တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 32, April 21, 2023)

၁။    ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲ နှစ်ရက် အတွင်း စစ်ကောင်စီတပ််မှအနည်းဆုံး ၃၀ ဝန်းကျင် သေဆုံး
       April 19, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ဒေါညေးခူကျေးရွာအနီး တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ၃၀ ဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။ ဧပြီလ ၁၆ ရက်နေ့ကစပြီး ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ အနီး တောင်ကြောမှာ KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါ တယ်။ “၁၆ ရက်နေ့မနက်ပိုင်းစဖြစ်တယ် မနက် ၇ နာရီလောက်မှာ။နောက်ပြီးတော့မှ နေ့လည်မှာ လေယာဉ်နဲ့လာပစ်ခံရတယ်။ ညနေ ၃ နာရီ ၄ နာရီကြားထဲမှာ တစ်ခါလေယာဉ်နဲ့လာပစ်ခံရတယ် အဲ့ဒါ ၁၆ရက်နေ့။ နောက် ၁၇ ရက်နေ့ည ၁၂ နာရီမှာ လာပစ် ခံရတယ် တစ်ခါပစ်တာ သုံးခေါက်လာပစ်တယ်ပြောတယ်။ နောက်ပြီးတော့ မနေ့ည ညနေ၅နာရီထိ လာပစ်တယ်လေ။ မနေ့က လည်း သုံးခေါက်လာပစ်တယ်ပြောတယ်။ အဲ့ဒါ မနေ့ကထိမေးကြည့်တာတော့ အကျအဆုံးတော့ရှိတယ် အနည်းဆုံး ၂၀၊ ၃၀ လောက်ကျမယ်။ နောက်ပြီးတော့မှ ဒဏ်ရာတချို့ရတယ်။ လက်နက်လည်းရတယ်။” လို့ ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းအပါအဝင် RPG ၊ ငါးကြင်းမြီး၊ MA သေနတ်၊ ကျည်ဘောက်၊ ကျည်ဆံ၊ မိုင်းရှာစက်၊ မိုင်း၊ Laptop ၊ ဖုန်း စတဲ့ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၆ ရက် နေ့နဲ့ ၁၇ ရက်နေ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း နှစ်ရက်တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်းမှာ KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF ပူးပေါင်းတပ်ဖွဲ့ကနေ စစ်ကောင်စီတပ်ဖြစ်တဲ့ စကခ(၂) လက်အောက်ခံတပ်ရင်း၊ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ် က ပြောပါတယ်။ မတ်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၉၀ ဝန်းကျင်သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ဒေါတမကြီး၊ ဒေါညေးခူကျေးရွာအနီးမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။ အထိအခိုက်၊ သေဆုံးမှုများပေမယ့်လည်း အင်အားထပ်မံ ဖြည့်တင်းထားပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို နယ်မြေစိုးမိုးရေး ကြိုးစားနေတာဖြစ်တယ်လို့ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။ https://www.kantar awaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80 %b1%e1%80

၂။     လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာဒေသခံ ၆၀ ခန့်အား စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးထား
       April 21, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာအတွင်း ရဲနဲ့စစ်သား ၅၀ ထက်မနည်းရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး အရပ်သား ၆၀ လောက်ကို ဒီကနေ့မနက် ၅ နာရီလောက်မှာ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှော်ပုံဘုန်းကြီးကျောင်းမှာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ထားဆဲ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။ ” စစ်ကြောင်းတွေ မနက်အစောကြီး ၅ နာရီ လောက်က တည်းက ရောက်လာတယ်။ ရွာကို ဝိုင်းထားတယ်။ အဓိက ကတော့ မှော်ပုံပေါ့”လို့ ဒေသခံက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ကနေ ဖမ်းဆီးထားတဲ့ မှော်ပုံကျေးရွာဒေသခံတွေကို လမ်းမပေါ်ထွက်ခိုင်းပြီး ‘အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလိုမရှိ’လို့ ကြွေးကြော်ခိုင်းပြီး ဗွီဒီယို၊ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူခဲ့ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတာ ဖြစ်နိုင်တဲ့အပြင် စစ်ဆေးမေးမြန်းဖို့ လည်း ဖြစ်နိုင်တယ်လို့ မှော်ပုံကျေးရွာအနီးက ဆန်ခါကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၁၈)ရက်နေ့ကလည်း မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှာရှိတဲ့ ကျေးရွာနေ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီယာဉ်တန်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ပါတယ်။ အခုလို စစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ များလာနေပြီး အခုလိုလုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့ အထက်ပါဆန်ခါကျေးရွာသားက ဆိုပါတယ်။ ဒီကနေ့မနက် အစောပိုင်းကလည်း ဖားကန့်မြို့အတွင်းလက်နက်ကြီး ပစ်သံတွေပါ ကြားရတယ်လို့လည်း သိရပါတယ်။ https://www.fac ebook.com/myitkyinan ewsjournal.mm/photos/a.182072622159000/1880652115634367/

၃။    မြဝတီမြို့အနီး ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့် BGF ၇၀ နီးပါးသေဆုံး
       April 20, 2023

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲများ၌ အထိနာနေသောစစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းတွင် လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။  မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်ရှိ ကျောက်မိုင်းများဒေသ၌ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ BGF တပ်တို့ ယမန်နေ့နှင့်ဧပြီ ၁၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနှစ်ရက်ဆက်တိုက်ပွဲတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ထို့ပြင်လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းနှင့်စစ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ ပူးပေါင်းစစ်ကြောင်းဘက်မှ ရဲဘော်နှစ်ဦးကျဆုံး၍ ရဲဘော်၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ” ကျဆုံးတာက  Venom စစ်ကြောင်းက ရဲဘော်တစ်ဦးနဲ့ အခြားစစ်ကြောင်းက ရဲဘော်တစ်ဦး။ ကော်ဘရာက အထိ ခိုက်တော့ရှိတယ် “ဟု ကော်ဘရာစစ်ကြောင်းရဲဘော်တစ်ဦးက ပြောသည်။

မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်း များက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်နေရာယူ၍ စစ်ကောင်စီတပ်နှင့်BGF စခန်းများကို တိုက်ခိုက်နေရာ ယခုလအတွင်း ၌ ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ် ကြောင်း (၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်း စစ်ကြောင်းများနှင့် စစ်ကောင်စီ၊ BGF တပ်တို့သည် ယခုလ ၁ ရက်မှ ၁၃ ရက်အထိ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင် BGF တို့မှ ၄၅ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ပူးပေါင်းစစ် ကြောင်းများက သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ရဲဘော် ၇ ဦးကျဆုံးခဲ့သည်။ မြဝတီမြို့အနီးတွင် သင်္ကြန် ကာလအတွင်း၌ တိုက်ပွဲအနည်းငယ်ပြန်ငြိမ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူယူ၍  မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းနေရာများဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် ဧပြီ ၁၈ ရက်မှစ၍တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။  “လက်နက်ကြီးက အတွဲလိုက်ဟာတွေနဲ့ကို ပစ်တာ။ နေ့တိုင်းလိုလိုကြားနေရတာ။ ညကလည်း  ၁၀ နာရီကျော်အထိ ပစ်သံတွေ ကြားရတယ်”ဟု မြဝတီမြို့တွင်း၌ နေထိုင်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။ https://www.facebook.c om/photo?fbid=592110309619601&set=a.583749347122364

၄။   နောင်ချိုမှာ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ
April 20, 2023

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား နှစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ထဲမှာ ဧပြီလ ၂၀ အထိ စစ်ရေးတင်းမာ နေတာကြောင့် ဒိုးပင်၊ ကုလားကွဲစတဲ့ ရွာတွေက ဒေသခံ ၁၀၀၀ ကျော် နီးစပ်ရာ နေရာတွေကို ထပ်မံထွက်ပြေးနေရပါတယ်။ နောင်ချိုမြို့နယ်အတွင်းက ဟိုခို၊ ဟိုခဲ၊ သံဘို၊ ကုန်းကြီးစတဲ့ရွာတွေမှာ ဧပြီလ ၅ ရက်နေ့ကနေ ၁၇ ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်း မှာတော့ သံဘိုရွာက လသားအရွယ် ကလေးတစ်ယောက်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ရပြီး သုံးယောက် ဒဏ်ရာရခဲ့ပါ တယ်။ ထွက်ပြေးရတဲ့သူ ၃၀၀၀ ကျော်ရှိတဲ့အတွက် အခုထပ်ပြီး ပြေးရတဲ့သူတွေနဲ့ ပေါင်းရင် ၄၀၀၀ ကျော်ရှိနေပါပြီ။ ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်းမှာ နောက်ပြန်ဆုတ်လာတဲ့ PDF တပ်ဖွဲ့တွေ ဒိုးပင်၊ ကုလားကွဲရွာတွေနား ရောက်လာတာကြောင့် စစ်ကောင်စီဘက် က ထိုးစစ်ဆင်မှာစိုးရိမ်လို့ ထွက်ပြေးကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။ သူတို့ကို နောင်ချိုနဲ့ ပြင်ဦးလွင်မြို့ကြားမှာရှိတဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ လက်ခံကူညီပေးနေကြတယ်လို့ ပြောပါတယ်။ ဟိုခို၊ ဟိုခဲနဲ့ အနားတစ်ဝိုက်ရွာတွေက ဒေသခံ ၃၀၀၀ ကျော် ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကုန်းကြီးရွာသားတစ်ယောက်က ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းကစလို့ ဟိုခို၊ ဟိုခဲရွာတွေနားကနေ PDF တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာကြောင့် တိုက်ပွဲတွေ ငြိမ်သွားခဲ့တယ်လို့ဆိုပါတယ်။ ဧပြီလ ၁၈ ရက် နေ့မှာတော့ ကျေးရွာသားတွေ သူတို့ နေရပ်က နေအိမ်တွေကို သွားပြန်ကြည့်ရင်း ဟိုခဲရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးမိုင်းနင်းမိလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ဒေသခံကပြောပါတယ်။ သူ့ကို ပြင်ဦးလွင် စစ်ဆေးရုံကို ပို့လိုက်တယ်လို့ ဒေသခံကပြောပါတယ်။ အိမ် ၇၀ လောက်ရှိတဲ့ သူတို့ ရွာမှာ အိမ်အလုံး ၂၀ လောက် လက်နက်ကြီးထိမှန် ပျက်စီးနေတာကို တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဟိုခဲရွာသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့အိမ်က အပြင်မျက်နှာကြက်ရယ်၊ တံခါးပေါက်မှန်တွေ အကုန်လုံးကွဲတယ်။ တံခါးပေါက်မကြီးလည်း အကုန်လုံးကွဲတယ်။ ပြီးရင် ကျနော်တို့ တဲတွေရဲ့ သွပ်တွေ လည်း အကုန်လုံး ပေါက်တာပေါ့။ တချို့အိမ်တွေလည်း အတော်လေး ပျက်စီးတယ်။ နေလို့မရတော့တဲ့အဆင့်ထိ ဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့ မကြုံဖူးဘူးဗျ။ ကျနော့် အဖေ ခေတ်မှာတောင်မှ တစ်ခါမှ မကြုံဖူးဘူးလို့ပြောတယ်ဗျ။ ပြီးရင် ဒီရွာထဲမှာ တစ်အိမ်က ပြောင်းဖူးပုံကြီး မကြိတ်ရသေးတာ မီးလောင်သွားတာ၊ သိန်း ၁၅၀ တန်ဖိုးလောက်တောင် ရှိမယ်ထင်တယ်။ ကျနော်တို့ အိမ်နားလေးတွေကတော့ လက်နက်ကြီးကြောင့်ပဲဗျ။ လေယာဉ်ပျံကြဲ တဲ့ဟာတွေလည်း ရှိတယ်ဗျ” မန္တလေး PDF တပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ရှိသူ ကိုအက်စမွန်ကတော့ နောင်ချိုမြို့နယ် အတွင်းမှာ ဧပြီ ၅ ရက် နေ့ကနေစပြီး သပြေညိုစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်က မြေပြင်အင်အား ရာနဲ့ချီ အသုံးပြုခဲ့သလို လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ အပြင်း အထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုခို၊ ဒိုးပင်စတဲ့နေရာတွေဟာ စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်လို့ စစ်ကောင်စီဘက် ကလည်း PDF တပ်ဖွဲ့တွေ ခြေကုပ် မယူနိုင်အောင် အပြင်းအထန်ကာကွယ်တဲ့ အနေအထား ဖြစ်နိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် ပြင်ဦးလွင်-မိုးကုတ်နဲ့ နောင်ချို-မိုးကုတ်လမ်းပိုင်းတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https:/ /www.rfa. org/burmese/program_2/refugee-fleeing-naungcho-04202023051449.html

