တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 148, November 30, 2021)

 

၁။ ဖာပွန်ဒေသရှိ စစ်ကောင်စီ ယာယီစခန်း ၃ ခုကို KNLA ရှင်းလင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
November 28, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် မာထော ကျေးရွာအုပ်စု ကားလမ်းဘေးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်း ၃ ခုကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တက်ရောက် ရှင်းလင်းနိုင်ခဲ့သည်ဟု KNU ဘက်က ပြောသည်။ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်စခန်းများသို့ စစ်လက်နက် ပစ္စည်းနှင့် တပ်ရိက္ခာပို့ဆောင်နိုင်ရန် မာထောကားလမ်းတစ်လျှောက်တွင် လမ်းလုံခြုံရေးအတွက် ချထားသော စစ်ကောင်စီ တပ် ခမရ ၄၀၇ တပ်ရင်း၏ ယာယီတပ်စခန်း ၃ ခု ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တက် ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

“ လမ်းတစ်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ရန်သူဘက်က ချထားတဲ့ ယာယီစခန်း ၃ ခုကိုတော့ ကျနော်တို့လူတွေ တက်ရှင်း လိုက်ပြီး။ ရန်သူတစ်ချို့ထွက်ပြေးသွားတာလည်းရှိတယ်။ အဲဒီနေရာကိုတော့ ကျနော်တို့ KNLA ဘက် ပြန်ယူထားလိုက် တယ်ပေါ့နော်။ တိုက်ပွဲကတော့ တစ်နေကုန်ဖြစ်တယ်ပေါ့နော်။” ဟု သူက ပြောသည်။ အဆိုပါ ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရှိရသေးသော်လည်း ၎င်းတို့ဘက်က တစ်ဦးကျဆုံးခဲ့သည်ဟု ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။ နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့ နိုဝင်ဘာလ ၂၈ရက်နေ့ မွန်းလွဲပိုင်းအထိ မာထောကားလမ်းကို KNLA တပ်မဟာ ၅ က ထိန်းချုပ်ထားလိုက်ပြီးဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူများ ထပ်မံရောက်ရှိလာကာ ထွက်ပြေးသွားသည့် ၎င်းတို့တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေသည့် အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။

၂။ ထန်တလန်မှာ သုံးလအတွင်း မီးကိုးကြိမ်လောင်
November 28, 2021

ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းက သုံးလအတွင်း ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်း ခဲ့ရာ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း မီးထဲပါသွားတယ်လို့ ဒေသတွင်း မီဒီယာဖြစ်တဲ့ Chin News Journal က ဖော်ပြ ထားပါတယ်။ ည ၁၀ နာရီအချိန်က Chin News Journal ရဲ့ ဖော်ပြချက်အရ စိုက်ပျိုးရေးရပ်ကွက်မှာရှိတဲ့ စိန့်နီကောလပ်စ် ကတ်သလစ်ဘုရားကျောင်း မီးလောင်ကျွမ်းတဲ့ထဲ ပါဝင်သွားတယ်လို့ ဖော်ပြထားပါတယ်။ လုံတီာလ်ရပ်ကွက်နဲ့ ဈေးရပ်ကွက် က အိမ်တွေလည်း လောင်ကျွမ်းခဲ့တယ်လို့‌ ဖော်ပြထားပေမယ့် မီးထဲပါ သွားတဲ့ အိမ်အလုံးရေ ဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ထန်တလန်မြို့မှာ လွန်ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်တစ်လုံး မီး လောင်ကျွမ်းခဲ့ရပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၈ ရက်က နေအိမ် ၁၉ လုံး၊ အောက်တိုဘာလထဲမှာ နေအိမ် ၁၆၄ လုံးနဲ့ နိုဝင်ဘာလထဲမှာ မနေ့ကဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၇၁ လုံး မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်တယ်လို့ CDF တွေပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေက ချင်းဒေသ ကာကွယ်ရေးတပ် CDF တွေကို ထိုးစစ်ဆင်တာတွေ စတင်ခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ပွဲတွေကြား ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်းခဲ့ရာ နေအိမ် စုစုပေါင်း ၂၅၅ လုံး လောင်ကျွမ်းခဲ့ရပါတယ်။

 

၃။ စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်
29 November 2021

မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား ၂ စီးဖြင့် တက်လာသော စစ်ကောင်စီတပ်ကို ရှမ်းညောင် ကုန်းနှင့် လက်ပံသာ ကျေးရွာ ၂ခုကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင်ကွပ်ကဲနေသော ရှေ့တန်း KIA သတင်း အရင်းအမြစ်တစ်ခုထံမှ သိရသည်။

“KIA နဲ့ PDF ပူးပေါင်းတပ်အဖွဲ့က ဒီမနက် စစ်ကောင်စီတပ် ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ မှန်ပါတယ်။ စစ်သားတွေ ဘက်က ၇ ယောက်လောက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အဲ့မှာ ထိခိုက်သေဆုံးတဲ့နေရာမှာ အရာရှိ ဗိုလ်ကြီးတစ်ယောက် ပါတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။ ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ခိုက်ခံရသည့် နေရာမှ နန့်မားမြို့အဝင်အထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ထိုသို့ ရမ်း သမ်းပစ်ခတ်မှုကြောင့် လက်ပံသာ နှင့် နန့်မားစသော နေရာ ၂ ခုမှ လူနေအိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်များ ကျည်ထိမှန် သေဆုံးမှုရှိခဲ့သည်ဟု နန့်မားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နန့်မားမြို့အဝင်အထိ ပစ်ခတ်လာတယ်။ လမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ် ၃လုံးမှာ ကျည်ထိမှန်တယ်။ ပြီးရင် လက်ပံသာမှာက လူနေအိမ် မကဘူး နွား ၂ ကောင်မှာ ကျည်ထိတယ်လို့ကြားတယ်”ဟု ပြောဆိုသည်။ မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ များစီးလာသည့် ယာဥ်တန်းမှာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်ကာ တက်သွားကြောင်း သိရသည်။ မိုးညှင်းမြို့နယ် တွင် အာဏာသိမ်စစ်ကောင်စီတပ်ဖွဲ့ကို KIA က မကြာခဏကြားဖြတ် တိုက်ခိုက်မှုများရှိနေကြောင်းသိရသည်။

 

၄။ ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ
28 November, 2021

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်းမှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းဖြစ်ပွားခဲ့တဲ့ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်း ၁ နာရီခွဲကနေ ၁ နာရီ ကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ၃ ဦးကို သေဆုံးကာ CDF ကန်ပက်လက် ရဲ ဘော်တွေကတော့ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF ကန်ပက်လက် ပြန်ကြား ရေးတာဝန်ခံက အတည်ပြု ပြောဆိုပါတယ်။

နေ့လည်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တွေ သေဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြု နိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။ အခုရက်ပိုင်းမှာ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံး ထိခိုက်ပျက်ဆီးမှုတွေ များ ပြားနေသလို စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

 

