည်း အကျဉ်းသားတွေကို ဖိနှိပ်တာရှိတယ်” ဦးစင်းအောင် (ခ) ဦးဝင်းအောင်ဟာ စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ဗိုလ်ကြီးအဆင့်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာသူဖြစ် တယ်လို့ သူက ပြောပါတယ်။ သူ့ကို ပစ်ခတ်ခဲ့ပြီးနောက် ပစ်စတို သေနတ်တစ်လက်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကတ်ပြားနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းကတ်ပြားတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  Read ni full

၂၁။ ပင်းတယမြို့နယ် မိုးကြီးလေပြင်းတိုက် လူနေအိမ် ၃၄လုံးပျက်စီး
 May 3, 2024
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့နယ်၊ပွေးလှမြို့၊ပွင့်လန်းရွာတွင် မိုးကြီး လေပြင်း တိုက်သဖြင့် ကျေးရွာရှိ လူနေ အိမ် ၃၄ လုံးပျက်စီးခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ မေ ၂ ရက် ည ၅ နာအချိန်တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့ပြီး၊ လူနေအိမ်၃၄လုံး ပျက်စီးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။“တစ်ချို့က စားဝတ်နေရးအဆင်မပြေတော့ အိမ်ပြန်ပြင်ဖို့ အကူညီလိုအပ်တာတွေ ရှိတယ်။မိုးကလည်း ရုတ်တရက်ကြီး လေလည်း အရမ်းပြင်းတော့ လန့်တောင် လန့်သွား တယ်။ ကံကောင်းကြတော့ လူထိခိုက်မှုမရှိဘူး။”ဟု ရွာခံအမျိုးသားတစ်ဦးကပြောသည်။
အလားတူ တစ်ချိန်တည်းမှာပင် ကလောမြို့နယ် မိုးကောင်းကျေးရွာတွင်လည်း မိုးကြီး၊လေပြင်း တိုက်ခိုက်မှုကြောင့် လူအိမ်၅လုံး ထက်မနည်းလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။“သဘာဝဘေးကြောင့် ဒုက္ခရောက်ရသူ အိမ်ပျက်စီးရသူတွေကို ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ကျေးရွာအထိ သွားရောက် လှူဒါန်းကူညီနိုင်ပါတယ်။”ဟု ၄င်းကဆက်ပြောသည်။ ထို့အပြင် အောင်ပန်း-ရွာငံ သွားလမ်းပေါ် လည်း မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးရှိ သစ်ပင်များ လမ်းထဲ အပင်၊အကိုင်းများ လှဲကျသဖြင့် ခရီးသွားကားများ ပိတ်မိခဲ့သေးကြောင်း သိရသည်။ Read ni full

၂၂။ မော်လမြိုင် အေးသန္တာ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း
 May 2, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အေးသန္တာဆေးရုံကို CDM ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေ အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ မေ ၁ ရက်ကစပြီး စစ်ကောင်စီက ၃ လ ယာယီပိတ်သိမ်းခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက် အခွန်လွတ်ဈေးအရှေ့မှာရှိတဲ့ အေးသန္တာဆေးရုံကို မေ ၁ ရက် ညနေပိုင်းက ကျန်းမာရေး CDM ဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားမှုနဲ့ ပြည်နယ်ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက ၃ လ ပိတ်သိမ်းစာ လာပေးခဲ့ပါတယ်။ ဆေးရုံနဲ့နီးစပ်သူတဦးက “မေ ၁ ရက်နေ့ကစပြီး ဆေးရုံပိတ်ဖို့ လွန်ခဲ့တဲ့တပတ်တည်းက ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက လာအကြောင်းကြားထားတယ်။ ဘယ်သူ CDM ဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး တိုင်လိုက်လည်းတော့ သေချာမသိပါဘူး။ ဆေးရုံက ယာယီ ၃ လပဲ ပိတ်တာပါ” လို့ ပြောပါတယ်။
