ညောင်ရွှေ-ဖယ်ခုံနယ်စပ်က စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၂၊ ၂၀၂၃
ညောင်ရွှေ – ဖယ်ခုံနယ်စပ်က ဆောင်းနန်းခဲကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၁ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ မနက်ပိုင်း (၇)နာရီမှ ညနေ (၃)ထိကြာမြင့်ပြီး အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၁၀ ဦးခန့်သေဆုံးမှု ရှိခဲ့ပြီး လက်နက် ခဲယမ်းများကို သိမ်ဆည်းရတာ ရှိခဲ့ပေမယ့် စစ်သား ၁၃ ဦးကတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၃ ဦးကျဆုံးမှု ရှိခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီတိုက်ပွဲနေရာသို့ လေကြောင်းဖြင့် (၄)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့က ပူးတွဲ ထိုင်ထားတဲ့ ညောင်ရွှေမြို့နယ်၊ ထိရီကျေးရွာ အနီးနားရှိ စစ်ဆေးရေးဂိတ်ကို ကရင်နီ ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှု ရှိခဲ့ပါတယ်။
အဲဒီနောက် ညောင်ရွှေ – ဖယ်ခုံ နယ်စပ်လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ဟာ အင်းအား အလုံးအရင်းဖြင့် ဝင်ရောက်လာကာ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲအပါအဝင် လွယ်ပေါ၊ နန်းပေါ်လုံး၊ မခေခမ်း၊ လဟယ်ကျေးတို့ကို ဝင်ရောက်ခဲ့ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအနီးနားတွေမှာ တပ်စွဲတာတွေ ပြုလုပ်ခဲ့တာပါ။
အခုတော့ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ တပ်စွဲထားသော ဆောင်းနန်းခဲ ကျေးရွာအနီးဝန်းကျင်တို့မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာတာကြောင့် ထိစပ်နေတဲ့ ကျေးရွာများက ဒေသခံ ပြည်သူများကတော့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Getty Images