ဆောင်းပါး

မြန်မာနိုင်ငံတွင် အန်ယူဂျီက အချိန်မတိုင်သေးမီ ရွှေထီးနှင့်မြေကြီးအကြား ပုံအော၍လောင်းကြေးထပ်

မြန်မာနိုင်ငံတွင် အန်ယူဂျီက အချိန်မတိုင်သေးမီ ရွှေထီးနှင့်မြေကြီးအကြား ပုံအော၍လောင်းကြေးထပ်

အန်သနီ ဒေးဗစ်စ် (အေရှားတိုင်းမ်စ် – နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၂ ခုနှစ်)

စစ်အာဏာရှင် ဆန့်ကျင်မှု ခုခံတော်လှန်ရေးက ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရ အောင်ပွဲရရှိရန် ရည်မှန်းချက် ထားရှိနေသော်လည်း ပြောက်ကျားစစ်မှ သမားရိုးကျ နည်းဗျူဟာသို့ အလျင်အမြန် ကူးပြောင်းခြင်းက ရှုံးနိမ့်မှုကို ဖြစ်လာစေနိုင်သည်။

ပြည်တွင်းစစ်၏ ခေတ်သစ်တစ်ခုကို ဖြစ်လာစေသည့် စစ်တပ်၏အာဏာသိမ်းမှုက နှစ်နှစ်မပြည့်သေးသည့် အချိန်အတွင်း၊ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးက ဆက်လက်၍ပြင်းထန်လာနေဆဲဖြစ်သည့် ပဋိပက္ခကို အလျင်အမြန် နိဂုံးချုပ်အဆုံးသတ်ရန် တွန်းအားပေးလာလျက် ရှိနေသည်။

၂၀၂၃ ခုနှစ် အစောပိုင်း၏ ခြောက်သွေ့ရာသီကို နိုင်ငံ၏အနာဂတ်အတွက် အဆုံးအဖြတ်ပေးမှုအဖြစ် ထိထိရောက်ရောက် သတ်မှတ်လိုက်သည့် စွန့်စားရမှုအန္တရာယ်ကြီးမားသော လှုပ်ရှားမှုအတွင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) က ဆယ်စုနှစ်များစွာကြာ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြီးစိုးလွှမ်းမိုးမှုအား လာမည့်နှစ်အကုန်တွင် ဖြုတ်ချဖယ်ရှားပစ်ရန် ရည်ရွယ်လျက် “နွေဦးတော်လှန်ရေး” ၏ အောင်ပွဲအတွက် ကြေညာချက်တစ်စောင်ကို အောက်တိုဘာလလယ်က ထုတ်ပြန်ခဲ့သည်။

ထိုတောင်းဆိုမှု၏ နောက်ပိုင်း မြို့ပြဒေသများတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာမည့် ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့ပြီး၊ ကရင်ပြည်နယ်အရှေ့ပိုင်းတွင် တုံ့ပြန်မှုပြုရန် အဆင်သင့်ဖြစ်နေခဲ့ပုံ ရသည်။ အဓိကကျသည့် မြို့တစ်မြို့အား စစ်အုပ်စု-ဆန့်ကျင်မှု တော်လှန်ရေးတပ်ဖွဲ့များက ပထမဆုံးအကြိမ်အဖြစ် ခဏတာဖြစ်ပုံရသည့် သိမ်းပိုက်မှုအတွင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအန်အယ်လ်အေ) နှင့် မဟာမိတ်အဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များက၊ ရန်ကုန်မြို့နှင့် ထိုင်းနယ်စပ်ရှိ မြဝတီမြို့တို့ကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

မြန်မာနိုင်ငံပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသည့် နိုင်ငံခြား ထောက်လှမ်းရေး လေ့လာဆန်းစစ်သူ တစ်ဦးက “အရေးတကြီး ဖြစ်လာနေတာက အတိုင်းအတာတစ်ခုအထိအောင် သိသိသာသာ မြင့်မားနေတယ်ဆိုတာ ထင်ရှားပါတယ်။ အန်ယူဂျီက သူတို့အနေနဲ့ ဒါကို တစ်နှစ်အတွင်း မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်မှရမယ်လို့ ခံစားနေရတယ်။”

ပြီးခဲ့သည့်နှစ် နောက်ဆုံးသုံးလပတ်အတွင်းကမှ ရည်ရွယ်ချက်ပြင်းထန်မှုဖြင့် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊ စစ်ပွဲကို အလျင်အမြန် နိဂုံးချုပ်အဆုံးသတ်ရန် လိုအပ်သည်ဟု ယူဆနေမှု၏နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိနေပုံရသည်။

သံသယရှိစရာမလိုသည့် တွန်းအား‌တစ်ခုမှာ၊ အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက သို့မဟုတ် အက်စ်အေစီ) က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် “စည်းကမ်းပြည့်ဝသည့် ပါတီစုံ” ရွေးကောက်ပွဲ၏ လွှမ်းမိုးမှုရှိလာသည့် အလားအလာဖြစ်ပြီး၊ ရွေးကောက်ပွဲများက အားနည်းချို့ယွင်းချက်ရှိသော်လည်း ကာကီစစ်ဘက်ဝတ်စုံအစား အရပ်ဘက်လုံချည်ကို ပြောင်းလဲဝတ်ဆင်ထားကြသူများက ဦးဆောင်ပွဲထွက်လာမည့် အစိုးရအား နိုင်ငံတကာတွင် တရားဝင်ဖြစ်မှုကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်မည်ကို စိုးရိမ်နေရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြစ်တည်လာချိန်မှစ၍ နစက.က ၎င်း၏ စည်းကမ်းချက်များအတိုင်း ကျင်းပမည့် ရွေးကောက်ပွဲများကို လက်နက်ကိုင်တပ်ဖွဲ့များအတွက် မြန်မာ့နိုင်ငံရေး၏ အလယ်မှ ထွက်ခွာသွားရန် အကောင်းဆုံးနှင့်၊ အမှန်တကယ်တွင် တစ်ခုတည်းသော၊ လမ်းကြောင်းအဖြစ် သတ်မှတ်ခဲ့သည်။ ရွေးကောက်ခံလွှတ်တော်နှင့် ပျော့ပြောင်းမှုရှိသည့် အရပ်သားတစ်ပိုင်း ညွန့်ပေါင်းအစိုးရက၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဆွဲဆောင်ရန်အတွက် အကွက်ချထားသည့်၊ စစ်တပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ပြောင်းလဲမှုများကို – အနည်းဆုံး သဘောတရားအရ – ခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။

