(No. 85, October 24, 2023)
၁။ ပိတ်ဆို့တိုက်ခိုက်မှုများကြားက ယာဥ်အစီး ၆၀ ပါ စစ်ယာဥ်တန်း ဘောလခဲမြို့သို့ ရောက်သွား
October 24, 2023
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ကနေ ထွက်ခွာလာတဲ့ ယာဥ်အစီး ၆၀ ပါ စစ်ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့ တွေ ရက်အတန်ကြာ ပိတ်ဆို့ တိုက်ခိုက်နေတဲ့ကြားက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဘောလခဲမြို့သို့ ရောက်ရှိသွားတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်ထံက သိရပါတယ်။ ဒီစစ်ယာဥ်တန်းဟာ အမှတ် (၁၄) လေ့ကျင့်ရေးကျောင်းမှာ ရက်အတန် ကြာ သောင်တင်နေပြီးနောက် ညအချိန်တွေမှာ သွားတာဖြစ်ပြီး ကားလမ်းဘေး တစ်လျှောက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေလို့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားရင်းက ဘောလခဲမြို့သို့ ရောက်ရှိသွားတယ်လို့ သိရပါတယ်။
“သူတို့က ညတိုင်း ဖြတ်တာပေါ့နော်။ ပထမရက်က သုံးလေးစီး ဖြတ်တာပေါ့။ နောက်ရက်ကျတော့ အစီး ၃၀ နဲ့ ၅၀ ကြားဖြတ်တာပေါ့နော်။ ကျွန်တော်တို့ လမ်းမကြီးကိုကပ်ဖို့ အဆင်မပြေတော့ အဝေးကနေ RPG နဲ့ထုတာရှိတာပေါ့နော်။ လက်နက် သေးနဲ့က ပစ်လို့မရဘူး။ သူတို့ကား ပျက်စီးထိခိုက်တာလည်းရှိတယ်။ ညအချိန် ဖြစ်တော့ အတိအကျတော့ မသိဘူး ပေါ့နော်”လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ယာဥ်တန်း ဖြတ်သန်းစဥ် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ် တိုက်ပွဲတွေ ဖြစ်ပွားပြီး ၂ ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။ လက်ရှိ စစ်ကောင်စီတပ် ဟာ ဘောလခဲမြို့နယ်က ကျေးရွာတွေမှာ ဘန်ကာ-ကတုတ်ကျင်း တွေ အခိုင်အမာ တည်ဆောက်ထားပြီး တစ်ရွာကို စစ်သား အယောက် ၂၀ နဲ့ စခန်းချနေပြီလို့ သိရပါတယ်။ https://www.facebook com/photo/?fbid=357888319930952&set=a.285 900490463069
၂။ “ဓနုအိပ်မက် ဖော်ဆောင်ဖို့ စပ်သီးတောင့်များ ဝိုင်းကူစို့” ကမ်ပိန်း ပါ၀င်ကူညီဖို့ တိုက်တွန်း
October 23, 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနဲ့ ပင်းတယမြို့နယ် အခြေစိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/ DPLA က ပြုလုပ်နေတဲ့ ကမ်ပိန်းမှာ ပါဝင်အားဖြည့် ကူညီပေးဖို့ တာဝန်ရှိသူတွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။“ဓနုအိပ် မက် ဖော်ဆောင်ဖို့ စပ်သီးတောင့်များ ဝိုင်းကူစို့” ကမ်ပိန်းဟာ လိုအပ်နေတဲ့ ကျည်ဆံတွေ ဖြည့်တင်းဖို့ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်ဦး-DPLF က ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။ “ဓနုအိမ်မက် ဖော်ဆောင်ဖို့ စပ်သီးတောင့်များ ဝိုင်းကူ စို့”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ စပ်သီးကမ်ပိန်းလေးကို ပါဝင်ဝန်းရံ ပေးကြပါအုံးဗျ။ ကျွန်တော်တို့ ဓနု ဒေသ တခွင် အရင်လို လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှုတွေကို စစ်ခွေးမိစ္ဆာများရဲ့ လက်ထဲ ကနေ ကျွန်တော်တို့ ပြန်ပြီး သိမ်းပိုက်ရယူကြရအောင်” လို့ ကမ်ပိန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကမ်ပိန်း အတွက် မဲတစ်စောင်ကို ၂ သောင်းကျပ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ဓနုအမျိုးသားနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဆုအနေနဲ့ Phone Promax ၅ လုံး မဲဖောက်ပေးမှာ ဖြစ်ပါတယ်။ စပ်သီး ကမ်ပိန်းကို အားပေး ကူညီလိုသူတွေ အနေနဲ့ စပ်သီး ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာကို ဆက်သွယ်ပြီး Kpay ၊ Wave Pay ၊ NUG pay တွေ ကနေ တဆင့် မဲတွေ ဝယ်ယူအားပေးနိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အဖွဲ့မှ မဟုတ်ဘူး ဘယ်အဖွဲ့အစည်းမဆို ပြည်သူအား မပါဘဲနဲ့ ရှေ့ဆက်ဖို့က မလွယ်ဘူးဗျ။ ပြည်သူ မပါဘဲနဲ့ အောင်မြင်စရာ အကြောင်းလည်း မဖြစ်နိုင်ဘူးဗျ။ ဒါကြောင့် ဝိုင်းပြီးတော့မှ ကူပေးကြဖို့ မေတ္တာရပ်ခံချင်တယ်ဗျ” လို့ ကမ်ပိန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အရင်က ဓနုဒေသမှာ ညသန်းခေါင်ယံအချိန် အထိ လမ်းပေါ်မှာ ကား၊ ဆိုင်ကယ် တွေနဲ့ ကြောက်စိတ်ကင်းစွာ သွားလာခဲ့ပေမယ့် လက်ရှိ ည ၁၀ နာရီကျော်လို့ ကားသံ၊ ဆိုင်ကယ်သံ ကြားပါက စစ်ကောင်စီတပ် ကလာပြီး ဖမ်းမလား၊ ပစ်မလားဆိုတဲ့ နာကျည်းစိတ်၊ ကြောက်စိတ်နဲ့ နေနေရတယ်လို့ DPLF က ပြောပါတယ်။ ဒါကြောင့် အတွေးမခေါင် သွေးမကြောင်ဘဲ DPLF/DPLA ရဲဘော်များနဲ့အတူ လက်တွဲကူရင်း စစ်အာဏာ ရှင်ကို မောင်းထုတ်ဖို့ အတွက် ပြည်သူတွေ အနေနဲ့ မတရားမှုရဲ့ ဘယ်နေရာမှ အညံ့မခံ အရှုံးမပေး သတ္တိသွေး ရဲတယ် ဆိုတာ ကိုယ်တိုင် ပါဝင်ဖော်ထုတ်ပြပြီး အရင်လို အေးချမ်းလွတ်လပ်တဲ့ နယ်မြေဖြစ်ဖို့ လက်တွဲ ဖော်ဆောင်ကြမယ်လို့ DPLF က တိုက်တွန်းထားပါတယ်။ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦးဟာ လက်ရှိ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေရာ ကလောခရိုင် ရဲတပ်ဖွဲ့ ဒုခရိုင်မှူး ရဲမှူး စိုးသန်း လိုက်ပါလာတဲ့ ယာဥ် ၄ စီးပါ ယာဉ်တန်းကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်၊ မနက် ၈ နာရီခန့်က ရွာငံ-ရေဦးရွာ လမ်းမကြီးပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးသေပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/ photo/?fbid=3573010833230 09&set=pcb.357302449989539
၃။ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်က ဖမ်းဆီးသွားသည့်ကျောင်းသားနှစ်ဦးကို မ.ပ.ခသို့ ပို့လိုက်ပြီဟုဆို
October 23, 2023
စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်က ဖမ်းဆီးသွားသည့် ဝိုင်းမော်မြို့နယ်မှ ကျောင်းသားနှစ်ဦးကို မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က နေအိမ်တစ်အိမ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၁၉ ရက်နေ့က ပို့ဆောင်လိုက်ကြောင်းသိရသည်ဟု မုတ်ကြိတ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကျောင်းသားနှစ်ယောက်ကို KIA စစ်သားလုပ်တယ်ဆိုပြီး ဖမ်းသွားတာဟုတ်တယ်။ ကိုယ်ပိုင်နံပါတ်မရှိတာကို အရမ်းရိုက်၊ အရမ်းနှိပ်စက်ပြီး နံပါတ်ပြောအောင်လုပ်ခိုင်းတယ်။ သူတို့နှစ်ယောက်က ကြောက်လို့ရှိ တယ်လို့ပြောလိုက်တယ်တဲ့” ဟုပြောသည်။ ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ကိုးတန်းကျောင်းသား မရစ် တူးဆိုင်း နှင့် အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မောင်မဂေါင်ဒွဲဝေါမ်တို့ကို အောက်တို ဘာလ (၁၅) ရက်နေ့က ဝူယန်ပြည်သူ့စစ် တပ်ဖွဲ့ ဝင် ၃၀ ခန့်က နေအိမ်မှလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
မောင်မရစ်တူးဆိုင်းနှင့် မောင်မဂေါင်ဒွဲဝေါမ်တို့ မြောက်ပိုင်းတိုက်စစ်ဌာနချုပ်သို့ပို့ဆောင်ခံလိုက်သည်ကို ဝူယန်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များထံမှ သိရခြင်းဖြစ်ကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ လမြန်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ “တိုင်း ကို ပို့လိုက်တယ်ဆိုတာကို ပြည်သူ့စစ်တွေဘက်က ကြားရတာဟုတ်တယ်။ အခုထိကို မလွှတ်ပေးသေးဘူး။ ကျွန်တော့ အမြင်တော့ ကလေးနှစ်ယောက်ကို ပြည်သူ့စစ်တွေနှိပ်စက်ပြီး ဝန်ခံခိုင်းတာနေမှာ အခုလိုမျိုးအကြမ်းပတမ်း နှိပ်စက်ဝန်ခံခိုင်း တာ မတရားဘူး” ဟုပြောသည်။ အဆိုပါနှစ်ဦးနှင့်အတူ လမ်းသွားလမ်းလာပြည်သူနှစ်ဦးကိုဖမ်းဆီးသွားသော်လည်း အောက်တို ဘာလ ၁၆ ရက်နေ့ နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် လည်း ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလက စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်က ဒေသခံအမျိုးသားသုံး ဦးကို သေနတ်ပစ်ဖောက် ရိုက်နှက်ဖမ်းဆီးပြီး နှစ်ဦးကိုမူ တစ်ဦးလျင် ငွေကျပ်ငါးသောင်းဖြင့် ရွေးယူခိုင်းခဲ့သည်။ https://www.facebook.com/photo/?fbid=647538324240506&s et=a.535867405407599
၄။ တီးတိန်မြို့နယ် သိုင်းငင်း စစ်ကောင်စီစခန်းမှ တပ်သားတစ်ဦး CDF ထံ အလင်းဝင်
October 23, 2023
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်း၌ တာဝန်ကျနေသည့် တပ်သားတစ်ဦး အလင်းဝင်လာ ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)CDM Siyin (စီးယင်း)က ထုတ်ပြန်သည်။ “ယုံယုံကြည်ကြည်နဲ့ အလင်း ဝင်လာ တယ်လို့ပြောလိုရပါတယ်။ ဝင်လာတဲ့သူကတော့ ကျတော်တို့အနေနဲ့အားရပါးရနဲ့ ကြိုဆိုကြတာပေါ့”ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိ သူကပြောသည်။ အလင်းဝင်လာသူ တပ်သား စိုင်းဇော်ထွေး သည် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်မှ ဖြစ်ပြီး လက်ရှိတွင် သိုင်းငင်းစစ်စခန်း၌ တာဝန်ကျနေသူဖြစ်သည်ဟုဆိုသည်။ အဆိုပါတပ်သားကို လွတ်မြောက်နယ်မြေသို့ရောက်သည့်အထိ လုံခြုံ စိတ်ချစွာ နေထိုင်နိူင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
“နောက်ထပ်လည်း ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီ အလင်းဝင်ရောက်လိုသည့် မည်သူ့ကိုမဆို CDF CDM Siyin အနေ ဖြင့် အားပေးထောက်ခံ ကြိုဆိုကြောင်းလည်း ထပ်လောင်း၍ ဖိတ်ခေါ်အပ်ပါသည်”ဟု CDF စီးယင်းက ဖော်ပြထားပြီး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာပါက အနည်းဆုံး သိန်း(၅၀)နှင့်အထက် ဆုငွေ ပေးအပ်ချီးမြှင့်မည်ဟု အသိပေးထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက် အောက်ခံ အမှတ်(၉၃၀) ထောက်ပံ့ပို့ဆောင်ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦး CDF စီးယင်းထံ အလင်းဝင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ စစ်ကောင်စီတပ်သားများထဲမှ CDM ဝင်ရောက်ခြင်းနှင့် အလင်းဝင်ရောက် လာခြင်း ပြုလုပ်သူ ၁၀ ဦးကျော်ရှိပြီဖြစ် သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ https://www.facebook .com/photo/?fbid=666845508847578&set=a.5593 96182925845
