သတင်း

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁၁ – ၂၀၂၂ ခုနှစ်

  • ယနေ့ မေလ(၁၁)ရက်နေ့ မြန်မာနိုင်ငံတွင်း ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်းဂျာနယ် မှ စုစည်းဖော်ပြခဲ့ပါသည်။

 

  • စစ်အာဏာရှင် လက်အောက်တွင် ငြိမ်နေသည့် တောင်ကြီးမြို့သည် ​SYFDA နဲ့အတူ ပြန်လည် နိုးထလာပြီ ဖြစ်ကာ အချိန်/နေရာ မရွေး ဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အသွားလာ ဆင်ခြင်ရန် SYFDA Rangers က ယနေ့ မေလ ၁၁ ရက်တွင် သတိပေးထားသည်။ ” ကျတော်တို့ အဖွဲ့သည် တိုက်ပွဲများ ကိုယ်တိုင် ဆင်နွှဲရန်အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အချိန်မရွေး နေရာမရွေး ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း၊ ပြည်သူများ အသွားလာများ ဆင်ခြင်ကြရန် အသိပေးအပ်ပါသည်။ ” ဟူ၍ SYFDA Rangers က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တနေရာတွင် မေလ ၈ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး ကာ ၇ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့နယ်တွင်းရှိ MNDAA တပ် ထိန်းချုပ်နေမြေတခုသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ဝင်များက တောင်ကြောပေါ်မှ ဆီးကြိုပစ်ခတ်ခဲ့ သည်ဟု ဆိုသည်။

 

  • ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ပါတီ၏ လုပ်ဆောင်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ဂွမြို့တွင် ၂ ရက်ကြာကျင်းပသွားမည်ဟု သိရသည်။ အဆိုပါအစည်းအဝေးကို မေလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ဂွမြို့ရှိ ANP ပါတီရုံးတွင် ကျင်းပ သွားမည်ဟု သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်၍လည်းကောင်း၊ UPDJC တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ်ပါဝင်နေ သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကို ပြုလုပ်သွားမည်ဟု အကြမ်းဖျင်းပြောဆို၍ရကြောင်း ပါတီဗဟို ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

 

  • အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ရွာငံမြို့နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုဆိုင်ရာ အချက်အလက်များကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ စာရင်းပြုစုကာ ယနေ့၌ပြည်သူများထံ အသိပေးထုတ်ပြန်ထားကြောင်း သိရသည် ။ ရွာငံမြို့နယ်တွင် ယခင်ကအခြေစိုက်ထားသော စစ် ကောင်စီတပ်တခုမှ မရှိသော်လည်း ထိုဒေသရှိ အင်အားကြီးမားလာသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)များ၏ ခုခံတော်လှန်မှုကို ဖြိုခွင်းရန် အတွက် ကလောအခြေစိုက် ခမရ ၁၁၂ နှင့် ၁၁၅ ၊ ရပ်စောက်အခြေစိုက် ခမရ ၅၀၈ နှင့် ၅၀၉ တို့ ဖြန့်ကျက်၀င်ရောက်လာခဲ့ကြောင်း သိရသည်။ ထိုကာလအတွင်း အပြစ်မဲ့ဒေသခံပြည်သူ ၁၀ ဦး အသတ်ခံခဲ့ရပြီး (၄င်းတို့ထဲမှ ၉ ဦးမှာ ညဥ်းပန်း နှိပ်စက်ခံရကာ အစုလိုက်အပြုံလိုက်သတ်ခံခဲ့ရ) ၂၅ ဦး ဖမ်းဆီးခံခဲ့ရကာ နေအိမ် ၆ လုံးမွှေနှောက်လုယက်ခံခဲ့ရ‌ကြောင်းနှင့် ၇ လုံးမီးရှို့ဖျက်ဆီး ခံခဲ့ရ ကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့် ဆန္ဒပြပြည်သူများ KIA ၊ PDF နှင့် NUG ကိုထောက် ခံကြောင်းနှင့် စစ်အာဏာရှင်ကျဆုံးရေး ချီတက် ဆန္ဒပြ ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ ၊ ဖက်ဒရယ် ပြည် ထောင် စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်ဟု ကြွေးကြော်ကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် တော်လှန်လူငယ် များနှင့် ကျေးရွာအသီးသီးမှ ပြည်သူများစုပေါင်း၍ ယနေ့ (မေလ ၁၁) နံနက်ပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့သည်။ ကျေးရွာလူထုသပိတ်စစ်ကြောင်း သည် ကျောင်းသားသမဂ္ဂအလံနှင့် LGBT အလံ တို့ကို လွှင့်ထူကာ ဆိုင်ကယ်များဖြင့် ချီတက်ပြီး အကြမ်းဖက် စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး၊ ဖမ်းဆီးခံ ကျောင်းသားပြည်သူများ လွှတ်ပေးရေး ကြွေးကြော်၍ လမ်းပေါ်ထွက်သပိတ်မှောက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