အေးသန္တဆေးရုံဟာ အထပ် ၄ ထပ်ရှိပြီး အခန်းပေါင်း ၄၀ ခန့်ရှိကာ ဝန်ထမ်းအင်အား ၁၀၀ လောက်နဲ့ လည်ပတ်နေတဲ့ ဆေးရုံဖြစ်ပြီး ခွဲစိတ်ကုသမှုတွေ အပါအဝင် ရောဂါမျိုးစုံကို ကုသပေးနေတဲ့ မော်လမြိုင်ရှိ ပုဂ္ဂလိကဆေးရုံတွေထဲက တခုဖြစ်ပါ တယ်။ မော်လမြိုင်ဒေသခံတဦးက “ဆေးရုံပိတ်တဲ့စာကပ်မှ ပိတ်ခံရမှန်းသိတာ။ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီး ပိတ် သွားတယ်။ ဆေးရုံကသူတွေ ဖမ်းတာစီးတာတော့ မကြားပါဘူး။ ဆေးရုံကလည်း တခြားပုံစံနဲ့ လည်ပတ်နေပါတယ်။ တခြား ပုဂ္ဂလိကဆေးရုံတွေလည်း စစ်မယ်လို့ကြားတယ်”လို့ ပြောပါတယ်။ အေးသန္တာ ပုဂ္ဂလိကဆေးရုံ ၃ လ ယာယီပိတ်ခံရတာနဲ့ ပတ် သက်ပြီး ဆေးရုံဘက်က အတည်‌ပြုပေးခဲ့ပေးမဲ့ ဘာကြောင့်ပိတ်လဲဆိုတာတော့ မပြောခဲ့ပါဘူး။ https://burmese.dvb.no/ post/650654

၂၃။ မိုးမောက်မြို့ စျေးဆိုင်နဲ့လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရ၊ အရပ်သားနေအိမ်တစ်ချို့မှာ စစ်တပ်ကနေရာယူထား
 May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူနေအိမ်တစ်ချို့ မှာလည်း ဝင်ရောက်နေရာယူထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကစပြီး  မိုးမောက်မြို့ ဈေးကြီးတံခါးရိုက်ချိုးပြီး ဈေးဆိုင်ထဲက ပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူမရှိတဲ့နေအိမ်တစ်ချို့မှာ စစ်သားတွေနေရာယူထား ကြတယ်လို့  မိုးမောက်မြို့ခံတစ်ချို့ကပြောပါတယ်။“ဈေးကြီးကိုဖျက်ပြီး ဆိုင်တွေမှာဝင်ပြီး နေရာတွေယူ၊ ပစ္စည်းတွေ ယူချင်သ လိုယူနေကြတာ၊ ပြီးတော့ ညနေကျတော့ အဲ့ဒီဈေးရဲ့ မျက်စောင်းထိုးက ဆန်ဆိုင်ကနေပြီး ကားတွေရော အကုန်ယူသွားတာ” လို့ပြောပါတယ်။ မိုးမောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ စစ်တပ်နဲ့ KIA တပ်တို့အကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်နေ တဲ့အပြင် မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးကြပြီ ဖြစ်ပါ တယ်။သို့သော် မသန်စွမ်းသူတစ်ချို့နဲ့  အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံပြည်သူတစ်ချို့ ရှိနေသေးတာဖြစ်ပါတယ်။
ဒေသခံအများပိုင်းထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်တပ်ဘက်က ပြည်သူတွေရဲ့နေအိမ်အထိပစ္စည်းခိုးယူတာ ဝင် ရောက်နေရာယူနေထိုင်နေကြတာကြောင့် ကျန်နေခဲ့တဲ့သူတွေလည်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးဖို့ ကား၊ သုံးဘီး၊ ဆိုင်ကယ် တွေနဲ့စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြို့ အဝင်အထွက်ကို စစ်တပ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အပြင် မိုးမောက်– ဗန်းမော်သွားလမ်း ၅ မိုင်ဂိတ်မှာလည်း လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတဲ့ အတွက် ထွက်ပြေးဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။“သူတို့က အဲ့ဒီ ၅ မိုင်ဂိတ်မှာ ပိတ်ချလိုက်တာ၊ အဝင်အထွက် မလုပ် ခိုင်းဘူး တစ်ချို့ပြေးတဲ့သူတွေကိုကျတော့ ခင်ဗျားတို့ ကြောက်လို့ ပြေးတာပြေးကြပေါ့၊ ခင်ဗျားတို့သေမှာကြောက်တယ်မလား ပြေးကြဆိုပြီး ခနဲ့တဲ့တဲ့စကားတွေနဲ့ပြောနေတာ”လို့ မိုးမောက်မှာကျန်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မိုးမောက်မြို့ ကြေးနန်ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ လက်ဝါးကပ်တိုင်မှာ လက်နက်ကြီး၊ အမြောက်တွေဆင် ထားကြတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ Read ni full