၅။ လက်နက်နဲ့ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို ဆုငွေသိန်း ၅၀ ချီးမြှင့်
October 24, 2023
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လက်အောက်၊ ကရင်နီပြည်သူ့ရင်ခွင် CDM ဌာနကနေ လက်နက်နဲ့ အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) မှာ ဆုငွေ ကျပ်သိန်း ၅၀ ချီး မြှင့်ခဲ့တယ် လို့ ကရင်နီပြည်သူ့ရင်ခွင် တာဝန်ခံ ကိုယုန်လေးက ပြောပါတယ်။ “လက်နက် ၂ လက်နဲ့ ၀င်လာတဲ့ တပ်သားတစ်ယောက်ကို ကျပ်သိန်း ၅၀ ပေါ့နော။ ကျနော်တို့ အဲ့ဒါသူ့ကိုချီးမြှင့်တယ်ပေါ့နော”လို့ တာဝန်ခံ ကိုယုန်လေးက ပြောပါတယ်။ အဆိုပါ တပ်သား ဟာ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်က အသက် ၁၉ နှစ်အရွယ်ရှိသူ ပြည့်စုံဖြိုးဝေ ဖြစ်ပြီး စက်တင်ဘာလအတွင်းက KNDF တပ်ရင်း (၂)ထံ ဆက်သွယ်ခိုလှုံလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်းမှာ ကင်းစောင့် တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ် နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော် ယူဆောင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်သူ့ရင်ခွင်ကနေ အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုငွေချီးမြှင့်ပေးတာရှိပြီး လူထုနဲ့ အတူ ရပ်တည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ကိုယုန်လေးက ဆက်ပြောပါတယ်။ “ဒီထက်ပိုပြီးတော့ ပူးပေါင်းဖို့ အမြဲတမ်းဖိတ်ခေါ် တယ်ပေါ့နော။ ကျနော်တို့က တစ်ယောက်နှစ်ယောက်ထက် လုံး၀ အများလိုချင်တယ်။ တပ်ရင်းအလိုက် တပ်ခွဲအလိုက် စစ်ကောင်စီကိုပုန်ကန်တဲ့မျိုး မြန်မာနိုင်ငံမှာ စံပြဖြစ်တယ်ဆိုတဲ့မျိုးကို လိုချင်တယ်ပေါ့နော”လို့ သူက ပြောပါတယ်။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ CDM ဌာန ဖွဲ့စည်းပြီး ၂ နှစ်ကျော်အတွင်း ကရင်နီ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သား ၁၅၀ ကျော်ရှိပြီလို့ ဆိုပါတယ်။ https://www.kantarawa ddytimes.org/sfxf
၆။ ရက္ခိုင့်တပ်တော် အေအေ၏ မူဝါဒရေးရာနဲ့ စီမံအုပ်ချုပ်ရေးသင်တန်းများအတွက် အမည်စာရင်းသွင်းရာတွင် ရခိုင် အပါအဝင် အခြားသောလူမျိုးစုများ ပါ၀င်သော်လည်း ရိုဟင်ဂျာများ ချန်လှပ်ခံထားရ
October 23, 2023
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရ၏ အာရက္ခပြည်သူ့ရေးရာ မူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းမှ ၂၀၂၄ နှင့် ၂၀၂၅ ပညာသင်နှစ်အတွက် သင်တန်းသား/သူများ ခေါ်ယူနေလျက်ရှိရာ ဝင်ခွင့် လျှောက်လွှာတွေ ဖြည့်စွက်ရသည့် ဖောင်အတွင်း လူမျိုးစဉ်အလိုက်ဖော်ပြချက်တွင် ရိုဟင်ဂျာလူမျိုးများမပါ၀င်ပဲ ချန်လှပ်ခံ ထားရကြောင်း သိရသည်။ အဆိုပါ အာရက္ခပြည်သူ့အစိုးရ၏ အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းတက် ရောက်ရန် အွန်လိုင်းမှလျှောက်ထားရသည့် ဝင်ခွင့်လျှောက်လွှာတွေ ဖြည့်စွက်ရသည့် ဖောင်အတွင်း၌ ရခိုင်ပြည်နယ်အတွင်းက ရခိုင်အပါအဝင် မြို၊ ခမီ၊ ကမန်နှင့် အခြား လူမျိုးများ အမည်စာရင်းသွင်း၍ ရသော်လည်း ရိုဟင်ဂျာများအတွက် မပါ၀င်ပဲ ချန်လှပ် ထားပြီး အခြားဟု၍သာ ဖော်ပြထားကာ ရွေးချယ်စရာတခုသာ ပေးထားသည်ကို မြင်တွေ့ရသည်။ ထိုကျောင်း၀င်ခွင့်လျှောက် ထားခြင်းနှင့် ပတ်သတ်၍ ရိုဟင်ဂျာများ တက်ရောက်ခွင့် ရနိုင်/မရနိုင်အခြေအနေ ရက္ခိုင့်တပ်တော် အေအေအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းလျှောက်လွှာဖောင်များကို နီးစပ်ရာ ULA/AA နိုင်ငံရေးရုံး၊ နယ်မြေရုံးနှင့် အခြား အာရက္ခအုပ်ချုပ်ရီးယန္တရားရုံးများတွင် အခမဲ့ထုတ်ယူနိုင်သည့်အပြင် Telegram account @ASPPA22 မှ လည်း လျှောက်လွှာတောင်းယူနိုင်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားသည်။ https://www.facebook.com/phot o?fbid=348262467778371&set=pcb.348262594445025
၇။ NCA စာချုပ်ဟာ အကောင်အထည်ဖော်လို့ မရတော့ဘူးလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ပြော
October 23, 2023
NCA စာချုပ်ဟာ လက်ရှိအချိန်မှာအကောင်အထည်ဖော်လို့ မရတော့ဘူးလို့ NCA ၈ နှစ်ပြည့် အခမ်းအနားကို တက် ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်က မွန်ပြည်သစ်ပါတီ ပြန်ကြားရေးစာမျက်နှာကတဆင့် ပြောဆိုပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အကောင်အထည်ဖော်ဖို့ ဆိုရင် တိုင်းရင်း သား လက်နက်ကိုင်၊ အစိုးရ၊ လွှတ်တော်၊ စစ်တပ် အားလုံးရှိရမှာ ဖြစ်ပြီး လက်ရှိကာလမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ စစ်တပ် နှစ်ဖက်သာ ရှိနေလို့ NCA အတိုင်း သွားလို့မရဘူးလို့ နိုင်ဗညားလယ်က ပြောပါတယ်။“ NCA အတိုင်းသွားလို့မရပါဘူး၊ NCA စာချုပ်ပျက်တာ မပျက်တာကတော့ တဖွဲ့ချင်းစီရဲ့ခံယူချက်အပေါ်ပဲ မူတည်ပါတယ်၊ NCA ဆို စက္ကူပါပဲ၊ ဒီစက္ကူအပေါ်မှာ အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒမရှိရင် ဒီစာချုပ်က ပျက်မှာပဲ၊ အကောင်အထည် ဖော်ဖို့ စိတ်ဆန္ဒရှိရင် စာချုပ်က ရှင်သန်သွား မှာပေါ့၊ ဒါပေမယ့် လက်ရှိမှာတော့ NCA စာချုပ်အတိုင်း ဘယ်လိုနည်းနဲ့မှ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး၊ NCA စာချုပ်ကို ကျနော်တို့ အချိန်တခုအထိ သိမ်းထားရပါဦးမယ်“ လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ထားပြီ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုတွေ မဖြစ်အောင် ထိန်းထားတဲ့သဘောအနေနဲ့ အခမ်းအနားကို တက် ရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ NCA အခမ်းအနားအပြီး အပစ်ရပ် ၇ ဖွဲ့တို့ဟာ စစ်ကောင်စီ ဥက္ကဌနဲ့ တွေ့ဆုံခဲ့ပြီး တဖွဲ့ချင်း အလိုက် ဆွေးနွေးရာမှာ မွန်ပြည်သစ်ဘက်က အချက် ၃ ချက်ကို တင်ပြခဲ့တယ်လို့ နိုင်ဗညားလယ်က ပြောပါတယ်။
တင်ပြချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ကြိုဆိုဖိတ်ခေါ်သလို အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ဆွေးနွေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ထိုဆွေးနွေးချက် အပေါ်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် အာဏာထိန်းလိုက်တဲ့ကိစ္စအပေါ် မကျေနပ် လို့ လက်နက်ကိုင်ကြတဲ့ အဖွဲ့တိုင်းကို ဆွေးနွေးရမယ်ဆိုရင် အစဉ်အလာမကောင်းဘူးလို့ ပြောခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေဟာ ပြည်သူတွေထောက်ခံမှု လျော့လာရင် တဖြည်းဖြည်း ပျောက်ကွယ်ကုန်မယ်လို့ ပြန်ပြောခဲ့တဲ့အကြောင်း နိုင်ဗညားလယ်က ပြော ပါတယ်။ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကြိုးစားနေတာဟာ နိုင်ငံတကာရဲ့ တရားဝင်မှုကိုရှာဖွေနေခြင်း သာဖြစ်ပြီး ဒါကို NMSP ကလည်း သိနေပါတယ်လို့ မွန်တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ရာမညဖက်ဒရယ် အင်အား စုသစ် က နိုင်ပညာမာန်က ပြောပါတယ်။ NCA လက်မှတ်ထိုးထားပြီး အာဏာသိမ်းကာလအပြီးမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်း ထန်နေခဲ့ တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ သုံးဖွဲ့ဟာ NCA ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=354513566 96639 9&set=a.196212682796489
၈။ သထုံတွင် မော်တော်ယာဉ် ၁ စီး မိုင်းထိမှန်ပြီး လူ ၂ ဦးဒဏ်ရာရ
October 23, 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ အောက်တို ဘာ ၂၂ ရက် ည ၉ နာရီလောက်က မော်တော်ယာဉ်တစီး မိုင်းထိမှန်ပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသားနဲ့ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဦးဝဏ္ဏကျော်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ထက်ထက်အောင် တို့ လိုက်ပါလာတဲ့ SOJEN TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဟာ ဘီးလင်းမြို့ဘက်ကနေ သထုံမြို့ဘက်ကို မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၃၂/၅ နဲ့ ၁၃၂/၆ ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ ဒေသခံတဦးက“ဖြစ်တာက ည ၉ နာရီလောက်တည်းကပါ။ ကျနော်တို့လည်း အိပ်မလို့ တံခါးပိတ်နေတုန်း ကားလမ်းပေါ်က ပေါက်ကွဲသံကြားလိုက်တာ။ ပထမတော့ ကားဘီးပေါက်တယ်ပဲ ထင်တာ။ အာဏာသိမ်းပြီး နောက်ပိုင်း သုံးလေးခါလောက်တော့ အခုလိုဖြစ်ဖူးတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ယာဥ်မောင်း ဦးဝဏ္ဏကျော်မှာ ဘယ်ဘက်မေးရိုးမှ မိုင်းစဖောက်ဝင်ဒဏ်ရာ တချက်နဲ့ လည်ပင်း အောက်မှာ မိုင်းစဖောက်ဝင်ဒဏ်ရာတချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ဇနီးဖြစ်သူမှာ ဦးခေါင်းထက် မိုင်းစရှပ်မှန်ဒဏ်ရာတချက်၊ ဦးခေါင်း ဖူးရောင်ဒဏ်ရာ တချက် (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း သထုံမြို့နယ်အတွင်းမှာ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ https://burmese.dvb. no/post/621552
၉။ မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ဓာတ်ပုံအထောက်အထားတွေ သံတမန်တွေထံ KIA ပေးပို့
October 24, 2023
