ဆောင်းပါးအတွေးအမြင်

အသွင်သညာ (Identity) ဖြစ်တည်မှု နှင့် နိုင်ငံရေး

အသွင်သညာ (Identity) ဖြစ်တည်မှု နှင့် နိုင်ငံရေး

နွေဦးတမန်တော်

လူတို့တွင် အသွင်သညာ (Identity) နှင့် ကင်းကွာပြီး လူ့အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရန် မဖြစ်နိုင်ပါ။ နိုင်ငံရေးသည် လူ့အသိုင်းအဝိုင်း၏အရေးအရာလည်းဖြစ်သည့်အတွက် အသွင်သညာနှင့် ကင်းကွာသောနိုင်ငံရေး ဟူသည် မည်သည့်အခါမှ ရှိလာမည်မဟုတ်။ အသွင်သညာတွင် ပုံစံအမျိုးမျိုးရှိပြီး အသွင်သညာများသည် လူတို့အတွက် အရေးကြီးသောအဓိပ္ပာယ်များကို ပေးကြသည်။

အသွင်သညာဆိုသည်မှာ လူသားတို့သည် မည်သူများနှင့် ဆင်တူသော၊ ပူးပေါင်းဆောင်ရွက်ရလွယ်ကူသော၊ ဘဝနေနည်းဆင်တူသောသူများ ဖြစ်သည်ဆိုသည်ကို စိတ်မှပိုင်းဖြတ်ထားသော ယူနစ်များဟု ဆိုနိုင်သည်။ ထိုယူနစ်များသည် လူမျိုးစု၊ ယဉ်ကျေးမှု၊ လိင်စိတ်ခံယူချက်၊ အသက်မွေးဝမ်းကြောင်း၊ မွေးဖွားရာဒေသ စသည့် တို့အပေါ် အခြေခံပြီး ဖြစ်လာသည်။ ထို့ပြင် လူတို့သည် မိမိသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊၊ ဘယ်လိုမွေးဖွားကာ ဘယ်ကလာသည်ဆိုသည့် ဇာတ်လမ်းကလေးများ မိမိစိတ်တွင်ရှိကြရာ ထိုဇာတ်လမ်းလေး များသည်လည်း Identity ဖြစ်ကြသည်။

တကယ်တမ်းစေ့ငုကြည့်လျှင် လူတို့၏ “ငါ” ဆိုသောအယူအမြင်သည်ပင် လူမှုရေးအရ တည်ဆောက်ထားသော (Social Construct) အမြင် ဖြစ်သည်။ “ငါ” ဆိုသောခံစားချက်သည် လူမှုအသိုင်းအဝိုင်းမှတဆင့် တိုးတက်ဖွံ့ဖြိုးသောအမြင်ဖြစ်သည်။ လူမှုသိပ္ပံအမြင်အရ လူသည် မိမိခန္ဓာကိုယ်နှင့် မိမိခံစားချက်များကို သိနိုင်သော်လည်း လူမှုအသိုင်းအဝိုင်းအတွင်းတွင် နေထိုင်မှသာလျှင် “ငါ” သည် “သူတပါး” နှင့် မည်သို့ကွာခြားသည်ကို သိနိုင်ကြသည်။

အရစ္စတိုတယ်က “လူသည်သဘာဝအားဖြင့် နိုင်ငံရေးသတ္တဝါ (Political Animal) ပါပဲ” ဟုဆိုခဲ့သည်။ ဂရိမြို့ပြနိုင်ငံများအတွက် သူတို့ဘာသာအသုံးအနှုန်းအားဖြင့် နိုင်ငံရေးဆိုသည်မှာ မြို့ပြလူမှုရေးရာတွင်ပါဝင်ခြင်းကိုပင် ဆိုလိုသည်။ လူဟူသည် လူမှုအသိုင်းအဝိုင်းဖြင့်နေသော သတ္တဝါ  (Social Animal) ဟု ဆိုလိုသည်။