၂၄။ ရခိုင်မြောက်ပိုင်း မြို့နယ်အချို့မှာ သောက်သုံးရေ အခက်အခဲ ကြုံနေရ
 May 2, 2024
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာအချို့မှာ သောက်ဆုံးရေ အခက်အခဲနဲ့ ကြုံနေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ဟာ နွေရာသီဆိုရင် အပူချိန်မြင့်မားတဲ့ ဒေသတစ်ခုဖြစ်ပြီး အခုလို အပူ ချိန်အမြင့်ဆုံးအချိန်မှာ သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ လည်း ဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့မှာဆိုရင် ရေကန်တွေမှာ ရေခမ်းခြောက်လာတာကြောင့် မိသားစု တစ်စုကို တစ်နေ့ ရေနှစ်လုံးလောက်ပဲ ပေးနိုင်တော့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
“ရွာတွေမှာရှိတဲ့ ရေကန်တွေက သူတို့ ရွာသားတွေအတွက်ပဲ ဖူလုံတာလေ။ အခုက စစ်ဘေးဒုက္ခသည်တွေလည်း များလာတော့ ကန်ရေတွေ အမြန်ခမ်းခြောက်ကုန်တာပေါ့။ အခုဆိုရင် မိသားစုတစ်စုကို ရေနှစ်လုံးပဲ ပေးနိုင်တော့တဲ့ ရွာတွေရှိ တယ်။ တချို့ရွာတွေဆို ရေမရှိလို့ တခြားရွာတွေ၊ အဝေးကြီးကနေသွားပြီး ရေသွားတင်ရတာရှိတယ်။ ဒီလောက် ရာသီဥတု ပူနေ တဲ့အချိန် ရေလုံလုံလောက်လောက်မရှိတော့ အတော်ခက်ခဲတာပေါ့” အခုလိုအချိန်ဆိုရင် နှစ်စဉ်ရေရှားပါးပြီး ဒီနှစ်မှာတော့ စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာကြောင့် ပိုပြီးအခက်အခဲဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။ အလားတူပဲ ကျောက်တော် မြို့နယ်က ကျေးရွာတချို့မှာလည်း စစ်ရှောင်တွေများလာတာကြောင့် သောက်သုံးရေအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ကူညီ ပေးနေသူတွေက ပြောပါတယ်။  Read ni full

၂၅။ သံတောင်ကြီး (၁၃)မိုင်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရ
 May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်(၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်ငူ-သံတောင်လမ်း (၇)မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေး ခြင်းခံလိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က ပျားစခန်းကျေးရွာ အကျော် (၁၁)မိုင်ကုန်းရှိ သံတောင်-တောင်ငူ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီး တဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများက ညစဥ်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြသလို ယမန်နေ့က စစ်ကောင်စီ ၏ (၁၃)မိုင် တပ်စခန်းသို့ တော်လှန်ရေးတပ်က သွားရောက်တိုက်ခိုက်ရာမှ ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ စစ်တပ်ကပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားစဥ် စစ်တပ်က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံရသော ဒေသခံ(၂၀)ထက်မနည်းရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေသအချို့လည်းကျန်ရှိနေသည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောသည်။ “(၁၃)မိုင်မှာပြန်ထိုင်ထားတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တယ် ။ အဲ့ဒါနဲ့ စစ်တပ်က သံတောင်-တောင်ငူ လမ်းက တွေ့တဲ့သူတွေကို တားပြီးစစ်တာ တချို့လည်းပြန်မ လွတ်သေးဘူး။ ဘယ်နှယောက်လဲဆိုတာနဲ့ ခရီးသွားရင်းနဲ့ ဖမ်းခေါ် တာလား ဆိုတာတော့ မသိရသေးဘူး။ (၇)မိုင်၊ (၃)မိုင်မတိုင်ခင်မှာ လမ်းပိတ်လိုက်တော့ ကားတွေလည်း တက်မရဖြစ်ကုန် တယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။ ထို့အပြင် စစ်ကောင်စီက စစ်ဆေးမေးမြန်းစဥ် အရပ်သားများအပေါ် ကိုယ်ထိလက် ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့သလို ပတ်ဝန်းကျင်သို့ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်းလည်း ရှိခဲ့သည်ဟု ဒေသခံအချို့ ထံမှ သိရသည်။ Read ni full

၂၆။ ပလက်ဝပြည်သူများကို AA က စားနပ်ရိက္ခာနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့
 May 2, 2024
ပလက်ဝမြို့နယ် ဒေသခံပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားနပ်ရိက္ခာနှင့် တကိုယ် ရည်သုံးပစ္စည်းများကို ဧပြီလအတွင်းက ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်သည်။ အာရက္ခတပ်တော် AA သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီပေးရေးရုံး HDCO က တစ်ဆင့် ပလက်ပြည်သူများကို ထောက်ပံ့ခဲ့ကြောင်း မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဧပြီလ ၁ ရက်နေ့က ပလက်ဝဒေသက ပလက်ချောင်းထဲမှာရှိသော ဝီကျေးရွာ၊ အောက်ဘောင်ဝီကျေးရွာက သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းနေသူများအပါအဝင် ဒေသခံပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ ကြောင်း HDCO က ပြောသည်။
ယင်းအပြင် ဧပြီလ ၂၅ ရက်နေ့တွင်လည်း ကြဥဝကျေးရွာ၊ ပလက်ချောင်းကျေးရွာက စစ်ဘေးရှောင် အိမ်ထောင်စု ၇၀ အတွက် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်ပြီး သက်ကြီးရွယ်အိုများနှင့် စားနပ်ရက္ခာလိုအပ်နေသူ များအတွက် အိမ်ထောင်စု ၄၁ စုအတွက် ဆန်အိတ် ၂၀ ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။  ယခင်လည်း ပလက်ဝ ပြည်သူများကို ငွေထောက်ပံ့ခြင်း၊ ဆန်ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို AA က ပြုလုပ်ခဲ့သည်။

၂၇။ ဆွမ်ပရာဘွမ်တွင် စစ်ရေးဆက်လက်တင်းမာနေပြီး ကျောင်းများပိတ်ထားရသဖြင့် ပညာရေးနှောင့်နှေးမည်ကိုစိုးရိမ်နေ
 May 2, 2024
အခြေခံပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် နီးကပ်လာသော်လည်း တိုက်ပွဲအခြေအနေများကြောင့် ဆွမ်ပရာ ဘွမ်မြို့တွင် ကျောင်းတက်ရန်ခက်ခဲနေကြောင်း သိရသည်။ တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ ကျောင်းတက်ချိန်နီးကပ် လာပြီ ဖြစ်သော်လည်း တောထဲတွင် စစ်ရှောင်နေရဆဲဖြစ်သောကြောင့် ကျောင်းတက်ရန်နောက်ကျလာမည်ကို စိုးရိမ်နေရသည် ဟု ဆွမ်ပရာဘွမ်ဒေသခံပြည်သူတစ်ဦးက ပြောသည်။“စစ်ရှောင်တွေက အားလုံးအမျိုးစုံခက်ခဲနေတယ်။ ကျောင်းတက်ချိန် လည်းရောက်လာ၊ ကလေးတွေရဲ့ ပညာရေးအတွက် စဉ်းစားရတယ်။ ကျွန်တော်တို့စဉ်းစားရခက်နေတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်” ဟုပြောသည်။