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီ ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အပါအဝင် သံတမန်တချို့ကို ဒီရက်ပိုင်းအတွင်း ဓာတ်ပုံအထောက်အထားတွေ တင်ပြပေးပို့ခဲ့ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ရေးနဲ့ တစ်စုံတစ်ရာပတ်သက်ခြင်းမရှိဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝန်း သိရှိအောင် အခုလို တင်ပြခဲ့တာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးကောင်စီ (KIC)ရဲ့ ဒု ဥက္ကဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။ “အဓိကကတော့ ဒီဟာက ယန်ဟီးလီကို ပေးတဲ့ဟာပါ။ တခြားအရေးကြီးတဲ့ ဒစ်ပလိုမက် (သံတမန်) တွေကိုလည်း ကျွန်တော်တို့ ပေးတယ်။ တရုတ်အထူးကိုယ်စားလှယ်ကိုလည်း ပေးတယ်။ အဲဒါကြောင့် ဗားရှင်း ၃ ခုနဲ့ လုပ်လိုက်တာ။ အဓိကအချက်ကတော့ အဲဒီပေါက် ကွဲမှုဖြစ်တဲ့ ဗုံးကြဲတဲ့နေရာမှာ စစ်ရေးဆိုင်ရာ ဘာမှမရှိဘူးဆိုတာကို ပြတာပါ။” ဒီတိုက်ခိုက်မှုမှာ စစ်ဘေးဒုက္ခသည်စခန်းအပြင် စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က အဲဒီတိုက်ခိုက်မှုအပြီး နောက်နေ့မနက်မှာ စစ်ကောင်စီတိုင်းမှူးက အဆိုပါ ကိစ္စပါဝင်ဆောင်ရွက်သူတွေကို ဆုငွေအဖြစ် ကျပ်ငွေ သိန်း ၅ဝ ချီးမြှင့်ခဲ့တယ်လို့ မိမိတို့ KIA က ကြားဖြတ်ဖမ်းယူရရှိတဲ့ သတင်း တွေအရ သိရကြောင်း၊ အဲဒီအချက်ကိုလည်း နိုင်ငံတကာသံတမန်တွေကို မိမိတို့အသိပေးခဲ့ကြောင်း၊ ကြားဖြတ်ရရှိတဲ့သတင်း ဖြစ်တဲ့အတွက် ခိုင်မာသက်သေတစ်ခုအဖြစ် ပြောဆိုရန် ခက်ခဲကြောင်း၊ ဒါပေမဲ့ စစ်ကောင်စီတပ်တွင်းက ဖရဲသီးတွေလို့ ခေါ်ကြ တဲ့ ပြည်သူ့ဘက်သား သတင်းပေးသူတွေ ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက အောက်တိုဘာလ ၉ ရက်နေ့ညမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်း ကလည်း တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ ပါတယ်။ https://www.rfa.org/burmese/news/kachin-idp-sac-m-10232023184016.html
၁၀။ သရက်ချောင်း တိုက်ပွဲအတွင်း PDF နှစ်ဦးကျဆုံးပြီး ဒေသခံနှစ်ဦးလည်း ပစ်သတ်ခံရ
October 23, 2023
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)ဝင် နှစ်ဦးကျဆုံးပြီး ရွာခံလူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ “တခြားရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရငဲကို ပြန်လာတော့ ရွာအဝင်မှာပဲ မိုင်းဆွဲခံထိတာ။ ရွာထဲမှာ လည်း တိုက်ပွဲဖြစ်သေးတယ်။ ကျတာကတော့ ဘုန်းကြီးကျောင်းနားက တိုက်ပွဲမှာ ကျတယ်ကြားတယ်” လို့ ရငဲရွာအနီး နေထိုင် သူ ဒေသခံတဦးက ပြောပါတယ်။ သရက်ချောင်းမြို့နဲ့ မိုင်နှစ်ဆယ်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းပေါ်မှာရှိတဲ့ ရငဲရွာ ထဲမှာ အခုနှစ် ဇွန်လအလယ်လောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားပြီး အနီးအနားရွာတွေကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်၊ မနက်ပိုင်းမှာတော့ ကမြိုင်ရွာဘက်ကနေ စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရငဲရွာအဝင်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း ရငဲရွာထဲရှိ လှည်းလမ်းတောင် ဘုန်းကြီးကျောင်းအနီး နှစ်ဖက်တိုက်ပွဲဆက် ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦးကျဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ ဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့ပြီး ကျောင်းထဲရှိနေတဲ့ ရဟန်း နှစ်ပါးနဲ့ ရွာခံလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ နောက်တရက် အောက်တိုဘာ ၂၂ ရက်မှာ ဖမ်းဆီးထားတဲ့ ရွာခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ “နှစ်ယောက်စလုံးက ဘုန်းကြီး ကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း အစကတည်းက နေကြတာ၊ စစ်ဆေးပြီးမှ ပစ်သတ်တာလို့ကြားတယ်။ ဘုန်းကြီးနှစ်ပါးတော့ ပြန်လွှတ်ခဲ့တယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ရွာခံနှစ်ဦးဟာ အသက် ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကိုဇော်မင်းထွေးနဲ့ နောက်အမျိုးသားတဦးဖြစ်ပြီး နှစ်ဦးစလုံးဟာ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=728265946013152&set=a.605723148267433
၁၁။ လမ်းလုံခြုံရေးယူတဲ့ KNLA နဲ့ PDF ကို စစ်ကောင်စီတပ် အမြောက်နဲ့ပစ်၊ ပြန်တိုက်ခိုက်လို့ စစ်ကောင်စီတပ် ၄ ယောက်သေ
October 23, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အပြင်စခန်းကြီးရွာအနီးမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊ တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ပါတယ်။ KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့က မနက်ပိုင်းက အပြင်စခန်းကြီးရွာအနီးရှိမော်လမြိုင်- ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ လုံခြုံရေးရယူစစ်ဆေးစဉ် စစ်ကောင်စီတပ်က အမြောက်နဲ့ ၃ ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ ၂ လုံးပေါက်ကွဲခဲ့ပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြန်လည်ဆုတ်ခွါခဲ့ပြီး အပြင်စခန်းကြီးရွာအနီးရှိ ဘုရားကုန်းတွင် နယ်မြေလုံခြုံရေးရယူပြီး တပ်ဖြန့်စောင့်ဆိုင်းနေရာ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သား ၂၀ ခန့် ချဉ်းကပ်လာခြင်းကြောင့် ထိ တွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ၁၀ မိနစ်ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးခန့်သေဆုံးပြီး ၁ ဦးဒဏ်ရာပြင်း ထန်ခဲ့ကြောင်း ဒေသခံများရဲ့ သတင်းပေးပို့ချက်နဲ့ မြေပြင်သတင်းတွေကို အခြေခံပြီး ဒီနေ့ထုတ်ပြန်ပါတယ်။ တော်လှန်ရေးပူး ပေါင်းအဖွဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွားပြည်သူ များ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးရယူစစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှိပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ အနေနဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့ နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ ထုတ်ပြန်အသိပေး ထားပါတယ်။ https://www.facebook.com/photo?fbid=357532569966527&set=pcb.357541936632257
၁၂။ မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ
October 23, 2023
မိုးကုတ်မြို့နယ်နှင့်နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ် ပြန်ကြေညာခဲ့သည်။ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေနှင့် ဖာပြန်ရွာ အကြား TNLA တပ်ကို စစ်ကောင်စီ လက်အောက်ခံ (ခလရ-၄၂၇) တပ်က ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲသည် (၆)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း တစ်လောင်းနှင့် လက်ထောက်သေနတ် ၁လက်သိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ အလားတူ (အောက်တို ဘာ ၂၁)ရက် နေ့လည် ၂ နာရီဝန်းကျင် တွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနှင့် အောက်ညောင်ကုန်းကျေးရွာအကြား TNLA တပ်ဖွဲ့ကို စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအကြား စစ်ကောင်စီဘက်မှ အရာရှိများ ထိခိုက်သေဆုံးမှုများကြောင်းလည်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီသည် TNLA တပ်စခန်းရှိမည်ဟု ယူဆသည့် နေရာများကို လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်မီးလောင်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား အောက်တိုဘာလအတွင်း တိုက်ပွဲ (၁၅)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ https://burmese.s hannews.org/archives/37317
၁၃။ ဖယ်ခုံဘက်ကို ထပ်ဆင့်စစ်ရှောင်နေရတဲ့ မိုးဗြဲစစ်ရှောင်တွေ အိမ်ငှားခ မတတ်နိုင်တာကြောင့် အခက်ကြုံနေ
October 24, 2023
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်ကစပြီး မိုးဗြဲရေကာတာကနေ ရေဖောက်ချတာကြောင့် လယ်ကွင်းအနီးအနားမှာ စစ်ရှောင်နေကြတဲ့ မိုးဗြဲစစ်ရှောင်တွေဟာ ဖယ်ခုံဘက်ကို ထပ်ဆင့်စစ်ရှောင်နေရပြီး အိမ်ငှားဖို့ ငွေကြေး မတတ်နိုင်ကြတာ ကြောင့် အခက်ကြုံနေရတယ်လို့ မိုးဗြဲ ဒေသခံတွေဆီကနေ သိရပါတယ်။“ဒီမှာက တော်တော်များများကလေ တချို့ကလည်း နကိုယ်ကတည်းက ဒီဖက်မှာလည်း အလုပ်အကိုင်မရှိကြဘူးပေါ့နော်။ စိုက်ပျိုးရေးလည်းမလုပ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ ရွှေ့ပြောင်း ရတယ်ဆိုတဲ့ အခြေအနေမှာတော့ အခက်ခဲတွေတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း သူတို့ချေးပြီးတော့မှပေါ့နော်။ ဆွေမျိုးသား ချင်းနား သူတို့ဆွေမျိုးတွေဆီ ချေးပြီးတော့ ငှားရတဲ့ အခြေအနေမှာလည်း ကြားရတယ်ပေါ့နော်။”လို့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။ အိမ်ငှားခအနေနဲ့ ကျပ် ငွေ ၃ သောင်းကနေ ၅ သောင်းဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။ ဖယ်ခုံမြို့ပေါ်ကို စစ်ရှောင်နေကြတဲ့ မိုးဗြဲစစ်ရှောင်ဦးရေကို အတိအကျ မသိရပေမဲ့ တချို့ကတော့ ဖယ်ခုံဒေသခံတွေရဲ့ နေအိမ်ကို ငှားရမ်းနေထိုင် တာရှိသလို ဘာသာရေး အဆောက်အဦးတွေမှာ လာရောက် ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“များတယ် စစ်ဘေးရှောင်လည်းများတယ်။ အခုက မိုးဗြဲတွေ လယ်ယာရေတွေ ထပ်တက်ခါကြတော့ စစ်ဘေးရှောင် တွေ အိမ်လာငှား၊ အိမ်လာတောင်းငှားချင်နေတဲ့ သူလည်း အများကြီးရှိတယ်”လို့ ဖယ်ခုံဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ထပ်ဆင့်စစ်ရှောင်များနေတာကြောင့် ဘာသာရေးအဆောက်အဦးတွေမှာ နေရာမလုံလောက်မှုတွေ ရှိနေတယ် လို့လည်း ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။ မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ဖယ်ခုံနဲ့ မိုးဗြဲမှာ လယ်ဧက ထောင်နဲ့ချီ ရေမြှုပ်သွားသလို စစ်ရှောင် ၈၀၀ ကျော်လည်း ထပ်ဆင့်တိမ်းရှောင်ခဲ့ရတာပါ။ လက်ရှိမှာလည်း ၎င်းတို့အတွက် နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ လွိုင်ကော်၊ ဖယ်ခုံ၊ တောင်ကြီးမြို့ စတဲ့နေရာတွေမှာ သွားရောက်နေထိုင်ကြတာရှိပေမဲ့ ငွေကြေးမတတ်နိုင်သူတွေကတော့ လတ်တလော နေရာထိုင်ခင်းရရှိဖို့ အတွက် ငှားရမ်းနေရတာဖြစ်ပြီး တစ်ဖက်မှာလည်း အခက်အခဲဖြစ်နေကြတယ်လို့ ပြောကြပါတယ်။ https://www.kantara waddytimes.org/%e1%80%96%e1% 80%9a%e1%80%ba%e1%80%81%e1%80%af%e1%80
၁၄။ ကန့်ကွက်မှုတွေရှိခဲ့သည့် ဗန်းမော်မနောင်ပွဲကို ရွှေ့ဆိုင်းပြီ
October 23, 2023