ယနေ့လူဟူ၍ ဖွံ့ဖြိုးမှုဖြစ်လာခြင်း သည် အတူနေ အသိုင်းအဝိုင်းနှင့် အတူနေမျိုးတူသတ္တဝါများ တပြိုင်တည်း ဆင့်ကဲတိုးတက်လာခြင်းကြောင့်သာ ဖြစ်ပြီး သဘာဝအားဖြင့်လည်း “လူ” ဟူ၍မရှိမီကပင် “အသိုက်အမြုံ”က အရင်ရှိနှင့်သည်ဟု တွေ့ရမည်ဖြစ်ပါသည်။

ထို့ကြောင့် လူ့အသိုင်းအဝိုင်းအရေးအရာများကို ပြောကြပါလျှင် အသွင်သညာ Identity ကို ဖယ်သတ်ကာ ပြောရန် ဘယ်တော့မှ မဖြစ်နိုင်ချေ။ အထူးသဖြင့် ဦးနှောက်၏ လူမှုရေးရာအစိတ်အပိုင်း (Social lobe) ဖွံဖြိုးသမျှလူများတွင် ဇီဝဗေဒအရပင် လူမှုရေးသညာများကို မှတ်သားစံပြုကြလိမ့်မည်ဖြစ်သည်။ ရံဖန်ရံခါ အစွန်းရောက်တသီးပုဂ္ဂလဝါဒီများက အသွင်သညာကိုဖယ်ရှားရှုမြင်ရန် ပြောကြခြင်းသည် လူမှုရေးသိပ္ပံအရကော၊ ဇီဝသိပ္ပံအရပါ မဖြစ်နိုင်သော အတွေးတွင်သာဖြစ်နိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။

ကျွန်ုပ်တို့အားလုံးသည် ဆင့်ကဲပြောင်းလဲရာမှသည် ယနေ့တိုင် မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်သူများကို စိတ်ပိုင်းဆိုင်ရာပိုမိုနီးစပ်ကြသည်မှာ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဇီဝဗေဒ သဘောတရားများ၏ သဘာဝပင်ဖြစ်လေသည်။

နိုင်ငံ‌ရေးဆိုသည်မှာ လူ့အသိုင်းအဝိုင်း၏ အရေးအရာများပင် ဖြစ်သည်။ နိုင်ငံရေးတွင် အသွင်သညာများကို အာမခံချက်မပေးနိုင်သည့်အခါ ပဋိပက္ခများ ဖြစ်ရသည်။ အထူးသဖြင့် ကိုယ်စားပြုဒီမိုကရေစီနိုင်ငံရေးသည် လူတို့၏ အသွင်သညာများကို လုံခြုံစိတ်ချစေရမည့် အာမခံချက်များကို ပေးရမည့်စနစ် ဖြစ်သည်။ အသွင်သညာများကို လျစ်လျူရှုခြင်းသည် ကိုယ်စားပြုခြင်းကို ထိခိုက်ပြီး အာလုံးပါဝင်နိုင်မှုကို ဟန့်တားလေသည်။

နိုင်ငံရေးတွင် အရင်းအမြစ်နှင့် အာဏာများကို ဖြန့်ဝေသည့်အခါ လူတဦးချင်းစီသို့ မျှဝေရမည်ဖြစ်သလို၊ အုပ်စုတခုချင်းဆီသို့လည်း မျှဝေရသည်။ တဦးချင်းရပိုင်ခွင့်နှင့် အုပ်စုရပိုင်ခွင့်များကို မျှတအောင် ဝေမျှရသည်။ လူတဦးချင်းစီ၏ မူဝါဒပိုင်းဆိုင်ရာလိုလားချက်နှင့် အမြင်များကို တဦးချင်းစီ၏ အတွေ့အကြုံနှင့် သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းများ၏ အတွေ့အကြုံလို လားချက်များက အညမည သက်ရောက်ပါသည်။