၅။ ရန်ကုန်သို့ ဆေးကုရန်သွားသည့် လူငယ် ၂ ဦး လုယက် သတ်ဖြတ်ခံရ

November 29, 2021

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့မှ ရန်ကုန်သို့ဆေးခန်းပြရန်သွားသည့် လူငယ်နှစ်ဦး ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် လုယက်သတ်ဖြတ်ခဲ့ရသည်ဟု မိသားစုဝင်များကပြောသည်။ အသတ်ခံရသူများ မှာ သံတွဲမြို့နယ်၊ ငပလီမြို့မှ ကိုညီပုလေး အသက် ၂၅ နှစ်နှင့် မိတ္ထိလာမြို့မှ ၄င်း၏ သူငယ်ချင်းဖြစ်သူ ကိုပြုံးမောင်မောင် အသက် ၃၃ နှစ် တို့ဖြစ်ကြပြီးသည်။ ကိုညီပုလေး တွင် အသက်ရှုလမ်းကြောင်း သွေးကြောကျဉ်း ရောဂါရှိသောကြောင်း ရန်ကုန်သို့ ဆေးခန်းပြရန် နိုဝင်ဘာ ၂၈ ရက်နေ့က သွားခဲ့သည်ဟု ကိုညီပုလေး ၏ မိသားစုဝင်တစ်ဦ်းကပြောသည်။

သူတို့နှစ်ဦးမှာ ဆေးခန်းပြ၍ အပြင်နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျိုက်ထီးရိုးဘုရားဖူးသွားစဉ် ရန်ကုန်မြို့တိုင်းလှည်းကူး မြို့နယ်တွင် သေနတ်နှင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုညီပုလေး၏ ယောက်ဖဖြစ်သူ ဦးမင်းအောင်က Western News ကို ပြောသည်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေ၊ မနေ့ကမှ ညီပုလေး မှာအသက်ရှုလမ်းကြောင်း သွေကြော့ကျဉ်း ရောဂါရှိ တာကြောင်း ရန်ကုန်ကို သူငယ်ချင်းနှစ်ယောက်ဆေးခန်းပြဖို့ဆိုပြီးသွားကြတာ။ မနေ့က ရန်ကုန်မှာဆေးခန်းပြပြီးတော့ ဒီနေ့ နံနက်က ကျိုက်ထီးရိုး Taxi နဲ့ ဘုရားဖူးသွားတာ။ အဲ့ဒါမှာ ရန်ကုန်မြို့၊ လှည်းကူမြို့နယ်မှာအသတ်ခံရတာပါ။ တရားခံဖြစ်နိုင် ခြေကတော့ Taxi သမားပဲဖြစ်နိုင်ခြေရှိတယ်”ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား လှည်းကူမြို့နယ်ဆေးရုံးတွင်ရင်ခွဲ စစ်ဆေးချက်အရ ကိုညီပုလေးအား စစ်ဆေးချက်အရ ၄င်း၏ ကိုယ်ထဲက ကျည်ဆံ နှစ်တောင့်ရပြီး ကိုပြုံးမောင်မောင်အား စစ်ဆေးခြင်းမပြုလုပ်ရသေးဟု ၎င်းကဆက်ပြောသည်။ ကိုညီပုလေး နှင့် ကိုပြုံးမောင်မောင် တို့မှာ ငပလီမြို့တွင် စတိုးဆိုင်အတူတူ ပေါင်းပြီးဖွင့်ထားသည့် သူငယ်ချင်းများဖြစ်သည်ဟု သိရသည်။ ၎င်းတို့၏ အလောင်းများအား ငပလီမြို့သို့သယ်ဆောင်လာရန် စီစဉ်နေကြသည်ဟု ကိုညီပုလေး၏ ယောက်ဖ ဖြစ် သူကပြောသည်။

၆။ မြစ်ကြီးနားမြို့မှ ပြည်သူလေးဦးကို စစ်ကောင်စီကရိုက်နှက်ဖမ်းဆီးပြီးနောက် လူမှားဖမ်းသည်ဟုဆိုကာပြန်လွတ်ပေး
November 29, 2021

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သော မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်၊ (၁၀) မိုင် ကျေးရွာမှ ပြည်သူ လေးဦး ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။ စစ်ကောင်စီက ၆နာရီခန့်ဖမ်းဆီးစစ်ဆေးပြီးနောက် လူမှားဖမ်းမိသည်ဟုဆိုကာ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “မနေ့ညက ပြန်လွတ်လာတာ ၉ နာရီခွဲ ၁၀ နာရီလောက်ထင်တယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာ မသိ ဘူး။ သူတို့ပြောတဲ့အရဆိုတော့ လူမှားပြီး ခေါ်သွားတယ်လို့ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးချိန်တွင် သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် မည်သည့်နေရာသို့ ဖမ်ဆီးသွားသည်ကို မသိရကြောင်း လည်း သူကပြောသည်။ မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်၊ (၁၀) မိုင်ကျေးရွာရှိ နေအိမ်တစ်ခုမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ယမန်နေ့ မွန်းလွဲ လေးနာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 

၇။ မင်းတပ် ၁၆ မိုင်လမ်းခွဲတွင် စစ်ကောင်စီတပ် ထောင်ခဲ့သော မိုင်းနင်းမိပြီး ဒေသခံ သားအဖ ၂ ဦး ဒဏ်ရာရ၊ စစ်ကောင်စီ ထောင်သွားသည့် မြေမြှုပ်မိုင်းများ ရှင်းလင်းရန် ခက်ခဲနေ
November 29, 2021