 

  • ကလေးတွင် ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် “ပြည်သူ့ အသက်တွေကယ်တင်ဖို့ စစ်ကောင်စီ ငွေကို ဖြတ်တောက်စို့” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၌ ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ က “တောင်ပေါ် မြေပြန့်ညီညွတ်ကြ၊ စစ်သုံးစစ်ကိုတိုက်ဖျက်ကြ” စာသားပါဘန်နာအား ချိတ်ဆွဲပြီး ကျေးရွာများ အား မီးရှို့ဖျက်ဆီးကာ ပြည်သူလူထုအား အကြမ်းဖက်နှိပ်စက် သတ်ဖြတ်နေသည့် ဖက်ဆစ် စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင် ပုံကို မီးရှို့ဖျက်ဆီးသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့ တွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ဆွမ်းဆန် စိမ်းလောင်းပွဲ သံဃာတော်များ မတက်ရောက် ဘဲ သပိတ်မှောက်ရန် တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များက ယနေ့ မေလ ၁၁ ရက်နေ့ တွင် “အာဏာ ရှင်အမြစ်ပြတ် လုဆဲရောက်မှ သွေးအေးသွားကြတာလား သွေးအေးသွားရင် ခွင့်မလွှတ်ကြေးဆို” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ်တော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဇော်မင်းထွန်း ဓာတ်ပုံများအား ဖိနပ်ဖြင့်နင်း၊ ဖနောင့်ပေါက်ပြီး စစ်အာဏာရှင်ကျဆုံးရေး မန္တလေးသပိတ်အင်အားစုမှ အိမ်တွင်းသပိတ်ယနေ့ပြုလုပ်သည်။ မတရားအကျဉ်းကျခံရဲဘော်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊နိုင်ထက်စီးနင်းပြုကျင့်ခံရမှု၊ ခန္ဓာဝေဒနာ စိတ်ဝေဒနာများကိုစာနာပြီး စိတ်ဓာတ်မကျဘဲ ဆက်လက်အားတင်းထားကြရန် တိုက်တွန်းထားသည်။ မန္တလေးသပိတ်အင်အားစုသည် မြေပြင်ထက်တွင်ဆက်လက်တည်ရှိပြီး အာဏာရှင်စနစ် မုချကျဆုံးပျက်သုဥ်းသည်အထိ ထကြွပုန်ကန်တော်လှန်သွားမည်ဟု ဆိုသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျေးရွာလူထုများက အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၁၁ ရက်နေ့တွင် ပြုလုပ် ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၂၇ ရက်မြောက် အဖြစ် ယနေ့ မေလ ၁၁ ရက်နေ့ တွင် ချီတက် ဆန္ဒပြကြသည်။ “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးကာ ကျဆုံးခဲ့သော အာဇာနည်အပေါင်းအား အလေးပြုခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုသပိတ်တိုက်ပွဲကို ယနေ့ မေ ၁၁ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့​ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ အနိုင်ရရှိထား သည့် ဦးရှန်မန်း၏ နေအိမ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ချိပ်ပိတ်ခဲ့သော်လည်း ယမန်နေ့ မေလ ၁၀ ရက်နေ့က ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ချိပ်ပိတ်ခံထားရသည့်နေအိမ်ကို စစ်ကောင်စီက ဦးရှန်မန်း၏သားဖြစ်သူ ဟားခါးပြည်သူ့ဆေးရုံ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာ မန်ဗျက်ကုန်း ထံပေးအပ်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ “ မနေ့က နေအိမ်ချိပ်ပိတ် ထားတဲ့ ချင်းပါတီကအနိုင်ရတဲ့ဦးရှန်မန်းရဲ့နေအိမ်ကို သူ့သားဖြစ်တဲ့ ဆရာဝန် ကြီးကို ပြန်ပေးတယ် ပေါ့။ အရင်ကတည်းက အဲဒီအိမ်မှာ သူ့သားဆရာဝန်ကြီးပဲနေတာလေ။ ဘာကြောင့် ချိပ်ပိတ်တာ လဲဆိုတော့ CRPH မှာပါသလိုလို ဘာလိုလို ရေရေရာရာလည်း မရှိဘူး။ အခု ငါးလနီးပါးရှိမှ နားလည်မှုလွဲမှားလို့ဆိုပြီး ပြန်ပေးတာ” ဟု ဟားခါးမြို့ခံ၏ပြောပြချက်အရ သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဖီလာတောင်ပေါ်ကနေ မေ ၁၀ ရက်ညမှာ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် မြို့တွင်း တာဟန်းရပ်ကွက် လူနေအိမ်တလုံးပေါ် ကျရောက်ခဲ့ တာကြောင့် နေအိမ်ပျက်စီးသွားပြီး မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အပြည့်စုံဖတ်ရန် – http://burmese.dvb.no/archives/532733