တချိန်တည်းမှာပင်၊ မဲပေးရွေးချယ်မှုမှ ထွက်ပေါ်လာသည်ဟုဆိုသည့် မည်သည့် အရပ်သားအစိုးရကမဆို၊ မြန်မာနိုင်ငံတွင် စစ်ပွဲထက် တည်ငြိမ်မှုကို ပို၍လိုလားသည့် ပြည်ပနိုင်ငံများအား စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်နိုင်ရန်အတွက် ၎င်းတို့လိုအပ်နေသည့် ဖုံးအုပ်ကွယ်ဝှက်ထားမှုကို ပေးကောင်း ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထိုအုပ်စုတွင်၊ မော်စကိုနှင့် ဘေဂျင်းရှိ နစက၏ သစ္စာဆိုထားကြသည့် အာဏာရှင် မဟာမိတ်များသာမက အီရန်၊ ပါကစ္စတန်၊ အချို့သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံဟု ထင်မြင်ရသည့် အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ပင် ပါဝင်လာနိုင်သည့် များစွာပိုမိုကျယ်ပြန့်သော အုပ်စုများ ဖြစ်ကြသည်။

ပဋိပက္ခကို အရှိန်မြှင့်တင်ရန် နောက်ထပ်ဖိအားပေးမှုက၊ ယခုနှစ်တွင် ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ လူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါးမျှသည် တစ်မျိုးသားလုံး ဆင်းရဲမွဲတေမှု၏ အောက်တွင် ရပ်တည်နေရ‌မည်ကို တွေ့မြင်လာကြ ရမည်ဆိုသည့် စိုးရိမ်ဖွယ်ရာ စီးပွားရေးအခြေအနေများ၏အောက်တွင်၊ ရေပန်းစားနေသည့် လူထုထောက်ခံအားပေးမှုအား မည်မျှအထိကြာအောင် ထိန်းထားနိုင်မည်နည်းဆိုသည့် စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်။

နောက်ဆုံးအချက် အနေဖြင့်၊ စစ်အုပ်စု၏ လွန်ကဲပြင်းထန်သည့် လုပ်ရပ်များရှိသည့် ရက်သတ္တပတ်အပေါ် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စိတ်ဆိုးဒေါသဖြစ်ရမှုများကို ထုံးစံအတိုင်း အဆံမပါသည့် ပုံစံကျ ထုတ်ပြန်‌ကြေညာချက်များဖြင့်သာ အကန့်အသတ်ရှိသည့် ထောက်ခံပံ့ပိုးပေးမှုနှင့်အတူ၊ အန်ယူဂျီ ရင်ဆိုင်နေရသည့် ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာ အခက်အခဲများက ကြာရှည်ဆွဲသွားနေမည့် စစ်ပွဲ၏ မရေရာမသေချာမှုများကို လက်ခံခြင်းထက် အရှိန်အဟုန်မြှင့်တင်ရန်အတွက် ထောက်ပြငြင်းခုံစရာ ဖြစ်လာရသည်။

“သူတို့အနေနဲ့ အချိန်အကြာကြီး စောင့်နေရလို့ရှိရင် အဲဒီအခြေအနေကြားမှာ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ပိုက်ဆံရှိမှာ မဟုတ်ပါဘူး” ဟု ထောက်လှမ်းရေး လေ့လာဆန်းစစ်သူက ထင်ဟပ်ပြောဆိုခဲ့သည်။

များသောအားဖြင့် ပြည်တွင်းမှ ထောက်ခံအားပေးသူများ၏ လှူဒါန်းမှုများနှင့် ဆန်းသစ်တီထွင်မှုရှိသော အန်ယူဂျီက ဖန်တီးထားသည့် ရန်ပုံငွေရှာဖွေမှု အစီအစဉ် အမျိုးမျိုးမှတဆင့် ခက်ခက်ခဲခဲ ရရှိလာသည့် ငွေသားမှာ၊ လက်နက်များ ဝယ်ယူမှု၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးဝေမှုနှင့် လိုအပ်သည်ထက် များပြားနေသည့် ဒေသဆိုင်ရာ ပီဒီအက်ဖ်အဖွဲ့များအား ပိုမိုထိရောက်သည့် ဗဟိုမှချုပ်ကိုင်မှုရှိသော အမိန့်ပေးကွပ်ကဲမှုအောက်တွင် ပံ့ပိုးပေးမှုများအတွက် အရေးကြီးလှသည်။

  • အန္တရာယ်ရှိမှုများကို အရှိန်မြှင့်တင် လုပ်ဆောင်ခြင်း •

အဆိုပါ နောက်ခံအဖြစ်ရှိနေသည့် ဖိအားများအား ဆန့်ကျင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည့်တိုင်၊ တော်လှန်ရေးအောင်ပွဲကို လာမည့် ဆယ်လတာကာလ အချိန်အတွင်း အလျင်အမြန် ရယူရန် တွန်းအားပေးမှုအတွက်၊ စိုးရိမ်ကြောက်လန့်စရာ အန္တရာယ်များက ရှိနေကြသည်။ ရိုးရိုးရှင်းရှင်း ဆိုရလျင်၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည့်သူများမှာ ပီဒီအက်ဖ်များ ဖြစ်ကြပြီး၊ မိမိတို့ချည်းဖြစ်စေ သို့မဟုတ် တိုင်းရင်းသားမဟာမိတ်များ၏ ပံ့ပိုးထောက်ခံမှုဖြင့် ဖြစ်စေ၊ ကောင်းစွာ လမ်းမလျှောက်တတ်မီ အပြေးသွားရန်ကြိုးစားခြင်းမျိုးကြောင့် မျက်နှာမှောက်ရက်အပ်လျက် လဲကျသဖြင့် နာကျင်ရသကဲ့သို့ ဆုံးဖြတ်ချက် မှားယွင်းမှုမျိုး ဖြစ်လာနိုင်သည်။