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကားလမ်း၊ ၁၆ မိုင်လမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မိုင်း နင်းမိပြီး နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီခန့်၌ ဒေသခံ သားအဖ ၂ ဦး ဒဏ်ရာရသွားကြောင်း CDF-Mindat ထံမှ သိရှိရ သည်။ “မင်းတပ်-မတူပီလမ်း၊ ၁၆ မိုင်လမ်းခွဲမှာ ဒေသခံ သားအဖ ၂ ယောက်က လမ်းဘေးဆင်းပြီး အပေါ့သွားတာ စစ်ကောင် စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရတယ်ပေါ့၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ၂ နှစ်အရွယ် ကလေးကတော့ လက်ချောင်းပြတ်သွားတယ်။ အဲဒါကျနော်တို့ ဆေးခန်းရှိတဲ့နေရာကို ပို့ထားပါတယ်”ဟု CDF-Mindat ပြောခွင့်ရ ကိုယောမန် က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်များသည် လမ်းတလျှောက် ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက် ဆီးခြင်း၊ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခြင်းအပြင် ကျေးရွာများအနီး ဒေသခံများ သွားလာတတ်သော တောလမ်းများတွင် မိုင်းများ ထောင်ခဲ့ကြောင်း သိရှိရသည်။ မင်းတပ်-မတူပီ လမ်းပိုင်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က စိုးမိုးထားပြီး လမ်း တလျှောက် ဒေသခံများ ကျေးရွာများတွင် လာနေထိုင်ကြောင်း၊ CDF ဘက်မှ ထောင်ထားသော မိုင်းများကို ရှင်းလင်းထားပြီး စစ်ကောင်စီတပ်က ထောင်သွားသည့် မြေမြှုပ်မိုင်းများအား ရှင်းလင်းရန်အတွက် အခက်အခဲရှိနေကြောင်း ကိုယောမန်က ဆက်ပြောသည်။ “ဒီလမ်းပိုင်းကိုတော့ CDF တွေ စိုးမိုးထားပါပြီ၊ ဒေသခံတွေလည်း ရွာတွေမှာ ပြန်လာနေကြပြီပေါ့။ စစ်ကောင်စီတပ်တွေက ကားလမ်းတလျှောက် သူတို့ ညအိပ်ရပ်နားခဲ့တဲ့နေရာတွေ၊ လမ်းခွဲရှိတဲ့နေရာတွေမှာ မိုင်းတွေ ထောင် သွားကြတာ၊ မိုင်းတွေကတော့ ကျန်သေးတာပေါ့။ ကျနော်တို့ တတ်နိုင်သလောက်တော့ ရှင်းထားပါတယ်။ ကျနော်တို့ ထောင်ခဲ့ တဲ့ မိုင်းတွေကိုတော့ ရှင်းထားပြီးပြီ၊ အခုဟာက စစ်ကောင်စီက ထောင်သွားတဲ့ နင်းမိုင်းတွေဆိုတော့ ရှာရဖွေရခက်တာပေါ့၊ ကျနော်တို့မှာ မိုင်းရှာတဲ့ စက် မရှိတော့ ခက်နေတယ်” ဟု ကိုယောမန်က ဆက်လက်ပြောဆိုသည်။

အဆိုပါ မင်းတပ်-မတူပီ လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ သံချပ်ကာ အမြှောက်ကား ၂ စီးအပါအဝင် ၇၅ စီး ယာဉ်တန်းသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မတူပီမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး လမ်းတလျှောက် CDF-Mindat က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့သည်။

၈။ ရေးမြို့တွင် ကွမ်းယာရောင်းသူတစ်ဦး သေနတ်အပစ်ခံရပြီးသေဆုံး
November28, 2021

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ မနောသုလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကွမ်းယာရောင်းချနေသူ ဦးစိုးလွင်ကို နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင်အမည်မသိ လူနှစ်ဦးမှသေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲ စခန်းမှ သိရသည်။ အသက် ၄၅ နှစ်အရွယ် ဦးစိုးလွင် ခေါ်ဦးမောင်လုံးကို NCX အမျိုးအစား နက်/ပြာရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူနှစ်ဦးမှ ဆိုင်ကယ်နောက်တွင် စီးနင်းလာသူသည် ကွမ်းယာ ဝယ်သည့်ဟန်ဖြင့် ချဉ်းကပ်ကာ ပစ္စတိုသေနတ်ဖြင့် (၅)ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဦးစိုးလွင်က ရာအိမ်မှူးရဲ့ညီဖြစ်တယ်။ အဲ့ဒါကြောင့်ပစ်တာဖြစ်မယ်။ ပစ်တဲ့အဖွဲ့အစည်းကတော့ သူတို့ဟာ သူတို့ကြေညာ နေတယ်လေ” ဟု ဆိုသည်။ ပစ်ခတ်မှုကြောင့် ဦးစိုးလွင် ၏ ယာယက်နံဘေးဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက် ဦးခေါင်းနောက်စိ ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ဦးခေါင်းနောက်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်တို့ ရရှိပြီး နေရာ၌ပင်သေဆုံးခဲ့သည်။

 

၉။ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းပိတ်ထား၍ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနှင့် ကြုံနေရ
November 29,2021

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျောက်တော်နှင့် ပလက်ဝ သွားလာသည့် ရေလမ်းကြောင်းများပိတ်ထားမှုကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကာ ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်မှုနှင့်ကြုံနေရသည်ဟု ပလက်ဝဒေသခံများက ပြောသည်။ လက်ရှိတွင် ပေါ်ဆန်းမွှေးတစ်အိတ်ကို ၆၅၀၀၀ ကျပ်နှုန်းရှိပြီး စားသုံးဆီ တစ်ပီပါကို ၄၃၀၀၀၀ ကျပ်ရှိကာ ကျန် ကုန်ပစ္စည်းများမှာလည်း ယခင်ဈေးနှုန်း၏ တစ်ဝက်ကျော်ခန့်ဈေးမြင့်တက် လျှက်ရှိသည်ဟု ပလက်ဝမြို့မှ ကုန်စုံဆိုင်ရောင်းချ သည် ဦးစောလှ ကပြောသည်။

“ရေလမ်းကြောင်းပိတ်ထားတော့ ကုန်သယ်ယူခွင့်လည်းမရှိဘူး။ လူသွားခွင့်လည်းမရှိဘူး။ ခက်တာက သွားခွင့်မရှိရင် အကုန် လုံး ဘယ်သူမှ မသွားရဘူးဆိုတာမျိူးလဲမဟုတ်ပြန်ဘူး။ သူတို့နဲ့ ပေါင်းပြီး အဆင်ပြေတဲ့လူကို ကုန်သယ်ခွင့်၊ လူတင်ခွင့်တွေ ပေးထားတယ်။ သူတို့ကဒီမှာ ပြန်ရောင်းရင် ဈေးတွေမတရားမြင့်ရောင်းတယ်လေ။ မဝယ်ရင်လည်း ငတ်ရုံပဲ ဈေးဘယ်လောက် ပဲ တောင်းတောင်း ဝယ်စားကြရတာပါပဲ။ ခုဆို ပေါ်ဆန်းမွှေးတစ်အိတ် ၆၅၀၀၀၊ ဆီတစ်ပီပါကို ကျောက်တော်မှာ ၃၃၀၀၀၀ ဆို ဒီမှာ ၄၃၀၀၀၀ တင်ရောင်းကြတာ။ အရင်ကဈေးထက် တစ်ဝက်ကျော်နှုန်းလောက် ဈေးတွေကထပ်မြင့်နေတာ” ဟုပြောသည်။ ပလက်ဝမှ ကျောက်တော်သို့သွားလျှင် ယခင်စက်လှေကြေး ၃၀၀၀ မှ ၅၀၀၀ အထိသာရှိခဲ့သော်လည်း ယခု တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထိပေးဆောင်ပြီး လိုက်ပါကြရသည်ဟု သူကဆက်ပြောသည်။ ရေလမ်းကြောင်းများ ပိတ်ထား၍ စက်လှေဖြင့် လုပ်ကိုင်စားသောက်နေသူတို့မှာလည်း ကြုံရာသာလုပ်ကိုင်နေရတော့သည်ဟု ပလက်ဝမှ စက်လှေအသင်းအတွင်းရေးမှူး ဦးဘိုအေးလွင် ကပြောသည်။ “ပိတ်ထားတာကတော့ ကြာပြီ။ ပလက်ဝမှာရှိတဲ့ တပ်မ ၁၁ ကပိတ်ထားတာ။ သူတို့နဲ့ညှိပြီး စက်လှေထွက်လို့ရတဲ့ လှေ ၂ စီးတော့ရှိတယ်။ ကျန်လူတွေတော့ထွက်ခွင့်မရှိဘူး။ ဒီရေလမ်းကြောင်းမှာ စက်လှေမောင်းပြီး လုပ်ကိုင်နေတဲ့ လှေ ၄၀ လောက်ရှိတယ်။ အခုတော့အားလုံး အလုပ်လက်မဲ့နဲ့ ကြုံရာပဲလုပ်နေကြရတာပေါ့” ဟုပြောသည်။

ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းမှာယခင်ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့စဉ် ကာလက လမ်းကြောင်းပိတ်ထားခံခဲ့ရပြီး နောက်ပိုင်းနားလည်မှုဖြင့်ပြန်လည်သွားလာခွင့်ရခဲ့ကာ ယခုတဖန်စစ်တပ်မှ အာဏာ သိမ်းပြီးနောက် ၎င်းရေလမ်းကြောင်းအား ပြန်ပိတ်ထားခြင်းဖြစ်သည်။ ပလက်ဝဒေသမှာ စားကုန်နှင့် တစ်ခြားလူသုံး ကုန်ဆိုင် ရာ ပစ္စည်းအားလုံးနီးပါးအတွက် ကျောက်တော်မြို့ကို အားထားနေရခြင်းဖြစ်ရာ ရေလမ်းကြောင်းအား အမြန်ဆုံးပြန်ဖွင့်စေချင် သည်ဟု ဒေသခံများကပြောသည်။

 

၁၀။ ကျိုင်းတုံမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြည်သူနေအိမ်ကို ဖျက်ဆီး
November 27, 2021

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်လပ်အုပ်စု ဝမ်မိုင်အာခါကျေးရွာရှိ ဒေသခံနေအိမ်တချို့ကို စစ်ကောင်စီလက်အောက် ခံ ရဲတပ်ဖွဲ့ နှင့် လူမှုဝန်ထမ်းများက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၂၅ မနက် ၉ နာရီ ဝန်း ကျင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများသည် အချုပ်ကားများဖြင့် ဝမ်မိုင်အာခါကျေးရွာ နည်းပညာတက္ကသိုလ်အနီး ရှိသည့်နေရာသို့ရောက်ရှိလာပြီး ရဲတပ်ဖွဲ့များ ပြည်သူနေအိမ်တချို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်းရ ရှိသည်။

“ ရဲတွေနဲ့လာတာ။ သူတို့ အင်းအားက ၁၀၀ လောက်ရှိတယ်။ အချုပ်ကားလည်းပါတယ်။ သေနတ်တွေလည်းပါတယ်။ ကျနော် တို့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ အကုန်ဖျတ်ဆီးသွားတယ်။ကျနော်တို့အိမ်၊ ကြက်ခြံ၊ ဝက်ခြံ၊ ဆိုင်ကယ်၊ အိမ်သာကစ ဖျက်ဆီးသွား တာ” ဟု နေအိမ်ဖျတ်ဆီးခံခဲ့ရသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည် ၂၀၁၅ ခုနစ် NLD လက်ထက်တွင် ထိုနေရာတွင် နေထိုင် သူများကို ကျူးကျော်နယ်မြေ နေထိုင်သူဟု တကြိမ်စွတ်စွဲခဲ့ပြီး တရားစွဲ အမှုဖွင့်ခံခဲ့ရကာ ၂၀၁၆ ခုနစ်တွင် ဒေသခံပြည်သူများ ပိုင်ဆိုင်ဝယ်ယူထားသည့် လက်မှတ်များရှိသည့်အတွက် တရားရုံး ဆုံးဖြတ်ချက်အရ ပြည်သူမျာ အမှုနိုင်ခဲ့သည်။

“ ၂၀၁၅ တုန်းက ကျနော်တို့ အမှုဖွင့်ခံရတယ်။ ၂၀၁၆ ကျနော်တို့ ဒီခြံထဲနေတဲ့ နယ်မြေမကျူးကျော်ကြောင်း အနိုင်ရခဲ့တယ်။ ကျနော်တို့ အိမ်ပုံစံ ပိုင်ဆိုင်ကြောင်း လက်မှတ်တွေအပြည့်ရှိထားပါတယ်။ ဒါကိုသူတို့တွေ နားမထောင်ဘူး။ အတင်းလာဖျတ် ဆီးသွားတယ်။ သူတို့အခုက စစ်ကောင်စီရဲ့ အကာကွယ်ယူပြီးတော့ လာလုပ်တာဘဲလို့ ကျနော်တို့တော့ သုံးသပ်တယ်” ဟု နေအိမ်ဖျတ်ဆီးခံရသူ က ပြောပါတယ်။ ထိုသို့ နေအိမ်ကိုဝင်ရောက်လာဖျတ်ဆီးခဲ့သော်ကြောင့် လက်ရှိဒေသခံများက နေထိုင် စရာ အခက်ခဲများစွာ ရှိလာကြောင်းသိရသည်။ “ သူတို့ပစ္စည်းတွေကို အကုန်ဖျတ်ဆီးသွားတယ်။ ကျနော်တို့ ပစ္စည်းလည်း အဲမှာပဲ ထားထားတာ။ အခက်ခဲကတော့ နေစရာနေအိမ်မရှိတော့ဘူးလေ။ နေစရာခက်တယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲ လာတယ်။” ဟု အထက်ပါ နေအိမ်ဖျတ်ဆီးခံရသူက ပြောသည်။ လွန်ခဲ့တဲ့ရက်ပိုင်းတွင်လည်း ထိုနေရာတွင် နေအိမ် ၄ အိမ် လောက်က ဖျတ်ဆီးခံခဲ့ရကြောင်းသိရသည်။

၁၁။ မွန်အမျိုးသားကျောင်းများမှ ကျောင်းသူကျောင်းသား ၂၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်
November 29, 2021

