ထန်တလန်က စစ်ကောင်စီခြေကုပ်စခန်းငယ် သိမ်းပိုက်ခံရပြီးနောက် မြို့အနီး ခွာဖိုကျေးရွာကို လေကြောင်းဖြင့်ပစ်ခတ်
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၄ ရက်၊ ၂၀၂၃။
ချင်းပြည်၊ ထန်တလန်မြို့ ထဲက စစ်ကောင်စီခြေကုပ်စခန်းငယ် သိမ်းပိုက်ခံရပြီးနောက် မြို့အနီး ခွာဖိုကျေးရွာကို လေကြောင်းဖြင့်ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထန်တလန်မြို့ ထဲမှာ ဒီကနေ့ ဩဂုတ် ၁၄ ရက် မနက်ပိုင်း ၅ နာရီခန့်က ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ တပ်စခန်းငယ်တစ်ခု သိမ်းပိုက်ခံခဲ့ရတယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနက်ပိုင်း ၅ နာရီခန့်က စတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား (၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး၊ လက်နက်ငယ် (၆)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော် (၁) ဦးကျဆုံးခဲ့သလို (၈) ဦး ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက (၄)ဦး ဒဏ်ရာ ပြင်းထန်မှု ရှိနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာတော့ ထန်ထလန်မြို့အနီးရှိ ခွာဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်လာလို့ နှစ်ခြင်းဘုရားကျောင်းနှင့် သင်းအုပ်ဆရာ၊ နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ခွာဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ (၉) ဦးထိ ထိခိုက်သေဆုံးခဲ့မှု ရှိခဲ့ပါတယ်။
ဓါတ်ပုံ – Salai William Hlawmceu (ထိခိုက်ပျက်စီးသွားတဲ့ ဘုရားကျောင်းနဲ့ သင်းအုပ်ဆရာ၊ နေအိမ်)