စစ်ရေးအသုံးအနှုန်းအရ ဆိုရလျင် အဆိုပါဖြစ်နိုင်ခြေမှာ၊ လုံလောက်သည့် ညှိနှိုင်းလုပ်ဆောင်မှု၊ လေ့ကျင့်မှု၊ လက်နက်ထောက်ပံ့မှု သို့မဟုတ် လေကြောင်းရန် ကာကွယ်မှုများ မရှိဘဲ လျော့ရဲစွာ စုဖွဲ့ထားသည့် ပြောက်ကျားများက နံရံကိုကျောပေးလျက်၊ ကောင်းစွာလက်နက်တပ်ဆင်ထားသည့် စစ်အုပ်စု၏ တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုး ဖြစ်နေသည်။

ခေတ်သစ် စစ်ရေးပဋိပက္ခများအတွင်း အခိုင်အမာရှိနေသည့် အာဏာရှင်များအား ဆန့်ကျင်ရာတွင်၊ ပြောက်ကျားနည်း ဗျူဟာမှ တစ်ပိုင်းတစ်ပိုင်း သမရိုးကျ စစ်ဆင်ရေးများဆီသို့ အချိန်မတန်မီ ပြောင်းလဲရန် ကြိုးစားခဲ့ကြသည့် ကောင်းစွာဖွဲ့စည်းထားပြီး အတွေ့အကြုံရှိသော တော်လှန်ရေးတပ်ဖွဲ့များ အတွက်ပင်လျှင်၊ သွေးထွက်သံယိုဖြစ်မှုများဖြင့် သင်ယူခဲ့ကြရသည့် သင်ခန်းစာများဖြင့် ပြည့်နှက်လျက် ရှိနေသည်။ သမိုင်းကြောင်းအရ၊ ထိုကြိုးပမ်းလုပ်ဆောင်မှုများမှာ ယေဘုယျအားဖြင့် အမှန်တကယ် ရှိနေသော သို့မဟုတ် ခံစားရရှိလာသော နိုင်ငံရေးဖိအားများနှင့် ပြိုလဲလုနီးပါး ဖြစ်နေသည်ဟု အကဲဖြတ်ခံထားရသည့် ရန်သူအပေါ် လျှော့တွက်မှုတို့မှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သည်။

“အပြေးအလွှား အောင်ပွဲခံမှု” လက္ခဏာပုံစံ၏ သိသာဆိုးရွားလှသည့် မှတ်သားစရာ ဥပမာတစ်ခုမှာ၊ ပြင်သစ်ကိုလိုနီနယ်ချဲ့ တပ်ဖွဲ့များက မြို့တော်ဟနွိုင်းကို အကာအကွယ်ပေးရန် တည်ဆောက်ထားသည့် မြစ်နီ မြစ်ဝကျွန်းပေါ်ဒေသ ခံတပ်ကို ဖောက်ဖျက်ရန် နာမည်ကျော်ကြားသည့် (ဗိုငုယင်ဂီယက်ဟု ရေးလေ့ရှိသည့်) ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗော်အော်ငုယန်ဇပ်၏ ၁၉၅၁ ခုနှစ်အစောပိုင်းက ကြိုးပမ်းခဲ့မှု ဖြစ်သည်။

အဆိုပါ သုံးလကြာ စစ်ဆင်ရေးအတွင်း မမျှော်လင့်ဘဲ အံ့အားသင့်ဖွယ် လူ့အသက် ဆုံးရှုံးရမှုများ ဖြစ်လာခဲ့ရသည်မှာ – အုပ်လိုက်ကျင်းလိုက် ရှိနေကြသည့် ခြေလျင်တပ်ဖွဲ့များအပေါ် (နပမ်း ခေါ်) နေ့ပမ်းမီးလောင်ဗုံးများကို ပထမဆုံးအကြိမ်အဖြစ် လေကြောင်းမှ ကြဲချခံခဲ့ရခြင်းက ဆိုးရွားပြင်းထန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပြီး – ဗိုလ်ချုပ်ကြီးဇပ်အား ရာထူးကို စွန့်လွှတ်လိုက်ရလုနီးပါးအထိ ဖြစ်စေခဲ့ကာ၊ ကိုလိုနီဆန့်ကျင်ရေး ဗီယက်မင်းတို့အနေဖြင့် များစွာပိုမိုကောင်းမွန်သည့် ပြင်ဆင်မှုဖြင့် နောက်ထပ်သုံးနှစ်အကြာ ဒျန်ဘျန်ဖူးတွင် နောက်ဆုံးတိုက်ပွဲဝင် အောင်မြင်ခဲ့သည့် အချိန်အထိတိုင် အဖြစ်ဆိုးစွာ နောက်ဆုတ်ပေးခဲ့ရသည်။

ဗီယက်နမ်၏ တော်လှန်ရေးတိုက်ပွဲ နောက်ပိုင်းအခန်းတစ်ခုတွင်၊ လူကြိုက်များသည့် လူထုအုံကြွမှုများ ပေါ်ပေါက်လာစေရန် ယစ်မူးနေသည့် မျှော်လင့်ချက်ဖြင့် ၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်ကောင်းတပ်ဖွဲ့များက တောင်ဗီယက်နမ် တစ်ခွင်တွင် တက်ထိုးစစ်ကို ဆင်နွှဲခဲ့ကြသည်။ နောက်ဆုံးရလဒ်အဖြစ်၊ ဗီယက်နမ်တောင်ပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ဆောက်ထားခဲ့သည့် ကွန်မြူနစ်စစ်ဘက် အခြေခံအဆောက်အအုံကို အမေရိကန်နှင့် မဟာမိတ် (တောင်ဗီယက်နမ်) ဆိုင်ဂုံတပ်ဖွဲ့များက သီတင်းနှစ်ပတ်အတွင်း ပြိုလဲသွားစေခဲ့ကြပြီး၊ ၁၉၇၅ ခုနှစ်တွင် စစ်ပွဲကို နောက်ဆုံးအနိုင်ရခဲ့ခြင်းမှာလည်း အကြီးအကျယ် ထိခိုက်ဆုတ်ယုတ်သွားခဲ့သည့် ဗီယက်ကောင်းတို့၏ အောင်မြင်မှု မဟုတ်ခဲ့ဘဲ၊ မြောက်ဗီယက်နမ်စစ်တပ်၏ အောင်ပွဲသာ ဖြစ်ခဲ့ရသည်။