၅။    KIA တပ်ရင်း ၆ ကို စစ်ကောင်စီ လေကြောင်းကနေ ထပ်မံတိုက်ခိုက်
       April 20, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ကို စစ်ကောင်စီတပ်က မနေ့က တိုက်ခိုက်ရေး ဂျက်လေယာဉ်သုံးစင်းနဲ့ လာပစ်သွားတယ်လို့ ဒေသခံ တွေနဲ့ KIO တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့ ညနေ ၅ နာရီကျော်မှာ လာပစ်သွားတာဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့ဝင်တွေ ကြိုရှောင် နိုင်ခဲ့တာကြောင့် သေဆုံး၊ ထိခိုက်တာမရှိပေမယ့် အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ “မနေ့က ညနေ ၅ နာရီခွဲလောက်မှာ လာပစ်တာပေါ့၊ လေယာဉ်က သုံးစင်းလို့ သိရတယ်။ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ကနေ တက်လာပြီး လာပစ်သွားတယ်လို့ ပြောတယ်။ လူတွေက စောစောရှောင်သွားနိုင်တော့ ထိခိုက်တာမရှိဘူး။ အဆောက်အအုံတွေ နည်းနည်းပါးပါးတော့ ပျက်စီးသွားတယ်လို့ ကြားတယ်” ၂၀၂၃ မတ်လ ၁၀ ရက်နေ့ကလည်း အခု KIA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခဲ့တာကြောင့် ဒါဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်က မနေ့က ကေအိုင်အေ တပ်ရင်း (၆) ကို လေယာဉ်သုံးစင်းနဲ့ ကိုးကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်ကြားရတာကလည်း ဂျက်ဖိုက်တာ သုံးစင်းနဲ့ ကိုးကြိမ် လာပစ်တယ်။ ကိုးကြိမ် ပစ်တဲ့အထဲမှာ တစ်လုံးတော့ မပေါက်ကွဲဘူး။ ရှစ်လုံးက ပေါက်ကွဲသွားတယ်။ လူတွေ တော့ ထိတာမရှိဘူးလို့ ကြားတယ်” ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ၂၀၂၃ မတ်လ ၂၃ ရက်ကနေ ဧပြီ ၉ ရက်နေ့ထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးခဲ့ပြီး KIA နဲ့ PDF အဖွဲ့တွေ ရှိတဲ့နေရာ ကို လေကြောင်းကနေ ၁၅ ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင် တွေက ပြောပါတယ်။  https://www.rfa.org/burmese/news/kia-attacked-airstrikes-04202023052543.html

၆။    ဖယ်ခုံမှ လွိုင်ကော်မြို့နယ်သို့ တက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး
       April 21, 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်အနီးတွင် အင်အားဖြည့်ရန် တက်လာသည့် အကြမ်းဖက်စစ် ယာဉ်တန်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်သားအများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ နံနက် အစောပိုင်း ၂ နာရီခန့် က ရှမ်းပြည်နယ်တောင် ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမောဆိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် ချီတက်လာသော အ ကြမ်းဖက်စစ်ကား အစီး ၂၀ ကို လွိုင်ကော်- မိုးဗြဲ ကားလမ်းမ တစ်နေရာ၌  ကရင်နီအမျိုးသားကာကွယ် ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ “ဖယ်ခုံကနေ တက်လာ တာ၊ လွိုင်ကော်မြို့အဝင်နားမှာ မိုင်းဆွဲခဲ့တာလို့ ပြောတယ်၊ ပျက်သွားတဲ့ကားကို ပစ်ထားခဲ့ပြီး ခရီးဆက်လက်တာတယ်ပြော တယ်၊ မိုင်းဆွဲတဲ့နေရာနားမှာက တပ်တွေရှိတာဆိုတော့ အဲဒီတပ်တွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ ပြည်သူ ၂ ဦး လည်းထိခိုက်ဒဏ်ရာရတယ်၊ အဲဒီစစ်ကြောင်းက အခုမိုက်ကန်းရွာဘက်မှ အင်အား ၁၀၀ လောက်ရောက်နေတယ်၊ လောပိတာ ဘက်ကို ဦး တည်နေတဲ့အနေအထားပေါ့၊ ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း တိုက်ပွဲဖြစ်နေတော့ အဲဒီဘက်ကိုလည်း စစ်ကြောင်းခွဲ ထားတယ်၊ အင်အားကတော့ ဘယ်လောက်ပါမလဲ ခန်းမှန်းလို့မရသေးဘူး”ဟု ကရင်နီစစ် ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်းသားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်ကာ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတလျှောက်ကိုလည်း ပိတ် ဆို့စစ်ဆေးနေကြောင်းသိရသည်။ အလားတူ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို KA၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းမှ ဒဏ်ရာရ စစ်သားများကို ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်လေ့ကျင့် သင်တန်းကျောင်းဘက်သို့ ထမ်းသယ်သွားကြောင်း သိရသည်။ https://www.facebo ok.com/photo/?fbid=579722427588701&set=a.568142255413

၇။   ဟားခါးမြို့ပေါ် အခွန်ကောက်ခြင်းမပြုရန် ဟားခါး ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ကြေညာ
      April 20, 2023

တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် အခွန်ကောက်ခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကုန်စျေးနှုန်း များ အဆမတန်တိုးမြှင့်ခြင်းများ မပြုလုပ်ရန် အသိပေးကြေညာလိုက်ကြောင်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက ယမန်နေ့ တွင် အသိပေးထုတ်ပြန်သည်။ အသိပေးချက်အား မလိုက်နာပါက ဥပဒေအတိုင်း အရေးယူမည်ဟုလည်း ဖော်ပြထားသည်။ စစ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏စစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး မတရားအာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ စား၊ဝတ်၊နေရေးအပြင် ဒုက္ခမျိုးစုံခံစားနေရ၍ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဟားခါးမြို့၌ စစ်ကောင်စီက လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်မှုကိုလည်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက တားမြစ်ထားပြီး မီတာခ လုံး၀ ပေးသွင်းခြင်းမပြုရန်၊ စစ်ကောင်စီ ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာ နှင့် လျှပ်စစ်ဝန်ထမ်း များက မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုထံလာရောက်နှောက်ယှက်ခြင်း ပြုလုပမှုများ တွေ့ရပါက လိုအပ်သလို အရေးယူ သွားမည်ဟု  မတ်လ ၂၇ ရက်က ကြေညာထားသည်။ https://www.facebook.com/photo/?fbid=567883535410443&se t=a.559396186259178

၈။     KNLA တပ်မဟာ ၅ ထံ စစ်ကောင်စီတပ်သား လေးဦး လက်နက် ၄ လက်ဖြင့် အလင်းဝင်
     April 20, 2023

KNU-KNLA တပ်မဟာ ၅ ထံ စစ်ကောင်စီတပ်သား လေးဦး လက်နက် ၄ လက်ဖြင့် အလင်းဝင်လာခဲ့ကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားအချို့သည် KNLA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လျက်ရှိကြောင်း၊ ဧပြီ ၁၀ ရက် ၊မနက် ၉ နာရီ၊ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီ ခမရ ၃၄၁ မှ တပ်သား ၄ ဦးဖြစ်သည့် မောင်တိုးတိုး ၂၈ နှစ်၊ အောင်ပိုင်ဖြိုး ၂၃ နှစ်၊ ရဲထက်ကျော် ၂၁ နှစ်နှင့် ချိုလွင်ဦး ၃၀ နှစ်တို့သည် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား လေးဦးနှင့် အတူ MA-1 လေးလက်၊ ကျည်ဆံအပြည့်ပါ ကျည် ဘောက် ၁၆ ချပ်၊ လက်ပစ်ဗုံး ၂လုံး နှင့် ခွင်းဗုံး ၅လုံးအား KNLA တပ်မဟာ ၅ ထံ အပ်နှံခဲ့သည်။ အလင်းဝင်ရောက်လာသည့် တပ်သားများ ပြောကြားချက်အရ ရှေ့တန်းစခန်းများတွင် စစ်ခေါင်းဆောင်များ၏ နိုင်ထက်စီးနင်းဆက်ဆံမှု၊ အထက်ခေါင်း ဆောင်းများ ၀၀လင်လင်စားနေရချိန် လက်အောက်ငယ်သားများ မ၀ရေစာ စားသုံးနေရမှုအပေါ် ဆက်လက်သည်းခံနိုင်စွမ်းမရှိ သဖြင့် အလင်းဝင်ရောက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ထို့ပြင် အလင်းဝင်ရောက်လာသူ လေးဦးသည် KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်သားများနှင့်အတူ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်သွားမည်ဟုလည်း ပြောကြားခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.fa cebook.com/photo/?fbid=201360925989618&set=a.12 1904670601911

၉။  ဒေါ်အောင်ဆန်းကြည် ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေအပေါ် အယူခံတမှုနဲ့ပြင်ဆင်မှုနှစ်မှုကို ပြည်ထောင်စုတရားလွှတ် တော်ချုပ်ကလက်ခံ
April 20, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ပြစ်ဒဏ်ချ မှတ်ထားတဲ့အပေါ် အယူခံမှုတက်ထားတဲ့အမှု တမှုနဲ့ ပြင်ဆင်မှုတက်ထားတဲ့ နှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချူပ်က လက်ခံလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီလ ၁၉ ရက်မှာ  အဲဒီအမှုသုံးမှုအတွက် လက်ခံကြားနာပြီးနောက် အမှုတွေကို နှစ်ဘက်လျှောက်လဲချက်ပေးဖို့ လက်ခံလိုက်တာပါ။ “အမှု တွေကို လက်ခံလိုက်တယ်ဆိုရင် တရားလိုနဲ့ စွပ်စွဲခံရသူနှစ်ဘက် အပြန်အလှန် လျှောက်လဲချက်တွေပေးရမှာပေါ့၊ ဘယ်နေ့ပေး ရမယ်ဆိုတာတော့ ရုံးကပြန်ရက်သတ်မှတ်ပေးမှာပေါ့၊ ဒါကလုပ်နေကျအတိုင်းပါပဲ”လို့ တရားရေးနဲ့ နီးစပ်သူတဦးကပြောပါ တယ်။ NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုအပေါ် အဂတိမှုနဲ့ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် အယူခံ တက်တဲ့ အမှု၊ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က) အမှုနဲ့  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ – ၃ (၁) (ဂ) အရ ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် ပြင်ဆင်မှု တင်သွင်းတာတွေကို တရားလွှတ် တော်ချုပ်ကလိုက်ခံလိုက်တာပါ။ “ခရိုင် ရုံးကအမှုတွေကို တရားလွှတ်တော်ချူပ်ကိုတက်တာတို င်းလွှတ်တော်မှာ အဆင်မပြေလို့ကြားတယ်၊ အဲဒါ့ကျတော့ပြင်ဆင်မှု တွေဖြစ်မယ်၊ခရိုင်ကနေ တိုင်းဆိုရင်အယူခံက တခါပဲတက်ရတယ်၊အယူခံပြီးရင်ပြင်ဆင်မှုပဲ အဲဒါ့တွေကိုလက်ခံရေးပေးပြီးတော့ လက်ခံလိုက်တဲ့သဘောနေမှာပါ ” လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေတဦးက သုံးသပ်ပါတယ်။