ကျောင်းသားများကို မြစ်ကြီးနားမြို့တွင် ကျောင်းထားမည်ဆိုလျှင်လည်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတွင် နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများက လမ်းပိတ်ထားသောကြောင့် သွားရေးလာရေးခက်ထဲနေကြောင်း ဒေသခံများက ဆိုသည်။ တန်ယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးဂိတ်က မြစ်ကြီးနားမြို့သို့ ဆင်းလာသူများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည် ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။“ကားလမ်းတစ်လျှောက်ဘယ်သူမှထွက်မရ နှစ်ဖက်ပိတ်ထားတော့ ထွက်လို့မရဖြစ် နေတယ်။ အဓိက တန်ယန်ဇွပ်က စစ်ကောင်စီစခန်းမှာမဖြတ်ခိုင်းဘူး။ KIA အစိုးရလည်း ပညာရေးကို ပိတ်ပင်တာ‌တော့ မဟုတ် ဘူး။ သူတို့ဘက်ကတော့ ထွက်ခိုင်းမယ်။ ကျောင်းပညာရေးအတွက်တော့ မစိုးရိမ်ပါနဲ့လို့တော့ ပြောတယ်” ဟုပြောသည်။ ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်မှာ လက်ရှိ အချိန်ထိ မြို့အနီးပတ်ဝန်းကျင်ရှိ တောတောင်များတွင် တိမ်းရှောင်နေဆဲဖြစ်သည်။ လမ်းများပိတ်ကာ တောတောင်များတွင် တိမ်းရှောင်နေရသောကြောင့် အစားအသောက်နှင့် ဆေးဝါးများလည်း အကူအညီလိုအပ်နေကြောင်း သူကဆက်ပြောသည်။ Read ni full

၂၈။ ဖရူဆိုမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင် နေအိမ် ၄၀ ကျော် ပျက်စီး
 May 3, 2024
ကရင်နီပြည် ဖရူဆိုမြို့အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ မေလ ၂ ရက်နေ့ ညနေ ၇နာရီကျော် အချိန်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၄၀ ကျော် ပျက်စီးသွားတယ်လို့ ကယောလူငယ်အဖွဲ့အစည်း (KwYO) ရဲ့အတွင်းရေးမှုး ကိုနိုင်နိုင်ထွေးက ပြောပါတယ်။“နောက်အိမ်ခြေက ကျနော်တို့ ခန့်မှန့်ခြေ ၄၀/၅၀ လောက်ပျက် တယ်ဆိုတော့ ထက်ဝက်‌ကျော်လောက်တော့ ပျက်စီးသွားတယ်”လို့ ကိုနိုင်နိုင်ထွေးကဆိုပါတယ်။
စစ်ရှောင်တဲတွေမှာ အသုံးထားတဲ့ မိုးကာတွေဟာ ဆွေးမြေးလာပြီဖြစ်သလို  လေပြင်းမုန်တိုင်းကြောင့် ပျက်ဆီးသွား တယ်လို့ ကိုနိုင်နိုင်ထွေးကဆက်ပြောပါတယ်။“စစ်‌ရှောင်တွေက နေလာတာကကြာပြီဆိုတော့ မိုးကာတွေက ဆွေးမြေးယိုယွင်း လာတာတွေဖြစ်တယ်။ တချို့တွေဆို အမိုးပဲ ပြဲသွားတာမျိုးမဟုတ်ပဲနဲ့ ဘေးနားကာထားတဲ့ တချို့အကာတွေလည်း ရှိတာပေါ့ နော်။ ဆိုတော့ ရာသီဥတုဒဏ်ကြောင့်တွေ ကျနော်တို့ပေါ့နော် ဆွေးမြေ့ပြီးပြဲသွားတာရှိတယ်။”လို့ သူကဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၂၀ ရှိပြီး  လူဦးရေ ၇၀၀ ကျော် ရှိတယ်လို့သိရပါတယ်။ Read ni full

၂၉။ ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ
 May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီး သွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွား တယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။“အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာ သူတို့ မသင်္ကာတဲ့ အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့ မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ အရပ်သား ၃ ဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားရှိသူတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ရပေမယ့် မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ မေလ ၁ ရက်နေ့ စစ်ကောင်စီတပ်ဟာ ဆိုင်ကယ်၊ ကားနဲ့ လက်ကိုင်ဖုန်းတွေကို အဓိကစစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးသွားတဲ့ အရပ်သား ၃ ဦးကိုလည်း မသင်္ကာမှုနဲ့ဖမ်း သွားတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ Read ni full

၃၀။ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း
 May 2, 2024
အာဏာသိမ်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများ ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်ခွင့်အား ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုသို့ ယာယီရပ်ဆိုင်းမှုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနက တရားဝင်စာဖြင့် ထုတ်ပြန် ခြင်းမရှိသေးဘဲ အသစ်လျှောက်ထားလာသည့် အလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီများကိုသာ အသိပေးနေခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။ ၎င်းက “ယာယီရပ်ဆိုင်းလိုက်တာ၊ ပိတ်တာမဟုတ်ဘူး။ လုပ်ပြီးသားလူတွေ၊ စာရင်းကျပြီးသားတွေက လွှတ်လို့ရတယ်။ ဘယ်လောက်ကြာမလဲတော့ မသိသေးဘူး။ အခုကလည်း တရားဝင်ကြေညာတာ မဟုတ်ဘူး။ ယောကျ်ားလေး တွေတင်မှ ဒါကို ယာယီရပ်ဆိုင်းထားတာလို့ အကြောင်းပြန်တာ၊ အေဂျင်စီတွေကို။ ဘာကြောင့်ဆိုတာတော့ မပြောတတ်ဘူး။ ပေါ်လစီတခုခု ရှိလို့နေမှာပေါ့” ဟု ပြောသည်။
အဆိုပါရပ်ဆိုင်းမှုသည် ယခုမေလမှစတင်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်ပေးမည်ကိုမူ အသိပေးခြင်း မရှိသေး ကြောင်းသိရသည်။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုကမူ တရားဝင် စာထုတ်ကြေညာခြင်း မရှိသေးသည့်အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် လျှောက်ထားမှုများအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောသည်။ ယင်းအေဂျင်စီမှ တာဝန်ရှိသူတဦးက “ကျမတို့ မသိရသေးဘူး။ လူကြီးတွေချည်းပဲ အစည်းအဝေးလုပ်တာ။ စာတွေဘာတွေ ထုတ်ထားတာလည်း မရှိပါဘူး။ ကျမတို့ကိုတော့ မပြောသေးပါဘူး။ ထွက်ခွာခွင့်က ဆက်လက်လျှောက်ထားနေတယ်။ စာချုပ်ချုပ်တဲ့ဟာလည်း ဆက် ချုပ်နေတယ်။ လုပ်ငန်းခွင်တွေကိုလည်းရပ်ဆိုင်းရမယ်ဆိုပြီး ဘာမှမသိတော့ စာသေချာထုတ်မှပဲပြောတတ်မှာ။ လောလော ဆယ် ညွှန်ကြားထားတာ မရှိသေးပါဘူး”ဟု ဆိုသည်။ စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဥ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား ယာယီပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။ Read ni full

၃၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် Non-CDM ကျောင်းဆရာများ လစာမရ
 May 2, 2024