နိုင်ငံရေးနှင့် ယုံကြည်မှုလွန်ကဲမှုက အာရှတိုက်၏ အခြားတစ်ဘက်တွင်၊ ၁၉၈၉ ခုနှစ် နွေဦးပေါက်ရာသီကာလအတွင်း ကွန်မြူနစ်ဆန့်ကျင်ရေး အာဖဂန်ပြောက်ကျားများ၏ အောင်ပွဲအတွက် ရုတ်တရက် ထိုးစစ်ဆင်နွှဲခဲ့မှုက အလားတူ ဘေးဒုက္ခအတွင်းသို့ တွန်းပို့ပေးခဲ့သည်။ ဆိုဗီယက်တပ်များ ဆုတ်ခွာသွားပြီးနောက် ယာယီအတိုက်အခံအစိုးရကို ဖွဲ့စည်းပေးရန် စိတ်အားထက်သန်နေသည့် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့၏ ‌တောင်းဆိုမှုအရ၊ ကဘူးလ်ရှိ ကွန်မြူနစ်အစိုးရ ပြိုကွဲသွားစေရန် မူဂျာဟစ်ဒင် အဖွဲ့ခွဲများက နိုင်ငံအရှေ့ပိုင်းရှိ ဂျလာလာဘတ်မြို့ကို သီတင်းပတ်ပေါင်းများစွာ ရှေ့တန်းစစ်မြေပြင်အဖြစ် ချေမှုန်းတိုက်ခိုက်မှုများဖြင့် ကြိုးပမ်းခဲ့ကြသည်။

လေ့ကျင့်ထားခြင်း မရှိကြသည့် မျိုးနွယ်စု တိုက်ခိုက်ရေးသမားများမှာ၊ နေ့ညမပြတ် လေ‌ကြောင်းတိုက်ခိုက်မှုများဖြင့်  ပံ့ပိုးပေးထားသည့် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေခဲ့ကြသော လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် မြေပြင်ရှိ အစိုးရတပ်ဖွဲ့များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် ဝရုန်းသုန်းကားဖြင့် အထိနာခဲ့ရသည်။ နောက်ထပ် သုံးနှစ်အကြာတွင် ဆိုဗီယက်တို့၏ ရန်ပုံငွေ ပံ့ပိုးပေးမှု အဆုံးသတ်သွားခဲ့ခြင်းကြောင့်သာ၊ သမ္မတ မိုဟမ်မက်ဒ် နာဂျီဘူလာ၏ အစိုးရမှာ အဖွဲ့အတွင်းကွဲပြဲမှုဖြင့် ပြိုလဲသွားခဲ့ရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်မှုတွင်၊ ရှေ့တန်းထိုးစစ်များအတွက် အထင်အရှားပင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးသည့် ဤမျှအတိုင်းအတာဖြင့် တပ်ဖွဲ့များအတွက် နောက်ပြန်ဆုတ်နှောင့်နှေးသွားစေမည့် အန္တရာယ်ရှိမှုက၊ လူကြိုက်များမှုအတွက် စိတ်ဓာတ်တက်ကြွမှုနှင့် အောင်ပွဲရရှိမှုအတွက် သိသာထင်ရှားသည့် အခြားရွေးချယ်စရာ နည်းလမ်းများ မရှိခြင်းတို့အပေါ် ‌ ဒုက္ခရောက်ရန်အလားအလာရှိသည့် သက်ရောက်မှုအပေါ်တွင် တည်မှီနေသည်။

ယနေ့အထိ၊ အတိုင်းအတာတစ်ခုအထိ ကောင်းစွာလက်နက်တပ်ဆင်ထားသည့် ပီဒီအက်ဖ်များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (အီးအာရ်အို) များ ပါဝင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ ချေမှုန်းရေးစစ်ဆင်တိုက်ခိုက်မှုများအတွင်း၊ မြို့ပြဗဟိုဒေသများအား လက်လွှတ်ဆုံးရှုံးမခံရရန် စိတ်ပိုင်းဖြတ်ထားသည့် စစ်အုပ်စု၏ ထပ်တလဲလဲ လေကြောင်းမှ တိုက်ခိုက်မှုများနှင့် ဒုံးတွဲပစ်ခတ်မှုစနစ် (အမ်အယ်လ်အာရ်အက်စ်) များအပေါ်မှီခိုအားပြုသည့် တန်ပြန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရာတွင်၊ အထင်အရှားပင် မြို့ပြဒေသများကို သိမ်းပိုက်ရာတွင် အောင်မြင်မှု မရှိခဲ့ကြပေ။

အဆိုပါ စိန်ခေါ်မှုကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလက ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့အတွင်းနှင့် အနီးတဝိုက်တွင် နှင့်၊ နောက်ထပ် စက်တင်ဘာလက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ မိုးဗြဲတဝိုက်တွင် ပြက်ပြက်ထင်ထင် သရုပ်ဖော်ပြသခဲ့သည်။

ထို့နောက် အောက်တိုဘာလက ထိုင်းနယ်စပ်သို့သွားသည့်လမ်းကို ခွ၍ထိုင်ထားသည့် ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း၊ တူညီသည့် သင်ခန်းစာအဖြစ် – လေကြောင်းမှ တိုက်ခိုက်မှုများနှင့် အမြောက်ဖြင့် ပစ်ခတ်မှုများက ဆက်လက်၍ အဆုံးအဖြတ် ပေးခဲ့သည်။

ဤအတောအတွင်း၊ များသောအားဖြင့် အီးအာရ်အိုများ၏ တိုက်ရိုက်ပံ့ပိုးပေးမှု မပါရှိဘဲ လှုပ်ရှားလည်ပတ်နေကြသည့် ပီဒီအက်ဖ်များရှိရာ အနောက်ဘက်ပိုင်းမှ အခြားဒေသများဖြစ်ကြသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်၊ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက အတိုင်းအတာတစ်ခုအထိ သေးငယ်သည့် မြို့နယ်ဗဟိုနေရာများကို – ခဏတာ အချိန်တို အတွက်ပင် – စီးနင်းနိုင်ခြင်းမရှိ သို့မဟုတ် စီးနင်းရန် ဆန္ဒမရှိခဲ့ကြပေ။

