သတင်း

အပတ်စဉ် (၁၁) KIO သူနာပြုသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်

ဓါတ်ပုံ – အပတ်စဉ် (၉) သင်တန်းကျောင်း ဘွဲ့ချီးမြင့်နေတဲ့ အခမ်းအနား(ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၃ ရက်၊ ၂၀၂၃။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနေတဲ့ သူနာပြု သင်တန်းကျောင်း အပတ်စဉ် (၁၁) ပညာသင်နှစ် (၂၀၂၃-၂၀၂၆) Nursing & Midwifery Diploma ကို ပြန်လည် ဖွင့်လှစ် လိုက်ပြီး သင်တန်းသား၊သူများကို ထပ်မံ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

သူနာပြု သင်တန်းကျောင်း အပတ်စဉ် (၁၁) ပညာသင်နှစ် (၂၀၂၃-၂၀၂၆) Nursing & Midwifery Diploma အစီအစဉ်ကိုတော့ လာမယ့် ဇွန်လှိုင် (၂၀) ရက်နေ့ထိ လက်ခံသွားမယ်လို့ ဖိတ်ခေါ်ထားပြီး မွေးဖွားခြင်းဆိုင်ရာ ပညာရပ်ကိုလည်း အထူးပြု သင်ကြားပေးမှာဖြစ်ကာ ဒီပလိုမာဘွဲ့ချီးမြင့်ပေးမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်နှစ် (၂၀၂၃-၂၀၂၆)ရဲ့ သူနာပြု သင်တန်းကျောင်း အပတ်စဉ် (၁၁)ကို တက်ရောက်မည့်သူများဟာ အသက် (၁၆) နှစ်မှ (၂၅) နှစ်ကြား သတ်မှတ်ထားပြီး ကျောင်းရဲ့ သတ်မှတ်စည်းကမ်းများနှင့်ကို လိုက်နာနိုင်သူ ဖြစ်ရမှာ ဖြစ်ပါတယ်။

အဲဒီ ဒီပလိုမာပရိုဂရမ်မှ ထူးချွန်စွာ အောင်မြင်ထားတဲ့ သင်တန်းသား၊သူများအတွက် အဆင့်မြင့်နိုင်ငံခြားပညာတော်တင် အစီအစဉ်တို့ကိုလည်း တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ကချင်လွတ်မြောက် ရေးအဖွဲ့(KIO) ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံတိုးချဲ့ မွမ်းမံ ပျိုးထောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနေတဲ့ သူနာပြု သင်တန်းကျောင်းကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် KIO ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်က ကျန်းမာရေး ဌာနရုံးခွဲ (၈၅) ခု၊ ဒေသ ကျန်းမာရေးဌာနရုံးခွဲ (၂၇)ခု၊ ပြည်သူ့ဆေးရုံကြီး (၁၁) ခု အပြင် စစ်ဘေးရှောင်များအတွက် သီးသန့် ဆေးရုံကြီး (၄) ခုနှင့် စစ်ဘေးရှောင် ကျန်းမာရေးဌာနရုံးခွဲ (၁၄) ခု အသီးသီးတို့ကို ဖွင့်လှစ် လည်ပတ် နေတာ ဖြစ်ပါတယ်။

Related Articles

Back to top button