မွန်အမျိုးသား စာသင်ကျောင်းများတွင် တက်ရောက်နေသော အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသူ၊ ကျောင်းသား ၂၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ယင်းသို့ ကိုဗစ်ကာ ကွယ်ဆေးထိုးပေးနိုင်ရန်အတွက်မွန်အမျိုးသားပညာရေးကော်မတီ MNEC နှင့်ညှိနှိုင်းကာ စာရင်းကောက်ယူခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူကပြောသည်။ “ဘာလေးတစ်ခု ကျွန်တော်တို့ ပြန်စိစစ်ဖို့လိုလဲဆိုတော့ ဒီ MNEC ကျောင်းသားတွေက အခြေခံပညာကျောင်းမှာ စာရင်းဝင်နေတာ ရှိ၊ မရှိပေါ့။ အခြေခံပညာကျောင်းမှာများ စာရင်းဝင်နေလား ပေါ့။ အဲလို အခြေခံပညာကျောင်းမှာ စာရင်းပါပြီး ထိုးပြီးသား ဖြစ်မှာစိုးလို့ အဲဒါလေးကို စိစစ်နေတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စာရင်းကောက်ယူထားသော ကျောင်းသူ၊ ကျောင်းသား ၂၆၀၀ ကျော် ရှိနေပြီး စာရင်းများကို သေချာပြန်လည် စိစစ်နေကြောင်း၊ အခြေခံပညာကျောင်းများတွင် စာရင်းဝင်ခြင်း ရှိ၊ မရှိ သေချာ ပြန်လည်စိစစ်ပြီးပါက ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရန်အတွက် မွန်အမျိုးသား ကျောင်းများတွင် ပြင်ဆင်ထားပြီဖြစ်ကြောင်း မွန်အမျိုးသားကျောင်း ပညာရေးဌာနမှ ဒုတိယတာဝန်ခံ မိခက်နွန်က ပြောသည်။ မွန်ပြည်သစ်ပါတီဦးဆောင်မှုအောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီ MNEC တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့၌ မွန်အမျိုးသားစာသင်ကျောင်းများ ၁၃၄ ကျောင်း သီးခြားရှိနေကြောင်း သိရသည်။

 

၁၂။ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားသည့်အမှု စီရင်ချက်ချမည့် ရက်ရွှေ့ဆိုင်း

30 November, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ သုံးဦးတွဲအစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကို သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေး ပုဒ်မ အမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံး၊ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ စီစဉ်ထားတဲ့အမှုတွေကို ရက်ရွှေ့ ဆိုင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှုတစ်ခုတည်းကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဲ့ဒီသဘာဝဘေးအမှုအတွက် တရားလိုပြ သက်သေအဖြစ်ထွက်ဆိုမယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ နေပြည်တော်ကိုလာဖို့ ကျန်းမာရေးကောင်းမွန်နေပြီလို့ အတိုင်ပင်ခံရဲ့ရှေ့နေအဖွဲ့က တရားရုံးကို အဆိုပြု ချက် တင်သွင်းခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်က အတိုင်ပင်ခံအတွက် သက်သေအဖြစ်ထွက်ဆိုလိုကြောင်း ရှေ့နေအဖွဲ့ဆီ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။

နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က တရားရုံးအနေနဲ့ ဒေါက်တာဇော်မြင့်မောင်ဆီကို ဆင့်ခေါ်စာထပ်ထုတ်ပြီး တိုက်ရိုက် ပေးပို့ဖို့ လျှောက်ထားခဲ့တယ်လို့လည်း သိရပါတယ်။ တရားရုံးက ရှေ့နေအဖွဲ့ရဲ့လျှောက်ထားမှုကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ခွင့် ပြု၊မပြု အမိန့်ချသွားဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေါ်အောင်ဆန်စုကြည်က အမှု ၃ မှုအတွက် စီရင်ချက် အချခံရမှာဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကတော့ အမှု ၂ မှုအတွက် စီရင်ချက်အချခံရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှု ၁၁ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ ထပ်တရားစွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာ မှာ ဖြစ်ပါတယ်။

 

၁၃။ မိုင်းကိုင် စစ်ရှောင်များ ကျိုင်းတောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်
November 29, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုက်ကျေးရွာအုပ်စုက ဒေသခံ(၁၇၀)ကျော် ကျိုင်းတောင်းမြို့အနီးသို့ စစ်ဘေးတိမ်း ရှောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဟိုခိုက်ကျေးရွာအုပ်စုက ကျေးရွာ (၄)ရွာခန့် ကျိုင်းတောင်းမြို့နှင့် (၃)မိုင်အကွာရှိ နမ့်ဟူးရွာဟောင်း လွယ်စက်ရွာမှာ မိုးကာတဲဖြင့် လာရောက်နေထိုင်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ခုလက်ရှိ အရေးပေါ်လိုအပ်တာတော့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ဆောင်းဝင်ပြီဆိုတော့ အနွေးထည်တွေလည်းလိုအပ် တယ်။ စားသောက်ရေးပိုင်းတော့ တစ်ပတ်လောက် ဖူလုံမှု ရှိအုံးမယ်”ဟု ကျိုင်းတောင်းဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကပြောသည်။ ကျိုင်းတောင်းသို့ရောက်ရှိလာသည့် မိုင်းကိုင်မြို့နယ်စစ်ရှောင်များသည် ဟိုခိုက်ကျေးရွာအုပ်စု နောင်လျော်ကျေးရွာအပါအဝင် ကျေးရွာ(၄)ရွာမှ အိမ်ခြေ(၆၀)ခန့် ၊ လူဦးရေ(၁၇၀)ကျော် ရောက်ရှိလာကြောင်း သိရှိရသည်။

“သီတင်းကျွတ်ပြီးတော့ စစ်ဘေးရှောင်တွေ ရောက်လာကြတယ်။ အစားအသောက်ပိုင်း၊ ကျန်းမာရေးပိုင်း၊ ဝတ်စားဆင်ယင် တဲ့အပိုင်းတွေ အားလုံးကတော့ အခက်ခဲဖြစ်နေတယ်”ဟု ကျိုင်းတောင်းမြို့ရှိ ဆရာတော်တစ်ပါးက မိန့်တော်မူသည်။ စက်တင်ဘာလမှ စတင်ပြီး မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများကြောင့် ဟိုခိုက်ကျေးရွာအုပ်စု အတွင်းတိုက်ပွဲပြင်းထန်ပြီး ဒေသခံများနေရပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

 

၁၄။ ရခိုင်မှ ကျောင်းသား ၄ ဦးအမှု၏ အယူခံတင်လွှာအား လာမည့်ဒီဇင်ဘာလတွင် အပြီးသတ်လျှောက်လဲမည်
November 28, 2021

ရခိုင်ပြည်နယ်တွင် အစိုးရနှင့် မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖောက်မှုကြောင့် ဆန္ဒထုတ်ဖော်၍ ဖမ်းဆီးထောင်ချခံခဲ့ရသည့် ရခိုင်မှ ကျောင်းသား ၄ ဦးအမှု၏ အယူခံတင်လွှာအား ရခိုင်ပြည်နယ်တရားလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးသတ် လျှောက်လဲသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။ ထောင်ဒဏ်ကျခံနေရသည့် အဆိုပါ ကျောင်းသား ၄ ဦးမှာ အမှုကို ၁ နှစ်နီးပါးကြာ ရင်ဆိုင်ခဲ့ရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ စွဲချက်အမိန့်ချမည့် ရုံးချိန်း တွင် အပြစ်ရှိကြောင်းဝန်ခံခဲ့ကြ၍ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) (ခ) ကို ထောင်ဒဏ် (၂) နှစ်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ကို ထောင်ဒဏ် ၆ လ စီဖြင့် အပြီးသတ်အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