လာမည့်နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ဗန်းမော်ခရိုင် မနောင်ပွဲကိုရွှေ့ဆိုင်းရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဗန်းမော်မြို့၊ အောင်သာရပ်ကွက်တွင် ဆောက်လုပ် ထားသည့် မနောင်ရင်ပြင်၊ မနောင်မုခ်ဦးနှင့် မနောင်တိုင်ဖွင့်ပွဲ အစီအစဉ်များကို နောက်သုံးလသို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဗန်းမော်မြို့နေ ဘာသာရေးဆရာတစ်ဦးက ပြောသည်။“ပွဲလုပ်လို့ရမယ့် အခြေအနေ စောင့်ကြည့်မယ်ပေါ့နော်။ နိုင်ငံရေးအခြေ အနေကောင်းရင်လုပ်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူးပေါ့။ အခြေအနေကောင်းတဲ့အချိန်ပေါ့ သုံးလအခြေအနေစောင့်ကြည့် ဖို့ ဆုံးဖြတ်ထားပါတယ်” ဟုပြောသည်။ အဆိုပါ အစည်းအဝေးကို ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေး ကော်မတီဦးဆောင်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ အသင်းတော်များမှ တာဝန်ရှိသူများ၊ ရိုးရာလူကြီးများ၊ မနောင်ပွဲဖြစ်မြောက်ရေး ကော်မတီများနှင့် လူငယ်များပါဝင်တက်ရောက်ခဲ့ပြီး ပွဲပြန်လည်ကျင်းပမည့်အချိန်ကို ဆွေးနွေးထားခြင်းမရှိကြောင်း ဗန်းမော်မြို့ နေ အမျိုးသားတစ်ဦးက ပြောသည်။ “မနောင်ပွဲကို တရားဝင်ရက်ရွှေ့လိုက်ပါပြီ။ ဒါပေမဲ့ပွဲကိုတော့ ဘယ်နေ့ဘယ်အချိန်မှာ ပြန် လုပ်မယ်ဆိုတာတော့ ဆွေးနွေးထားခြင်း မရှိသေးပါဘူး။ အခြေအနေကောင်းရင်တော့ လုပ်မယ်ပေါ့။ မကောင်းရင်တော့” ဟု ပြောသည်။
လက်ရှိအချိန်တွင် မနောပွဲကျင်းပပြုလုပ်ရန်အတွက် အများပြည်သူက ကန့်ကွက်နေပြီး ဒေသအတွင်း ဖြစ်နေသော အခြေအနေများကို စိုးရိန်နေခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီများမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။“အဓိက က တော့ စိုးရိမ်လို့ပေါ့။ အနေအထားက အလယ်မှာ သတိနဲ့နေရတဲ့ အနေအထားဆိုတော့။ ကော်မတီဝင်တွေကတော့ နည်းလမ်း နှစ်ခု၊ သုံးခုစဉ်းစားထားတယ်တော့ပြောတယ် အတိအကျတော့မသိဘူး။ အစကတော့ ပွဲလုပ်ဖို့ အားလုံးကတက်ကြွကြတာပေါ့။ ဒီဒေသပတ်ဝန်းကျင်မှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ရင် အကုန်လုံးက စိုးရိမ်နေကြတာ။ ပွဲလုပ်မယ်လို့လုပ်နေတဲ့အချိန်မှာပဲ အမျိုးမျိုးဖြစ်လာတယ်” ဟုပြောသည်။ ဗန်းမော်မြို့မှာ ကျင်းပမည့် မနောင်ရင်ပြင်၊ မနောင်မုခ်ဦး၊ မနောင်တိုင်သစ်ဖွင့်ပွဲနှင့် စတုတ္ထကြိမ်မြောက် အင်လုံအင်နန်ရှာ ကောက်သစ်စားရိုးရာ ဆွတ်မနောင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၃ – ၂၅ ရက်အတွင်း ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ https://www.facebook.com /photo?fbid=646915344302804&set=a.53586740931
၁၅။ ရခိုင်ရှိ စစ်ကောင်စီတပ်ဂိတ် တစ်ချို့ စစ်ဆေးရေး တင်းကျပ်နေ
October 23, 2023
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဘက် နားလည်မှုဖြင့် အပစ်ခတ် ရပ်စဲထားသော်လည်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ချို့မှာ လတ်တလောစစ်ဆေးရေးတင်းကျပ်မှုတို့ရှိနေကြောင်း ဒေသခံများကပြောသည်။ ထိုသို့ စစ်ကောင်စီ က စစ်ဆေးရေးတင်းကျပ်နေသည့် ဂိတ်များမှာ စစ်တွေကျောက်တန်းဂိတ်၊ ကျောက်တော် တပ်မဂိတ်နှင့် မြောက်ဦး ၅၄၀ ဂိတ်တို့ ပါဝင်ပြီး အမ်းမြို့နယ်ဘက်တွင်လည်း တင်းကျပ်ထားကြောင်း ဖြတ်သန်းသွားလာနေသူများက ပြောသည်။ ထိုအထဲမှ စစ်တွေ ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူများအား အချိန်ကြာမြင့်စွာစစ်ဆေး မှုနှင့် ခရီးဆောင်အိတ်များအား ရှာဖွေမှုတို့ ပြုလုပ်ကာ တင်းကျပ်စွာဆေးမှုရှိနေသည်ဟု ခရီးသည်တစ်ဦးက ပြောသည်။ “ကျောက်တန်းဂိတ်ကအရင်ထက် စစ်ဆေးမှုတင်းကျပ်တယ်။ ကားတင်မဟုတ်ဘဲ ဆိုင်ကယ်တွေရောစစ်တယ်။ နောက်ပြီး ပါလာတဲ့ ခရီးဆောင်အိပ်တွေကအစ စစ်လာပါတယ်။ ဖြတ်သန်းသွားလာမယ့် သူတွေအနေတဲ့ ပိုသတိထားစေချင်တယ်”ဟု ပြောသည်။ ထိုသို့စစ်ဆေးမှုရေးကြန့်ကြာ မှုအခြေနေကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် စစ်တွေမြို့ ကြွီတဲ ပိုက်ဆိပ်ကြီးကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်တွေဆေးရုံသို့အသွား ကျောက်တန်းဂိတ်တွင် သေဆုံးခဲ့ရမှုတို့ရှိခဲ့သည်။
ယင်းအပြင် မြောက်ဦးအဝင်ဂိတ်တစ်ခုဖြစ်သည့် ခမရ ၅၄၀ တပ်တွင်လည်း ခရီးသည်တင်ကားများ ကုန်ကားများနှင့် လူနာတင်ယာဉ်များကအစ စစ်ဆေးမှုတို့ရှိသည်ဟု ကားသမားတစ်ဦးကပြောသည်။ “ပုံမှန်အရဆို အဲ့လမ်းကကျဉ်းတယ်။ အဲ့ဒါ ကို သူတို့ကာထားတဲ့ ခြံစည်းရိုးအတိုင်းလေးဝင်ရတယ်။ တစ်ခါတစ်ခါဆိုကားတွေက ပိတ်မိနေတတ်တယ်။ ဟိုဖက်ကားက စစ်မပြီးသေးဘူး ဒီဖက်ကကားဝင်လာတာ မျိုးတွေမှာပေါ့။ ဒီဂိတ်ကတော့ ကားတွေကိုအဓိကစစ်တယ်။ ကားပေါ်ကလူတွေရဲ့ ကိုယ်ရေးအချက်လက် တွေပေါ့။ လူနာတင်ယဉ်တွေလည်းပါတတ်တယ် ” ဟုပြောသည်။ စစ်ကောင်စီဖက်မှ ထိုကဲ့သို့ စစ်ဆေး ရေး တင်းကျပ်ခြင်းအပါအဝင် လုံခြုံရေးတင်းကျပ်ခြင်းတို့ ပြုလုပ်နေခြင်းမှာ ULA/AA မှ အာဏာစက်များပိုမိုလွှမ်းမိုးလာမည်ကို စိုးရိမ်၍ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှုတို့တွင် ပြည်သူလူထုကို မထိခိုက်အောင် လုပ်ဆောင်ရန်လည်းလိုအပ်သည်ဟု ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦဖေသန်းကပြောသည်။ “ULA/AA ကသူတို့ရဲ့အာဏာစက်ကို ပိုလွှမ်းမိုးလာမှာ ကြောက်တာကြောင့်လည်း အကြောင်းအမျိုးမျိုးပြ စစ်ဆေးမှုတို့လုပ်တာလို့မြင်တယ်။ အဲ့လိုလုပ်တဲ့နေရာမှာတော့ လူထုကိုမထိခိုက်ဖို့လိုမယ်။ သာမန်ပြည် သူတွေ မလိုအပ်ဘဲ အစစ်ဆေးခံ၊ အဖမ်းဆီးခံရရင်တော့ ပြည်သူတွေအနေနဲ့ ထိခိုက်မယ်”ဟုပြောဆိုထားသည်။ https://www.facebook.com/photo/?fbid=768418311964264&set=a.682731967199566
၁၆။ ရွာငံမှာ ဒုခရိုင်ရဲမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
October 23, 2023
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံမှာ စခန်းချပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက် ခံရပြီး ၇ ဦး သေဆုံးခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီ စစ်ကောင်စီယာဉ်တန်းကို အောက်တို ဘာ ၂၁ ရက် မနက် ၈ နာရီလောက်က ရွာငံမြို့နယ် ဘော်ရေဦးနဲ့ သိမ်ကုန်းရွာကြားနေရာအရောက်မှာ ဓနု ပြည်သူ့ လွတ် မြောက်ရေး တပ်ဦး (DPLF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ DPLF ပြန်ကြားရေး တာဝန်ခံတစ်ဦးက “ထိတာက ကား ၄ စီးမှာ ၂ စီး ထိတာပေါ့။ တစ်စီးက ဒီအတိုင်းပဲ သုံးမရအောင် စုတ်သွားတယ်။ တစ်စီးကတော့ ရိုးရိုးထိတာပါ။ မိုင်းဆွဲတဲ့အချိန်ကြတော့ တစ်ယောက်က ပွဲချင်းပြီး သေတယ်။ ၆ ယောက်က ဒဏ်ရာ ရတယ်။ အပြင်းအထန်ပေါ့။ မနေ့ညတော့ ရွာငံဆေးရုံမှာ ၂ ယောက် ထပ်သေတယ်။ မနေ့အထိတော့ သေတာက စုစုပေါင်း ၃ ယောက်ပေါ့။ ဒီနေ့အထိ စုစုပေါင်း ၇ ယောက် သေတယ်လို့ သတင်းရ ထားတယ်။ သတင်းက အတွင်းစည်း ပြန်ပိတ်ထားတယ်” လို့ ပြောပါတယ်။ ဖောက်ခွဲမှုအပြီးမှာ DPLF က လက်နက်ငယ်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ တောင်ကြီး ဒုခရိုင်ရဲမှူး စိုးသန်း၊ တပ်ကြပ် မျိုးမင်း၊ တပ်သားတွေဖြစ်တဲ့ ဒီဇင်ဘာ ကိုကို၊ အာကာအောင်နဲ့ စိုးမင်းဦးတို့ ပါဝင်ပြီး ကျန် ၂ ဦးကတော့ ပျူစောထီးတွေ ဖြစ်တယ်လို့ တပ်တွင်း သတင်းအရင်းမြစ်တွေ ဆီကသိရပါတယ်။ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွာငံ-ရေဦးလမ်းတစ်လျှောက် စစ်ဆေးမှုတင်းကြပ်နေ ပြီး အရပ်သား ၂ ဦးကိုလည်း စွပ်စွဲဖမ်းဆီးထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကတည်းက စစ်ခေါင်း ဆောင် မင်းအောင်လှိုင် တောင်ကြီးမြို့သို့ ရောက်ရှိနေတဲ့အချိန်မှာပဲ အလှမ်းမဝေးတဲ့ ရွာငံမြို့နယ်မှာ စစ်တပ်တွေ အခုလို တိုက် ခိုက်ခံရတာကြောင့် ရှမ်းတောင်မှာ တော်လှန်ရေးနယ်မြေ တိုးချဲ့လာနိုင်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ် ပြောဆိုထားပါတယ်။ စက်တင်ဘာ ၂၆ ရက်ကလည်း ရပ်စောက်မြို့နယ် ဗထူးမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို DPLF က အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=654388650201736&set=a.40450 3215190282
၁၇။ ကရင်နီပြည်နယ် စစ်ဘေးရှောင်တွေအတွက် ဆေးဘက်ဆိုင်ရာ စေတနာ့၀န်ထမ်းတွေ လိုအပ်နေ
October 23, 2023
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ မလုံမလောက် ဖြစ်နေ တာကြောင့် စေတနာ့ဝန်ထမ်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆေးမှူး တစ်ဦးက ပြောပါတယ်။ လက်ရှိ ကရင်နီစစ်ရှောင်တွေအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ မလုံလောက်မှု၊ ဆေးဝါး မလုံလောက်မှုတွေကို ရင်ဆိုင် နေရတာကြောင့် စေတနာ့ဝန်ထမ်းတွေ လိုအပ်နေတာဖြစ်ပါတယ်။ “ဆေးဝါးလည်း မလောက်ဘူး။ ပါရာစီတမောတောင် ဒိတ်လွန်ပဲရှိတယ်။ ဒါပေမဲ့ ဒီထက် ပိုဆိုးတာက ဆေးဝါး ကျွမ်းကျင်တဲ့သူတွေ မလုံလောက်တဲ့ ပြဿနာပဲ ရှင့်။ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှာ ဆေးတပ်တွေ ရှိပေမဲ့ တပ်တွင်း ထိခိုက်ဒဏ်ရာတွေနဲ့ တခြား ကိစ္စတွေကို သူတို့လည်း လုံးပန်းနေရတာဆိုတော့ စစ်ရှောင်တွေအတွက် မလှည့်နိုင်ဘူး ဖြစ်နေတာလေ”လို့ ဆေးမှူးက ရှင်းပြပါတယ်။
ကရင်နီစစ်ရှောင်စခန်းတစ်ခုမှာ ပျမ်းမျှ စစ်ရှောင် ၇၀၀ ဝန်းကျင်ရှိပေမဲ့ ဆေးဝါး ကျွမ်းကျင်သူတစ်ယောက်သာရှိပြီး လက်ရှိ ဖြားနာ၊ ချောင်းဆိုး ရင်ကြပ်ရောဂါတွေ အဖြစ်များနေတာကြောင့် ဆေးကုသမှု မနိုင်မနင်း ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ကရင်နီ သူနာပြုအသင်းက ဆေးဝါးကျွမ်းကျင်ပြီး ကျန်းမာရေး ကောင်းမွန် သူ၊ တစ်ပတ်မှာ နာရီ ၄၀ ထက်မနည်း အလုပ်လုပ်နိုင်သူ၊ အထက်တန်းအောင်မြင်ထားသူ၊ ဒါမှမဟုတ် CDM ပြုလုပ်ထားပြီး ဆေးသင်တန်း တက်ရောက်လိုတဲ့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo?fbid=357393936647057&set=a.285900490463069
၁၈။ ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် အင်္ဂလိပ်ဆေးပေးခွင့် ကန့်သတ်ထား
October 23, 2023