အဲဒီအမှုတွေအတွက် စစ်အုပ်စုတရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ထောင်ဒဏ်ငါးနှစ်စီချမှတ်ထားတာပါ။ စစ်တပ်က အာဏသိမ်းပြီးနောက် အသက် ၇၈ နှစ်ရှိပြီတဲ့ ဒေါ်‌အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှု တွေအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားတာပါ။ စစ်ကောင်စီတရားရုံးက အမှုတွေအပေါ် ပြစ်ဒဏ်တွေချမှတ် ခဲ့ပြီးနောက် အဲ့ဒီပြစ်ဒဏ်တွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ဘက်က အယူခံတွေဆက်တင်ခဲ့တာပါ။ စစ်ကောင်စီတရားရုံး က ဒေါ်အောင်ဆန်းစုကြည် အပေါ် ကနဦးအမိန့်ချထားတဲ့ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ နိုင်ငံတော်အကြည်ညိုပျက် စေမှု စတဲ့အမှု ခြောက်မှုအတွက်လည်းအထူးအယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခွင့်မရသေးတာကြောင့် ရှေ့နေကိုယ်စားလှယ်လွှဲစာ ယူဖို့ကြန့်ကြာနေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါ တယ်။ “ဒေါ်စု နဲ့တွေ့ဖို့ဆိုပြီး သူရှေ့နေအဖွဲ့တောင်းနေတာ မရသေးဘူးလို့ ကြားတာပေါ့၊ အမှုခြောက်မှုအတွက် အထူးအယူခံ တက်ဖို့လုပ်နေကြတာပေါ့၊ ရှေ့နေနဲ့ မတွေ့ရတော့ အယူခံရက်တွေ ကျော်သွားမှာကိုတော့ စိတ်ပူရတယ်၊ သူကသာမန်အားဖြင့် ရက်ပေါင်း ၉၀ အတွင်း အယူခံတွေတက်ရမှာပေါ့”လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေတဦးက သုံးသပ်ပါတယ်။ https://www .facebook.com/photo/?fbid=615619160611165&set=a.605723148267433

၁၀။  ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမရှိလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီတပ်ဖွဲ့ဝင်တွေ ဆေးကုသရေးအခက်တွေ့နေ
April 20, 2023

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတာ နှစ်နှစ်ကျော်လာချိန်အထိ ကျန်းမာရေးကျွမ်းကျင်သူ မရှိ တာကြောင့် တပ်ဖွဲ့ဝင်တွေ ဆေးကုသရေး အခက်အခဲတွေကြုံနေရတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-မတူပီ) တာဝန်ရှိသူတဦးက ပြောပါတယ်။ “ ကျွန်တော်တို့ ရဲဘော်တွေ ဆေးသင်တန်းတွေတက်ပြီး ဆောင်ရွက်ရပါတယ်၊ မတူပီက ကျန်းမာရေးအဖွဲ့ ကလည်း ပြည်သူ့ကျန်းမာရေးကို ဆောင်ရွက်နေရတဲ့အခါမှာ CDF မတူပီရဲဘော်တွေအတွက်ဆိုတာ လုံးဝကို မရှိ ဖြစ်နေတာပါ၊ ရှိတဲ့ ဆရာမတွေနဲ့ပဲ မရမက ကုရတယ်”လို့ သူကပြောပါတယ်။ မကြာမီ မိုးရာသီရောက်တော့မှာ ဖြစ်တဲ့ အတွက် ကျန်းမာရေးဝန်ထမ်းမရှိရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အခက်ပိုတွေ့နိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို အခြေ အနေတွေကြောင့် လက်ရှိမှာ ဆေးပညာနဲ့ တော်လှန်ရေးမှာပါဝင်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကြိုဆိုဖိတ်ခေါ်တယ်လို့ CDF- မတူပီ က ထုတ်ပြန်ထားပါတယ်။

“ ဖျားတဲ့ လူနာတွေ ရှိရင်လည်း လေး၊ ငါးရက်လောက် စောင့်ပြီးတော့ ကျန်းမာရေး (ကုသမှု) ခံယူရတာပေါ့လေ၊ မတူပီ ကျန်းမာရေး (အဖွဲ့)က မအားတဲ့အခါမှာ စောင့်ရတာပေါ့”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တာဝန်ရှိသူကပြောပါတယ်။ ပူးပေါင်းလိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ CDF-မတူပီ ဌာနချုပ်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး မိသားစုရှိ ရင် စားဝတ်နေရေး တာဝန်ယူပေးမှာဖြစ်သလို ပြည်တွင်း၊ ပြည်ပက လာရောက်ရမယ့်သူတွေကို ခရီး စရိတ်တာဝန်ယူပေးမယ်လို့ လည်း အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ လတွေက မတူပီဒေသတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏပြင်းထန်ခဲ့ပြီး တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု ကောင်း ကောင်းမရသလို ဖျားနာမှုဖြစ်သူတွေလည်း အလားတူအခက်အခဲဖြစ်နေကြတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တာဝန်ရှိ သူက ပြောပါတယ်။ https://www.facebook.com/photo/?fbid=615767050596376&set=a.605723148267433

၁၁။    ဆီဆိုင်မြို့နယ်တွင် ရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေအခက်အခဲကြုံနေ
April 20, 2023

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ မိုးခေါင်ရေရှားပြီး ရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေအခက်အခဲ ကြုံနေ ရပါတယ်။ အဆိုပါကျေးရွာတွေဟာ နောင်ကျော၊ လွယ်ပွတ်၊ ပင်စုံ၊ ပါလောပါကယ်၊ နားခိုက် စတဲ့ကျေးရွာအုပ်စုထဲမှာရှိပြီး ဒီနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်ကစ ရေရှားပါးမှုပြဿနာနဲ့ ကြုံနေရတာလို့ ဆီဆိုင် စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ ခွန်ကျော်ဆွေ က ပြောပါတယ်။ “အဲဒီကျေးရွာအုပ်စုတွေမှာ ရွာပေါင်း ၅၀ ရှိရင် ရေရှိတဲ့ရွာက ၂ ရွာ ၃ ရွာပဲ။ အဓိကက မိုးမရွာ တာပေါ့နော်၊ ရာသီဥတုပူတော့ စိမ့်ရေစမ်းရေတွေ ခန်းခြောက်ကုန်တယ်။ ခါတိုင်းနှစ်လည်း နွေရာသီဆို ရေရှားပါတယ်။ ဒီနှစ်ကျ မှ ပိုဆိုးနေတယ်။ ရေဝယ်ပြီး မျှသုံးနေရတယ်။ ရေက ၇ ပေပါပုံးဆံ့တဲ့ ရေစည် ၁ စည်ကို ၂,၀၀၀ ကျော် ပေးဝယ်ရတယ်။ ရေကို လုံလုံလောက်လောက် မချိုးရတော့ ဝဲတွေ၊ ယားနာတွေ၊ အပူဖုတွေ ပေါက်ကြတယ်။” မြို့နယ်ကျေးလက်ဦးစီးဌာနက ရေတွေ လိုက်ဝေပေးပေမဲ့ သူတို့ဆီမှာလည်း ကား ၁ စီးပဲ ရှိတာကြောင့် လုံးဝမလောက်ငကြောင်း၊ အဆိုပါကျေးရွာတွေမှာ ပွန်ချောင်းနဲ့ နမ့်တဘက်ချောင်းစတဲ့ ရေအရင်းအမြစ်တွေရှိပေမဲ့ ရွာနဲ့လွန်စွာဝေးသလို တောင်ပေါ်ကို သယ်ယူရမလွယ်ကူကြောင်း၊ အဝီစိ တွင်းတူးသော်လည်း တောင်ပေါ်ရွာဖြစ်တာကြောင့် အနက် ပေ ၄၀၀ – ၅၀၀ ထိတူးတောင် ရေမထွက်ဘူးလို့ ပြောပါတယ်။

အဆိုပါကျေးရွာတွေဟာ ရှမ်း-ကယားနယ်စပ်နဲ့နီးပြီး ကယားပြည်နယ်ဘက်က ထောင်နဲ့ချီတဲ့ စစ်‌ဘေးရှောင်ပြည်သူ တွေကိုလည်း လက်ခံထားရကြောင်း၊ ဒါကြောင့် ရေအလှူရှင်တွေ လိုအပ်နေတယ်လို့ ခွန်ကျော်ဆွေ ကဆက်ပြောပါတယ်။ “အလှူငွေရရင်တော့ ရေစည်ကားဝယ်ပြီး ရွာထဲလိုက်ဝေပေးတာပေါ့။ ဖြစ်နိုင်ရင်တော့ ရွာတိုင်းမှာ ရေလှောင်အုတ်ကန်တွေ ဆောက်ပေးချင်တယ်။ မိုးရေတွေ သိုလှောင်ထားလို့ရတယ်။ အခုက အိမ်အတော်များများမှာ ရေပုံးလေးတွေပဲရှိတယ်။ ရေအများ ကြီး လှောင်စရာနေရာမရှိဘူး။ လှောင်ကန်က ၁ ကန်ကို ကျပ် ၃-၄ သိန်းလောက်နဲ့ လုပ်လို့ရပါတယ်။ ရေအရင်းအမြစ် သုတေသနတွေ လာလုပ်ပြီး ခုနကပြောတဲ့ နမ့်တဘက် ချောင်းနဲ့ ပွန်ချောင်းကရေတွေ တောင်ပေါ်ကို သွယ်တန်းပေးနိုင်ရင် ပိုကောင်းမယ်။” ရေလှူချင်သူတွေအနေနဲ့ ဆီဆိုင်ဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ၀၉ ၇၈၆၁၅၅၉၉၈ (ခွန်ကျော်ဆွေ) ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/archives /589304

၁၂။     ရွှေကူမြို့ပတ်လည်တွင် စစ်ကောင်စီတပ် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်လှုပ်ရှားနေ
April 20, 2023

ဗန်းမော်ခရိုင် ရွှေကူမြို့ပတ်လည်တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၃ နာရီ ဝန်းကျင်မှစကာ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ် အင်အား ၂၀၀ ထက်မနည်း လာရောက်ပို့ဆောင်ထားပြီး မြို့ပတ်လည် တပ်ဖြန့်နေယူနေ ကြောင်း ရွှေကူမြို့နေ ဒေသခံတစ်ဦးကပြောသည်။ “အခုက စစ်သားတွေကမြို့ကိုပတ်ပတ်လည် ဝိုင်းထားတာဘာတွေဖြစ် လာ မလဲမသိဘူး။ ခုမနက် ၃ နာရီ ထိုးကတည်းကနေ သူတို့ကတပ်ဖြန့်နေတာ မနက် သုံးနာရီမှာ ငပေါက်ဝဘက်ကို စစ်ကား ၂ စီးနဲ့ စစ်သားတွေသွားချတယ်။ ကားကတော့ ပြန်လာတယ်ပြီးတော့ ၄ နာရီထိုးမှာ စစ်သားတွေပြန်လာတင်ပြီးမှ တခြားဘက်ကိုပြန် သွားချတယ်။ ကျွန်မတို့ကအိပ်လို့ မပျော်ဘူးလေ။ သူတို့လှုပ်ရှားမှုကိုပဲစောင့်ကြည့်နေရတာ”ဟုပြောသည်။ ဧပြီလ ၁၂ ရက်နေ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းမှ ဆုတ်ခွာလာသည့် စစ်ကြောင်းသည် မြို့‌ပေါ်ရှိဘုန်းကြီးကျောင်းများတွင် တစ်ပတ်ကြာတပ်စွဲနေထိုင် ခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့မှစပြီး ရွှေကူမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်အင်အား ၁၅၀ ဝန်းကျင် စစ်ကြောင်း ထိုးသွားကြောင်းသိရသည်။ ထို့နောက် အဆိုပါစစ်ကြောင်းထွက်ခွာသွားသည့်နောက် ဧပြီလ ၂၀ ရက်နေ့ မှစပြီး ဗန်းမော်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ထပ်ဖြည့်ကာ လက်ရှိချိန်ထိ မြို့ပတ်လည်တပ်ဖြန့်ကာ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း ရေလဲ၊ မိုးစစ်ဘက်၌ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းနှင့် ရွှေကူမြို့အစွန့်ဘက် သဘော်ဆိပ်အနီး ငပေါက်ဝကျေးရွာဘက်တွင် အင်အား ၁၀၀ ကျော်နှင့် ရွှေကူမြို့အနောက်မြောက်ဘက်တွင် အင်အား ၁၀၀ နီးပါး တပ်ဖြန့်ထားကြောင်း သိရသည်။ “မြို့ထဲမှာ‌နေတဲ့အဖွဲ့က ဧပြီလ ၁၈ ရက်နေ့ ပထမနေ့တုန်းက ၅၀ လောက်နဲ့ အနောက်ဘက်ခြမ်းရွာဘက် အရင်စဝင်တာ မနေ့ကတော့ အင်အားထပ်ဖြည့်တာ ၁၅၀ ကျော် ၂၀၀ လောက်ရောက်နေပြီတဲ့ မနေ့ကတော့ ကျောက်ကြီးရွာထဲဝင်တယ်။ ညပိုင်းကျောက်ကြီးကနေ တခြားရွာတွေဘက် ထွက်သွားတာဒီနေ့ ဘယ်နားရောက်ပြီလဲတော့မသိရသေးဘူး။ ရွာသားတွေက ထွက်ပြေးနေတယ်။ လောလောဆယ် မြို့ပတ် လည်မှာလည်း ထပ်ရောက်နေပြီ”ဟု ရွှေကူ PDF မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်မှ ယခုကဲ့ သို့ အင်အားသုံး၍ တပ်ဖြန့်စစ်ရေးလှုပ်ရှားနေခြင်းမှာ ဧပြီလဆန်းပိုင်းနှင့် မတ်လကုန်ပိုင်းက ရွှေကူရှေ့ဘက်ခြမ်း၌ ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သောကြောင့် ရွှေကူမြို့ကို စစ်ရေးအရထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်ပြီး ဒေသခံများလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။ https://burmese.kachinnews .com/2023/04/20/az1-178/