ကျောင်သား ၄ ဦး၏ အမှုအတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တင်ထားသည့် အယူခံလွှာအတွက် ဒီဇင်ဘာ ၇ ရက်နေ့ တွင် အပြီးသတ်လျှောက်ချက်ပေးရမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က Western News ကိုပြောသည်။ ကျောင်းသား ၄ ဦးအား ထောင်ဒဏ်ချမှတ်ပြီးနောက် စစ်တွေခရိုင်တရားရုံးတွင် အယူခံ လွှာတင်သွင်းခဲ့သောလည်း စက်တင်ဘာလ ၂၃ ရက်နေ့က ပယ်ချခဲ့သဖြင့် ကျောင်းသားများ ၏ ဆန္ဒအရ ရခိုင်ပြည်နယ်တရား လွှတ်တော်သို့ ပြင်ဆင်မှု ဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ တွင် ဝန်ခံထားသောသူသည် အောက်ရုံးမှ ပြစ်ဒဏ်ချမှတ်လျှင် အယူခံဝင်ခွင့် မရှိသော်လည်း ဥပဒေကြောင်းအရ မှားယွင်းလျှင် အယူခံဝင်ခွင့်ရှိပြီး ချမှတ် သည့်ပြစ်ဒဏ်မှာ များလွန်းလျှင်လည်း ပြစ်ဒဏ်အား လျော့ပေါ့ပေးရန် အယူခံဝင်ခွင့်ရှိသည်ဟု ပါရှိသည်။

ထောင်ချခံထားရသည့် တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည် ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။ ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူး ဦးဇော်နိုင် က တရားလိုပြုလုပ်ကာ ကျောင်းသား ၄ ဦးအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သ လို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၁၅။ BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်
November 30, 2021

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူး စောလိုက်သိမ့်သည် ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ကွယ်လွန်သွားသည်ဟု ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ က ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူက” ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန် လာတယ်။ သူ့အိမ် ကြွေပြားပေါ်မှာ အဝတ်အစားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုး သေးဘူး။ နောက် ၉ နာရီအချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။ သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။ တစ်ခါ တစ်လေ သောက်တာစားတာရှိတော့ သွေးတိုးလား၊ လေဖြတ်တာလား မခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတမ်းဆုံးသွား တာလို့ပဲ ပြောရမှာဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူး စောလိုက်သိမ့် ကွယ်လွန်ချိန်တွင် ၄၂ နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်ရင်း ၁၃ ရင်းအနက် ၁၀၁၉ တပ်ရင်း၏ တပ်ရင်းမှူး တာဝန်ကိုထမ်းဆောင်နေသူဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေကို BGF တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်မှုလုပ်ဆောင်ရာတွင် ဗိုလ်မှူး စောလိုက်သိမ့် သည် ဦးစီးဦးဆောင်သူတစ်ဦးဖြစ်ပြီး ထိုထိုးစစ်ဆင်မှုကြောင့် ကရင်လူထုများအကြား ဝေဖန်ထောက်ပြမှုများ မြှင့်တက်ခဲ့သည်။

 

၁၆။ ဘီးလင်းမှာ စစ်ကောင်စီကင်းလှည့်ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံး
November 29, 2021

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ဘုရင့်နောင်ရပ်ကွက် တံတားအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ညက စစ်ကောင်စီကင်း လှည်ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သေဆုံးသူမှာ တောင် စွန်းကျေးရွာ၊ ဘုရင့်နောင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဆန်းထွဋ် အသက် ၄၀ နှစ်ခန့်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါည ၈ နာရီကျော်ခန့်မှာ ကိုဆန်းထွဋ် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီကင်းလှည့်ကားက လိုက်ဖမ်းခဲ့တယ်လို့ သိရပါတယ်။ လိုက်ဖမ်းခံရစဉ် ဘုရင့်နောင်တံတားအရောက်မှာ စစ်ကောင်စီကင်းလှည်ကားနဲ့ကိုဆန်းထွဋ်မောင်းတဲ့ ဆိုင်ကယ် တိုက်မိပြီး ကိုဆန်းထွဋ်မှာ ဘယ်ခြေထောက်ကျိုးဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေရရှိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ “သိရ သလောက် ရဲနဲ့စစ်သားတွေပါတဲ့ ကင်းလှည်ကားက ဆိုင်ကယ်ကို လိုက်ဖမ်းတာ။ တံတားအရောက်မှာ ဆိုင်ကယ်က အရှိန် လျော့ပါလိမ့်မယ်။ နောက်က ကားကလဲ အရှိန်နဲ့လိုက်လာတာဆိုတော့ တိုက်မိတာဖြစ်မယ်။ ဆိုင်ကယ်သမားက တိုက်ခံရတဲ့ အရှိန်နဲ့ တံတားပေါင်နဲ့ထိပြီး ငြိမ်သွားတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်သူမှ မသွားရဲဘူး။ ဆိုင်ကယ်သမားက ချက်ချင်းသေသွား တယ်။ ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

 

၁၇။ ကွတ်ခိုင်အနီး ၃ နာရီကြာ တိုက်ပွဲဖြစ်
November 29, 2021

မူဆယ် မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်တို့အကြား နိုဝင်ဘာ ၂၈ ရက်က ၃ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ အထက် လွိုင်ရွဲးတောင်အနီးတွင် ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်မှ နေ့လည် ၁၂ နာရီအချိန်ခန့်ထိ နှစ်ဖက်ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည် ဟု ပြောသည်။

အမည်မဖော်လို မန်ပြိန်းဒေသခံ ရွာသားတစ်ဦးက “မနက် ၉ နာရီ ၁၀ မိနစ်အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က မန်ပြိန်း ရွာကနေ ပြည်ထောင်စုလမ်းမတစ်လျှောက် အထက်ပိုင်း လွိုင်ရွဲးတောင်နား အရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တိုက်ပွဲသံတွေ အဆက်မပြတ် စကြားခဲ့ရတာပါ။ လက်ရှိ ၁၂ နာရီအချိန်ထိ ကြားနေရတယ်” ဟု ပြောသည်။ မြေပြင်တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရ ထိတွေ့တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မ တော် MNDAA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် စစ်ကောင် စီတပ်ဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာလည်းဖြစ်သည်။

 