မွန်ပြည်နယ် ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အင်္ဂလိပ်ဆေး ပေးပို့တာကို ကန့်သတ်ထား တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။ အကျဉ်းသားတွေဟာ ရာသီအကူးအပြောင်းကြောင့် ဖျားနာ တာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေအပြင် သောက်သုံးရေ မသန့်ရှင်းတာကြောင့် ယားနာ အစုလိုက်အပြုံပေါက်နေတယ်လို့ သိရပါတယ်။ “အန်တီ့သားက ထောင်ထဲမှာ ယားနာပေါက်နေတယ်၊ ဒါကြောင့် ပါဆယ်ထဲမှာ အင်္ဂလိပ်ဆေးထည့်ပေးတာကို လက်မခံဘူး၊ မြန်မာဆေးဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ယားနာက မြန်မာဆေးနဲ့ဆို ကြာတယ်လေ။ နောက်ဖန်ပုလင်းဆိုရင် လည်း လက်မခံဘူး” လို့ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ ထိရောက်တဲ့ဆေးဝါးကုသမှုလည်း မရရှိတာကြောင့် နာတာရှည် သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာ ရှင်တွေအတွက် ဒုက္ခရောက်တယ်လို့လည်းသိရပါတယ်။ သြဂုတ်လက စတင်ပြီး အကျဉ်းထောင်တွေအတွင်း အစားအ သောက်ပို့ဆောင်ခွင့် ကန့်သတ်ခံနေရတဲ့အပြင် နိုင်ငံအကျဉ်းသားတွေကို ဆေးဝါးပေးပို့ခွင့်ပါ ထပ်မံကန့်သတ်ခံရတဲ့အတွက် ထောင်တွင်း ကျန်းမာရေး ဆိုးရွားလာမှာကို မိသားစုဝင်တွေ စိုးရိမ်နေတာကြပါတယ်။ https://www.fac ebook.com/photo?fbid=719210 460247646&set=a.477257421109619
၁၉။ ထားဝယ် အထူးစီးပွားရေးဇုန်အနီး နေအိမ်အလုံးနှစ်ဆယ်နီးပါးကို စစ်တပ်မီးရှို့
October 23, 2023
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ခြမ်း ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အခုလ ၂၀ ရက်၊ မနက်ပိုင်းမှာ မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ တွေထံကနေ သိရပါတယ်။ ” လမ်းဘေးတလျှောက်တောင် ရှစ်လုံးလောက်ရှိတယ် ရှို့ခံထိတာ၊ ရွာခံတွေတော့ သူတို့ (စစ်တပ်) ဝင်လာကတည်းက ထွက်ပြေးကြတာ၊ အိမ်ထဲရှိတာတွေလည်း အကုန်ပါကုန်မှာ ” လို့ မူးဒူးရွာအနီး နေထိုင်သူ ဒေသခံတဦးက ပြောပါတယ်။ အင်အား တရာထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးဒူးရွာအပါ အဝင် ထားဝယ်အထူးစီးပွားရေး ဇုန် အနီးရှိ ကျေးရွာတဝိုက်ကို အခုလ ၁၉ ရက်၊ မနက်ပိုင်းကတည်းက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာခဲ့တာလို့ သိရပါ တယ်။ ” စစ်ကြောင်းဝင်ရင် မီးရှို့တာက လုပ်နေကြပဲ။ အိမ်တွေထဲဝင်ပီး ယူချင်တွေလည်း ယူသွားနေတာ”လို့လည်း နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒေသခံတွေကတော့ အဲဒီအနီးအနားတဝိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ စစ်ကောင်စီတပ်က ယူဆ တာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တဲ့အနေနဲ့ အခုလို စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ စစ်ကြောင်းထိုး ဝင်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေလည်း ရှိ နေပြီး အောက်တိုဘာ ၁၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါသေး တယ်။ ” လမ်းတလျှောက် ကင်းပုန်းတွေလည်း ချထားတယ်ကြားတယ်။ ရွာခံတွေ ဘယ်သူမှ မသွားလာရဲဘူး အဲဘက်တွေ ” လို့ လည်း အထက်ပါအမျိုးသားက ပြောပါတယ်။ လက်ရှိမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ရွာတွေဖြစ်တဲ့ မူးဒူး၊ ထွက်ဝ၊ ဘဝါ၊ ပရဒတ်၊ ဧကနိ၊ ခမောင်းချောင်း ရွာတွေအပါအဝင် အနီး အနားရွာတွေက ဒေသခံ ထောင်ချီ ဘေးလွတ်ရာ တခြား ရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ထားဝယ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ်အထူး စီးပွား ရေးဇုန်အနီးက အဲဒီကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်းကလည်း စစ်ကြောင်း နှစ်ကြိမ်ထိုးပြီး နေအိမ် သုံးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=727706 939402386&set=a.60 5723148267433
၂၀။ KIA ၏ တိုက်ခိုက်မှုခံရသည့် ခလရ(၅၆)က ရွှေကူနယ် တုန်ပုံကျေးရွာသားများအား ရွာမှထွက်ခွာရန် ခြိမ်း ခြောက်
October 23, 2023
ကချင်ပြည်နယ် ရွှေကူမြို့နယ် တုန်ပုံကျေးရွာရှိ ရွာသားများကို ကျေးရွာအတွင်းမှ အမြန်ဆုံးထွက်သွားရန် စစ်ကောင်စီ ၏ ခလရ(၅၆)တပ်ရင်းက ခြိမ်းခြောက်မောင်းထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး ဌာနက ဖော်ပြသည်။ စစ်ကောင်စီတပ် ခလရ(၅၆)တပ်ရင်းက တုန်ပုံကျေးရွာရှိ ရွာလူကြီးများကို ဖုန်းနှင့်ဆက်သွယ်ကာ ကျေးရွာ အတွင်းမှ တစ်ယောက်မကျန် အမြန်ထွက်သွားရန် ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရွာသားများ ကြောက်လန့်ကာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံကို ကိုးကားပြီး KIA က အသိပေး သည်။
အောက်တိုဘာ ၁၈ ရက်က ရွှေကူမြို့အနီးရှိ ခမရ(၆၀၂) ရှေ့တန်းစခန်း ငဘတ်ကြီးစခန်းကို KIA/KPDF ပူးပေါင်းတပ် များက သိမ်းပိုက်ဖျက်ဆီးခဲ့ပြီးနောက် ခလရ(၅၆) တပ်ရင်းကိုလည်း KIA က တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ခလရ(၅၆) တပ်ရင်း က တိုက်ပွဲ၌ အထိနာထား၍ ပြည်သူများကို ပစ်မှတ်ထား ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ် ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု KIA က ဖော်ပြသည်။ KIA အနေဖြင့် ရွှေကူမြို့နယ် ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ခလရ(၅၆) တပ်လုံခြုံရေးစခန်းကို စခန်းသိမ်းတိုက်ခိုက်ရာ၌လည်း စခန်းကို သိမ်းနိုင်တော့မည့် အခြေအနေတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက် ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရ ခြင်းဖြစ် သည်။ https://www.facebook.com/photo/?fbid=6667221 52193247&set=a.559396186259178
၂၁။ ရပ်စောက်မြို့အနီးက ရွာတွေအထိ RCSS ဆက်ကြေးကောက်လာ
October 23, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နဲ့တဆက်တည်းရှိတဲ့ ဟွေးကျေးရွာအုပ်စုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က တစ်အိမ် တစ်သောင်းငါးရာကျပ်မှ တစ်သိန်းကျပ်အထိ ဆက်ကြေးကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်စောက်မြို့နဲ့တဆက်တည်းရှိတဲ့ ဟွေးကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆင်၊ အင်းမှီး၊ ရွာသစ်၊ ဇလဲ၊ ဟွေး စတဲ့ရွာ တွေကို RCSS က တစ်အိမ်ကို တစ်သောင်းငါးရာကျပ်နဲ့ ကားရှိတဲ့အိမ်တွေကို တစ်အိမ်တစ်သိန်းကျပ် ဆက်ကြေးကောက်တာ ဖြစ်တယ်လို့ ကိုယ်တိုင်ဆက်ကြေးထည့်ရတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ အဲ့ဒီဆက် ကြေးကို RCSS က အောက်တိုဘာ ၁၉ ရက်မှာ ကောက်တာဖြစ်ပြီး သုံးရက်အတွင်း အပြီးထည့်ခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။“RCSS က ကျေးရွာတွေရဲ့ လူကြီးတွေကနေတဆင့် ကောက်တာ သူတို့ပြောပြီး သုံးရက်အကြာမှာ အပြီးထည့်ပေးလိုက်ရတယ်။ မထည့်လို့လည်း မနေရဲဘူး လေ။ ကျွန်တော်တို့ရွာက မြို့နဲ့တဆက်တည်း ကပ်ရပ်ဖြစ်နေပြီ၊ ဒါလည်း လာကောက်တာပဲဗျ။ ကျွန်တော်တို့ရွာက အခုမှ ပထမ ဆုံး ထည့်ရတာ အရင်တုန်းက သူတို့ကောက်တာ ဒီဘက်အထိ မရောက်ဖူးဘူး” လို့ ကိုယ်တိုင်ဆက်ကြေးထည့်ခဲ့ရတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။
RCSS အနေနဲ့ အဲ့ဒီဒေသတဝိုက်မှာ စစ်စခန်းနဲ့ ပေါ်ပေါ်ထင်ထင် နေထိုင်တာ သွားလာတာတွေလည်း မရှိသလို အခု လိုမျိုး မြို့နဲ့ကပ်ရပ်ရွာအထိ အခွန်ကောက်ခံလာတာလည်း ပထမဆုံးအကြမ်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။“သူတို့ လူတွေတော့ ရှိသေးတာပေါ့။ ရှိလို့လည်း အခုလိုမျိုးဆက်ကြေးကောက်လာတာပေါ့။ ဒါပေမယ့် စစ်ကောင်စီရဲ့ တပ်အစုံရှိတဲ့ နေရာမှာထိ ကောက်တာဆိုတော့ စစ်တပ်က မသိတာလား မသိချင်ယောင်ဆောင် ခွင့်ပြုထားတာလားမသိဘူး။ အခုသူတို့ ဆက် ကြေး တောင်းတဲ့နေရာက အိမ်ခြေထောင်ချီရှိတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။ လွယ်ဆင်၊ အင်းမှီး၊ ဟွေး စတဲ့ကျေးရွာတွေဟာ ရပ်စောက်မြို့ရဲ့ မြောက်ဘက် ဗထူးမြို့ရဲ့အရှေ့ဘက်မှာမြို့နဲ့ တဆက်တစပ်တည်း တည်ရှိတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။၂၀၁၄ သန်းခေါင်စာရင်းအရ ဟွေးကျေးရွာအုပ်စုဟာ လူဦးရေ ၅၆၈၈ ဦးရှိပါတယ်။ RCSS က အဲ့ဒီဒေသမှာ အခွန်ကောက်ခံတာနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအွမ်ခေးကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။ ရပ်စောက်မြို့နယ်ဟာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်စတဲ့တပ်တွေ လှုပ်ရှားနေတဲ့မြို့နယ်ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=35737568664888 2&set=a.285900490463069
၂၂။ ညောင်လေးပင်ခရိုင်ရှိ လူဦးရေ ၁,၀၀၀ ကျော်ကို CIDKP သွားရောက်ကူညီထောက်ပံ့
October 23, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျေးရွာ ၃ ရွာရှိ အိမ်ခြေပေါင်း (၂၃၉) လုံးမှ လူဦးရေ (၁,၁၂၄) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်မှ ၁၅ ရက်နေ့ အထိ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP အဖွဲ့က ငွေကြေးပမာဏ တချို့ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ လက်ကောက်ဝ၊ ကျည်းပင်စု နှင့် ဒလဆိပ်စသည့် ကျေးရွာများသည် စစ်ကောင်စီတပ် ၏ လေကြောင်းတိုက် ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသူများ ရင်ဆိုင်ကြုံ တွေ့ နေရသည့်ခက်ခဲမှုနှင့် စားဝတ်နေရေးအတွက် စာနပ်ရိက္ခာများကို ဝယ်ယူစားသောက်နိုင်ရန် CIDKP အဖွဲ့က သွားရောက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့အထိ CIDKP အဖွဲ့မှ သွားရောက်ခဲ့သည့် ကျေးရွာများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရ များနှင့် ပတ်သက်သည့် သင်တန်းတစ်ခုကိုလည်း CIDKP က ဖွင့်လှစ်သင်ကြားပေးခဲ့သေးကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