ပလေတိုသည် တိုက်ရိုက်ဒီမိုကရေစီ၏ အန္တရာယ်ကို ထောက်ပြခဲ့သူဖြစ်သည်။ ပလေတို၏အမြင်တွင် နိုင်ငံတနိုင်ငံကို ပြည်သူလူထုကို ပေးအုပ်ချုပ်ခြင်းသည် အန္တရာယ်အရှိဆုံးဖြစ်ပြီး မင်းဆိုးဝါဒသို့ သက်ရောက်သွားမည့်အလားအလာအရှိဆုံးဖြစ်သည်ဟု ဆိုသည်။ လူထုသည် လှည့်စားရများစွာလွယ်ကူပြီး လူထုအားလှည့်စားတတ်သည့် လူအကြိုက်လုပ်တတ်သော အာဏာရှင် (Demagoguery) တက်လာသည့်အခါ လူများစွာထောက်ခံသည့်အမှားများစွာကို ပြုလုပ်တတ်သည်ဟု ထောက်ပြသည်။

ထိုအခါ နိုင်ငံနှင့်အစိုးရအတွင်း မတည်ငြိမ်မှုများ တိုးပွားလာပြီး နောက်ဆုံး တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် အာဏာရှင်များ ပေါ်လာတတ်သည်ဟု ဆိုလေသည်။ ယနေ့ခေတ်ဒီမိုကရေစီများတွင် ထိုကဲ့သို့သော အခြေအနေများမဖြစ်ပေါ်ရန် အင်စတီကျူးရှင်းများဖြင့် ကန့်သတ်စီမံကြရာ ကိုယ်စားပြုဒီမိုကရေစီတွင် မတူညီသောအသွင်သညာများဖြင့် ညီမျှစွာကိုယ်စားပြုစေခြင်းသည် ဒီမိုကရေစီ၏ အရေးကြီးသော အစီအမံတခု ဖြစ်ပါသည်။

အရေးတကြီးသတိရရန်တခုမှာ လူတယောက်တွင် အသွင်သညာတခုမက ရှိနေခြင်းဖြစ်သည်။ အချို့အသွင်သညာများသည် အတူတကွ တည်ရှိနေနိုင်သည်။ သာဓကအားဖြင့် လူတဦးသည် လူမျိုး၊ အသက်မွေးဝမ်းကျောင်း၊ နေထိုင်သည့်ဒေသ၊ ကျားမအခြေခံလိင်စိတ်၊၊ ခံယူသည့်နိုင်ငံရေးများသည် အသွင်သညာများအဖြစ် တပြိုင်တည်းတွင် တည်ရှိနေနိုင်ပါသည်။

ထိုအသွင်သညာများသည် လူတဦး၏ “ငါ” ဆိုသော ခံယူချက်ကို တပြိုင်တည်းထောက်ပံ့ဖန်တီးသည့် ထောက်တိုင်များ ဖြစ်လာပါသည်။ ထိုထောက်တိုင် တခုခုဖိနှိပ်ချုပ်ချယ်ခံရသည့်အခါ “ငါ” ဆိုသော ခံစားချက်လေးသည် တုန်လှုပ်ခြောက်ခြားရသည်။ အသွင်သညာတခုကို အခြေခံပြီး နိုင်ငံရေးအရဖိနှိပ်ခံရသောအခါ လူတဦး၏အလားလာကောင်းများ ဖိနှိပ်ခံရခြင်းသို့လည်း ဦးတည်သွားနိုင်ပါသည်။ မိမိကိုယ်ကိုယ်ချစ်စိတ် (Self-esteem) လည်း ကျဆင်းနိုင်သည်။