 

  • ရခိုင်ပြည်နယ်အတွင်းသို့ နယ်လုံလက်မှတ်ပါမှ ကုန်စည်များတင်သွင်းနေရမှုကြောင့် ကုန်စည် စီးဆင်းမှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေသည်ဟု ကုန်သည်များကပြောဆိုသည်။ ၄င်းအပြင် ကားများဖြတ်သန်းသွားလာခြင်းကိုလည်း အချိန်အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည့် အတွက် ဆုံးရှုံးနစ်နာမှုများရှိနေသည်ဟု အဝေးပြေးယာဥ်လိုင်းပြေးဆွဲသူများ၏ ပြောပြချက်အရ သိရှိရသည်။ ခွင့်ပြုချက်လိုသည့် ပစ္စည်းများအား ကြိုတင်ပြောကြားထားခြင်းမရှိဘဲ ပစ္စည်း သယ်ဆောင်လာမှသာ နယ်လုံခွင့်ပြုချက်တောင်းသည့်အတွက် နစ်နာမှုများရှိနေသည်ဟု ကေသီဦး ကုန်စည်ပို့ဆောင်းရေးစစ်တွေမှ ဂိတ်မှူး ကိုဝင်ရွှေက ပြောသည်။

 

  • မဲခေါင်သတင်းဌာနအပါအဝင် သတင်းဌာနများသို့ သတင်းပေးပို့နေသည့် အလွတ်တန်းသတင်း ထောက် မောင်မျိုး (ခ) မောင်မောင်မျိုးကို မေလ ၁၀ ရက် ည ၆ နာရီခန့်က ဘားအံမြို့၊ သံလွင်တံတားတွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ မြဝတီမြို့မှ မန္တလေးမြို့ သို့ သွားသည့် ခရီးသည်တင် ယာဉ်တစ်စီးအား စစ်ကောင်စီပူးပေါင်းအဖွဲ့က သံလွင်တံတားတွင် စစ်ဆေးရာ မောင်မောင်မျိုး၏ လက်ကိုင်ဖိုင်းအတွင်းရှိ Facebook အကောင့်တွင် မျှဝေထားသည့် သတင်းများကို တွေ့ရှိရာမှ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဘားအံအုပ်ချုပ်ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မောင်မောင်မျိုးကို မည်သည့် ပုဒ်မဖြင့် အမှုဖွင့်လှစ်သည်ကို မသိရသေးသလို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရသေးပေ။

