သတင်း

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအနီးမှာ ၃ ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအနီးမှာ ၃ ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၇၊ ၂၀၂၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းနဲ့ အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်ကနေ ဒီကနေ့အထိ ၃ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြတယ်လို့ ဒေသခံတွင်း သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
 
မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးစခန်းနဲ့ အနီးတဝိုက်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာဖြစ်ပြီး တပ်စခန်းတချို့ကိုလည်း ကိုးကန့် (MNDAA) တပ်ဖွဲ့ ကသိမ်းယူမှုရှိနေတယ်လို့ သိရပါတယ်။
 
တပ်စခန်းသိမ်းခံနေရတဲ့ စစ်ကောင်စီတပ်က မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းနဲ့ အနီးတဝိုက်သို့ဘက်ကို ဦးတည်ပြီး လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှု ရှိနေသလို ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“စစ်တပ်ဖက်က လက်နက်ကြီးပစ်ကူကတော့ ဆက်တိုက်ပစ်နေတယ်။ ကုန်သွယ်ရေးဝန်းထဲကိုလည်း ၅လုံးလောက်ကျတယ်။ လူတော့မထိသွားဘူး။ အခုချိန်ထိတော့ ပစ်နေကြတုန်းပဲ”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကပြောပါတယ်။
 
အဲဒီလိုပဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကုန်သွယ်ရေးစခန်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အဆောက်အဦ ၂၀ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ယမန်နေ့ နိုဝင်ဘာလ ၂၆ရက်၊ ညပိုင်းကတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၅ကြိမ်လာကြဲသွားပေမယ့် တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း သိရပါတယ်။
 
မူဆယ်မြို့နယ်အတွင်းရှိ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းကို MNDAAမှ နိုဝင်ဘာလ ၂၅ရက်ကလည်းကောင်း၊ လုံခန်စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၂၆ရက်ကလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးတစ်ဦးအပါအဝင် သေဆုံးသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
 
ဓါတ်ပုံ – CJ
 

Related Articles

Back to top button