ဤ တည်ငြိမ်အေးဆေးသည့် နောက်ခံအခြေအနေကို ဆန့်ကျင်လျက်၊ ၂၀၂၃ ခုနှစ်အတွင်း အောင်ပွဲရရှိရန် တောင်းဆိုမှုများက – စုစည်းကျစ်လစ်သည့် ဖွဲ့စည်းမှုနှင့် ခေါင်းဆောင်မှု ကင်းမဲ့နေဆဲဖြစ်သော လူကြိုက်များသည့် တော်လှန်ရေးအင်အားစုများအကြား အသေအပျောက် အများအပြား ရှိလာစေနိုင်သည့် ပုံသေစစ်စခန်းချရာ နေရာများအပေါ် စိတ်ကူးယဥ်မှုဖြင့် ချေမှုန်းရေးစစ်ဆင်မှုများက – လက်တွေ့မကျသည့် မျှော်လင့်ချက်များနှင့် ဆိုးရွားသည့် တန်ပြန်အကျိုးဆက်များ၏ အန္တရာယ်ရှိမှုကို တိုးလာစေနိုင်သည်။

အဆိုးဆုံး ဖြစ်နိုင်ခြေ တစ်ခုတွင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ လှုပ်ရှားမှုအနေဖြင့် ပြန်လည်အားပြည့်လာနိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည့် မဟာဗျူဟာအရ နောက်ပြန်ဆုတ်လိုက်ရမှုများ ပါဝင်နိုင်သည်။

  • ဘာဆက်လုပ်ရမလဲ •

ဖြစ်နိုင်ခြေရှိသော ပိုမိုလက်တွေ့ကျသည့် ချဉ်းကပ်မှုတစ်ခုအဖြစ်၊ ပဋိပက္ခ၏ အချိန်ကာလကို လျှော့ချပစ်ရန် လိုအပ်သည့် ကန့်သတ်ချက်ရှိမှုများနှင့် တပ်ဖွဲ့များ၏ စွမ်းရည်ဖွံ့ဖြိုးရန် လိုအပ်နေဆဲ ဖြစ်မှုတို့အကြား အဆက်ပြတ်နေသည့် လမ်းကြောင်းအား ရွေးချယ်လုပ်ဆောင်ခြင်းဖြင့်၊ ယခုအချိန်တွင် ပေါင်းစည်းညီညွတ်ရန် လိုအပ်နေဆဲ ဖြစ်နေသည့် ယုံကြည်စိတ်ချရမှုရှိသော စစ်ရေးအရှိန်အဟုန်ကို တည်ဆောက်နိုင်ရန်အတွက် လာမည့်နှစ်ကာလကို အသုံးပြုရန် ရည်ရွယ်လျက်၊ ထိုးစစ်ဆင်မှု စွမ်းရည်နှင့် စစ်ရေးဆင်နွှဲမှုများကို တစ်ဆင့်ချင်း မြှင့်တင်ပေးရန် ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်သည်။

စစ်မြေပြင်တွင် မြင်သာသည့် မောင်းနှင်အားကို ရရှိခြင်းက၊ နစက၏ ရာထူးအဆင့်ဆင့်အတွင်း ကျိုးလွယ်ပျက်လွယ် ဖြစ်နေပြီးသား စိတ်ဓာတ်ကို တဖြည်းဖြည်းချင်း ဖြိုဖျက်ချနေချိန်တွင် အခွင့်အရေး စတင်ရရှိပါက ပြည်တွင်းထောက်ခံမှုကို အားဖြည့်ပေးရန်၊ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေစေလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သိသာထင်ရှားသည့် အောင်မြင်မှုများက ယခုအချိန်အထိ သံသယရှိဆဲဖြစ်နေသည့် နိုင်ငံတကာအသိုက်အဝန်းအား၊ နေပြည်တော်စစ်အုပ်စုအနေဖြင့် စစ်ရေးအရ ပြိုကွဲမှုနှင့် နိုင်ငံရေးအရ ရှုံးနိမ့်မှုတို့ကို အသွင်သဏ္ဌာန်အမျိုးမျိုး သို့မဟုတ် အခြားတစ်နည်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်ရလျက် ရှိနေသည်ကို ပြသနိုင်လိမ့်မည် ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း၊ အဖြစ်အပျက်များက ရှင်းလင်းပြတ်သားစေခဲ့ပြီးဖြစ်သည့် စစ်အုပ်ချုပ်ရေးအား အောင်မြင်စွာ ခုခံတော်လှန်မှုကို၊ ယေဘုယျအားဖြင့် တစ်ဘက်တွင် တိုင်းရင်းသားဗမာများ ကြီးစိုးသည့် အန်ယူဂျီနှင့် ဗမာ ပီဒီအက်ဖ်များ အကြားနှင့်၊ အခြားတစ်ဘက်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည့် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်နှင့် အခြားဖြစ်နိုင်ခြေရှိသည့် အဖွဲ့များအကြား၊ မဟာမိတ်ပြုတိုက်ခိုက်မှု၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ တည်ဆောက်နိုင်မည် ဖြစ်ပြီး – ၎င်းတို့အားလုံး၏ တက်ကြွသည့် ထောက်ခံပံ့ပိုးမှုနှင့် ပူးပေါင်းပါဝင်မှုများ မရှိဘဲ စစ်ပွဲကို အောင်နိုင်လိမ့်မည် မဟုတ်ပေ။

ရှေ့လာမည့် စစ်ရေးအရ အရေးပါသည့်လများအတွက် ကြိုတင်ပြင်ဆင်မှုများအတွင်း ထိုမဟာမိတ်ဖွဲ့မှုကို ခိုင်မာစေရန်၊ ကျယ်ပြန့်သည့် သမိုင်းကြောင်းအရ ကွဲပြားမှုကို ပေါင်းကူးပေးရန်အတွက် ယနေ့ရှိနေသည်ထက် များစွာပိုမိုနက်ရှိုင်းသည့် ယုံကြည်မှုအဆင့်ကို – အလျင်အမြန် – ထူထောင်ရန် လိုအပ်မည်ဖြစ်သည်။ ဖက်ဒရယ်စုဖွဲ့မှုအသစ်အတွက် ဗမာတို့၏ ကတိကဝတ်ပြုမှုအပေါ် အီးအာရ်အိုတို့၏ သံသယများ ကင်းရှင်းစေရန် တာဝန်မှာ အန်ယူဂျီနှင့်၊ အကျဉ်းချခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရအဖွဲ့မှ အန်ယူဂျီအတွင်း ပါဝင်နေကြသူများအပေါ်တွင် အဓိက မူတည်နေလိမ့်မည် ဖြစ်သည်။