၁၈။ အိမ်ဖြူတော်(KTV) မှုခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင်တို့ကို စစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင် အဖွဲ့ထုတ်ပြန်
November 29, 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော်(KTV)၌ ဖြစ်ပွားခဲ့သည့်အမှုအခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင် ဦးသိန်းရွှေတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ နိုဝင်ဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ် ပြန်ထားသည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့က အိမ်ဖြူတော်ဆိုင်ဝန်ထမ်းများမှ Customer (၃)ဦးအား မာဖီးယားဂိုဏ်း ဆန်စွာ အုပ်စုဖွဲ့ မတရားအနိုင်ကျင့်ရိုက်နှက်ခဲ့မှုပြုလုပ်ခဲ့ကြောင်း ဗွီဒီယိုဖိုင်တွဲပြီး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်သူများအပေါ် မတရားအနိုင်ကျင့်မှုများမှ အကာအကွယ်ပေးရန်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုရရှိစေရန်၊ အလားတူဖြစ်ရပ်များ နောက်ထပ်မပေါ်ပေါက်စေရန်နှင့် အမှုအခင်းနှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်အတွက် အိမ်ဖြူတော်ဖြစ်စဉ်တွင်ပါဝင်သူများကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က ဆိုသည်။ အသက် ၅၀ ကျော်အရွယ် အိမ်ဖြူတော်ပိုင်ရှင် ဦးသိန်းရွှေ(ခ) ဦးသိန်းလွင်ကို နိုဝင်ဘာ ၇ ရက်နေ့က စစ်တွေမြို့၊ အမြင့်ကျွန်းကျေးရွာမှ ကထိန်ပွဲတစ်ခုတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ “ဦးသိန်းရွှေ မှာ တခြားနှစ်ယောက်ပါသေးတယ်။ ထမင်းစားနေတုန်း ဖမ်းဆီးသွားတာပါ။ သူ့မှာ ဘတ်ဖိုးနဲ့လုပ်ငန်းတွေလည်းရှိတယ်။ တခြားစီးပွားရေးတွေလည်းရှိတယ်“ဟု ဦးသိန်းရွှေနှင့် ရင်းနှီး သူ တစ်ဦးက ပြောသည်။

စစ်တွေမြို့ အိမ်ဖြူတော် (KTV) ပိုင်ရှင် ဦးသိန်းရွှေမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ကာယဗလမောင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ စစ်တွေမြို့ အိမ်ဖြူတော်၌ ဖြစ်ပွားခဲ့သည့်အမှုအခင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနသို့တိုင်တန်းလာသော အမှုအခင်းတစ်ခုဖြစ်ပြီး ထိုသို့ အနိုင်ကျင့် ရိုက်နှက်သည့်ဖြစ်ရပ်များနှင့်ပတ်သက်သည့် အလားတူတိုင်တန်းမှုမျိုးကိုလည်း လက်ခံထားမှုများရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

၁၉။ ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ
November 29, 2021

ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ ဟိုနေ့က ရပ်ကွက်ထဲမှာ ပစ်ပြီးနောက်နေ့မှာ လူ ၅ ဦးကိုဖမ်းသွားတယ်။ ၂ ယောက်က ရွေး ကောက်ပွဲကော်မရှင်ရုံးက အမျိုးသား အဲ့နှစ်ယောက်ကို အစိုးရဝန်းထမ်းအိမ်ယာမှာ သွားဖမ်းတာ။ နောက်တစ်ယောက်က ခြင်းလုံးခတ်သွားတဲ့ MPT အရောင်းကိုယ်စားလှယ်တစ်ယောက်၊ CDM ကျောင်းဆရာမ ၂ ဦးလည်းပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ဟားခါးမြို့ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီး ထားသူ အများအပြားလည်းရှိနေကြောင်းသိရသည်။

 

၂၀။ ရွှေညောင်စျေးအတွင်း စျေးရောင်းသူများနေရာရွှေ့ပြောင်းရန် ဖိအားပေးခံရ
November 27, 2021

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်ဈေးအတွင်း ဈေးရောင်းနေသူများကို နှစ်ရက်အတွင်း အပြီးပြောင်းရွေ့ပေးရန် စစ်ကောင်စီ တပ်သားများက လာရောက်ဖိအားပေးကြောင်း သတင်းသိရသည်။ Stay At Home အစီအစဥ်မှ ပယ်ဖျက်ပေးသည့် နေ့ နိုဝင်ဘာ ၂၅ ရက် တွင် ဈေးရောင်းနေသည့် ဈေးသည်များကို နေရာ ပြောင်းရွှေ့ပေးရန် စစ်ကောင်စီတပ်သားများက သေနတ် များဖြင့် လာရောက်အော်ဟစ်ပြောဆိုသွားကြောင်း သိရသည်။

“မနေ့ (နိုဝင်ဘာလ ၂၅) ရက်နေ့ကပဲ Stay At Home ပယ်ပြီး အပြင်ထွက်ခွင့် ဈေးရောင်းခွင့်ပေးတာကို ဈေးသည် တွေ ရွှေ့ ပြောင်းပေးဖို့ လာဆော်သြသွားတာ၊ နှစ်ရက်အတွင်း နေရာကနေ ပြောင်းရွှေ့ပေးပါတဲ့၊ လိုက်နာဆောင် ရွက်ခြင်း မရှိရင် သူတို့ တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်ရမယ်ဆိုပြီး ပြောသွားတာ”ဟု ရွှေညောင်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြော သည်။ အဆိုပါ ဈေးမှ နေရာပြောင်းရွှေ့ ဖယ်ရှားစေမှုသည် မည်သည့် အကြောင်းကိစ္စကြောင့် ဟူ၍လည်းပြောဆိုရှင်းပြ ခြင်းမ ရှိကြောင်းနှင့် ရက်ပိုင်းအတွင်း ဈေးသည်များပြောင်းရွှေ့နိုင်ရန်လည်း မလွယ်ကူကြောင်းရွှေညောင်ဈေးအတွင်းမှ ဈေးသည် တစ်ဦးက ပြောသည်။

“ဈေးရောင်းဖို့တစ်နေရာစာက လွယ်တာ မဟုတ်ဘူးလေ၊ မနေ့ကမှ စရောင်းရခါစကို သူတို့(စစ်ကောင်စီ) ကအတင်းရွေ့ ခိုင်း နေတော့ ကျမတို့လည်းဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး”ဟု အမည်မဖော်လိုသည့်ရွှေညောင်ဈေးအတွင်းမှ ဈေးသည် တစ်ဦး က ပြောသည်။

 

၂၁။ စစ်တွေမြို့ မြို့မဈေးရှေ့တွင် လုယက်မှုဖြစ်ပွား၊ ငွေကျပ် ၁၀ သိန်းကျော်နှင့် ဖုန်း ၁ လုံး ပါသွား
November 28, 2021

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ နံနက်ပိုင်းအချိန်ခန့်၌ မြို့မဈေးကြီးရှေ့ လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေ ၁၀ သိန်း ကျော်နှင့် ဖုန်းတစ်လုံး ပါသွားသည်ဟု လုယက်ခံရသည့် ကာယကံရှင်ကပြောသည်။ စစ်တွေမြို့ မြို့မစျေးသို့ ဈေးဝယ်ရန် သွား ရာ ဘေထုတ်ပုံတွေ့၍ အင်္ကျီများရွေးယူနေစဉ် ကိုင်ဆောင်လာသည့် လက်ကိုင်အိပ်ကိုချထားရာမှ လုယက်ခံခဲ့ရခြင်းဖြစ်ပြီး ဖုန်းထဲအရေးကြီးအချက်လက်များနှင့် သူများအားပေးရန်ယူလာသည့်ငွေများ ပါသွားခြင်းဖြစ်သည်ဟု လုယက်ခံရသူနှင့် အတူ လိုက်ပါလာသည့် တူတော်စပ်သူ အောင်ကိုကိုဇော် ကပြောသည်။