၎င်းအပြင် အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ် စစ်တောင်း မြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာများမှ ဒေသခံပြည်သူများကို ကေအဲန်ယူ လယ်ဒိုမြို့နယ် ကျန်းမာရေးဌာန၊ Free Burma Ranger (FBR)အဖွဲ့များပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက် မှုသင်တန်းများ၊ စားနပ်ရိက္ခာ များနှင့် လက်နက်ကြီးဘေး၊ လေကြောင်းရန်ဘေးမှ ကြိုတင်ကာကွယ်နိုင်ရန် သင်တန်းများကိုလည်း ပို့ချဆောင်ရွက်ပေးခဲ့သည် ဟု ကေအဲန်ယူက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလေနှင့် ယခုလဆန်းပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ အတွင်းရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှုများ အပြင်းအထန်လုပ် ဆောင်ခဲ့သလို မြေပြင်ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာနေပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ ထုတ်ပြန်ထား သည်။ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင် ခရိုင် တွင် တိုက်ပွဲပဋိပက္ခကြောင့် စစ်ရှောင်နေကြရသော ဒေသခံစုစုပေါင်း နှစ်သိန်းကျော်ရှိကြောင်း ကေအဲန်ယူ၏ စက်တင်ဘာလ အတွင်း ထုတ်ပြန်ချက်အရ ဖော်ပြထားသည်။ https://www.facebook.com/photo/?fbid=721764886647059&set=pcb.721 765239980357
၂၃။ ညောင်ရွှေဘုရားပွဲက ပြန်လာတဲ့ကားတိမ်းမှောက်ပြီး ၁၃ ဦး ပြင်းထန်ဒဏ်ရာရ
October 23, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလော – မိတ္ထီလာ လမ်းမကြီးပေါ်က ဝက်ဖြူရေးကျေးရွာ အနီးမှာ (အောက်တို ဘာ ၂၁) ညနေ ၉ နာရီလောက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီကားဟာ ညောင်ရွှဘုရားပွဲက ပြန်လာတာ ဖြစ်ပြီး ၁၃ ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားတာကြောင့် လက်ရှိ ကလော ပြည်သူ့ဆေးရုံကြီးဆီမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ နာရေးကူညီမှုအသင်း (အောင်ပန်း)ရဲ့ တာဝန်ရှိသူ တစ်ဦးက “ချောက်ထဲကျဖို့ နည်းနည်းပဲ လိုတော့တာ။ ချောက်ထဲကျရင်တော့ အကုန် ပွဲချင်းပြီးပဲ။ ကားလည်း ပြန်ဆယ်နိုင်ဖို့ လွယ်မှာ မဟုတ်ဘူး။ မိုးကလည်း တအားကြီးတော့ အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်တာနေမှာ။ တခြားကားနဲ့ တိုက်မိတာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။ ကားပေါ်မှာ လူ ၂၇ ဦး လိုက်ပါလာပြီး အားလုံးဟာ မိတ္ထီလာမြို့နယ်၊ ပန်းထိုင်ကုန်းကျေးရွာမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလာမှာ ၁၃ ဦး ဒဏ်ရာပြင်းထန်တဲ့အပြင် ကျန်တဲ့ ၃ ဦးကလည်း အရေးပေါ်ခွဲစိတ်ခန်း ဝင်နေရပြီး အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ တစ်ရက်ထဲမှာတင် အောင်ပန်း – ပင်းတယ လမ်းမကြီးပေါ်မှာ မနက် ၆ နရီအချိန်က ထော်လဂျီ ၂ စီး ဆင့်တိုက်မှုနဲ့ ညနေ ၃ ရီက ကားနဲ့ ဆိုင်ကယ် ဖြတ်တိုက်မှုတို့ ဖြစ်ပွားခဲ့ ပြီး အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အောင်ပန်း ပြည်သူ့ဆေးရုံကြီးက အရေးပေါ်ဌာနမှာ ကုသမှု ခံယူနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အဲဒီယာဉ်တိုက်မှု ၃ ခုလုံးဟာ ညောင်ရွှေဘုရားပွဲ ပြန်လာကြသူတွေ ဖြစ်ပြီး ဘုရားပွဲသွားကြတဲ့သူတွေဟာ ညောင်ရွှေမြို့အဝင် လမ်းတွေမှာ ဓါးခုတ်လုယက်မှုတွေလည်း ကြုံနေရတာကြောင့် ဒေသခံတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ https://www.facebook.com/photo/?fbid=357338973319220&set=pcb.3573390 49985879
၂၄။ မင်းတပ်မြို့မှာ ရေပြတ်တောက်တာ ၃ လကြာပြီဖြစ်ပြီး နေ့စဉ်သုံးရေအတွက် အခက်အခဲဖြစ်နေကြ
October 24, 2023
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ရေပြတ်တောက်နေတာ ၃ လရှိနေပြီဖြစ်ပြီး နေ့စဉ်သုံးရေအတွက် အခက်ခဲဖြစ် နေကြတယ်လို့ မင်းတပ်မြို့နေဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့နေဒေသခံတစ်ဦးက “အရင်က မြို့ကနေ ၉ မိုင် လောက်ဝေးတဲ့နေရာကနေ ပိုက်တွေနဲ့ သွယ်ပြီးအသုံးပြုခဲ့ကြတာလေ အခုက အဲဒါမရတော့ဘူးဆိုတော့ နေ့စဉ်အသုံးပြုဖို့ ရေ အလုံလောက်မရှိတဲ့ အခက်ခဲတော့ကြုံနေရတာပေါ့ အခုဆိုရေမရတာ သုံးလလောက်ရှိပြီ” လို့ပြောပါတယ်။ မင်းတပ်မြို့မှာ သောက်သုံးရေနဲ့ နေ့စဉ်သုံးရေအတွက် မြို့ရဲ့ ၉ မိုင်အကွာကနေ ပိုက်တွေသွယ်တန်းပြီး မြို့နေထိုင်သူအားလုံးအတွက် အသုံးပြုခဲ့ ပေမယ့် အခုတော့ အဲဒီဟာ ပိတ်ထားတာကြောင့် သောက်သုံးရေမခက်ခဲပေမယ့် နေ့စဉ်သုံးရေအတွက် အခက်ခဲဖြစ်တယ်လို့ မင်းတပ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
“စမ်းရေရှိတဲ့နေရာရဲ့ အနားမှာ နေတဲ့သူအတွက်တော့ သိပ်ပြီးအခက်ခဲမရှိပေမယ့် တော်တော်များများ သုံးရေအတွက် စမ်းချောင်းရှိတဲ့ နေရာလေးတွေမှာ ဆိုင်ကယ်နဲ့ သွားခပ်ရတယ် ဆီစျေးကလည်းကြီးဆိုတော့ အရင်လိုမဟုတ်ဘဲ ဆိုင်ကယ်ကား တွေ အသုံးပြုရတော့ အရင်ကထက် အခက်ခဲဖြစ်တာပေါ့”လို့မင်းတပ်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။ မင်းတပ်မြို့မှာ ရေ တစ်ခုထဲ ပြတ်တောက်နေတာ မဟုတ်ဘဲ လျှပ်စစ်မီး မရရှိတာလည်း (၅) လ ရှိနေပြီဖြစ်တယ်လို့ မင်းတပ်မြို့နေ ဒေသခံတွေဆီ ကနေ သိရပါတယ်။ https://www.facebook.com/photo/?fbid=727825 346046466&set=a.273500801478925
၂၅။ ဆိုင်ခန်းများဖယ်ရှားခဲ့သည့် စစ်တွေဟိုတယ်ဆင်းလမ်း မြေနေရာတွင် ပန်းခြံလုပ်ရန် စီစဉ်နေ
October 23, 2023
ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်တွေဟိုတယ် ကမ်းခြေအနီးမှ စားသောက်ဆိုင်ခန်းများကို မကြာသေးမီ က ဖယ်ရှားခဲ့ပြီး အဆိုပါမြေနေရာတွင် အများပြည်သူအပန်းဖြေနိုင်မည့် ပန်းခြံတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်ခန်း ၁၀ ကျော်ကို ယခုအောက်တိုဘာလအတွင်း ရဲနှင့် စည်ပင် တာဝန်ရှိသူများက ဖြိုဖျက်ခဲ့ကြပြီးနောက် ယခုအခါ ပန်းခြံပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။“အဲဒီဖျက်ထားတဲ့နေရာမှာ မကြာခင် မြေအလှပြုပြင် ပြီးတော့ ပန်းခြံလုပ်မယ်။ ကမ်းခြေမှာ ပန်းခြံလေးတွေနဲ့ဆိုတော့ စစ်တွေကိုလာတဲ့ ဧည့်သည်တွေ ကမ်းခြေကိုလာကြည့်တဲ့အခါ လမ်းလျှောက်လို့ကောင်းမယ်” ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။ ယင်းအပြင် စံပြရပ်ကွက်မှနေ၍ စစ်တွေကမ်းခြေဆင်းလမ်းကို လမ်းအဖြောင့်ဖောက်လုပ်ပြီး ယင်းလမ်းကြောင်းတွင် စစ်တွေဟိုတယ်မှ ခြံဝင်းမြေများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အသစ်ဖောက်လုပ်မည့် ပန်းခြံ၊ ကမ်းခြေဆင်းလမ်းနှင့်ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်တွင် ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့ကြသည်။
အသစ်ဖောက်လုပ်မည့် လမ်းပုံစံ၊ ပွိုင့်ကမ်းခြေပတ်လမ်းနှင့် စစ်တွေဟိုတယ်ဆင်းလမ်းဆုံ ပုံစံတို့ကို ပြည်နယ်လမ်း ဦးစီး ဌာနမှ ဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်အား ရှင်းပြခဲ့ကြောင်း သိရသည်။“စစ်တွေဟိုတယ်ကို ဆင်းတဲ့လမ်းက ဟိုတယ်မြေတချို့ကိုဖျက်ပြီးတော့ စစ်တွေရှုခင်းသာလမ်းအထိ ဖြောင့်ဖြောင့်ယူလိုက်မယ်။ အခုလောလောဆယ် စစ်တွေဟိုတယ်အတွင်းထဲက လမ်းလည်းပါသွားမယ်” ဟု ဦးလှသိန်းက ပြောသည်။ အဆိုပါနေရာတွင် အများပြည်သူ အပန်းဖြေရန် ပန်းခြံမျိုးသာဖြစ်သင့်ပြီး ပုဂ္ဂလိက အခကြေးနှင့် ဝင်ခွင့်ပြုမည့် ပန်းခြံဆိုလျှင် အဆင်မပြေကြောင်း စစ်တွေမြို့ခံ ဦးအောင်သန်းဝေက အကြံပြုသည်။“အမှန်တကယ် ဖြိုဖျက်လိုက်တဲ့နေရာမှာ အများပြည်သူအပန်းဖြေဖို့အတွက် လုပ်တယ် ဆိုရင်တော့ လက်ခံလို့ရပါတယ်။ အဲဒီနေရာမှာ ပန်းခြံပုံစံမျိုး လုပ်မယ်ဆိုရင်လည်း ပြည်သူနဲ့ဆိုင်တဲ့ အခမဲ့ဆိုရင် လက်ခံပါ တယ်။ ဒါပေမဲ့ ပုဂ္ဂလိက အခကြေးငွေယူပြီး လုပ်မယ်ဆိုရင်တော့ ကျနော်တို့လက်မခံနိုင်ဘူး”ဟု ဦးအောင်သန်းဝေက ပြော သည်။ ရခိုင်ပြည်၊ စစ်တွေမြို့တွင် အများပြည်သူအပန်းဖြေသည့် ပန်းခြံများအဖြစ် ဦးဥတ္တမပန်းခြံ၊ ခိုင်သဇင်ပန်းခြံတို့ရှိပြီး မိဇံ ရပ်ကွက်တွင်လည်း မိဇံပန်းခြံပြုလုပ်ရန် လျာထားခဲ့သည်။ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာတွင်လည်း နန္ဒဝန်ဥယျာဥ် တစ်ခုရှိပြီး ၎င်းဥယျာဉ်ကို ပုဂ္ဂလိကထံ ငှားရမ်းထားကြောင်း သိရသည်။ https://www.facebook.com/photo?fbid=72059 6963447236&set=pcb.72059738 3447194
၂၆။ မွန်ပြည်နယ်တွင် မီးပျက်ချိန်များသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်နား
October 24, 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီး ပျက်ချိန်ပိုများလာတာကြောင့် တနိုင်တပိုင် လုပ်ကိုင်နေတဲ့ အသေးစား စက်မှုလုပ်ငန်းတချို့ ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လျှပ်စစ်မီးမရလို့ အသေးစားစက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ မုန့်ဖုတ်လုပ်ငန်း၊ မိတ္တူလုပ်ငန်း၊ သံပန်းလုပ်ငန်း၊ စားသုံးကုန်လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းလုနီးပါး ဖြစ် နေပါတယ်။ နေ့ဘက်မှာ လျှပ်စစ်မီး မလာတာများတဲ့အပြင်ကို စက်သုံးဆီ ဝယ်ယူရာမှာလည်း ဈေးနှုန်းကြီးမြင့်တာကြောင့် လုပ် ငန်းတွေ အခက်အခဲများစွာရှိနေတယ်လို့ မုန့်ဖုတ် လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောပါတယ်။ “မီးက အလှည့်ကျဆိုပေမဲ့ လာချိန် မမှန်ဘူး။ သေရင်တော့ မှန်တယ်။ မီးမလာတော့ လက်ရှိ ဆီဈေးနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ ဖောက်သည်ပေး နေရတော့ ဈေးထပ်တင်ဖို့က အဆင်မပြေဘူးလေ။ သိပ်ရောင်းမကောင်းတဲ့ မုန့်တွေကျတော့ အခု လုံးဝ မဖုတ်တော့ဘူး။ ရောင်းကောင်း တာလေးပဲ အားစိုက်ပြီးလုပ်နေရတယ်။” လျှပ်စစ်မီးပြတ်မှုကြောင့် မော်လမြိုင်မြို့ရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ အလတ် စား စက်မှုလုပ်ငန်းနဲ့ မိသားစုတနိုင်တပိုင်လုပ်ငန်းတွေရဲ့ ၃ ပုံ ၁ ပုံလောက် ရပ်နားထား ရတယ်လို့ စက်မှု၊လက်မှုလုပ်ငန်းရှင် တဦးထံက ပြောပါတယ်။
“မီးကမမှန်၊ စက်သုံးဆီက ဈေးကြီးတော့ သုံးပုံ တပုံနီးပါး ရပ်နားရတယ်။ ဒီနှစ်ခုက အဓိက ပေါ့။ နောက် ကုန်ကြမ်းနဲ့ သွင်းအားစုစရိတ်တွေ ဈေးကြီးတာကြောင့်လည်း ရပ်နား ရတာ တွေလည်းရှိတယ်။” မီးပုံမှန် မလာတာအပြင် အစာ ဈေးနှုန်း မြင့်လာတာနဲ့ ဈေးကောင်း မရတာတွေကြောင့် ကြက်ခြံလုပ်ငန်းတွေ ဆက်လုပ်ဖို့ ခက်ခဲလာတယ်လို့ မြို့ခံ ကြက်မွေးမြူရေး လုပ်ကိုင်သူ တဦးက ပြောပါတယ်။ မော်လမြိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို အုပ်စု A ၊ B၊ C ခွဲထားပြီး အလှည့်ကျစနစ်နဲ့ တကြိမ်ကို လျှပ်စစ်မီး ၂ နာရီဖြန့်ဝေနေပါတယ်။ မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားနဲ့ အငယ်စားလုပ်ငန်းတွေဟာ လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ UMFCCI စာရင်းအရ သိရပါတယ်။ https://b urmese.dvb.no/post/621593