အခြားတိုင်းရင်းသားများ၏ မကျေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးရန် နေနေသာသာ နားလည်မှုရှိရန်အတွက်ပင် ပျက်ကွက်နေမှုအား ပံ့ပိုး‌ပေးခဲ့သည့်၊ အန်အယ်လ်ဒီအစိုးရ၏ သွင်ပြင်လက္ခဏာဖြစ်ခဲ့သော၊ ဗမာတို့၏ ၎င်းတို့မှာ အုပ်ချုပ်ရန်မွေးဖွားလာသည်ဆိုသည့် ဆွဲဆောင်မှုကင်းမဲ့သော မောက်မာမှုမှတ်တမ်းက၊ ဆက်လက်၍ ခါးသည်းစွာပြည်တည်နေသည့် အမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။ အဆိုပါသံသယများကို၊ ယခုနှစ်စောစောပိုင်းက အဓိကကျသည့် အီးအာရ်အို အဖွဲ့တစ်ခု၏ အပြင်းအထန် ဝေဖန်တိုက်ခိုက်ထားသည့် လက်ရှိပဋိပက္ခအား “ဗမာတွေအကြားက အာဏာလွန်ဆွဲပွဲ” အဖြစ် ကိုးကားမှုများအတွင်း တိုက်ရိုက်တဲ့တိုး တွေ့ရှိခဲ့ရသည်။

ယခုအချိန်တွင် အီးအာရ်အိုတို့၏ သံသယဖြစ်မှုအား အလျှော့ပေးကျေနပ်စေရန်အတွက် “လုပ်သင့်သည်ထက်ပို၍ လုပ်ဆောင်ရာတွင်” အန်ယူဂျီ၏ ဗဟိုချက်၌ရှိနေသည့် မျိုးဆက်ဟောင်း အန်အယ်လ်ဒီ နိုင်ငံရေးသမားများ၏ ပျက်ကွက်မှုတိုင်းက၊ မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ခေတ်နှင့် သူမပုံဖော်ခဲ့သည့် တစ်ဆင့်ချင်းပြောင်းလဲသည့် နိုင်ငံရေးဖြစ်စဥ်ကို ကျော်လွန်ရောက်ရှိသွားစေခဲ့သည့် တော်လှန်ရေးစစ်ပွဲ၏ အောင်မြင်မှုအပေါ် ဆိုးရွားစွာသက်ရောက်မှု ဖြစ်စေသည်ကို ယနေ့အထိ သက်သေပြနိုင်ဦးမည် ဖြစ်သည်။

လာမည့်ရက်သတ္တပတ်များအတွင်း – အစိုးရဖြစ်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ထူးထူးခြားခြား ဆန့်ကျင်ခဲ့သည့် – အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွင်း ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့သော မှတ်ကျောက်တင်မည့် တိုင်းရင်းသားအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းသည်၊ အလွန်ပင် အရေးကြီးလိမ့်မည် ဖြစ်သည်။

  • ပြည်သူ့ချေမှုန်းရေး တပ်ဖွဲ့များ •

အကယ်၍ လူမျိုးစုဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်၏ အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်ပါက၊ မည်သည့် ၂၀၂၃ ခုနှစ် စစ်ရေးနည်းဗျူဟာအတွက်မဆို ဗျူဟာမြောက်ပစ်မှတ်ထားသည့် ထိုးစစ်ဆင်မှုများအတွက် အထူးဖွဲ့စည်းထားသော သွက်လက်မှုရှိသည့် ချေမှုန်းရေးစစ်ဆင်မှုတပ်ဖွဲ့များကို စုဖွဲ့ခြင်းအား ထိပ်ဆုံးမှထားရှိရန် လိုအပ်မည်မှာ သေချာသလောက် ဖြစ်သည်။

“ပြည်သူ့ချေမှုန်းရေးတပ်ဖွဲ့” (ပီအေယူ) အသစ်များအား လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အခြေခံ၍ စုဖွဲ့ထားသော်လည်း၊ ၎င်းတို့၏ လက်နက်ပစ္စည်းများ၊ လေ့ကျင့်သင်ကြားထားသူများနှင့် ရွေ့လျားလှုပ်ရှားမှုအရ ကွဲပြားသည့် အချက်က စစ်ပွဲ၏ အတိတ်နှင့်အနာဂတ် အဆင့်များအကြား ရှင်းလင်းစွာ ပိုင်းခြားထားမှု၏ အမှတ်အသား ဖြစ်လာလိမ့်မည် ဖြစ်သည်။

အကောင်းဆုံးမှာ၊ ပီအေယူများအနေဖြင့် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀ မှ ၂၅၀ အထိပါသည့် တပ်ခွဲအရွယ်အစားရှိ ကွန်မန်ဒိုခေါ် အထူးတပ်ဖွဲ့များအဖြစ် စတင်လှုပ်ရှား လည်ပတ်နိုင်ပြီး စက်သေနတ်များ၊ ပုခုံးထမ်း ဒုံးပစ်လက်နက် (အာရ်ပီဂျီ) များနှင့် စိန်ပြောင်း (မော်တာ) များကဲ့သို့ သင့်လျော်လုံလောက်သည့် လက်နက်များအား ဦးစားပေးအဆင့်ဖြင့် တပ်ဆင်ထားသော စံပြုအဖွဲ့များ ဖြစ်ကြသည်။ ထို့အပြင် ယခုအချိန်တွင် အဆိုပါ တစ်စိတ်တစ်ပိုင်း သမားရိုးကျပုံစံ တပ်ခွဲများက လေကြောင်းရန်ကာကွယ်ရေးတွင် ချို့တဲ့နေမည်ဖြစ်သော်လည်း၊ ၎င်းတို့အတွက် ကိုယ်ဖျောက်ဖုံးကွယ် ဝတ်စုံများနှင့် လျင်မြန်စွာ လူစုခွဲမှုအတွက် အထောက်အကူပစ္စည်းများကို အစားထိုး ဖြည့်ဆည်းပေးရန် လိုအပ်မည် ဖြစ်သည်။

