သတင်း

နမ့်ခမ်းမှာ စစ်တပ်၊ ပြည်သူ့စစ် ပူး​ပေါင်းတပ်နဲ့ TNLA တပ်ဖွဲ့ တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

နမ့်ခမ်းမှာ စစ်တပ်၊ ပြည်သူ့စစ် ပူး​ပေါင်းတပ်နဲ့ TNLA တပ်ဖွဲ့ တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၇၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့လယ်ဘုရားဝန်းအတွင်းမှာ ပုန်းခို စခန်းချနေတဲ့ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့စစ်ပူး​ပေါင်းတပ်ဖွဲ့တို့ကို TNLA က ဒီကနေ့ မနက်ပိုင်းမှာ ဆက်လက် သွားရောက် ပစ်ခတ်တိုက်ခဲ့ပြီးနောက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

အဲဒီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူး​ပေါင်းတပ်ဖွဲ့ကို နိုဝင်ဘာလ ၆ ရက်၊ ညပိုင်းမှာ TNLA က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ ၇ရက်၊ မနက်ပိုင်းမှာ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီလို့ TNLA ဘက်ကတော့ ထုတ်ပြန် အသိပေးထားပါတယ်။

“မနေ့ညက မြို့ပေါ်ရပ်ကွက်ထဲကို လက်နက်ကြီးကျလို့ အဖွားအိုတစ်ယောက် ဆုံးသွားတယ်။ ပစ်ခတ် သံတွေက တစ်ညလုံး ကြားနေရတယ်။ အခုမှ နည်းနည်းငြိမ်သွားတယ်၊ ဒါပေမယ့် လက်နက်ငယ်တွေ တော့ ကြားနေရတယ်။ မြို့ထဲမှာ ဘယ်သူမှ အသွားအလာ မလုပ်ရဲသေးဘူး။ ဖုန်းလိုင်းကလည်း MPT ကလွဲရင် ကျန်တဲ့ ဖုန်းလိုင်းမရတော့ဘူး” လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။

လက်ရှိအချိန်မှာ နမ့်ခမ်းမြို့နယ်တရားရုံး၊ လျှပ်စစ်ရုံး၊ မြို့မရဲစခန်းနဲ့ မြို့မဈေးတို့ကို TNLA က ထိန်း ချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ တွေကတော့ မြို့တွင်း၊ ပေါက်တိုက်ရပ်ကွက်ရှိ အရပ်သား နေအိမ် အချို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့တွင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖက်က အကျအဆုံးများပြားခဲ့ကာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားနေအိမ်အချို့ ထိမှန်ပျက်စီးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို TNLA က သိမ်းဆည်းရမိ ခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပေးပို့ (CJ)

Related Articles

Back to top button