 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး နေအိမ်နှင့် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ် ၂ လုံး၊ ရုံးခန်း ၁ ခုကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ မေလ ၁၁ ရက် နံနက် ၆ နာရီခွဲတွင် ဝင်ရောက်မီးရှို့ ရှင်းလင်းကာ မင်းအောင်လှိုင် မိသားစုပိုင် Mytel တာဝါတိုင်ကိုပါ ဖောက်ခွဲဖြိုချလိုက်ကြောင်း သတင်းရရှိသည်။ “အိမ်တွေ လောင်သွားတယ်။ အဲဒီအိမ်တွေက အုပ်ကြီးမိသားစုတွေ ပျူစောထီး မိသားစုတွေက အရင်နေ့တွေကတည်းက ထွက်ပြေးသွားတာ၊ အဲဒီအိမ်တွေမှာ လူမရှိတော့ဘူး၊ ပြီးတော့ Mytel တိုင်ကို ထပ်ခွဲတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

  • မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ရဲဘော်ကွက်‌သစ်ရပ်ကွက်တွင်အကြမ်းဖက် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ရဲများ စုပေါင်းကာ ယနေ့ မေ ၁၁ ရက် နံနက် ၉ နာရီမှ စတင်ကာ ပြည်သူများ နေအိမ် ကို ဖျက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ “ဖြစ်တဲ့ကိစ္စက တာဝါတိုင်နဲ့ မလွတ်ဘူး ဆိုပြီး ဖျက်တာဗျ။ အခုကလွတ်တဲ့ အိမ်တွေပါ လိုက်ဖျက်တာ။ ပြီးတော့အရင်ကလည်းဖျက်ပြီး ပြီဗျ။ ဂရန်ရှိတဲ့ အိမ်တွေလည်း ပါတယ်။ ပျဉ်ထောင်အိမ်တွေရော တိုက်အိမ်တွေရော ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။ လမ်းဖောက်မည်ဟု အကြောင်းကြားထားသော်လည်း အိမ်များဖျက် မည်ဟု ကြိုမသိရကြောင်း၊ နံနက် ၇ နာရီ ၃၀ ရောက်ချိန်မှ သိရှိရ၍ ပစ္စည်းများ အမြန်သိမ်းဆည်း ရကြောင်း ၊ ပေ ၅၀ ကို ၇၅ ပေ အထိ ခိုးကာ အဖျက်ခံနေရကြောင်း အိမ်ဖျက်ခံရသူများထံမှ သိရှိရသည်။

 

  • ထားဝယ်မြို့၊ မေတ္တာမြို့နယ်ခွဲရှိ ကင်ပွန်းချုံရွာအနီးတွင်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်များ ယမန့်နေ့( မေ ၁၀ ရက်) ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး သေနတ်တစ်လက် နှင့်ကျည်ဆန်များသိမ်းဆည်း ရမိသည်ဟု Eastern Defense Force က ထုတ်ပြန်သည်။ “ကျွန်တော်တို့ EDF အဖွဲ့မှအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များနှင့် မိနစ် ၂၀ အကြာရမ်းသမ်း ပစ်ခတ်မူ့ကြောင့် တောင်သုံးလုံး ဘုန်ကြီးကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပီး အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးပီး ၊ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရ။ သေဆုံးပြည်သူတစ်ဦးအတွက် EDF အဖွဲ့မှ စိတ်မကောင်း ဖြစ်ရပါတယ်ခင်ဗျား”ဟု Eastern Defense Force က ​မေ၁၁ ရက်တွင်ထုတ်ပြန်သည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ထပ်မံအင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ မေ ၁၁ ရက် မနက် ၉ နာရီခွဲအချိန်လောက်က အင်ကြင်းတောင်အနီး တနေရာမှာ PDF အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

  • ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ပါရဲသဲကျေးရွာအား ယမန်နေ့ည မေလ(၁၀) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးရာ နေအိမ်(၆)လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ကျေးရွာနေ ဒေသခံပြည်သူများထံမှသိရသည်။ ပါရ်သဲကျေးရွာမှာ ဖလမ်း-ကလေး လမ်းမကြီးပေါ်တွင် တည်ရှိ ပြီး အိမ်ခြေ(၉၀)ကျော်ရှိသော ကျေးရွာ ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ(၉)ရက်နေ့ မှ ဖလမ်းမြို့မှစတင်ထွက်ခွာပြီး ယမန်နေ့ည မေလ (၁၀)နေ့တွင် အဆိုပါ ကျေးရွာတွင် ညအိပ်နားခဲ့ ချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကမာစိုင်ကွက်သစ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းပုန်း အား KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က မေလ (၁၁)ရက်၊ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘီးလင်း ပ.က.ဖ က သတင်းထုတ်ပြန်ထားသည်။ ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီတပ်၏ကင်းပုန်းအား KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) နှင့် ဘီးလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် နံနက်(၁၁)နာရီမှ ‌(၁၂)နာရီအထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

  • ကန့်သတ်ထားသောအချိန်တွင် ဖြတ်သန်းသွားလာသောကြောင့် ကျွဲနွားများ တင်ဆောင်လာသည့် သုံးဘီးကားသုံးစီးကို တနိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) မှ ယမန်နေ့ည ၉ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ တနိုင်းမြို့နယ် တခက်ကျေးရွာ အနီးတွင် ည ၆ နာရီ နောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း စာထုတ်ပြန်ထားသော်လည်း သတ်မှတ်ချိန်ကျော် လွန်ပြီး သွားလာနေသောကြောင့် သတိပေးသည့်အနေဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) မှ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောတဲ့ အကြောင်းဖော်ပြထားသည်။ “သာရေး၊ နာရေး ကိစ္စမှမဟုတ်ရင် ဖြတ်လာလို့ မရဘူးဆိုပြီး စာထုတ်ထားတယ်။ သတိပေးတဲ့အနေနဲ့ သုံးဘီးကို မီးရှို့လိုက်တာ” ဟု သူကပြောသည်။

 

  • မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်အစိုးရကို Onlineပေါ်မှ တောင်းဆိုဆန္ဒထုတ်ဖော်မှု မေ ၁၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ရေဘဝဲပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ လှုံ့ဆော်တိုက်တွန်းခဲ့သည်။ “ရေနံကရတဲ့ သွေးစွန်း ငွေ တွေနဲ့ ပြည်သူရဲ့အိမ်တွေပေါ် ဗုံးမိုးကြဲချနေတယ်၊ ပြည်သူ့တော်လှန်ရေးတပ်သားတွေကို လက်နက်ကြီးတွေပစ်ခတ်နေတယ်၊ သွေးစွန်းငွေတွေ စီးဝင်နေမှုတွေ ရပ်တန့်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြင့် တော်လှန်မှုကိုပြသကြပါ”ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (OCTOPUS) မှ ပြည်သူများကို တောင်းဆိုထားသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် (၅)မှာ အမျိုသားတစ်ဦး ဓားခုတ်ခံရတယ်လို့ လားရှိုးမြို့ ခံတစ်ဦးက ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ မားနဂါးသတင်းဌာနကိုပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။ မနေ့ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှာလားရှိုးရပ်ကွက်(၅) နယ်မြေ (၄)ရှိ ဘုံကျောင်းလမ်းမပေါ်မှာ အသက် ၂၀ ဝန်းကျင်ရှိအမျိုးသားတစ်ဦးမှ လမ်းလျှောက်သွားနေစဥ် ဆိုင်ကယ်စီးလာသူအမည်မသိအမျိုးသား ၂ ဦးမှ ဓားဖြင့်ခုတ်သွားတယ်လို့ သိရပါတယ် ။

 

Related Articles

Back to top button