၁၃။    လောင်းလုံမြို့နယ်တွင် အမည်မသိလက်နက်ကိုင် ပေါ်ပေါက်လာ၍ ပြည်သူများ စိုးရိမ်နေ
April 20, 2023

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက် လာသောကြောင့် ပြည်သူများအနေဖြင့် သွားလာရေးနှင့်စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံ မြို့နယ်၊ ညင်းမော်ကျေးရွာအနီးတွင် ဧပြီလ ၁၉ ရက်နေ့ ည ၉ နာရီ အချိန်ဝန်းကျင်ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ကင်းလှည့်လည်ချိန် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ နှစ်ဖက်အပြန်အလှန်ထိတွေ့မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါလက်နက်ကိုင်မူးယစ်အဖွဲ့ ထွက်ပြေးလွတ်မြောက် သွားခဲ့သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်နေရ ကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံဒေသခံတစ်ဦးက “အခုဆို စစ်ကောင်စီလည်း ကြောက်ရတယ်။ အဲ့ဒီအဖွဲ့တွေ လည်း ကြောက်ရတယ်။ အကုန်ကြောက်နေရတယ်။ ပြီးတော့ အဲ့ဒီအမည်မသိလက်နက်ကိုင်တိုးလာတာကတော့ ခမရ ၂၈၅ အောက် ထားဝယ်မြို့အခြေစိုက် စစ်ကောင်စီစစ်တပ်မှာ ပျူစောထီးတွေကို စစ်သင်တန်းပေးနေတာ တွေရှိတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ စစ်သင်တန်းတစ်ခုပြီးသွားတယ်။ အဲ့လိုအဓိကလှုပ်ရှားနေတာကတော့ ထားဝယ်နယ်ခံ ပျူစောထီးတွေရယ်။ အဲ့ဒီ သင်တန်းကဆင်းလာတဲ့ကောင်တွေရယ် အဲ့ဒီကောင်တွေပဲဖြစ်နိုင်တယ်။” ဟု ပြောသည်။

အဆိုပါ အမျိုးအမည်မသိ လက်နက်ကိုင်အဖွဲ့နှင့် နယ်မြေခံလောင်းလုံပြည်သူ့ကားကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ မှုဖြစ်ပေါ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ရာ ၎င်းတို့ဆီမှ လက်နက်နှင့် မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့ကြောင်းလည်း လောင်းလုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “သူတို့အဖွဲ့ လက်နက်တွေကိုင်ထားလို့ လက်နက်ချဖို့ပြောတဲ့အခါ နားမထောင်ပဲ သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တယ်ခင်ဗျာ။ သူတို့ပစ်တာနဲ့ ရှောင်ပုန်း ပြီးပြန်ပစ်တဲ့အခါ ဆုတ်ပြေးသွားခဲ့ပါတယ်။ အထိအခိုက်ကတော့ မရှိပါဘူး”ဟု ပြောသည်။ ထို့အပြင် အဆိုပါ မူးယစ် အဖွဲ့များနေထိုင်ရာ နေအိမ်အတွင်းဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အောက်တွင် ကျည် အသင့်ထိုးထားတဲ့ ဘော်ကာသေနတ် ၁ လက်၊ တူမီးသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၁ လက်၊ ယမ်းဖူး များ၊ WY ဆေးပြား ၄၀၉ ပြား၊ ပုဆိန် ၁ လက်၊ ဓါးမျိုးစုံ ၆ လက်၊ ဆိုင်ကယ် ၁ စီး၊ ပိုက်ဆံ ၅၀,၃၀၀ ကျပ်နှင့် အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://k icnews.org/2023/04/%e1%80%9c%e1%80%b1%e1%80%ac %e1%80%8 4%e1% 80%ba%e1%80%b8%e1

၁၄။      စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး
April 21, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည် ဟု  စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။  ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု ပေါက်ပါးရပ်ကွက်မှ  အသက် ၂၆ နှစ်အရွယ်ရှိ ကိုအောင်ငွေတိုး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပတ်သက်မှုဖြင့် စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့မှ စတင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် အင်းလေးဒေသမှ နောက်ထပ် လင်မယားနှစ်ဦး အပါအဝင် လူငယ် ၄ ဦးကို စစ်ကောင်စီမှ ထပ်မံဖမ်းဆီးခဲ့သည်။ လက်ရှိ ဖမ်းဆီး ခံထားရသည့် လူငယ်များကို ညောင်ရွှေမြို့နယ် နမ့်ပန်ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ယနေ့ (ဧပြီလ ၂၁ ရက်နေ့) အထိ ပြန်လွှတ်လာပေးခြင်း မရှိသေးကြောင်း ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦးထဲမှ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဖမ်းခံထားရတဲ့ လူငယ်တွေက ၈ ယောက် လောက်ရှိတယ်။ အခု နမ့်ပန် ရဲစခန်းမှာ ရှိနေတယ်။ အခုက သူတို့ ညှိနေတုန်းလို့ လည်း ပြောတယ်။ ပိုက်ဆံပေးပြီး ပြန်ထုတ်လည်း မရဘူး ဖြစ်နေတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၈ ဦးသည် အသက် (၂၅) နှစ်မှ (၃၀) နှစ်ကြား လူငယ်ဖြစ်ကြပြီး ထိုထဲတွင် အသက် ၂၇ နှစ် လင်းစိုးဇင် ဆိုသူ တစ်ဦး ပါဝင်ပြီး ကျန်သည့် လူငယ် ၇ ဦးကိုတော့ နာမည်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။  အလားတူ (ဧပြီလ ၁၅ ရက်) နှင့် (ဧပြီလ ၁၇ ရက်) ၃ ရက်တွင်း အင်းတိန်မှ လူငယ် ၃ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့ပြီး  ကျပ်ငွေ (၁၄) သိန်းဖြင့် ပြန်ရွေးထုတ်ခိုင်းသလို အိမ်မွေး တိရစ္ဆာန် ကြက်၊ ဘဲ ကို ပေးဆောင်ခြင်းဖြင့် လူကိုပြန်ရွေး ထုတ်ခိုင်းခြင်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ “ တစ်ယောက်ကိုတော့ ည ၉ နာရီက မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာ။ ည ၁၁ ရောက်တော့ ပြန်လာပို့ ပေးတယ်။ သူတို့က ပိုက်ဆံ (၁၄) သိန်း ပေးရတယ်လို့ ပြောတယ်။ ကျန်တဲ့ လူငယ်နှစ်ယောက် ကိုတော့ အင်းတိန်မှာ ဖမ်းမိတာ။ ရွာသူကြီးကို ဖုန်းဆက်တယ်။ သူတို့ကို (ဘဲ) တစ်ကောင် ပေးပြီးမှ ပြန်လွတ်လာပေးတာ “ ဟု ၎င်းက ထပ်မံဖြည့်စွက် ပြောသည်။ https://www.facebook.com/shannewsburmese/photos/a.341540565938393/6137 218269703898/

၁၅။     မတူပီတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ပါယူဆောင်လာပြီး CDF-Mara ထံ အလင်းဝင်
April 21, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ စစ်ကောင်စီစခန်းမှစစ်ကောင်စီတပ်သား တစ်ဦးဟာ ဧပြီလ ၁၆ ရက်နေ့ ညနေ့ ၆ နာရီဝန်းကျင်တွင် လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Mara တပ်ဖွဲ့ထံက သိရသည်။ အဆိုပါ အလင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား လှိုင်မျိုးဦး ဆိုသူသည့်   MA3 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး၂ လုံး၊ကျည် ၂၄၄ တောင့် နှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်​တော်တို့အနေနဲ့ လာရောက်ပူးပေါင်းတဲ့သူတွေကို နွေးနွေးထွေးထွေးကြိုဆိုနေမှာဖြစ်ပြီး၊ လက်နက်ခဲယမ်းပါနိုင် ရင်တော့ ဆုငွေလည်း ထိုက်တန်စွာပေးမှာပါ။ ဘေးလွတ်ရာ လွှတ်မြောက်နယ်မြေကိုလည်း တာဝန်ယူပို့ပေးမှာပါ” လို့ Chinland Defense Force – Mara တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးက ပြောသည်။ ဒါ့ပြင် စစ်ကောင်စီတပ်သား လှိုင်မျိုးဦးကို CDF-Mara မှ ဆုငွေ ကျပ်သိန်း ၅၀ ကို ချီးမြှင့်လိုက်ပြီး ဘေးလွတ်ရာ  လုံခြုံသည့်နေရာကို ပို့ဆောင်ပြီးကြောင်း CDF-Mara တပ်ဖွဲ့က ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးသည်။ https://www.faceb ook.com/ayeyarwaddytimes/photos/pcb.246004 5070820146/246004 5014153485/

၁၆။    ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ဒေသခံနေအိမ်ရှိ ပစ္စည်းတွေ အမြောက်အများ မီးရှို့ဖျက်ဆီးခံရ
April 21, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းအများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ ရှိပြီးသတင်းပေးပို့လာပါတယ်။ ဒေသတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံလူထုတွေကတော့ နေရပ်ကို စွန်ခွာထွက်ပြေးနေကြရပြီး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ အချိန်မှာ စစ်ကောင်စီတပ်က ကျေးရွာထဲမှာ တပ်စွဲပြီး အခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့စကပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့ခေတ္တနေရာယူထားခဲ့တဲ့ ဒေါညေးခူကျေးရွာနဲ့ ဒေါတမကြီးကျေးရွာက ဒေသခံတွေရဲ့ ပစ္စည်း တွေကို အများဆုံးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက ဒေါညေးခူကျေးရွာဖက်ကို ရောက်ရှိပြီးတော့မှ အကြမ်းဖက်စစ်ကောင်စီက သူတို့ ပြည်သူပိုင်၊ ဒေသခံပိုင် ကားတို့၊ ဆိုင်ကယ်တို့၊ စက်တို့ ကို သူတို့ မီးရှို့ဖျက်ဆီးခဲ့တာကို ကျနော်တို့ တွေ့ရှိရတယ်။ ပြီးတော့မှ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့ လေယာဉ်နဲ့လာပစ်ပြီး ဗုံးတွေနဲ့ပစ်ပြီး အိမ်တွေ ပျက်စီး နေတာတွေ၊ ပြီးတော့မှ ကျေးရွာထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ကျန်ရှိနေတာကိုလည်း တွေ့ရတယ်။” မြေပြင်သတင်း ထောက်က သူရောက်ရှိခဲ့တဲ့ ဒေါညေးခူကျေးရွာအတွင်းက တွေ့ရှိချက်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ခမရ ၅၁၆၊ ခမရ ၅၁၅ နဲ့ ခလရ ၁၂ တို့ ပါဝင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ဗျုဟာ ( ၆ ) ရဲ့ ဗျုဟာမှုး ခူးရီးဒူ က ပြောပါတယ်။ “အဲ့ဒါက အခုပေါ့နော။ ခမရ ၅၁၆၊ ခမရ ၅၁၅ နဲ့ ခလရ ၁၂နဲ့ တပ်မ ၆၆ လက်ကျန် အယောက် ၈၀ ဒေါညေးခူရောက်လာတုန်းက ပစ္စည်းတွေ အကုန်သယ်ပြီးတော့ ဆိုင်ကယ်တွေ အကုန် မီးရှို့ဖျက်ဆီးသွားတာ” လို့ ဗျူဟာမှူး ခူးရီးဒူ က ပြောပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာ မတ်လအ တွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နဲ့ လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများရဲ့ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂) ကျောင်း နဲ့ စာသင် ကျောင်း (၃) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ မတ်လ တစ်လတာ အနှစ်ချုပ် စစ်ရေးသတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1% 80%ae%e1%80%b8%e 1%80%99%e1%80%b1%e1%80

