သတင်း

သြဂုတ်လအတွင်း ကရင်နီပြည်နယ်ဒေသက တိုက်ပွဲများမှာ စစ်ကောင်စီ တပ်ဖွဲ့သင် ၄၀ဦးသေဆုံးပြီး၊ တပ်သား လေးဦး CDM ပြုလုပ်လာ

ဓာတ်ပုံ – KNDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁

 

သြဂုတ်လအတွင်း ကရင်နီ(ကယား)ပြည်နယ်ဒေသ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံးပြီး တပ်သား လေးဦး CDM ပြုလုပ် ပူးပေါင်းလာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF)ဘက်က ယနေ့ (စက် တင်ဘာ ၁ ရက်)မှာ ထုတ်ပြန်ပါတယ်။

 

သြဂုတ်တစ်လတာအတွင်း စစ်ကောင်စီတပ်များက ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေးအရ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိလာသလို ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF B10တို့ သြဂုတ် ၂၂ ရက်တွင် ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်အနီးမှာ ထိတွေ့တိုက်ပွဲ (၁၅)မိနစ် ခန့် ဖြစ်ပွားခဲ့ပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော စစ် ကောင်စီ တပ်ကို KNDF – B05က သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ KNDF – B05က သွား ရောက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများရှိခဲ့ပေမယ့် အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

 

ထို့အပြင် ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ရင်း၏ ကင်းပုန်းစခန်းတခုကိုလည်း ကရင်နီတပ်မတော် (KA) နှင့် KNDF B10 ပူးပေါင်းအဖွဲ့တို့က သြဂုတ် ၂၄ ရက်မှာ ရှောင်တခင်တိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

 

အလားတူ စံပြ(၆)မိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသော စစ်ကောင်စီတပ်များကို KNDF -B09 မှ စစ်ဆင်ရေး တစ်ရပ်အနေဖြင့် သြဂုတ် ၂၆ ရက် နံနက်ပိုင်းကလည်း တိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများရှိခဲ့ပါတယ်။

 

ဘောလခဲမြို့နယ် မက်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF B16 ပူးပေါင်းအဖွဲ့တို့ သြဂုတ် ၂၅ ရက်နှင့် ၂၇ ရက်တို့မှာ ပြောက်ကျားတိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများခဲ့ပြီး လေးဦး သေဆုံးခဲ့ပါတယ်။

 

ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်း တံတားထိပ် စစ်ကောင်စီတပ်စခန်းကိုလည်း ကရင်နီတပ်မတော် (KA) နှင့် KNDF B21 ပူးပေါင်းအဖွဲ့ တို့က သြဂုတ် ၂၉ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပါတယ်။

 

ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ပွန်ချောင်းစခန်းကိုလည်း ကရင်နီ တပ်မတော်(KA) နှင့် KNDF -B14 ပူးပေါင်းအဖွဲ့ တို့က သြဂုတ် ၂၇ ရက်က တနေကုန်နီးပါး ခြောင်းမြောင်းတိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝှဲ ကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ် စခန်းကို KNDF -B03၊ SSRY နှင့် PKPDF မှပူးပေါင်း၍ သြဂုတ် ၃၀ ရက်က ပြောက်ကျားတိုက်ခိုက်ခဲ့သာကြောင့် စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။

 

ကရင်နီပြည်နယ်ဒေသက သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (၄၀) ဦးသေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့ကြောင်း KNDF ဘက်က ထုတ်ပြန်ထားပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီး အလုံးရေ (၃၂) လုံးကို လူနေရပ်ကွက်များသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သာပါ။

 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ငါး ဦးသေဆုံးခဲ့ရသည့်အပြင် (၁၅)ဦးဒဏ်ရာရကာ ဆေးပေးခန်း(၁)လုံးနှင့် နေအိမ် (၉)လုံးပျက်စီးခဲ့ရပြီး စေတီတစ်ဆူလည်းပျက်စီးခဲ့ရပါတယ်။

 

ဒါ့အပြင် သြဂုတ်လ နောက်ဆုံးအပတ်မှာတော့ စစ်ကောင်စီ တပ်သားလေးဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့မှုလည်း ရှိခဲ့ပါတယ်။

Related Articles

Back to top button