၂၇။ မိုးညှင်းမြို့တွင် ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometric Data) များ လိုက်လံကောက်ယူနေ
October 23, 2023
စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(လ.ဝ.က)ဝန်းထမ်းများက မိုးညှင်းမြို့ ပေါ်ရပ်ကွက်များတွင် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometric Data) လိုက်လံကောက်ယူနေ ကြောင်းသိရသည်။ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်များကို Smart Card (E-ID) အဖြစ်ပုံစံပြောင်းရန်အတွက် အချက်အ လက် ဖြည့်သွင်းမည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မှတ်ပုံတင်မိတ္တူကိုင်ဆောင်ကာ သွားရသည်ဟု ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။“သူတို့က စားပွဲခုံမှာ လက်ပ်တော့လေးနဲ့ထိုင်စောင့်နေတာ။ စာရင်းသွင်းရတယ်ပြီးရင်ထုတ်ပေးတဲ့ ချလန် နဲ့ လက်ဗွေတွေ မျက်စိစကင်န်ဖတ်တဲ့ မှန်ဘီလူးတွေကြည့်ဖို့ ကျွန်တော်တို့တန်းစီရတာ။ လက်မကလွဲရင် လေးချောင်းကို နှစ် ဖက်ကို တစ်ခါယူရတယ်ပြီးရင် လက်မနှစ်ဖက်ကိုယူပြီးတော့ မှန်ဘီလူးလိုဥစ္စာကို မျက်စိနဲ့ကြည့်ရတာ” ဟုဆိုသည်။ ရပ်ကွက် အလိုက်လိုက်လံ ကောက်ခံနေခြင်းဖြစ်ပြီး အောက်တိုဘာလ တတိယအပတ် ယခုအပတ်မှစတင်ကောက် ယူနေခြင်းဖြစ် ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။“ကောက်တာတော့ကြာပြီ ရပ်ကွက်တောင် သုံးလေးခုလောက်ပြောင်း ပြီးသွားပြီ။ ကျွန်တော်တို့ရပ်ကွက်တော့ မကောက်ရသေးဘူး။ အောင်သပြေရပ်ကွက်မှာ ကောက်နေတယ်” ဟု ပြောသည်။
အချက်အလက်ဖြည့်သွင်းရာတွင် မှတ်ပုံတင်ပါအချက်အလက်၊ သွေးအမျိုးအစား၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများ ပါဝင်ပြီး အားလုံးပြီးစီးပါက ၎င်းအချက်အလက်များ၊ QR Code နှင့် Unique ID ဂဏန်း ၁၀ လုံးပါ စာရွက်တစ်ခုကို ထုတ် ပေးကြောင်း သွားရောက်ပြုလုပ်ခဲ့သူများ၏ ပြောဆိုချက် အရသိရသည်။ ၂၀၁၄ သန်ခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းတွင် မှတ်ပုံ တင်ကိုင်ဆောင်သူ ၃၈ သန်းရှိသော်လည်း စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ် တမ်းများကို e-ID Biographic Registration Software နည်းပညာဖြင့် လူဦးရေ ၅၂ သန်းကျော်ကို စာရင်းသွင်းပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အလားတူပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်ကလည်း ဗန်းမော်မြို့ရှိ အခြေခံပညာ ကျောင်းများနှင့် မိုးမောက်မြို့ပေါ် ရပ်ကွက်အချို့တွင် ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် Biometric Data များ ကောက်ယူခဲ့သည်။ https://w ww.facebook.com/photo?fbid=6465021243441 26&set=a.535867405407599
၂၈။ ၂၀၂၃ ခုနှစ်အတွင်း တိုင်တန်းလာသော အမှုပေါင်း ၃၁၀၀ ကျော်ရှိဟု AA ထုတ်ပြန်
October 24, 2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရက္ခိုင့်တပ်တော် ULA/AA ၏ အာရက္ခပြည်သူ့အစိုးရ တရားဥပဒေ ရေးရာဌာနသို့ တိုင်တန်းလာသော အမှုပေါင်း ၃၁၁၂ မှုရှိကြောင်း ထုတ်ပြန်ထားသည်။ AA တရားဥပဒေရေးရာဌာန၏ တရားဝင် စာမျက်နှာဖြစ်သော Justice For Arakan မှ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပြီး ၃၁၁၂ မှုထဲတွင် ရာဇဝတ်မှု ၁၃၉၁ မှုနှင့် တရားမမှု ၁၇၂၁ မှုပါဝင်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်အတွင်းက ဖြေရှင်းရန် ကျန်ရှိခဲ့သည့် အမှုစုစု ပေါင်း ၂၈၈၂ မှုရှိပြီး ယင်းအထဲတွင် ရာဇဝတ်မှု ၉၉၉ မှုနှင့် တရားမမှု ၁၈၈၃ မှုပါဝင်ကြောင်း AA က ဆို သည်။ ထိုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယခု စက်တင်ဘာလအထိ ဖြေရှင်းပြီးစီးခဲ့သည့် အမှုစုစုပေါင်း ၃၄၂၂ မှုရှိပြီး ယင်းအထဲတွင် ရာဇဝတ်မှု ၁၅၄၀ မှုနှင့် တရားမမှု ၁၈၈၂ မှု ပါဝင်သည်။ ဆက်လက်ပြီး စက်တင်ဘာလအထိ ဖြေရှင်းရန် ကျန်ရှိနေသေးသည့် အမှုစုစုပေါင်း ၂၅၇၂ မှုရှိပြီး ယင်းတွင် ရာဇဝတ်မှု ၈၅၀ မှုနှင့် တရားမမှု ၁၇၂၂ မှု ပါဝင်ကြောင်း AA တရားဥပဒေရေးရာဌာနမှ ထုတ်ပြန်ထားသည်။ ဖော်ပြပါ အချက်အလက်များတွင် တရားမမှုသည် ရာဇဝတ်မှုထက် များနေရခြင်းမှာ တရားမမှု၏ သဘောသဘာဝအရ အမှုဖြေ ရှင်းရာ၌ ရာဇဝတ်မှုထက် ကြန့်ကြာတတ်သောကြောင့် ဖြစ်သည်ဟု AA အစိုးရက ဆိုသည်။
ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့ဝင်များမှာ ဥပဒေအရ လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ရန် လိုအပ်နေသေးကြောင်းနှင့် တရားစီရင်ရေးကဏ္ဍတွင်လည်း လိုအပ်ချက်များရှိနေသေးကြောင်း အမည်မဖော်လို သည့် ရခိုင်ပြည်ထဲက တရားလွှတ်တော် ရှေ့နေတစ်ဦးက ထောက်ပြသည်။ “ရသေ့တောင်က ကျောင်းဆရာမအမှုမှာ ရဲတွေရဲ့ ပေါ့လျော့မှု၊ လုပ်ထုံးလုပ်နည်းနဲ့ လွဲနေတာကို တွေ့ရတယ်။ ဆရာမကိုသတ်တဲ့သူ မိမိကိုယ်ကို ဝန်ခံထားပြီးဆိုတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တက်လာတယ်။ အဲဒီဗီဒီယိုဖိုင်မှာ ရဲတပ်ဖွဲ့ဝင်လား၊ စစ်သားလားတော့ မသိဘူး။ ဆရာမကို ဘယ်လိုသတ်ခဲ့သလဲ ဆိုတဲ့ဟာ မေးနေတဲ့ ဖြောင့်ချက်ဗီဒီယိုကို တွေ့ရတယ်။ ရဲတပ်ဖွဲ့ဆီမှာ ပေးတဲ့ ဖြောင့်ချက်က တရားရုံးမှာ ခိုင်မာတဲ့ သက်သေ အနေနဲ့ တရားဝင်တာမဟုတ်ဘူး။ ဒါ့ကြောင့် သတ်ပါတယ်ဆိုတဲ့ ဖြောင့်ချက်ဗီဒီယိုဖိုင်ကို အများသိအောင် မထုတ်ပြန်သင့်ဘူး။ ဒါက ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ တရားရုံးက လူသတ်တရားခံလို့ အမိန့်မချမချင်း စွပ်စွဲခံရသူဟာ တရားခံပါလို့ ပြော လို့မရဘူး”ဟု ပြောသည်။ ပြီးခဲ့သည့်နှစ်က စစ်တွေဒေသခံ မနွယ်သန္တာဝင်းကို သတ် ဖြတ်မှုဖြင့် ကိုမျိုးမြင့်ဇော်အား ULA/AA တရားရုံးက သေဒဏ်ချက်မှတ်ထားကြောင်းနှင့် ကိုမျိုးမြင့်ဇော်မိသားစုဝင်များကလည်း ULA/AA ဥက္ကဌထံ အသနားခံစာတင် ထားသည့်ကိစ္စတို့တွင် ယနေ့အချိန်အထိ တိကျပြတ်သားသော ဆုံးဖြတ် ချက်များ တရားရုံးက မထွက်လာသည့်အပေါ် ရက္ခိုင့် တပ်တော်အား ဝေဖန်မှုများရှိနေကြသည်။ https://www.face book.com/photo/?fbid=769034248569337&set=a.6827319 67199566
၂၉။ ဒေသလေးခုမှာ လေးလအတွင်း အရပ်သား ငါးရာနီးပါး သေဆုံး
October 23, 2023
စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း အရပ်သား ၄၇၃ ဦး သေဆုံးခဲ့ကြောင်း ပဥ္စမဏ္ဍိုင်အဖွဲ့ (PMCSG) က အောက်တိုဘာ ၂၃ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၄၃၅ ဦးနဲ့ အမျိုးသမီး ၃၈ ဦး ပါဝင် ပြီး၊ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၂၉ ဦးနဲ့ မိန်းကလေး နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလေးလ အတွင်း လူ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်ရပ် ၁၁ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ ခြောက်ခု နဲ့ ချင်းပြည်နယ်မှာ ငါးခုဖြစ်ပြီး အမျိုးသား ၁၆၃ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို တိုင်းနဲ့ပြည်နယ် လေးခုအတွင်း မှတ်တမ်းကောက်ယူ တဲ့အခါ စစ်ကောင်စီတပ်က ၄၀၅ ကြိမ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ် ၈၀ နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုက ၄၄ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ ၄၀၅ ကြိမ်မှာ အရပ်သားပစ်မှတ် ၃၄၄ ကြိမ်နဲ့ စစ်ရေးပစ်မှတ် ၆၁ ကြိမ်ရှိပြီး စစ်ရာဇဝတ်မှု ၂၀၅ ကြိမ်၊ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၂ ကြိမ်၊ ရာဇဝတ်မှု ၂၇ ကြိမ် ကျူးလွန်ခဲ့ တယ်လို့ ဆိုပါတယ်။ ပဥ္စမဏ္ဍိုင်အဖွဲ့ဟာ ဒီအစီရင်ခံစာကို မြေပြင်ကွင်းဆင်းပြီး သတင်းအချက်အလက် ကောက်ယူတာ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားတာ၊ ပြစ်မှုကျုးလွန်ခံရသူတွေရဲ့ မိသားစုတွေကို အွန်လိုင်း ဒါမှ မဟုတ် ဖုန်းနဲ့ကိုယ်တိုင် ဆက်သွယ်မေးမြန်းပြီးမှ ပြုစုခဲ့တာလို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/473-civilia ns-killed-10232023064122.html
၃၀။ ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
October 23, 2023
ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂ နေရာမှာ စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီးလမ်းသွား လမ်းလာဒေသခံတွေနဲ့ခရီးသွားပြည်သူတွေကိုစစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ရွှေကူမြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီ တပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေးလမ်းဆုံမြို့ဝင်ရောက်တစ်နေရာနဲ့ ရွှေကူမြို့ အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံး မြို့အထွက်ပေါက် ၂ နေရာမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက အစစ်အဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“စစစ်နေတာမဟုတ်ဘူး စစ်ကို စစ်နေပြီး စစ်တာမှအတော်လေးကိုစစ်နေတာ ဘာလို့မှန်းမသိဘူး အထက်လေးလမ်းဆုံကော အောက်လေးလမ်းဆုံဘက်ကော ပါ့ အောက်လေးလမ်းဆုံက မနေ့ကနေပိုပိုစစ်နေတယ်။ ဘယ်သွားမလဲဘယ်ကလဲမေးတယ်ပစ္စည်းတွေဝင်စစ်တယ်”လို့ ပြောပါ တယ်။ စစ်ကောင်စီဟာ အထက်လေးလမ်းဆုံအောက်လေးလမ်းဆုံဘက်ကို အင် အား ၈၀ ဝန်းကျင်လောက်နဲ့ မနက် ၆ နာရီ လောက်နေ က ၅ နာရီခွဲလောက်အထိ ဒီကနေ့ မနက်ပိုင်းထိ ၄ ရက်ဆက်တိုက်စစ်ဆေးနေတာဖြစ်ပြီး အခုလိုအစစ်အဆေးများ နေတာကြောင့် ဒေသခံတွေသွားလာရ ခက်ခဲနေတယ်လို့လည်းသိရပါတယ်။