၁၇။    ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ
April 20, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလုံတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အလူးရွာသို့ ဧပြီလ (၁၉) ရက်၊ နေ့လည်ပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့က အလူးရွာငါးရွာရှိ အလူးလေး ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားသည့်တိုက်ပွဲ များ ငြိမ်သက်သွားပြီးနောက် ဒေသခံများနေရပ်ပြန်နေ ထိုင်ကြသော်လည်း စစ်ကောင်စီမှ ယခုလို အကြောင်းမဲ့လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထပ်မံ၍ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ဘီးလင်းမြို့ခံတစ်ဦးက “နေ့လည်(၁၁)နာရီဝန်းကျင်လောက်ကတည်းက နားလိုက် ပစ်လိုက်နဲ့ပစ်တာ ညအထိပစ်နေ တုန်းပဲ။ အလူးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေလည်း မရှိပါဘူး။ အရင်ရက်ကဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာထားလို့ မဲပြီးပစ် တာလို့ထင်တယ်။ လက်နက်ကြီးတွေက ရွာအနီးနားပတ်ဝန်းကျင်ကိုကျတယ်။ ရွာခံတွေကကြိုရှောင်လိုက်နိုင်လို့ ထိခိုက်မှုတော့ မရှိဘူး။ အခုလည်း အားလုံး ရှောင်နေကြပြီ။” ဟု ပြောသည်။ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)ကလည်း ဘီးလင်းမြို့နယ် တောင်ကြီး ကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသောကြောင့် အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။ https://kicnews.org/2023/04/%e1%80%98%e1%80%a e%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1

၁၈။    မြဝတီ-အာရှလမ်းပိုင်းကို  ယာယီ ပြန်ဖွင့်
April 20, 2023

ကရင်ပြည်နယ်၊မြဝတီ-အာရှလမ်းပိုင်းကို ယာယီ ပြန်လည်ဖွင့်လှစ်ထားကြောင်း ကော်ဘရာစစ်ကြောင်းတပ်ခွဲမှူးက ပြောသည်။ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မြဝတီ-အာရှလမ်းပိုင်းကို ယာယီပြန်လည်ဖွင့်လှစ်ထားပြီး ကားဖြတ်သန်း သွားလာမှုများ ရှိနေကြောင်း သိရသည်။ “ကျွန်တော်တာဝန်ယူထားတဲ့ မြဝတီ-အာရှလမ်းပိုင်းကိုတော့ လောလောဆယ် ခဏဖွင့် ထားတယ်ဗျ။ ကော့ကရိတ်-ကျုံဒိုးပိုင်းကတော့ ကျွန်တော်တာဝန်ယူထားတာမဟုတ်တော့ သေချာမသိဘူး”ဟု ကော်ဘရာစစ် ကြောင်းတပ်ခွဲမှူး ကိုရှိုင်း ကပြောသည်။ မြဝတီမြို့မှ ရန်ကုန်သို့ ကိုယ်ပိုင်ယာဉ်များဖြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင် နေသူတစ်ဦးကို ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ အတားအဆီးများမရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ခဲ့ကြောင်းပြောသည်။ “ဒီနေ့မနက် ၇ နာရီက မြဝတီကနေ ရန်ကုန်သွားတာ။ခရီးသည် ငါးယောက်နဲ့ပေါ့။ ဘာအတား အဆီးမှမရှိပါဘူး။ အေးဆေးပါပဲ။ တိုက်ပွဲအသံတော့နားထောင်ရတာပေါ့။ မနေ့ကဖြစ်နေတဲ့တိုက်ပွဲတွေက အာရှလမ်းပိုင်းနဲ့ လှမ်းပါတယ်။ Express ကားကတော့ ဖြတ်သန်းတာ မတွေ့သေးဘူး “ဟု ၎င်းကပြောသည်။

မြ၀တီ -ကော့ကရိတ်လမ်းမကြီးကို  လတ်တလောဖြတ်သန်းသွားလာနေကြသည့် ယာဉ်ကြီး၊ယာဉ်ငယ်များအနေနှင့် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တို့၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာပေးကြရန် Federal Wingsတပ်ဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် မြ၀တီ -ကော့ကရိတ်လမ်းမကြီးမှတစ်ဆင့် အရပ်သားကားများ အသုံးပြုကာ လူ၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများပို့ဆောင်လျက်ရှိသဖြင့် ပြည်သူများအနေနှင့် ဧပြီ ၇ ရက်မှ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွား လာခြင်းလုံးဝမပြုလုပ်ကြရန် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့က ထုတ်ပြန်ထားခဲ့သည်။ https://w ww.facebook.com/photo/?fbid=7861049695455 60&set=a.776968607125863

၁၉။   နယ်စပ်က  စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာမှာ အရေးပေါ်ယာယီ ဖြေရှင်းရေးကော်မတီကိုဖွဲ့ပြီး အမှုတွေကို ဖြေရှင်းပေးနေ
April 21, 2023

ကရင်နီနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာမှာ စခန်းအတွင်းဖြစ်ပေါ်လာတဲ့ အထွေထွေပြဿနာတွေကို အရေးပေါ်ယာယီ ဖြေရှင်းရေးကော်မတီတစ်ခုဖွဲ့စည်းပြီး၊ အဲဒီကော်မတီကနေ ဖြေရှင်းပေးတဲ့စနစ်တစ်ခုကို ကျင့်သုံးနေတယ်လို့ ကရင်နီပြည် ဆိုတရှားမြို့နယ်မှူး ဦးဒါဝီ ကပြောပါတယ်။ “ကျနော်တို့မှာ တရားရေးရုံးလည်းမရှိသေးဘူးလေ။ အမှုစစ် အမှုလိုက် လည်း မရှိသေးတဲ့ အခါကျတော့ ဥပမာသူတို့ အိမ်တွင်းအကြမ်းဖက်မှု တစ်ခုခု၊ ဘေးပတ်ဝန်းကျင် တစ်ခုခု လူသတ်မှု တို့ ကြံစည် မှုတစ်ခုခုစသဖြင့်ပေါ့။ အမှုနဲ့ ပတ်သက်လာရင် ဖြေရှင်းပေးမယ့် လူမရှိလို့သာ မဖြစ်မနေ ကော်မတီဖွဲ့ရမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကျနော်တို့ဒီ ရှိတဲ့ လူထုတွေစုပြီးတော့မှ ကော်မတီဖွဲ့ ပြီးတော့မှ အရေးပေါ် ယာယီ ဖြေရှင်းရေးကော်မတီဆိုတာ ဖွဲ့စည်းထား ရခြင်းဖြစ်ပါတယ်။”လို့ ဆိုတရှားမြို့နယ်မှူး ဦးဒါဝီက ပြောပါတယ်။ ဦးဒါဝီဟာ မြို့နယ်မှူးဖြစ်သလို အဆိုပါအရေးပေါ်ယာယီ ဖြေရှင်းရေးကော်မတီရဲ့  ဥက္ကဌလည်းဖြစ်ပါတယ်။ အဲဒီကော်မတီဟာ စခန်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ လင်မယား ကွာရှင်းပြတ်စဲမှုနဲ့ မူးယစ်သောက်စားပြီး ဘေးပတ်ဝန်းကျင်နှောင့်ယှက်မှုစတဲ့ အမှုတွေကို အဓိကဖြေရှင်းပေးနေတယ်လို့ဆိုပါ တယ်။

အဆိုပါစစ်ဘေးဒုက္ခသည်စခန်းမှာ ကရင်နီပြည် ဒေသပေါင်းစုံက လူထုတွေ လာရောက် တိမ်းရှောင်နေကြတာဖြစ်ပါ တယ်။ လူဦးရေအားဖြင့်  ၄၀၀၀ ကျော် ရှိပါတယ်။ “အခုကျနော်တို့ လောလောဆယ်ဖြေရှင်းနေရတဲ့ အမှုက အိမ်တွင်းအကြမ်း ဖက်မှုရယ်၊ နောက်ပြီးတော့မှ ဘေးပတ်ဝန်းကျင်နှောင့်ယှက်မှုရယ် အဲဒီဟာတွေပဲ။ ကျ‌နော်တို့ ဘေးပတ်ဝန်း ကျင်နှောင့်ယှက်မှု၊ လင်မယားကွာရှင်းမှု တို့ဘာတို့ ဆိုတာကလည်း ကျနော်တို့ မကွာရှင်းပေးနိုင်ဘူး။ ကျနော်တို့ပြန်လည် ပေါင်းစည်းဖို့ပဲ အဓိက ကျနော်တို့ သူတို့ရဲ့ သဘောထားကို ယူပြီးတော့မှ တစ်ဖက်တစ်လမ်းအနေနဲ့ သူတို့ရဲ့ ထွက်ဆိုချက်အရပဲ ကျနော်တို့ ဖြေရှင်းသွား ပေးပါတယ်။” လို့ ဦးဒါဝီက ပြောပါတယ်။  အဆိုပါကော်မတီကို အုပ်ချုပ်ရေးရုံးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ပညာရေးအဖွဲ့၊ ရပ်မိရပ်ဖ တွေအပါအဝင် ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး ‌ဖွဲ့စည်းထားတာဖြစ်ပြီး တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဖြစ်ပေါ် လာတဲ့အမှုတွေကို ဖြေရှင်းတဲ့နေရာမှာလည်း နှစ်ဖက် ဆက်စပ်သူတွေအားလုံးရဲ့  သဘောတူညီချက်ရယူပြီး  ဆုံးဖြတ်ချက်ချ အရေးယူတဲ့ပုံစံ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပြီးကာလအတွင်း အမှုပေါင်း ၉ မှုအထိ ဖြေရှင်းနိုင်ခဲ့ပြီလို့ သိရပါ တယ်။ လူသတ်မှု၊ ရာဇဝတ်မှုတို့လို အမှုကြီးတွေကိုတော့ ဖြေရှင်းပေးနိုင်တဲ့ သက်ဆိုင်ရာ တရားရုံးရှိတဲ့နေရာတွေကို လွှဲပြောင်း ပေးတယ်လို့ဆိုပါတယ်။  ကရင်နီပြည်ရဲ့ ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အဖွဲ့များကို ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ကတော့  လက်ရှိမှာ အုပ်ချုပ်ရေးနှင့် တရားရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ပြီလို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ဘေးဒုက္ခသည်တွေ များပြား လာတဲ့ ကရင်နီပြည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ပျက်ပြားသွားခဲ့ပါတယ်။ လက်ရှိ ကရင်နီပြည်မှာ စစ်ဘေး ဒုက္ခ သည်စခန်းပေါင်း ၂၀၀ ကျော်ရှိနေပြီး၊ စစ်ဘေးဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေကတော့ စခန်းတွင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရပါတယ်။ https://www.facebook.com/Kantarawa ddyTimes/phot os/a.496994583752390/606105 8254012634/

၂၀။     စစ်ကောင်စီ ရိက္ခာဖြတ်တောက်မှုကြောင့် ပုလောဒေသခံများ အခက်ကြုံနေရ
April 21, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်တောက်မှုတွေ ကြောင့် ဧပြီလအတွင်း ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒေသခံတဦး က “ဆန်ဝယ်စားချင်ရင် ထောက်ခံစာပါမှရတယ်။ ဆန်ဆိုရင် သုံးပြည်၊ ဆီဆိုတဘူးနဲ့ ကြက်သွန်နီဆို အစိတ်သား အဲဒီထက်ပို သယ်ခွင့်ပေးဘူး။ စကစက ဆန်ပိုင်ရှင်တွေကို ထောက်ခံစာမပါရင် ရောင်းလို့မရဘူးလို့ ဆန်ဆိုင်ပိုင်ရှင်တွေကို ခေါ်ပြီး လက်မှတ် ထိုးခိုင်းထားတယ်။ ဆန်အပါအဝင် ခေါက်ဆွဲခြောက်တွေတောင်မှ ပိုသယ်ခွင့်မပေးဘူး။ အိမ်မှာ မိသားစုများရင် ဆန်သုံး လေးပြည်လောက်က ဘယ်လောက်မှ မစားရဘူး။ ပုလောမြို့ပေါ် ခဏခဏသွားရတော့လည်း PDF လို့စွပ်စွဲခံထိပြီး ပစ်သတ်ခံရ မှာ ကြောက်ရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မြိတ်မြို့၊ ကျွဲကူးတံတားမှာရှိတဲ့ စစ်ဆေးရေးဂိတ်၊ ပလဂိတ်နဲ့ ပုလောမြို့မှာရှိတဲ့ မကျည်းကုန်းဂိတ် တွေမှာ စားနပ်ရိက္ခာသယ်ယူတာကို စစ်ဆေးတာတွေရှိပြီး ပုလောမြို့နယ် ကျေးရွာအတွင်းမှာရှိတဲ့ ကုန်ခြောက်ဆိုင်တွေမှာ ရိက္ခာပစ္စည်း ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ် ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archives/589331