အနည်းဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတစ်လျှောက် ပေါင်းစပ်ညှိနှိုင်းပြီး၊ လာမည့်လများအတွင်း အထူးသဖြင့် အချည်းနှီးဖြစ်မှုနှင့် ငွေကုန်ကြေးကျများသည့် လူနေထူထပ်သော နေရာများတွင် ကြိုးပမ်းတိုက်ခိုက်မှုများကို ရှောင်ရှားလျက်၊ ပီအေယူ၏ စစ်ဆင်ရေးများကို အန်ယူဂျီ ကာကွယ်ရေးဝန်ကြီးဌာန၏ ဗဟိုညှိနှိုင်းကွပ်ကဲရေးကော်မတီ (စီစီစီ) သို့မဟုတ် မဟာမိတ် အီးအာရ်အိုများက ညွှန်ကြားရမည်ဖြစ်ပြီး၊ အဓိကပစ်မှတ်အုပ်စု သုံးခုကို အကောင်းဆုံး အာရုံစိုက်ရမည် ဖြစ်သည်။

အလွယ်ကူဆုံး တွေ့မြင်နိုင်သည့် ပထမ ပစ်မှတ်အုပ်စုမှာ – ပုံမှန်အားဖြင့် လူအရေအတွက် နည်းပါးပြီး ထောက်ပံ့မှု အားနည်းသည့်၊ အစွန်အဖျားနေရာများတွင် အများအပြားရှိနေသည့် စစ်တပ် သို့မဟုတ် ပြည်သူ့စစ်များ စခန်းချရာ နေရာများ ဖြစ်ကြသည်။ ထိုကဲ့သို့သော စခန်းများကို တိုက်ခိုက်မှုများမှာ အထူးသဖြင့် ကရင်နှင့် ကယား ပြည်နယ်များအတွင်း မုတ်သုံရာသီကုန်ဆုံးပြီးစတွင် စတင်ခဲ့ကြပြီး၊ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တို့တွင်လည်း သြဂုတ်လနှောင်းပိုင်းမှ စတင်ကာ ရက္ခိုင့်တပ်ဖွဲ့ (အေအေ) က စတင်ပိတ်ဆို့ထားကာ ပလက်ဝနှင့် မောင်တောမြို့နယ်များတွင် ဟနေသည့် စစ်တပ်နေရာများကို တစ်ခုချင်းသိမ်းယူလျက် ရှိနေသည်။

သို့ရာတွင် ယနေ့အထိ ထိုကဲ့သို့သော စစ်ဆင်ရေးများကို၊ အထူးသဖြင့် လေကြောင်းစွမ်းအားတွင် စစ်အုပ်စု၏ တုံ့ပြန်နိုင်စွမ်းကို ပြန့်ကားသွားစေရန်အတွက်၊ အထူးအစီအစဉ်ချထားသော ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာအတွင်း ပေါင်းစည်းလုပ်ဆောင်မှုမျိုး မရှိသေးပေ။

ချေမှုန်းရေးစစ်ဆင်မှုများအား ပြန်လည်တွန်းလှန်ခံရသည့် နေရာများတွင် – ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လ လဆန်းပိုင်းများတွင် ထိုင်းနယ်စပ်အနီးရှိ ဥကရစ်ထ ကင်းစခန်းအား သိမ်းပိုက်ရန် ကရင်တပ်ဖွဲ့များ၏ အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့မှုကဲ့သို့ပင် – လာရောက်တိုက်ခိုက်သူများအပေါ် ပြတ်ပြတ်သားသား ချိန်ခွင်လျှာညှိ အဆုံးအဖြတ်ပေးသည့် လေကြောင်းတိုက်ခိုက်မှု ရောက်ရှိမလာမီ၊ စခန်းအား အလျင်အမြန် ဝင်ရောက်စီးနင်းရန် လုံလောက်သည့် တပ်အင်အားစုဖွဲ့မှုတွင် ပျက်ကွက်မှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

ဒုတိယပစ်မှတ်အုပ်စု အနေဖြင့်၊ လောင်စာဆီထောက်ပံ့ရေးစခန်းများ၊ ခဲယမ်းစက်ရုံများ၊ လေတပ်စခန်းများနှင့် လေ့ကျင့်ရေး စခန်းများစသည့် အဓိကကျသည့် စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားလျက် အင်အားအလုံးအရင်းဖြင့် အထူးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမှုများပြုလုပ်ရန် ချေမှုန်းရေးတပ်ဖွဲ့များကို ကောင်းစွာ တပ်ဖြန့်ချထားရမည် ဖြစ်သည်။

အစီအစဥ်ရေးဆွဲမှု၊ ကင်းထောက်မှုနှင့် ထောက်လှမ်းရေးတို့အား ထိပ်ဆုံးတွင် ထားရှိမှုနှင့်အတူ၊ အဆိုပါစီးနင်းမှုများအတွင်း ထိရောက်စွာ တိုက်ခိုက်မှုပြုနိုင်ရန် အမှောင်ထု၏ဖုံးလွှမ်းမှုကို အကောင်းဆုံး အသုံးချလျက်၊ သတ်မှတ်ထားသည့် ပစ်မှတ်များကို ဖျက်ဆီးကာ၊ မြေပြင်ကို ထိန်းချုပ်ထားရန် မကြိုးစားဘဲ ဆုတ်ခွာလာမည် ဖြစ်သည်။

အဓိကကျသည့် လမ်းမကြီးများနှင့် မီးရထားလမ်းများတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများက လက်ရှိအာဏာရှင်အုပ်စု၏ အားနည်းချက်ရှိသည့် တတိယပစ်မှတ်အုပ်စု ဖြစ်သည်။ ဒေသခံ ပီဒီအက်ဖ်များက လိုအပ်ချက်အပေါ် အခြေခံလျက် လုပ်ဆောင်သည့် လက်လုပ်ဖောက်ခွဲရေးပစ္စည်း (အိုင်အီးဒီ) များကို အသုံးပြု၍ စစ်တပ်ယာဉ်တန်းများကို အနှောင့်အယှက်ပေးခြင်းမှာ၊ ၂၀၂၁ ခုနှစ် နှစ်လယ် အုံကြွမှု၏ အစောပိုင်းနေ့များကတည်းက အဓိကကျသည့် ခုခံတော်လှန်ရေး နည်းဗျူဟာ ဖြစ်လာခဲ့သည်။