“အထက်လေးလမ်းဆုံတော့သူတို့ညအိပ်လားမအိပ်လားမသိဘူး အောက်လေးလမ်းဆုံကတော့ အင်အား ၈၀ လောက် ရှိတယ်။ သူတို့အဲ့မှာယာယီတပ်ချပြီးမှစစ်နေတာ ကားဆိုင်ကယ်အကုန်စစ်တယ်မလွတ်ဘူး”လို့ အောက်လေး လမ်းဆုံဘက်မှာ နေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ခုလို စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ဆေးရေးတင်းကြပ်လာတာဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ရွှေကူတပ်အတွက်အချက်အခြာကျတဲ့ တာဝါတိုင်ကုန်း(ကြေးနန်းကုန်း)တပ်စခန်းကို KIA၊ KPDF၊ LPDF ပူးပေါင်းတပ်တွေအလစ်အငိုက်ဝင်တိုက်ပြီး စခန်းကုန်းတစ်ခုသိမ်းခံလိုက်ရတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြော ဆိုနေကြပါတယ်။ ဒါ့အပြင် ရွှေကူမြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ အင်အားတွေဖြည့်တင်းနေပြီး ကင်ပုန်းဝပ်တာ တွေလည်းရှိနေတယ်လို့ ရွှေကူမြို့နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “သူတို့ကမြို့ကိုကာချင်နေတာနေမယ် အခုမြို့ထဲမှာ အင်အားတွေအများကြီးပဲ ကျွန်မတို့ အမှတ် ၂ ရပ်ကွက်သင်ချိုင်းကုန်းနားက တာဝါတိုင်မှာလည်း ၅၀ လောက်ရောက်နေတယ်။ ဟိုနေ့ကတည်းကပဲကင်းပုန်းချနေတာမြို့တွင်းတခြားနေရာတွေမှာလည်းအတူတူပဲတဲ့ကင်းပုန်းတွေချထားတာ”လို့သူကပြောပါတယ်။ https://burmese.kachinnews.com/ 2023/10/23/zz1-9/
၃၁။ စစ်ကောင်စီတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သီးနှံရိတ်သိမ်းနေတဲ့ဖယ်ခုံက တောင်သူတွေ စိုးရိမ်နေ
October 23, 2023
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက ဒေသခံတချို့နဲ့ စစ်ရှောင်တွေဟာ ရိတ်သိမ်းချိန်တန်နေပြီဖြစ်တဲ့ စပါးတွေ နဲ့ ပြောင်းခင်းတွေကို ရိတ်သိမ်းနေကြပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြ တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “တောင်ယာထဲ ပြန်ဝင်တဲ့အချိန်ကျရင်တော့ ထိခိုက်မှုတွေရှိနိုင်တဲ့ အလားအလာရှိ တာပေါ့။ ဒီတောင်သူတွေကလည်း သူတို့တပိုင်တနိုင်လုပ်ငန်းတွေကလည်း ဒီဟာပဲရှိတယ်ဆိုတော့ပြန်ပြီး ရိတ်သိမ်းဖို့အချိန် လည်း ရောက်လာပြီဆိုတော့လေ။ ဒါကျနော်တို့ စိုးရိမ်ရတဲ့ အခြေအနေမှာတော့ရှိတာပေါ့” လို့ ဖယ်ခုံဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လက်ရှိအချိန်ထိ ဖယ်ခုံဒေသခံတွေမှာ ကြီးကြီးမားမား ထိခိုက်သွားတာမရှိသေးပေမဲ့ အလုပ်လုပ်နေရင်းထွက်ပြေးရတာမျိုးတွေ၊ အချိန်မှီ ရွှေ့ပြောင်းကြရတာမျိုးတွေ ရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ မဖြစ်တဲ့ အချိန်တွေမှာလည်း လက်နက်ကြီးပစ်ခတ်နေတတ်တာကြောင့် ဒေသခံတွေ က စိုးရိမ်ကြောက်လန့်နေကြတယ်လို့ အသက် ၃၀ အရွယ်ရှိတဲ့ ဖယ်ခုံဒေသခံ အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။“တိုက်ပွဲဖြစ်လည်းထု(လက်နက်ကြီး)တယ်။ တိုက်ပွဲမဖြစ်လည်း အရမ်းထုတယ်။ အဲ့ဒါ ကျမတို့ ကြားမှာနေတဲ့လူတွေက နှလုံးလဲ ခုန်သလားပဲ စိတ်လည်း ဘယ်လို ဒဏ်ရာရသလားပဲပေါ့နော်။ အဲ့ကြောင့်လည်း ဘယ်လို ပြောရမလဲ စိတ်တော့ တော်တော် ထိခိုက်ရတာပေါ့နော်။ ထုတာလည်း ကြားတဲ့အသံကလည်း နေ့တိုင်းညတိုင်း ပေါ့နော်” လို့ အဆို ပါ အမျိုးသမီးက ပြောပါတယ်။ စားဝတ်နေရေးအတွက် တောင်ယာ၊လယ်ယာတွေကို လုပ်ကိုင်နေကြရင်းနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် စစ်ရေးအခြေအနေတွေ ကို အမြဲနားစွင့်နေကြရတယ်လို့ ဖယ်ခုံဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့ နေရာတွေမှာ တောင်ယာ လုပ်ကိုင်ကြသူတွေဟာလည်း စစ်ကောင်စီတပ်တွေထံကနေ ခွင့်ပြု ချက်ယူပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရတာရှိ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ https://www. kantarawaddytimes.org/%e1%80%85%e1%80%85%e1%8 0%ba%e1%80%80%e1%8
၃၂။ ဝိုင်းမော်ဒေသကို လုံခြုံရေးတင်းကြပ်ဖို့ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆို
October 24, 2023
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဒေသအတွင်း လုံခြုံရေးတင်း ကြပ်ပေးဖို့ ညွှန်းကြားထားတာကြောင့် ကျေးရွာ၊ ရပ်ကွက်အတွင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ၃ လလောက်အကြာ တိုက်ပွဲဒေသဖြစ်ပွားနေတဲ့ နေရာဘက်ကို စစ်ကောင်စီ ယာဉ်တန်းတက်လာတိုင်း ကဇူး၊ ဒဘတ်၊ ဂျာပူနဲ့ ဆွမ်မားလမ်းခွဲ စတဲ့နေရာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ဝိုင်းမော်ဒေသ အတွင်းဖြစ်တဲ့ ကဇူး၊ ဒဘတ်နဲ့ ဆမားလမ်းခွဲ စတဲ့နေရာအထိ လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်ကြားထားတဲ့နောက်ပိုင်းကနေ ဝိုင်းမော်မြို့ပေါ်နဲ့ မြို့ပြင်ရှိ ကျေးရွာတွေမှာ စစ်ဆေးရေးတင်းကြပ်လာတာဖြစ်တယ်လို့ဝိုင်းမော်ဒေသခံ တစ်ယောက်က ပြောပါတယ်။
“ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေကိုတော့ ဝိုင်းမော်ကနေ ဒဘတ်နေရာဘက်အထိ လုံးခြုံရေးယူပေးဖို့ စစ်ကောင်စီကနေ ညွှန်ကြားထားတယ်လို့ ကြားတယ်။ ပြီးရင် ဝူယန်ကနေ ကန်ပိုင်အထိဘက်ပါတယ်လို့ပြောပါတယ်။ အဓိကတော့ ၃ လ လောက် တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို စစ်ကောင်စီတွေ တက်လာတိုင်း KIA က အမြဲတမ်းဝင်တိုက်တာတွေ လုပ်တော့ အဲဒီနယ်မြေ တွေကို ထိန်းချုပ်ဖို့ပြောတယ်။ အဲဒါကြောင့် ဝိုင်းမော်နေရာမှာ စစ်ဆေးရေးအရမ်းတင်းကြပ် လာတယ်။ ပြီးရင် ဖမ်းဆီးခံရတဲ့ သူတွေလည်း ဆက်တိုက်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်မြို့ပေါ် ပြည်သူ့စစ် တပ်စခန်းနေရာရှိတဲ့ ဝူယာန်၊ လမြန်၊ မုတ်ကြိတ်၊ အောင်မြေ(၁)၊(၂) စတဲ့ကျေးရွာ ရပ်ကွက်နေရာတွေမှာ လုံခြုံရေးအကြာင်းပြု ပြီးတော့ သွားလာလှုပ်ရှားပြီး နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလို ပြည်သူ့စစ် တပ်ဖွဲ့တွေက ဝိုင်းမော်မြို့တွင်း မြို့ပြင် ညတိုင်းလိုလို အင်အား အများအပြားနဲ့ လုံးခြုံရေးတင်းကြပ် ထားပြီး ပြည်သူနေအိမ်တွေ ကို တစ်အိမ်ဆင်း တစ်အိမ်တက် စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KIA နဲ့ ဆက်နွယ်မှုရှိတဲ့ ပြည်သူတစ်ချို့က ထွက်ပြေးတိမ်းရှောင်နေတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ https://burmese.kachinnews.com/2023/10/24/yl2-
၃၃။ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် ရိုဟင်ဂျာမိသားစု ၄ ဦးဖမ်းဆီးခံရ
October 23, 2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် ယမန်နေ့က နေ့လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက် လာသည့် ရိုဟင်ဂျာမိသားစု ၄ ဦးဖမ်းဆီးခံရသည်ဟုသိရသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာမိသားစု ၄ ဦးမှာ မာမတ်အိုဝဲစ် (၁၆)နှစ်၊ မဖူရုကျင်နား(၁၄)နှစ်၊ မရူဖာမာ(၁၃)နှစ်၊ မဆူဖီရာ (၉)နှစ်တို့ဖြစ်ပြီး ၎င်းမှာ ငန်းချောင်းကျေးရွာမှဖြစ် သည်ဟု သိရသည်။ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆွေမျိုးများနှင့်အတူ သွားရောက်နေထိုင်လျက်ရှိရာမှ နေထိုင်စားသောက်မှု အဆင်မပြေခြင်းကြောင့် မိမိဇာတိဖြစ်သည့် ငန်းချောင်းကျေးရွာသို့ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး စစ်ဆေးနေ သည်ဟု စစ်ကောင်စီပိုင်ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသည့် ရိုဟင်ဂျာများမှာ နေ့တိုင်းလိုလို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံနေရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင် ဘာလ အတွင်းက နေရပ်စွန့်ခွာ ရိုဟင်ဂျာ လမ်းခရီးတွင် ဖမ်းဆီးခံရသူ ကျား ၁၅ ဦးနှင့် မ ၅ ဦးရှိခဲ့သည်။ https://www.facebook.com/ photo?fbid=656681479906190&set=a.269204948653847
၃၄။ ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းတိုက်ပွဲမှာ PDF နှစ်ဦးအပါဝင် ငါးဦးသေဆုံး
October 23, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို အောက်တိုဘာ၂၂ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့် မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှစ်ဦးအပါအဝင် ငါးဦးသေ ဆုံးခဲ့ပါတယ်။ အဲဒီရဲစခန်းမှာ ရဲတပ်သားမရှိဘဲ စစ်ကောင်စီ စစ်သားတွေသာ အထိုင်ချထားခဲ့တာကြောင့် ကျောင်း သားတပ်မတော်(ABSDF)၊ KNU၊ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။“ရန်သူနဲ့ကျွန်တော်တို့က အင်အားမမျှဘူး။ စစ်ကူမြန်တာလည်းပါတယ်။ စခန်းကအပြီးမရလိုက်ဘူး။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေကြတာဆိုတော့ ပြန်ဆုတ်လာကြတာ’’လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြော ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ဘီလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် အောင်ကိုနဲ့ KNLA ကရဲဘော်ကော်ပတ်တို့ နှစ်ဦး အပါ အဝင် စုစုပေါင်း ငါးဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ကူကြောင့်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ အင်အားက ခန့်မှန်းထားတာထက်ပိုများနေတာမလို့ ထိတွေ့မှုဖြစ်ပြီးပြန်ဆုတ်လာတဲ့ အချိန်မှာ ရန်သူရဲ့လက်နက် ကြီး ပစ်ကူတဲ့ ၆ဝ မမက ရဲဘော်နှစ်ယောက်ကြားထဲကျပြီး ထိသွားတာ၊ တယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး နောက် တယောက်ကတော့ ပြန်သယ်ရင်း လမ်းမှာတင်ကျသွားတာ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်ကလည်း အထိခိုက် အကျဆုံးရှိနိုင်ပြီး အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒီရဲစခန်းကို ပြီးခဲ့ တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလတွေမှာ သွားရောက်တိုက်ခိုက်တာ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီတပ်အနေနဲ့ ခံစစ်ကို သေချာပြင်ဆင်ထားတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်ရာမှာ အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ “လက်ရှိရန်သူက ခံစစ်ကိုသေချာပြင်ဆင်ထားတာသဘောလို့မြင်ပါတယ်၊ အရင်လိုလွယ်လွယ်ကူကူ တိုက်ခိုက်လို့ မရပါဘူး”လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ https://www.facebook.com/photo/?fbid=7276 57049407375&set=a.605723148267433
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။