ရခိုင်ပြည်နယ်ထဲ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM  ကျောင်းဆရာ၊ ဆရာမတွေ လစာမရကြတာ ၄ လ ရှိနေခဲ့ပါပြီ။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ တောင်ကုတ်မြို့နယ် ကတော့ အခု ပြီးခဲ့တဲ့ ဧပြီလစာကို မေ ၂ ရက်အထိ မရကြသေးဘူးလို့ ဒေသခံဆရာတွေဆီက သိရပါတယ်။ တောင်ကုတ်မြို့ နယ်က တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားတာ မရှိသလို ကျောင်းတွေလည်း ဆက်လက်ဖွင့်ထားပါတယ်။ ပညာရေးဝန်ထမ်းတွေက ပြီးခဲ့တဲ့လအထိ လစာတွေ အချိန်မှန်ရနေခဲ့ပေမဲ့ အခုလ လစာကတော့ ဘာလို့မရသေးတာလဲဆိုတာကို တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံး ကိုယ်တိုင် ရေရေရာရာ သိပုံမရဘူးလို့ နယ်ဘက်ကျောင်းအုပ်တယောက်က ပြောပါတယ်။
“ပညာရေးမှူးရုံးကလည်း သေသေချာချာ မသိကြပါဘူး။ ဟိုနေ့ရမယ် ဒီနေ့ရမယ်နဲ့ အခုလည်း ဒီနေ့ရမယ်လို့ ပြောနေ တာပဲ၊ အရင်ကဆိုရင် လကုန်တာနဲ့ ၃၀ ရက်ဆို ရနေကျ။ တခါမှတော့ မဖြစ်ဖူးပါဘူး။ သူတို့လည်း သိမယ့်ပုံမရပါဘူး။ ဘဏ်တွေ မှာတော့ ရောက်နေပြီလို့လည်းပြောလိုပြော၊ ဘာကြောင့်အခုလိုကြာနေလဲမသိပါဘူး။” ပြီးခဲ့တဲ့တလလောက်ကတော့ တောင် ကုတ်-မအီ ကားလမ်းကို စစ်ကောင်စီက နေရာ ၂ နေရာလောက်ကနေ ဘူဒိုဇာနဲ့ထိုးတာ လမ်းပေါ်ကို တောင်တွေဖြိုပြီး ပိတ်ထား တာတွေကို သံတွဲဘက်အထွက်နဲ့ မအီဘက်အထွက်လမ်းတွေမှာ ဖျက်ဆီးထားတယ်။ ဒါကြောင့် လစာလာပို့မယ့်ကားတွေ ဝင်မရလို့ ဖြစ်လိမ့်မယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။ ကျောက်တော်မြို့နယ်ကတော့ ၁ လပိုင်းလစာအထိ ရခဲ့ကြပြီး မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကတော့ လစာသွားထုတ်တဲ့ ပညာရေးမှူးအဖွဲ့တွေ အဖမ်းခံလိုက်ရပြီးကတည်းက ၂၀၂၄ နှစ်စကတည်းက လစာမရကြတာ ၄ လ ရှိနေပါပြီ။ Read ni full

၃၂။ မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ
 May 2, 2024
သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့ တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီ တပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်း သည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ ကားကိုမူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီးစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း မိုင်းဆတ် ဒေသခံများက ပြောသည်။
“အခုမှ အသစ်ဖွဲ့တဲ့ ပြည်သူ့စစ်မှာ ခေါင်းဆောင်တက်လုပ်တာ ၁ လ ကျော်ပဲရှိသေးတယ်။ အဖွဲ့ကတော့ အရင်က တည်းကရှိတယ်၊ အခုက လူသစ် လေးငါးယောက်နဲ့ ထပ်ဖွဲ့တာပေါ့။ တချို့ကလည်း တာချီလိတ်က အပြန်မှာ မိတာလို့ပြော တယ်၊ သူ့ပစ္စည်းတွေက လာအိုဘက်က လာတဲ့ ဘိန်းနဲ့ Happy Water လို့လည်း ပြောလို့ရတယ်”ဟု မိုင်းဆတ်မြို့နယ်မှ ဖြစ်စဉ် သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ အသက် (၃၇) နှစ် အရွယ်ရှိ စိုင်းဝမ်းခမ်းကို သတင်းအရ မူးယစ်တပ်ဖွဲ့မှ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ပုံလို့လမ်းတွင် စောင့်ဖမ်းခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့မှ (မေလ ၂ ရက်)တွင် ထုတ်ပြန်သည်။ စိုင်းဝန်းခမ်း မောင်းနှင်လာသည့်ကားကိုရပ်တန့်စစ်ဆေးပြီး ရှာဖွေခဲ့ရာ ၎င်းကားပေါ်မှစိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၂၀၀၀၀ ပြား (ဒေသပေါက်ဈေး တန်ဖိုးကျပ်ငွေ သိန်း ၅၀၀၀) ကို သိမ်းဆည်းရမိပြီး တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ Read ni full