ဆန့်ကျင်ကွဲပြားစွာပင်၊ လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် ချေမှုန်းရေးတပ်ဖွဲ့များအား ဖြန့်ကျက်ချထားခြင်းသည် ယာဉ်တန်းများကို ဟန့်တားခြင်းနှင့် ဖျက်ဆီးခြင်းအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး၊ ဒုတိယအကျိုးအမြတ်အနေဖြင့် အလွန်အန္တရာယ်များသော အဝေးပြေးလမ်း လုံခြုံရေးကင်းစခန်းများတွင် စစ်အုပ်စု၏ တပ်ဖွဲ့များအား သေးငယ်သည့် အစုများအဖြစ် ချည်နှောင်ထားလိုက်ခြင်း ဖြစ်သည်။

တည်နေရာအပေါ်မူတည်လျက်၊ အဆိုပါ ခြုံခိုတိုက်ခိုက်မှုများက စတင်ထိတွေ့ချိန်နှင့် မီလ် အမ်အိုင်-၃၅ သို့မဟုတ် အသစ်ရရှိထားသည့် ကာမော့ဗ် ကေအေ-၂၉ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အနီးကပ် လေကြောင်းပံ့ပိုးမှု ရောက်ရှိလာသည့် အချိန်တို့အကြား၊ ၄၅ မိနစ်ခန့်ကြာသည့် အချိန်ကာလတစ်ခုကို အသုံးချနိုင်ရန် လိုအပ်မည်ဖြစ်သည်။

  • မျှခြေရှိသည့် စစ်ပွဲ •

ရှေ့လာမည့်နှစ်အတွင်း ထိုးစစ်ဆင်မှုများက၊ စစ်တပ်ကို စနစ်တကျ ဖြန့်ကျက်ပြန့်ကားစေလျက် အားနည်းသွားစေမည့် သွယ်ဝိုက်သည့် နည်းဗျူဟာမှ၊ လူဦးရေထူထပ်သည့် ဗဟိုချက်နေရာများကို သိမ်းယူသည့် တိုက်ရိုက်နည်းဗျူဟာသို့ ပြောင်းလဲသွားနိုင်မည်လား ဆိုသည်ကို ကြိုတင်ခန့်မှန်းရန်မှာ မဖြစ်နိုင်လောက်ပေ။

လာမည့် ခြောက်သွေ့ရာသီအတွင်း အလွန်အမင်း အပြောင်းအလဲဖြစ်လွယ်သည့် အခြေအနေမျိုးအတွင်း၊ ဖြစ်နိုင်ခြေရှိသည့် ပြင်ပအချက်များကို ကိုးကားခြင်း မပြုသည့်တိုင်၊ ပဋိပက္ခ၏ နှစ်ဘက်စလုံးမှ အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲနိုင်မှုက ဖြစ်နိုင်ခြေ ရှိနေသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတစ်လျှောက် စစ်ဆင်ရေး ညှိနှိုင်းဆောင်ရွက်မှုနှင့်၊ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် စစ်ရေးစွမ်းရည်များ၏ အဆင့်ဆင့်ပြောင်းလဲမှု နှစ်ခုစလုံးက၊ စစ်အုပ်စုကို ဆန့်ကျင်သည့် အင်အားစုများအတွက် အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။ ဆက်သွယ်ရေး သွေးကြောများကို အဟန့်အတားပြုနိုင်သည့် ထိရောက်မှုကလည်း အရေးကြီးသည့်အခန်းမှ ပါဝင်နေလိမ့်မည် ဖြစ်သည်။

နစက စစ်အုပ်စုအတွက်၊ အကျပ်အတည်းတွေ့နေသည့် မြေပြင်တပ်ဖွဲ့များ၏ အားနည်းချို့ယွင်းမှုရှိနေသည့် နေရာတွင် အစားထိုးဖြည့်ဆည်းပေးရန် မြန်မာလေတပ်အပေါ် အလျင်အမြန် ကြီးထွားလာနေသည့် တောင်းဆိုမှုများ၏ သက်ရောက်မှုက အဓိကကျသည့်အချက် ဖြစ်လာလိမ့်မည် ဖြစ်သည်။ လေယာဥ်များ၊ လေ့ကျင့်ထားသည့် လေယာဉ်မှူးများ၊ အပိုပစ္စည်းများ၊ ခဲယမ်းများ၊ လောင်စာဆီနှင့် အထူးသဖြင့် လုံခြုံသည့် လေယာဥ်အခြေစိုက်စခန်းများ အားလုံး ရရှိနိုင်မှု သို့မဟုတ် မရရှိနိုင်မှုတို့က အပြောင်းအလဲများအားလုံးကို ဖြစ်လာစေလိမ့်မည် ဖြစ်သည်။

သို့ရာတွင်၊ စစ်ပွဲက ၎င်း၏ ဆုံးဖြတ်နိုင်မှုအရှိဆုံး ဖြစ်နိုင်သည့် အဆင့်သို့ ရွေ့လျားနေသည်နှင့်အမျှ များသောအားဖြင့် လွှမ်းမိုးမှုရှိနေသည့် အချက်နှစ်ချက်တို့ အပေါ်တွင် ရလဒ်က တည်ရှိနေနိုင်သည် – အန္တရာယ်များသည့် ဗမာလူမျိုးကြီးဝါဒ၏ အမွေဆိုးမှ စွန့်ခွာရန် အန်ယူဂျီ၏ ယုံကြည်နိုင်လောက်သည့် နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှုနှင့်၊ ရှုံးနိမ့်မှုကို ဖြစ်လာစေနိုင်သည့် အလျင်စလို အောင်ပွဲခံလိုမှုကို ရှောင်ရှားသည့် စစ်ရေးအစီအစဥ်တို့ ဖြစ်ကြသည်။

  • Igor Blazevic ဘာသာပြန် တင်ဆက်သည်။

To read the full article in English visit Asia Times

Myanmar’s NUG going for broke before its time

Related Articles

Back to top button