သတင်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLFနဲ့ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ ၂၀ဦးအထိရှိလာ

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLFနဲ့ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ ၂၀ဦးအထိရှိလာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၆ရက်၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖွဲ့စည်းထားတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၂၀ဦးအထိရှိလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
DPLFဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ရက်က ကြေညာပြီးတဲ့နောက်မှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ DPLFနဲ့ပါတ်သက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ အရပ်သား ၂၀ဦးအထိ ရှိလာတယ်လို့ ဆိုပါတယ်။
“မနေ့ညက ဈေးတန်းရပ်ကွက်က တစ်ဦး၊ မြို့မြောက်ဘက်က ညောင်ဝန်းရွာက ၂ဦးဖမ်းခံရတယ်။ အကုန်လုံးက ယောင်္ကျားလေးတွေချည်းပဲ။
အဲဒီတစ်ရွာလုံးကိုလည်း မွှေနှောက်သွားတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာဒေသခံ ၂ဦးနဲ့ လွှစင်ကျေးရွာဒေသခံ ၃ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်ကဖမ်းဆီးခေါ်ဆောင်သွားသလို နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပင်းတယမြို့နယ်၊ ရွာသစ်ရပ်ကွက်နေ ပြည်သူ ၇ဦး၊ ဈေးတန်းရပ်ကွက်နေ ပြည်သူ ၁ဦးကို ဇူလိုင်လ ၂၉ရက်က ဖမ်းဆီးသွားသလို ကောင်းဘို့ကျေးရွာဒေသခံတစ်ဦးကိုလည်း သြဂုတ်လ ၁ရက်ကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ်လ ၃ရက်က ပန်းစစ်ကျေးရွာဒေသခံ ၁ဦး၊ ပေါက်တောရပ်ကွက်နေသူ ၁ဦး၊ ရှမ်းရပ်ကွက်နေသူ ၁ဦးတို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေအားလုံးကို တောင်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ချုပ်နှောင်စစ်ဆေးနေပြီး ဒီကနေ့အထိ မိသားစုဝင်တွေအနေနဲ့ တွေ့ဆုံဆက်သွယ်လို့မရသေးဘူးလို့လည်း သိရပါတယ်။
စစ်တပ်အခြေစိုက်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မရှိတဲ့ ဓနုဒေသမှာ စစ်ကောင်စီကို အရင်က တော်လှန်ခုခံမှုအားကောင်းခဲ့ပေမယ့် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့မှ လက်နက်အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဇူလိုင်လကစတင်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နေတာဖြစ်ပါတယ်။

Photo – DPLFရဲ့ တပ်ဖွဲ့ ဖွဲ့စည်းမှုပုံရိပ်များ

Related Articles

Back to top button