မြန်မာနိုင်ငံတွင် တွေ့ရသကဲ့သို့ လူမျိုးရေးဖိနှိပ်ခံရသည့်အခါ တိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသမှ ယဉ်ကျေးမှုတဆင့်နိမ့်သည့် လူမျိုးများအဖြစ် မိမိ၏ဖြစ်တည်မှုမျိုးရိုးနှင့် ဘဝနေမှုတို့အပေါ် ပွင့်လင်းလွတ်လပ်စွာဂုဏ်ယူလိုစိတ် ဖိနှိပ်ခံရခြင်း (Suppression of pride for ancestry and own culture) ဖြစ်လာနိုင်သည်။

ဖိနှိပ်ခံရသည့်အခါ ထိုအသွင်သညာကိုဖော်ပြပြီး နိုင်ငံရေးလုပ်ကြသည်မှာ သဘာဝဖြစ်ရုံမက လုပ်ရမည့်အလုပ်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကရှိ လူမည်းများသည် Black Live Matter လှုပ်ရှားမှုကို ပြုလုပ်ကြသည်။ လိင်စိတ်ခံယူချက်ကွဲပြားသူတို့သည် သက်တန့်အလံကိုလွှင့်ထူဝတ်ဆင်ကြသည်။

ဗမာတို့သည် ကိုလိုနီလက်ထက်က ဝံသာနုရက္ခိတစိတ်ဖြင့် အဝတ်အစားမှတဆင့် နိုင်ငံရေးကို ပုံဖော်ကြခြင်း၊ “ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား”ဟု ကြွေးကျော်ခြင်း၊ မျိုးချစ်သီချင်းများ ရေးဖွဲ့သီဆိုခြင်း အမျိုးမျိုးဖြင့် ကိုလိုနီစနစ်ကို အံတုခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ဗမာတို့သည် လူမျိုးခြားဖိနှိပ်ခံရခြင်း မရှိတော့သည့်အတွက် ထိုသို့အံတုခြင်းအစား ယဉ်ကျေးမှုလွှမ်းမိုးရေးလှုပ်ရှားမှု ဖြစ်သွားပြီဖြစ်သည်။

ဗမာစကားကို ဗမာမဟုတ်သည့်ဒေသများကို တင်သွင်းခြင်း၊ ယဉ်ကျေးမှုအားဖြင့် ဗမာ့အစားအစာ၊ ဝတ်စုံ၊ ပုံပြင်၊ လူနေမှုဘဝနှင့် အနုပညာများကို တိုင်းရင်းသားဒေသများတွင် စံပြုအပ်သည့် ယဉ်ကျေးမှုနှင့် ဘဝနေနည်းအဖြစ် ဖော်ပြသင်ကြားခြင်းများ လုပ်နေကြပြီဖြစ်ပါသည်။ ဗမာသည် သွေးကလာသော Identity ဆိုသည်ထက်၊ နိုင်ငံရေး Identity ဖြစ်သွားပြီဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မ ကြားဖြတ်အစိုးရ ကိုယ်စားလှယ်အနေဖြင့် ပင်လုံလက်မှတ်ထိုးခဲ့သည်။ ထိုနေရာကို ဦးနုက ဆက်ခံသည်။ ဦးနုကို ဗိုလ်နေဝင်းက ဆက်ခံကာ တနိုင်ငံလုံးကို တလုံးတည်းဖြစ်အောင် အာဏာသိမ်းသည်။ ဗိုလ်နေဝင်းကိုင်ဆုပ်ခဲ့သောနေရာကို အဆက်ဆက် ဆက်ခံခဲ့ကြသည်မှာ ယခု ၂၀၀၈ အောက်မှ အနိုင်ရခြင်းအခြေတည်ကာ ဖွဲ့စည်းသည့် NUG နှင့် အာဏာသိမ်းစစ်ကောင်စီ အထိဖြစ်သည်။ ထို့ကြောင့် “တနိုင်ငံလုံးဝါဒီ” များသည် ဗမာဇာတ်ဝင်နိုင်ငံရေး အဆက်ပင်ဖြစ်၏။

Related Articles

Back to top button