၂၁။   မြန်မာပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁.၈သန်း(၁၈)သိန်းကျော်ရှိလာ
April 20, 2023

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ ၁.၈ သန်း (၁၈ သိန်း) ကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ရှောင်များအနက် ၂၀၂၁စစ်တပ်ကအာဏာသိမ်းယူမှုနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက် ပြေးကြရသူများမှာ ၁၅ သိန်းကျော်ရှိကြောင်း သိရသည်။ နေရပ်စွန့်ခွာထွက်ပြေးကြရသူများမှာ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်း အများအပြားရှိလာခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များ တွင်လည်း စစ်ရှောင်များ သောင်းနှင့်ချီရှိနေပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေးအကူအညီများလည်း လိုအပ်လျက်ရှိသည်။

အထူးသဖြင့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ရှောင်သူများမှာ ရေရှားပါးမှုဒဏ်ကြောင့် အရေပြားရော၊ ရေယုန်၊ ရေကျောက်ရောဂါများကိုပါ ထပ်မံခံစားနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း သောက်သုံးရေသုံးစွဲမှုများ အလုံအ လောက် ရရှိရန်လည်း အရေးပေါ်လိုအပ်လျက်ရှိသည်။ အထူးသဖြင့် လက်နက်ကြီးများဖြင့်ပစ်ခတ်မှု၊ လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်မှု များကြောင့် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ စစ်ပွဲပဋိပက္ခများနှင့် မလုံခြုံမှုများနောက် ဆက်တွဲအနေဖြင့် အရပ်သားပြည်သူထိခိုက်သေဆုံးခြင်းနှင့် နေရပ်အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းမှာလည်း တနေ့ထက်တနေ့ မြင့်တက်လာနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂမှ ပြောဆိုထားသည်။ https://www faceboo k.com/KhamSarNgor/photos /a.625260164310576/23162923 05207345/

၂၂။  ရခိုင်က ဒီရေတောများကို ကာကွယ်ရန် ULA/AA မှ ဥပဒေပြဌာန်း၍ ထိန်းသိမ်းပေးရေးကို သဘာဝပတ်ဝန်း           ကျင် လှုပ်ရှားသူများ တောင်းဆို
April 20, 2023

ရခိုင်တွင် ဒီရေတောများမှာ ပြုန်းတီးပျက်စီးလာနေ၍ ရက္ခိုင့်တပ်တော် ULA/AA မှ ဒီရေတောနှင့် ဆိုင်သည့် ဥပဒေ တစ်ရပ်ပြဌာန်းပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတက် ကြွလှုပ်ရှားသူများက တောင်းဆိုနေကြသည်။ ရခိုင်ပြည်အတွင်း သဘာဝအလျှောက်ပေါက်ရောက်နေသော ဒီရေတောများနှင့် ပြန်လည်စိုက်ပျိုးထားသော ဒီရေတောများမှာ လူတစ်ချို့၏ ခုတ်ယူအသုံးပြုခြင်းကို ခံနေရသည့်အတွက် ဒီရေတောများသည် တစ်နေ့ထက်တစ်နေ့ ပြုန်းတီးမှုများဖြစ်လာပြီး အချိန်မီ ထိန်းသိမ်းမှု လိုအပ်နေကြာင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာ ကွယ်သူများက ပြောသည်။  ၂၀၂၃ ခုနှစ် သင်္ကြန်အထိမ်းအမှတ်အဖြစ် အမ်းမြို့နယ်တွင် ဒီရေပင် ၁၅၀၀ ကျော်စိုက်ပျိုးခဲ့ပြီး စားဝတ်နေရေးကို အကြောင်းပြု၍ လူတစ်ချို့သည် ဒီရေပင်များကို ထင်း၊ မီးသွေးအဖြစ် ခုတ်ယူအသုံးပြုနေကြသည့်အတွက် ထိရောက်သော ဥပဒေတစ်ရပ်ဖြင့် တားဆီးရန်လိုအပ်နေပြီ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အဓိက ဆောင်ရွက်နေသော ကိုမျိုးလွင် က ပြောသည်။

“လက်ရှိ ရခိုင်မှာ ပြည်သူလူထုကနေ ပေါက်ဖွားလာတဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့ ULA ကနေ ထိန်းချုပ်ရာနေရာတွေမှာ ဥပဒေတစ်ရပ် သေသေချာချာ ပြဌာန်းပြီး ဒီရေတောတွေကို ပြုပြင်ထိန်းသိမ်းစေချင်တယ်။ ပြည်သူတွေကသာ ပူးပေါင်းပါဝင်လာ မယ်ဆိုရင် သဘာဝဆိုင်ရာ အရင်းအမြစ်တွေကို ပိုပြီးထိန်းသိမ်းလာနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပေးဆောင် ရွက်မှုတွေကိုသာ တက်တက်ကြွကြွနဲ့သာ လုပ်ကိုင်မယ်ဆိုရင် ရာသီဥတုဖောက်ပြန်တာတွေ လျော့ချပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရင်းအမြစ်တွေ ပိုပြီးများပြားလာနိုင်တယ်”ဟု ပြောသည်။ အဆိုပါ ဒီရေပင် ၁၅၀၀ ကျော်ကို ပြုန်းတီးနေသော အမ်းမြို့နယ်တွင် ရှိသည့် ကျားအိုချောင်း၊ မြုံအုန်းကျွန်းနှင့် ဆနွင်းကျွန်းတို့တွင် အဓိကအလေးထား စိုက်ပျိုးခဲ့ပြီး ပြူးဝိုင်းပင်၊ ပနံပင်နှင့် ရေအုန်းပင်တို့ကို စိုက်ပျိုးခဲ့သည်ဟု သိရသည်။   ယခင်က ဒီရေပင်များကို ထင်းအဖြစ်အသုံးပြုရန် ခုတ်ယူခဲ့ကြသော် လည်း ယခုအခါ ‌မီးသွေးပြုလုပ်ရန် ခုတ်ယူမှုများပြားလာသည့်အပြင် ကျွန်းများတွင်လည်း သဲနှင့်ကျောက်ထုတ်ယူမှု များပြားလာ သောကြောင့် ဒီရေပင်များ ပျက်စီးဆုံးရှုံးသည်သာမက ကျွန်း၏ဖြစ်တည်မှုလည်း ပျက်စီးသွား၍ သဘာဝပတ်ဝန်းကျင်ကို လွန်စွာ ထိခိုက်နေကြောင်း ကိုမျိုးလွင်က ဆက်လက် ပြောသည်။ ဒီရေပင်များကို ခုတ်ယူအသုံးပြုနေကြသူများမှာ ကျေးလက်ဒေသများ က ဖြစ်၍ ကျေးလက်ဒေသများတွင် မီးမရရှိခြင်းကြောင့်နှင့် မီးရသေနေရာဒေသများတွင်လည်း အချိန်ပြည့်မီးမရဘဲ မီးပျက်မှု များကြောင့် လောင်စာအဖြစ် ထင်းကို အသုံးပြုသူများလာသည့်အတွက် ဒီရေတောများ ပြုန်းတီးလာရခြင်းဟု သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကာကွယ်သူများက ပြောသည်။ https://www.facebook.com/westernnewsagency/photos/pcb.74 8123813660792/748123420327498/

၂၃။   လေကြောင်းမှတိုက်ခိုက်နေသည့် Pilot များကို မင်းတပ် CDF ဆုကြေးထုတ်
April 20, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှတိုက်ခိုက်နေသည် စစ်ကောင်စီ Pilot (လေယာဥ်မောင်းသူ) များကို ရှင်းလင်းနိုင်လျှင်ဆုကြေးချီးမြှင့်သွားမည်ဖြစ်သည်ဟု မင်းတပ် CDF က ကြေညာလိုက်သည့်အပြင် တာဝန်ရှိသူကိုပါ စုံစမ်းဖော်ထုတ်ပေးထားသည်။ မင်းတပ်မြို့နယ်ကျေးရွာများကို ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစ၍ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ပြည်သူသေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ရှိလာနေသောကြောင့် CDF Mindatအနေဖြင့် စစ်ကောင်စီလေယာဉ်မောင်းသူ(ပိုင်းလော့)များကို စုံစမ်းဖော်ထုတ်လျက်ရှိသည် ဟု ဆိုသည်။ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေယာဉ်မောင်း သူ) ၂ ဦးမှာ ဗိုလ်မှူး နေဝင်းကျော် နှင့် ဗိုလ်မှူး သက်လင်းမောင် တို့ဖြစ်သည်။  အဆိုပါပိုင်းလော့နှစ်ဦးသည်  အာဏာသိမ်းစစ် ခေါင်းဆောင် အထူးအားကိုးသူများဖြစ်ပြီး Yak အုပ်စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ ၃ နေရာတွင် ဦးဆောင်လျက် ရှိသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် ၏အုပ်ချုပ်မှု လက်အောက်ခံဖြစ်သည်။  ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်သည် အုပ်ချုပ်မှူးအဖြစ် တံတား ဦး လေတပ်စခန်းတွင် တာဝန်ယူနေသူဖြစ်သည်ဟု မင်းတပ် CDF ကစုံစမ်းဖော်ထုတ်ထားသည်။

မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်နေသည့် လေကြောင်းတာဝန်ရှိသူများအား အပြစ်ပေးစီရင်နိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ၅၀၀ တန်ဖိုးရှိ မြေကွက် ချီးမြှင့်သွားမည်ဟု CDF-Mindat က ယမန်နေ့တွင် ထုတ်ပြန်ကြေညာ သည်။ CDF-Mindat ၏ ထုတ်ပြန်ကြေညာချက်အပေါ် ထောက်ခံကြိုဆိုပြီး NUG ထံမှ ဆုငွေပုံစံမျိုးရလျှင် မြို့ပြပျောက်ကြား အဖွဲ့များအနေဖြင့် ငွေကြေးအခက်အခဲ အတိုင်းအတာတစ်ခုထိ အဆင်ပြေလာနိုင်သည်ဟု အမည်မဖော်လိုသူ Mandalay UG တစ်ဦးကဆိုသည်။ “အခုလို ဆုငွေပုံစံရရင် အကောင်အထည်ဖော်မှုအပိုင်းမှာ လုပ်ချင်စိတ်ပိုရှိလာမယ်။ နောက်တစ်ခုက လေပေါ်ဝဲနေတာကို လေယာဉ်ပစ်ဘာညာနဲ့ပစ်တာထက် လေတပ်အခြေစိုက်စခန်းတွေ ပိုင်းလော့တွေ ဆီလမ်းကြောင်းတွေကို ပိုမိုအားထည့်လုပ်စေချင်တယ်”ဟု ၎င်းကဆိုသည်။ https://www .facebook.com/photo/?fbid=592196329610999&set= a.583749347122364

