AA အရာရှိ လေ့ကျင့်ရေးသင်တန်းကျောင်းကို ရခိုင်ပြည်မှာ စတင်ပြုလုပ်
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၃ ရက်၊ ၂၀၂၃။
ရက္ခိုင့်တပ်တော် (AA) ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို ရခိုင်ပြည်မှာ ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ AA ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ပါတယ်။
အခု အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကိုတော့ ပြီးခဲ့နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှ စတင်ပြီး သင်တန်းသူ၊ သင်တန်းသား (၃၂၆) ယောက်နဲ့ ရက္ခိုင်ပြည်မှာ စတင်ဖွင့်လှစ်ခဲ့ခဲ့တာပါ။
အဲဒီအမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေး သင်တန်းကျောင်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော်၊ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တိုအား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) ကိုတော့ ပထမဆုံးအကြိမ် ရက္ခိုင်ပြည်မှာ ဖွင့်လှစ် နိုင်ခဲ့တာပါ။
အခုတော့ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားလျက်ရှိပြီး ဖွင့်လှစ်မည့်အချိန်တို့ကို အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသောသူများ လူငယ်၊ လူရွယ်များအနေဖြင့် အရာရှိလောင်းလေ့ကျင့်ရေးသင်တန်းတက်ရောက်ဖို့ နီးစပ်ရာ စစ်ဒေသများမှ တစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး နှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင် ပါကြောင်း သတင်းထုတ်ပြန် ထားပါတယ်။
အခု ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အရရှိသင်တန်းကိုတော့ အနာဂတ်ရက္ခိုင့် တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့်ရည်မှန်းချက်များကို တပ်တော်တည် ထောင်ပြီး စကတည်း ကပင် အစဉ်တစိုက်လုပ်ဆောင်လာခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတိုမျှော်မှန်းချက်ထားသော အနေအထားသို ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကိုတော့ (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့က သင်တန်းသူ၊ သင်တန်းသား (၁၃၈) ဦးဖြင့် ကချင်ပြည်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ပုံစာ – AA / အရရှိသင်တန်းကျောင်းဆင်းပွဲ အခမ်းအနားမြင်ကွင်း။