သတင်း

ကွတ်ခိုင်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃ဦး သေဆုံး

ကွတ်ခိုင်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃ဦး သေဆုံး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၁၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာလ ၃၀ရက်၊ ညနေပိုင်းအချိန်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃ဦးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရပ်ကွက် ၂၊ ပြည်ထောင်စုလမ်းမကြီးပေါ်ကို အောက်တိုဘာလ ၃၀ရက်၊ ညနေ ၅နာရီခွဲဝန်းကျင်က လက်နက်ကြီးကျည် ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းသွား လမ်းလာ ၃ ဦးကို ထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“လမ်းမ​ကြီးပေါ်ကို ကျတာ၊ မနေ့ညနေ ၅ နာရီခွဲလောက်ကပေါ့။ ယောင်္ကျားလေး ၂ ယောက်နဲ့ မိန်းကလေး ၁ ယောက်ကို ထိသွားတာ၊ ၃ ယောက်လုံးကတော့ သာမန်အရပ်သား၊ ဒီကဒေသခံ ဗမာလူမျိုးတွေပဲ” လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။
အဲဒီလိုကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးက အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ နမ့်ဖတ်ကာတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို မည်သူက ပစ်ခတ်မှန်း လက်ရှိအချိန်အထိ မသိရသေးပါဘူး။ နမ့်ဖတ်ကာနဲ့ အနီး ပတ်ဝန်းကျင်တွေမှာလည်း အောက်တိုဘာလ ၃၀ရက်က တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံ တွေထံကတဆင့် သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button