၃၃။ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်မှ တစ်နှစ်အနားပေးကြောင်း KTLA ထုတ်ပြန်
 May 2, 2024
ကော်သူးလေအာမီ-KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးကို အစည်းအဝေးဆုံး ဖြတ်ချက်အရ အဖွဲ့အစည်းမှ တစ်နှစ်တာဝန်ရပ်နားလိုက်ကြောင်း အဖွဲ့၏ ဗဟိုဌာနချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စလုံးသည် ပြည်သူလူထု၏ သဘောထားအမြင်ကို ဆန့်ကျင်ခြင်း၊ အဖွဲ့အစည်းနှင့် ခေါင်း ဆောင်၏ ဂုဏ်သိက္ခာထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကော်သူးလေအာမီ ကော်မတီ၏ ဆုံးဖြတ်ချက် အရ ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလအထိ တစ်နှစ်ကြာတာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း KTLA ဗဟိုဌာန ချုပ်ရုံး ထုတ်ပြန်ထားချက်အရ သိရသည်။ ဗိုလ်စလုံးအနေဖြင့် အဆိုပါက ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရားဝင်မသိရှိရသေး ကြောင်း၊ ၎င်းအား နယ်မြေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းမည်ကိုသာ သိရှိထားသေးကြောင်း ပြောသည်။ ၎င်းက “ သူတို့ ထုတ်တဲ့စာကိုတွေ့တော့ ရှင်းရှင်းလင်းလင်းလုပ်ဆောင်စေချင်တယ်။ ရှင်းရှင်းလင်းလင်းလုပ် ဆောင်မှ ဘယ်လိုဆုံးဖြတ်ရမလဲ၊ ဘယ်လိုလုပ်ဆောင်ရမလဲ ကိုယ်လည်း ဆုံးဖြတ်လို့ရမယ်။ ကျနော့်ကို တာဝန်မှရပ်နားခိုင်းမယ်ပြောတော့ ပြည်သူတွေကလည်း စိတ်ထဲကောင်းမှာ မဟုတ်ဘူး။ ပြည်သူတွေကို ကျနော်ဘယ်တော့မှမဆန့်ကျင်ဘူး။ အဲဒါကြောင့်ပြတ်ပြတ်သားသား လုပ်ဆောင် စေချင်တယ်။ သူတို့ ထုတ်တဲ့စာက ကျနော့်ဆီကို မပို့လာသေးဘူး။”ဟု ပြောသည်။
ထို့အပြင် တာဝန်မရပ်နားခင်အချိန်တွင် KTLA ဘက်မှ တပ်မဟာ(၆)နယ်မြေတွင် နယ်မြေပဋိပက္ခ တိုက်ပွဲများသည့်အ တွက် ၎င်းအား တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင် နယ်မြေသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းမည်ကိုသာ ပြီးခဲ့သည့်ရက်ပိုင်း ကပြောဆိုထားခြင်းရှိခဲ့ကြောင်း ဗိုလ်စလုံးက ဖြည့်စွက်ပြောဆိုသည်။ ယခုလိုတာဝန်မှရပ်နားထားခိုင်းသည့်အတွက် တာဝန်မယူ တော့ဘဲ ရပ်နား၍ရသော်လည်း နောက်ဆက်တွဲဖြစ်လာမည့် ခွဲထွက်မှုများရှိလာပါက ၎င်းကိုအပြစ်တင်ပြောဆို၍မရကြောင်း လည်း ဗိုလ်စလုံးက ဖြည့်စွက်ပြောဆိုသည်။ ပြီးခဲ့သည့်  ဧပြီလ(၈)ရက်နေ့က စစ်ကောင်စီကို ကူညီပေးသည်ဟု စွပ်စွဲချက်ဖြင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် -DKBA တပ်ဖွဲ့ဝင်တစ်ဦးအား  ဖမ်းဆီးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သည့် KTLA တပ်ဖွဲ့ဝင်များကို အရေးယူပေးရန် DKBA အဖွဲ့ တာဝန်ရှိသူ ဘက်က KTLA ဗဟိုထံ တင်ပြတောင်းဆိုမှုလုပ်ဆောင် ခဲ့ပြီးနောက် ဗိုလ်စလုံးကို တာဝန်မှရပ်နားထားလိုက်ကြောင်း ထုတ်ပြန်စာထွက်ပေါ်လာခြင်းဖြစ်သည်။ Read ni full
 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button