သတင်း

ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီမှ (၅၀၅-က) နဲ့ ထောင်ဒဏ် (၂) နှစ်ချ

ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီမှ (၅၀၅-က) နဲ့ ထောင်ဒဏ် (၂) နှစ်ချ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၆ ရက်၊ ၂၀၂၃။
 
ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ဝင် ကိုမင်းလွင်ဦးကို ဖမ်းမရတဲ့အတွက် ဖခင်ဖြစ်သူ ဦးအောင် ဖေကို ဖမ်းဆီးခဲ့ပြီး သြဂုတ်လ (၂၃) ရက်နေ့မှာ ပုဒ်မ (၅၀၅-က) နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ် လိုက် တယ်လို့ သိရပါတယ်။
 
သားဖြစ်သူကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် (၁၉) ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာနေ ဖခင်ဖြစ်သူ ဦးအောင်ဖေကို နေအိမ်မှာ ရိုက်နှက်ဖမ်းဆီး ခေါ် ဆောင်သွားခဲ့တာဖြစ်ပါတယ်။
 
ဖမ်းဆီးခံရသူ အသက် (၆၅) နှစ်အရွယ် ဦးအောင်ဖေကို (၅၅) ရက်ကြာ မိသားစု နဲ့ တွေ့ခွင့် မပေးဘဲ ဩဂုတ်လ (၁၃) ရက် ကျမှ မိသားစုနဲ့ တွေ့ခွင့်ပေးပြီး နောက် ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲခဲ့ကြောင်း သိရပါတယ်။
 
စစ်ကောင်စီက ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးစဉ် ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုနဲ့ အင်္ကျီတစ်ထည်တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။
 
လာရောက်ဖမ်းဆီးစဉ်မှာ နေအိမ်ကနေ ဖုန်း (၂) လုံးနဲ့ ငွေကျပ် (၈) သိန်းကိုလည်း အတင်းအဓမ္မ ယူဆောင် သွားတယ်လို့ သိရပါတယ်။
 
ကိုမင်းလွင်ဦးက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ် ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ တာဝန်ခံ ဖြစ်ပြီး ကိုမင်းလွင်ဦး ကို ကူညီ ဖမ်းဆီးပေးနိုင်ပါက ကျပ်သိန်း (၃၀၀) ဆုငွေ ပေးမယ်လည်း စစ်ကောင်စီက ဧပြီလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဓါတ်ပုံ – CJ (မတရားဖမ်းဆီးခြင်းခံရသူ၊ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို)

Related Articles

Back to top button