တိုင်းရင်းသားများသတင်း

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ချင်းပြည်နယ်ကိုစွန့်ခွာပြီး တတိယနိုင်ငံတွင် ခိုလှုံနိုင်ရေး လုံးဝမလုပ်ကြရန် CNF တိုက်တွန်း

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ချင်းပြည်နယ်ကိုစွန့်ခွာပြီး တတိယနိုင်ငံတွင် ခိုလှုံနိုင်ရေး လုံးဝမလုပ်ကြရန် CNF တိုက်တွန်း

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၄၊ ၂၀၂၁

ချင်းပြည်နယ်သူများအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို အကြောင်းပြုလျက် ချင်း ပြည်နယ်ကို စွန့်ခွာပြီး တတိယနိုင်ငံများသို့ ခိုလှုံနိုင်ရေး ကြိုးပမ်းမှုများ လုံးဝ(လုံးဝ)မလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် တိုက်တွန်း ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့သည် ချင်းပြည်သူ တစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှုကို အမြင့်ဆုံး ရေချိန်မြှင့်တင် လျက် အမိမြေ ချင်းလဲန်း(ချင်းပြည်နယ်)မှ တဖဝါး မခွာဘဲ ချင်းအမျိုးသားလုံခြုံရေး၊ ချင်းပြည်ကာကွယ်ရေးနှင့် အမျိုးသား ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် စစ်ကောင်စီအား လက်နက်ကိုင် ခုခံတော်လှန်နေသည့် နိုင်ငံရေးအကျပ်တည်းဆုံး အမျိုးသားအရေးပေါ်(National Emergency)ကာလဖြစ်သည်ဟု ဖော်ပြထားသည်။

CNF က “ဤအမျိုးသားအရေးပေါ် အခြေအနေတွင် ချင်းပြည်သူများအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို အကြောင်းပြုလျက် ချင်းလဲန်းကို စွန့်ခွာပြီး တတိယနိုင်ငံများတွင် ခိုလှုံနိုင်ရေး(Refugee Status)နှင့် တတိယနိုင်ငံတွင် ခိုလှုံနိုင်ရေးအတွက် ချင်းပြည်သူအား စည်းရုံးခြင်း၊ လှုံ့ဆော်မှု(Advocacy)ပြုလုပ်ခြင်း၊ ကြိုးပမ်းလုပ်ဆောင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် ပြည်တွင်းချင်းမိဘပြည်သူများ၏ တောင်းဆိုချက်ကို အလေးဂရုပြုပြီး သက်ဆိုင်သူ အားလုံးအား အသိပေးလိုက်သည်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

ထို့နောက် CNF သည် စစ်ကောင်စီကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်အတွက် NUG အစိုးရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လက်တွဲပြီး အသက်ကို စတေး ကာ လက်နက်ကိုင် ပြည်သူ့တော်လှန်ရေးကို အစွမ်းကုန် ဆင်နွှဲနေကြောင်း၊ စစ်ဘေးကြောင့် ချင်းပြည်သူ ၂၀ ရာခိုင်နှုန်း ခန့်သည် လည်း စစ်ဘေးရှောင် လူမှုဘေးဒဏ်ခံနေရသည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်း ၉ နာရီခန့်တွင်လည်း ထန်တလန်မြို့ ၊ စျေးရပ်ကွက်မှာ မီးလောင်မှု ထပ်မံ ဖြစ်ပွားပြီး United Pentecostal Church (UPC) ဘုရားကျောင်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ၏ ပြောဆို ချက်အရ သိရသည်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး စကစလက်နက်ကြီးကျည်ထိမှန်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုကြောင့် ယနေ့အထိ ထန်တလန်မြို့တွင် အိမ် ၄၅၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်၌ CNF ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(CNDF)ပူးပေါင်း တပ်ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ထန်တလန်၊ မတူပီ၊ မင်းတပ်မှ ဒေသခံ ချင်းတိုင်းရင်းသားများ လူဦးရေ ၁၀၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေး၍ တိုက်ပွဲရှောင်နေကြရသည်။

Related Articles

Back to top button