၂၄။    လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ
April 21, 2023

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS /SSA တို့က လဲချားမြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများ စစ်ရှောင်ထွက် ပြေးရကြောင်းသိရသည်။ “အခုချိန်က တောင်ယာ လုပ်ငန်းခွင်တွေ စရမဲ့ အချိန်ဖြစ်နေတာ သူတို့က အခုလို တိုက်ပွဲဖြစ်တော့ ကျနော်တို့ ပြည်သူတွေက ဘာလုပ်စားနိုင်တော့မှာလဲ၊ ကျနော်တို့ ပြည်သူအနေနဲ့တော့ နှစ်ဖက်တပ်ဖွဲ့ကတာဝန်ရှိသူတွေကို ညှိ နှိုင်းဆွေးနွေးစေချင်တယ်၊ တိုက်ပွဲမဖြစ်စေချင်ဘူး”ဟု လဲချားမြို့နေအမျိုးသားတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် မှစတင်ကာ လဲချားမြို့နယ်အတွင်း၌ သျှမ်းတပ် (၂) တပ်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဝမ်ဆန်းကျေးရွာအုပ်စု၊ ဟိုင်းဆိုင်ကျေးရွာ အုပ် စု(ဝၢၼ်ႈႁၢႆးသႅင်)နှင့် ဝမ်ကျယ်ကျေးရွာအုပ်စု (ဝၢၼ်ႈၸေႈ)တို့မှ ဒေသခံ ၅၀၀ ကျော်ကစစ်ရှောင်ထွက်ပြေးရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရှောင်များသည် လဲချားမြို့နယ်ရှိ ဝါဆိုကျောင်းတိုက် နှင့် ကျောင်းခမ်းတို့သော်လည်းကောင်း၊ နီးစပ်ရာ အမျိုးများ အိမ်တွင်သော်လည်းကောင်း စစ်ရှောင်ခိုလှုံ ရောက်ရှိနေကြကြောင်းသိရသည်။ ယင်းကဲ့သို့ သျှမ်းတပ်(၂) တပ် ထိတွေ့ တိုက်ပွဲကြောင့် ပြည်သူများစစ်ရှောင်ထွက်ပြေးရသည့်အပြင် လုပ်ငန်းဆောင်တာများလည်း ထိခိုက်ကြောင်း စစ်ရှောင်ထွက်ပြေး နေရသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။ “သူတို့ရဲ့ တိုက်ပွဲက ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်သေး ဘူး၊ ကြာလာရင်တော့ ကျနော်တို့ စားဝတ်နေရေးတွေ ခက်ခဲလာနိုင်မှာက အမှန်ပဲ၊ အခုမှလည်း ဘယ်အဖွဲ့အစည်းကမှ လာ ရောက်ကူညီပံ့ပိုးတာလည်း မရှိဘူး” ဟု စစ်ရှောင်နေသည့် အမျိုးသားက ပြောသည်။ သျှမ်းတပ် (၂) တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လဲချားမြို့နယ် အတွင်းသို့ နှစ်ဖက်တပ်ဖွဲ့မှ စစ်အင်အား အများအပြား ဖြည့်တင်း လှုပ်ရှားမှု ရှိနေကြောင်းလည်း သိရသည်။ https://burmese .shannews.org/archives/34262

၂၅။    မြဝတီမြို့တွင်း မြို့ပြင် ဘုန်းကြီးကျောင်းများတွင် စစ်ရှောင် ၃၀၀၀ ကျော် အတွက် အကူအညီတွေလိုအပ်နေ
April 20, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းနှင့် မြို့အပြင်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီစစ်ဘေးရှောင်နေကြရသည့် ဒေသခံ ထောင် ၃,၀၀၀ ကျော်အတွက် စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် နေသည်ဟု မဲကနယ် ကျေးရွာစစ်ဘေးရှောင်များက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရသည့် တိုက်ပွဲဖြစ် စဥ်မှ ယခုဧပြီလ ၂၀ရက်အထိ မြဝတီမြို့အပြင်ဘက်ရှိ ကျေးရွာတွေဘက်တွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ(၃၀၀၀)ကျော်မှာ နေရပ်စွန့် ခွာ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်သည်။ လက်ရှိ အခြေအနေတွင် မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနှင့် သင်္ဃန်းညီနောင်ကျေးရွာမှ ဒေသခံများမှာ မြဝတီမြို့ပေါ်ဘုန်းကြီး ကျောင်း ၄ ကျောင်းအပြင် ဖားချောင်းကျေးရွာ ရှမ်းဘုန်းကြီးကျောင်း၊ မင်္ဂလာရွာဦး ကျောင်းနှင့် မေတ္တာကျောင်း နေရာများတွင် ယာယီခိုလှုံနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု စစ်ရှောင်နေသူအမျိုး သမီးတစ်ဦးက ပြောသည်။

၎င်းက “ တိုက်ပွဲက နေ့ရောညရော ဆက်ဖြစ်နေတော့ လေယာဥ်လာပစ်လိုက်၊ အလုံးကြီးတွေ ပစ်ထုတ်လိုက် ဖြစ်နေ တာ၊ မဲကနယ်ရွာထဲလည်း အိမ်တွေကျောင်းတွေ၊ ဘုရားကျောင်တွေ ကြေပျက်ကုန်ပြီလေ၊ ပြန်ဖို့ က မလွယ်တော့ဘူး။ အဒေါ်တို့ မှာ ဘုန်းကြီးကျောင်းမှာ ခိုနေရတာဆိုတော့ လိုတာကတော့ အကုန်လိုတယ်။ ဆန်၊ ဆီ၊ ကြက်သွန်ကတော့ အဓိကလိုတာပေါ့။ အခုနောက်ပိုင်းဆိုရင် တစ်ပတ်တစ်ခါ သုံးရက်တစ်ခါမှ နိုင်သလောက်နည်းနည်းချင်းလာလှူကြတော့တယ်။ ”ဟု ပြောသည်။ ထို့အပြင် သောက်သုံးရေ၊ ဆေးဝါးနှင့် အဝတ်အထည်၊ နေရာထိုင်ခင်း၊ သောက်သုံးရေများ လိုအပ်နေ သည်ဟုလည်း အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။ “ ဒီမှာက တချို့တွေဆိုရင်အဝတ်အစားတောင် ပါမလာဘူး။ နွေရာသီလည်းရောက် လာပြီ ဓာတ်ဆားတွေလိုတယ်၊ သောက်ရေက ဝယ်သောက် နေရတာမျိုး၊ သုံးရေ ချိုးရေကတော့ မီးစက်နိုးပြီး ရေသုံး ရတာဆို တော့ အကန့် အသတ် နဲ့ပဲ သုံးရတယ်။ အခုချိန်ထိဆေးလှူတာမျိုး ဆေးအကူအညီပေးတာမျိုး တွေမရှိသေးဘူး”ဟု ထို မဲကနယ် ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးက ပြောသ်ည။ မဲကနယ်ကျေးရွာနှင့် ဖားချောင်းကျေးရွာမှ စစ်ဘေးရှောင် ဒေသခံများသည် ရွာသစ်နှင့် အပြင်မဲကနယ် ကျေးရွာက ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် တစ်ကျောင်းကို စစ်ရှောင်ဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားချောင်း ရွာ ၊ ရှမ်းကျောင်းဘုန်းကြီးကျောင်းတွင် လူဦးရေ စုစုပေါင်း ၁၀၆ ဦး အပါအဝင် စစ်ဘေးရှောင်သူ ၁၀၀၀ ထောင် လောက်ခိုလှုံ နေထိုင်နေကြရသည်ဟု သိရသည်။ https://kicnews.org/2023/04/%e1%80%99%e1%80%bc%e1%80%9 d%e1%80%90%e1%80%ae%e1%80%99%e

၂၆။     ထားဝယ်တွင် ကိုဗစ်-၁၉ လူနာ ပြန်တွေ့၊ ၂ ရက်အတွင်း ၃ ဦးအထိ ရှိလာ
April 21, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ကူးစက်လူနာ တယောက် တွေ့ရှိ ရတယ်လို့ စစ်ကောင်စီ ရဲ့ တိုင်းကျန်းမာရေးဦးစီးဌာနက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ထားဝယ်မြို့နယ်က သံသယလူနာ ၃၉ ယောက်ကို စစ်ဆေး ခဲ့ရာမှ ကိုဗစ်ကူးစက် လူနာ တယောက်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ထားဝယ်မှာ  ဒီဇင်ဘာ ၁၉ ရက်ကစပြီး ကိုဗစ်ကူးစက်ခံရ သူလူနာ မရှိတော့ဘဲ ၄ လဝန်းကျင် အကြာမှာ အခုလို ကိုဗစ်ကူးစက်ခံရသူလူနာ ပြန်တွေ့လာရပါတယ်။ ဧပြီ ၁၉ ရက်က ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာဟာ ထားဝယ်တက္ကသိုလ်က အမျိုးသမီး တဦး ဖြစ်ပြီး ထားဝယ်ဆေးရုံမှာ ဆေးကုသခံယူနေရကာ ဧပြီ ၂၀ ရက်မှာလည်း ထားဝယ်မြို့က အမျိုးသား ၂ ဦးမှာ ကိုဗစ်အတည်ပြု စစ်ဆေးချက် တွေ့ရှိခဲ့ရပြီး stay at home ပုံစံနဲ့ ကုသ နေတယ်လို့ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိလူမှုကူညီကယ်ရေးအဖွဲ့ထံကသိရပါတယ်။

ဧပြီ ၁၉ နဲ့ ၂၀ ရက် ၂ ရက်အတွင်း ထားဝယ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃ဦး ရှိလာပြီ ဖြစ်ပါတယ်။ ထားဝယ်ဒေသတွင် အခုလအတွင်း ကလေးသူငယ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံ နေပြီး အသက်သေဆုံးတဲ့အထိ ဆိုးရွာတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ လူမှုကူညီ ကယ်ဆယ်ရေး ဆောက်ရွက်နေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်အထိ ထားဝယ်မြို့နယ်၊ ဇဟာသုသာန်မှာ သင်္ဂြိုဟ်ပေးခဲ့ရတဲ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူပေါင်း ၆၀၁ ဦးရှိတယ်လို့ နာရေးကူညီမှု- ထားဝယ်ရဲ့ မှတ်တမ်း မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဧပြီ ၁၉ ရက်အထိ ဓာတ်ခွဲ အတည်ပြု လူနာစာရင်းမှာ ပြည်ပကနေ ဝင်လာသူ ၂၄ နဲ့ ပြည်တွင်းကူးစက်မှု ၁၅  ဦး စုစုပေါင်း ၃၉ ရှိနေပါတယ်။ https://burm ese.dvb.no/archives/589350

၂၇။   ကျောက်တလုံးစခန်းမှ ဒုက္ခသည်များ ယခုရက်ပိုင်းအတွင်း နေရာသစ်သို့ပြောင်းရွေ့မည်
April 21, 2023

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များမှာ လာမည့် ဧပြီလ ၂၃ ရက်နေ့မှစ၍ နေရာသစ်သို့ပြောင်းရွေ့နေထိုင်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ စစ်ကောင်စီက ဒုက္ခသည်များအား ပြီးခဲ့ သည့် မတ်လကုန်တွင် နေရာသစ်သို့ပြောင်းရွေ့ရန် ပြောဆိုခဲ့သော်လည်း အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်သဖြင့် ပြောင်းရွေ့မည့်ရက်ကို ရွေ့ဆိုင်းထားခဲ့သည်။ လက်ရှိမှာ ဥပုသ်ကာလပြီးဆုံးပြီဖြစ်၍ လာမည့် မေလ ၁၅ ရက်နေ့နောက်ဆုံးထား ကာ နေရာသစ်သို့ ပြောင်းရွေ့နေထိုင်ရမည်ဖြစ်ကြောင်း ကျောက်တလုံးဒုက္ခသည်စခန်းတာဝန်ခံ ဦးမော်နီ ကပြောသည်။ “နေရာ သစ်မှာတော့ လုပ်ငန်းဆောင်ရွက်မှုတွေ နည်းနည်းလေး ကျန်ပါသေးတယ်။ ဒါပေမဲ့ ပြောင်းရွေ့လို့တော့ရပြီ။ လိုအပ်တာတချို့ ကိုတော့အဲဒီမှာနေထိုင်ရင်းလုပ်သွားမယ်”ဟု ဦးမော်နီ ကဆိုသည်။  မွတ်လင်ဒုက္ခသည်များကို လက်ရှိနေထိုင်ရာ ကျောက်တလုံး စခန်း နှင့် ၂ ဖာလုံဝေးသည့် ဂုံးချိန်ရွာအနီး မြေနေရာတွင် ပြောင်းရွေ့နေထိုင်ရန်အတွက် စစ်ကောင်စီက စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါနေရာတွင် ဒုက္ခသည်များအတွက် မိသားစုတစ်စုလျှင် အလျားပေ ၄၀ ၊ အနံပေ ၃၀ ရှိသော နေအိမ်တစ်လုံးနှင့် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း အမျိုးအစား) တန်ဖိုးနည်းအိမ်များကို ဆောက်လုပ်ပေးထားသည်။ ယင်းအပြင် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဘက်စုံသုံးဂိုဒေါင်၊ ဆေးပေးခန်းနှင့် အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ ဆည်ဖို့ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း တို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  နေရာသစ်သို့ ပြောင်းရွေ့ရမည်ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှုများ မပြီးစီးသေးသဖြင့် အခက်အခဲဖြစ်မည်ကို စိုးရိမ် ကြောင်း ကျောက်တလုံးစခန်း အမည်မဖော်လိုသည့် မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။ “နေရာသစ်မှာ ဆည်ရှိတဲ့ အတွက် ရေက အနည်းငယ်အဆင်ပြေတယ်။ မီးကတော့ ကြိုးသွယ်တန်းထားပြီ ဖြစ်ပေမယ့် နေအိမ်တွေမှာ မတင်ဆင်ရသေး ဘူး။ လမ်းတွေ၊ ကျောင်းတွေကလည်း မပြီးသေးဘူး။ ဘယ်အကြောင်းကြောင့် အမြန်ဆုံး ပြောင်းရွေ့ခိုင်းတာလဲတော့ မသိဘူး။ ဒီကာလက ရာသီဥတုလည်း အရမ်းပူတော့ ကျန်းမာရေးလည်း စိုးရိမ်စရာပါ” ဟု ၎င်းက ပြောသည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည် အတွင်း ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့ရှိ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ တမန်ချောင်းရပ်ကွက်နှင့် ပြင်ဖြူမော် ရပ်ကွက်တို့တွင် နေထိုင်ခဲ့ကြသည့် အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁,၀၀၀ ကျော် တို့ကို ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေရာချပေးခဲ့ခြင်း ဖြစ်သည်။ https: //www.facebook.com/dmgnewsagency/photos/a.466679383484478/2570231283 129267/

၂၈။   ရပ်စောက်မှာ ဘုန်းကြီးကျောင်းမီးလောင်ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ
April 20, 2023

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ဘုရားဖြူကျေးရွာမှာ ဘုန်းတော်ကြီးကျောင်း ဧပြီလ ၁၉ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းနေ သံဃာတော် တစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ည ၉ နာရီလောက်မှာ ဘုရားဖြူကျေးရွာ ဘုန်းကြီးကျောင်း မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်အားများလို့ နှစ်နာရီကျော် ကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဖယောင်းတိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံ တစ်ဦးကဆိုပြီး ကျောင်းနေ ဘုန်းကြီး တစ်ပါးလည်း မီးထဲပါသွားကာ ပျံလွန်တော်မူသွားပြီး ရုပ်အလောင်းကိုတော့ ရပ်စောက်မြို့ ရင်ခွဲရုံကို သွားရောက်ကူညီခဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ နွေရာသီဖြစ်တာကြောင့် ပတ်၀န်းကျင် ခြောက်သွေ့နေ ပြီး မီးလောင်လွယ်နေတာကြောင့် မီးလောင်လွယ်တဲ့အရာတွေကို သတိထားကိုင်တွယ်ဖို့ လူမှုကူညီရေးအသင်းတစ်ခုက ပြည်သူ တွေကို အသိပေးထားပါတယ်။ https://www.facebook.co m/MeKongNewsMM/photos/pcb.1213773945949207/121377 3169282618/

၂၉။   ဟိုပင်မြို့ စည်ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ
April 20, 2023

မိုးညှင်းမြို့နယ် ဟိုပင်မြို့စည်ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် အမည်မသိ လူငယ်နှစ်ဦးက ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စည်ပင်ရုံးအနီးတွင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။ “သူများတွေလိုင်းပေါ်မှာပြောနေကြတာက ဒရုန်းနဲ့လာပစ်တာ ဆိုပြီးပြောနေတာ။ တကယ်မဟုတ်ဘူးဗျ လူငယ်နှစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးပစ်သွားတာ ပစ်ပြီးမောင်းပြေးသွားတာဗျ”ဟု ပြောသည်။ အဆိုပါလူငယ်နှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်းသူက ဆိုသည်။

သို့သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများတွင် ဟိုပင်မြို့ စည်ပင်သာယာရေးရုံးအား PDF အဖွဲ့မှ ဒရုန်းဖြင့် လာရောက်ပစ်ခတ်သွားကြောင်းရေးသားထားသည်။ “ရုံးတက်တဲ့ချိန် ပစ်ခတ်ခံရတာဆိုတော့ လူထိခိုက်တာရှိတယ်လို့တော့ သိရတယ်။ ဒါပေမယ့် စကစအဖွဲ့တွေက အပြင်သတင်းထွက်မှာစိုးလို့ တမင်ဖုံးထားတယ်လို့ မြင်တယ်“ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ ရုံးဗုံးခွဲခံရမှုကြောင့် ရုံး၏ အမိုးပိုင်း ထိခိုက်ပျက်စီးသွားပြီး အတွင်းနံရံနှင့် လူထိခိုက်ဒဏ်ရာရသွားကြောင်း‌ ဒေသခံများပြောဆိုနေသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ https://burmese. kachinnews.com/2023/04/20/a z2-99/

၃၀။    လက်နက်ခဲယမ်းလိုအပ်ချက် ဒီးမော့ဆို PDF တပ်ရင်း(၃) အကူအညီတောင်း
April 21, 2023

ဒီးမော့ဆိုနယ်မှာ တိုက်ပွဲဆက်နေသလို တပ်ရင်းမှာရှိတဲ့ လက်နက်ခဲယမ်းနဲ့ ရဲဘော်အင်အား ကွာဟချက်ရှိတာကြောင့် လက်နက်ခဲယမ်းလိုအပ်ချက် အားဖြည့်ပေးကြဖို့ ဒီးမော့ဆို PDF တပ်ရင်း(၃) က လူထုကို အကူအညီတောင်းပါတယ်။ “လူနဲ့ လက်နက်က မညီမျှ သေးဘူး။ လူက ပိုနေသေးတယ်။ တိုက်ပွဲက ဆက်နေတယ်ဗျာ” လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း(၃) ရုံး တာဝန်ခံ ကိုတူးအောင်က ပြောပါတယ်။

တပ်ရင်းအနေနဲ့ သေနတ်အနည်းအပါးရှိလာပြီဆိုပေမယ့် လိုအပ်နေသေးပြီး ဒီမော့ဆိုမြို့နယ်မှာ စစ်ရေးအချိန်ပြည့် နီးပါးဖြစ်ပွားပြီး တိုက်ပွဲမရှိရင်တောင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ ပြုလုပ်တယ်လို့ သူကရှင်းပြပါ တယ်။ လက်နက်ခဲယမ်းအတွက် အားဖြည့်ကူညီရာမှာ AK ကျည်ဆန်တစ်တောင့်ဖိုး ၆၅၀၀ကျပ်၊ အမ် ၁၆ ကျည်ဆန်တစ်တောင့် ၃၅၀၀ ကျပ်နဲ့ ၇၉ ကျည်ဆန်တစ်တောင့် ကျပ် ၁၈၀,၀၀၀ ကျသင့်ပြီး တစ်တောင့်ဖိုးကစပြီး ပါဝင်ကူညီနိုင်တယ်လို့ တပ်ရင်း (၃)က အကူအညီတောင်းပါတယ်။ https://www.facebook.com/photo/?fbid=64487 3737654036&set=a.501239188684

၃၁။   နမ့်ဆန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး
April 21, 2023

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး အပါအဝင်၊ နေအိမ်အများအပြားက မီးလောင်ပျက်စီးရကြောင်း စုံစမ်းသိရသည်။  ယနေ့ (ဧပြီ  ၂၁) ရက်နေ့ နံနက် ၂ နာရီကျော် မှ စတင်ကာ နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပြီး အသက် ၈၀ ကျော် အရွယ်ရှိ အမျိုးသား တစ်ဦး နှင့် အိမ်နီးချင်း အချို့ မီးဟပ်ဒဏ်ရာ ရသွားကြောင်း သိရသည်။ “မီးလောင်မှုက ဘယ်ကနေ စသလဲတော့ မသိရဘူး၊ မနက် ၂ နာရီမှာ စလောင်တာ၊ မီးသတ်ကားတွေ ရောက်လာတဲ့ အချိန်က ၃ နာရီ လောက် ရှိနေပြီ၊ အမျိုးသား တစ်ဦးက မီးလောင်ထဲ ပါသွားပြီး သေ သွားတယ်၊ တချို့သူ ကလည်း မီးဟပ်တဲ့ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ မီးလောင်မှုသည် နံနက် ၂ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၅ နာရီ မှ မီးများကို ငြိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး ရသည့်အပြင် နေအိမ် ၄ လုံးလည်း ပြာကျသွားပြီး၊ တချို့ မီးကူး ခံရပြီး မီးလောင်ပျက်စီးရသည့် နေအိမ်လည်း ရှိနေသေးကြောင်း သိရသည်။ လက်ရှိတွင် နေအိမ် မီးလောင်ပျက်းစီးရသည့် ဒေသခံများအတွက် ပြန်လည်နေရာချထားရေးနှင့် ကူညီထောက်ပံ့ပေးမှုများ လိုအပ်နေကြောင်း ဒေသအတွင်းက အမည်မဖော် လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။  “အခုမှာတော့ ပရဟိတ တချို့ကလာကြည့်ပေးတာရှိတယ်၊ ပြာကျ သွားတဲ့အိမ်တွေ ပြန်ဆောက်နိုင်ဖို့နဲ့ လောလောဆယ်ဆယ် နေနိုင်ဖို့အတွက်ကလည်း စီစဥ်ရအုံးမယ်၊ တစ်နေ့လုပ်တစ်နေ့စား တွေ ဆိုတော့ သူတို့ အတွက် ပြင်ပအကူအညီရနိုင်ရင်ကောင်းမှာ”ဟု အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး က ပြောသည်။ လက်ရှိအချိန်သည် ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်များကို သတိထားကာ ကြိုတင် ရှောင်ရှားသင့်ကြောင်းလည်း နမ့်ဆန်ဒေသအတွင်းက အမည်မဖော်လို ပရဟိတ အသင်းဝင် တစ်ဦးက ပြောသည်။ ၂၀၂၃ ခုနှစ်မှ စတင်ပြီး ယခု ဧပြီလအထိ သျှမ်းပြည်တွင်း မီးလောင်မှုကြောင့် နေအိမ်များ နှင့် ဘုန်းကြီးကျောင်းများ (၁၀၀) နီးပါး မီးလောင် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည်။ https://w ww.facebook.com/shannewsburmese/photos/pcb.6137376626354729/61 37376206354771/

၃၂။    လက်နက်မကိုင်ဘဲ အရပ်သားအသွင်နဲ့သာ ခရီးသွားလာရမယ်ဆိုတဲ့ အရေးပေါ်ကြေညာချက် ခေါင်းဆောင်များဝေဖန်
April 20, 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)က တပ်ဖွဲ့ဝင်တွေအတွက် အရေးပေါ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တဲ့အပေါ် ဒေသဆိုင်ရာခေါင်းဆောင်တွေက မကျေနပ်တဲ့အတွက် ဝေဖန်မှုတွေမြင့်တက်နေ တယ်လို့ KNLA/PC ရဲ့ ဒေသဆိုင်ရာခေါင်းဆောင် တစ်ဦးကပြောပါတယ်။ “ဌာနချုပ်ကထုတ်ထားတဲ့ စာနဲ့ပါတ်သက်ပြီးအဖွဲ့ အစည်းခေါင်းဆောင်များအတွင်း မကျေနပ်မှုတွေရှိနေတယ်၊ အခြားကရင့်လက်နက်ကိုင်တွေက ခုချိန်လက်နက်ယူနီဖောင်း အပြည့်အစုံနဲ့သွားလာခွင့်ရနေကြတဲ့အချက်ပေါ် ဝေဖန်မှုရှိတယ်၊ ခုအချိန်ကပိုပြီးစနစ်တကျနဲ့ ကိုယ့်တပ်ဖွဲ့အတွက် အကာကွယ် ပေးရမယ့် အချိန်ဖြစ်နေတာတောင် အထက်လူကြီးတွေရဲ့ပျော့ညံ့တဲ့ထုတ်ပြန်ချက်အပေါ်မကျေနပ်ကြဘူး”လို့ ပြောပါတယ်။

KNLA/PC ကထုတ်ပြန်တဲ့ကြေညာချက်မှာ အချက် ၄ ချက်ပါဝင်ပြီး လက်ရှိကာလမှာ ခရီးသွားတာကိုရှောင် ကြဉ်ဖို့နဲ့ မတတ်သာလို့ခရီးသွားရရင်လည်း လက်နက်မကိုင်ဆောင်ပဲ အရပ်သားပုံစံသွားလာရန်၊ ခရီးသွားမယ့် တပ်ဖွဲံဝင်တွေအနေနဲ့ ဆက်ဆံရေးရုံးကို ကြိုတင်အကြောင်းကြားရန်၊ သက်ဆိုင်ရာ အကြီးအကဲထံက ခွင့် ပြုချက်ရယူရန်နဲ့ ခရီးစတင်ထွက်မယ့်နေ့နဲ့ ပြန်ရောက်မယ့်နေ့ကို ဆက်ဆံရေးရုံးကို အကြောင်းကြားရန်တို့ဖြစ်ပါတယ်။ https://www.facebook. com/photo?fbid=6 08591031309590&set=a.477257421109619

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button