“ကျနော်တို့ဈေးသွားကြတာ။ ကျနော့်အန်တီမှာက ဝယ်စရာရှိတာလည်းဝယ်ရင်း သူများကိုပေးစရာရှိတာလေးလည်းပေးမယ် ဆိုပြီး ငွေတွေထည့်လာခဲ့တာပါ။ အဲဒီမှာ ဈေးရှေ့က ဘေထုတ်တွေတွေ့တော့ အင်္ကျီထိုင်ရွေးနေတုန်း ကိုင်လာတဲ့အိတ်ကို ချထားတာ။ အမျိုးသမီးတစ်ယောက်ကဘေးနားမှာ ရစ်သီရစ်သီလုပ်နေတာတော့ သတိထားမိတော့ အချိန်လည်းသိပ်မကြာပါဘူး။ အိတ်ကိုကြည့်လိုက်တော့ အိပ်မရှိတော့ဘူး။ အဲဒီအမျိုးသမီးကိုရှာကြည့်တော့လည်း သူ့လည်းမတွေ့တော့ဘူး” ဟုပြော သည်။ လုယက်သူသည် မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် ဈေးရှေ့တပ်ထားသည့် CCTV အားကြည့်ရန်မေးကြည့်ရာ CCTV မှာပျက်နေပြီဟုဆိုကာပြောဆိုပြီး အဆိုပါကိစ္စအား ရဲစခန်းအားတိုင်တန်းထားသည်ဟု ပြောသည်။

စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ စခန်းမှူး ဆန်းကျော်ဝင်းက လာတိုင်ကြားမှုရှိ၍ နေရာသို့သွားရောက်ကြည့်ခဲ့ပြီး ကာယကံရှင် များမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ထားခြင်းများမရှိဟု ပြောသည်။ “ဖြစ်တာကတော့ ဈေးတွင်းမဟုတ်ဘူး အပြင်ဘက် ကျတယ်။ စုံစမ်းဖို့ကျတော့လည်း ယူသွားတဲ့သူက ဘယ်သူမှန်းမသိလိုက်ဘူး။ သူတို့က အင်္ကျီအရောင်လေးတောင်မမှတ်မိဘူး ပြောတယ်။ CCTV ကြည့်ဖို့က ဈေးမှာတပ်ထားတာ ၄ လုံးကပျက်နေတာ လေးငါးလလောက်ရှိပြီ။ နောက်ထပ်အလုံး ၂၀ ထပ် တပ်ဖိူ့တော့ပြင်ထားတယ်” ဟုပြောသည်။

 

၂၂။ စစ်ကောင်စီက ဖမ်းဆီးသွားသည့် မိုးမောက်ဒေသခံများ ပြန်လွတ်
29 November, 2021

စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ဒေသခံတွေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါ တယ်။ နိုဝင်ဘာ ၂၈ ရက်နေ့က မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအနီးက ခလရ ၄၃၇ တပ်အနီးမှာ စစ်ကောင်စီ ကားတစ်စီး ကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က မိုးမောက်မြို့အဝင်နားမှာရှိတဲ့ လူနေအိမ်တွေဘက်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဒေသခံအယောက် ၆၀ ဝန်းကျင်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာတော့ ပြန် လွှတ်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညနေ မိုးချုပ်ခါနီး ငါးနာရီခွဲ ခြောက်နာရီလောက် ကျ တော့ ပြန်လွှတ်ပေးတယ်။ မိုးမောက်မြို့ အထက စာသင်ကျောင်းရှေ့မှာ သူတို့ရောက်တဲ့အချိန် မိုးမောက်မြို့နယ် အုပ်ချုပ်ရေး မှူးက ဒီလူတွေကို လွှတ်ပေးဖို့လာပြောလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ပြောတယ်။ နာမည်စာရင်း တွေတော့ ကောက်ထား လိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်။”

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်ဆယ်လုံးကျော် ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ ဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးတယ်လို့ ဒေသခံနောက်တစ်ဉီးက ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ဒေသခံတွေကတော့ စိုးရိမ်နေကြပြီး စစ်ကောင်စီအနေနဲ့ လူနေအိမ်တွေရှိရာကို လက်နက် ကြီး လက်နက်ငယ်တွေနဲ့ မပစ်ဖို့အတွက်လည်း တောင်းဆိုကြပါတယ်။

 

၂၃။ တီးတိန်မြို့နယ် အန်းလန့်ကျေးရွာတွင် မြေအက်ကွဲမှုကြောင့် အိမ်ခြေ ၈၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့
November 29, 2021

ချင်းပြည်နယ် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးသော အန်းလန့်ကျေးရွာတွင် မြေအက်ကွဲကြောင်းများဖြစ်ပွားသည့်အတွက် အိမ်ခြေ ၈၀ ကျော် ယခုအခါဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။တီးတိန်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍ တစ်ပတ်ခန့်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် အန်းလန့်ကျေးရွာတွင် ယခုကဲ့သို့ မြေအက်ကွဲ ကြောင်းများပေါ်ထွက်လာခြင်းဖြစ်ပြီး မြေပြိုကျမှုအန္တာရာယ်စိုးရိမ်ရသည့်အတွက် ပြောင်းရွှေ့နေကြရသည်ဟု တီးတိန်မြို့မှ ဒေသခံ တစ်ဦးကပြောသည်။

“ပြီးခဲ့တဲ့ပတ်တုန်းက မိုးတအားများတော့လေ မြေအက်ကြောင်းတွေကွဲပြီးတော့မှ အန္တာရာယ်များလာတဲ့အတွက်ကြောင့် အိမ် ခြေ ၈၀ ကျော်လောက်က သူတို့အိမ်မှာနေလို့မရတော့လို့ တခြားနေရာသို့ရွှေ့ပြောင်းကြတယ်’ဟု တီးတိန်မြို့ဒေသခံက ပြော သည်။ အိမ်ခြေ ၁၆၀ ခန့်ရှိသည့် အန်းလန့်ကျေးရွာတွင် အိမ်ခြေထက်ဝက်ကျော်မှ ဒေသခံပြည်သူများသည် ရွာနှင့် တစ်မိုင်ခန့် ဝေးသော ကျေးရွာတစ်ရွာတွင်ပြောင်းရွှေ့ကြသည့်အပြင် တီးတိန်မြို့ဘက်သို့ပြောင်းရွှေ့ကြပြီး အကူညီထောက်ပံ့မှုများလိုအပ် လျှက်ရှိကြောင်းသိရသည်။

 

၂၄။ ရှမ်းနှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံနဲ့ ရိုးရာဓလေ့ကို အစဉ်အလာထိန်းသိမ်းသောအားဖြင့်သာကျင်းပဖို့ ရှမ်းနီ အမျိုးသားညီညွတ်ရေးအစည်းအရုံးက တိုက်တွန်း
November 28, 2021

လာမယ့် ဒီဇင်ဘာ (၄)ရက်နေ့မှာ ကျရောက်မယ့် ရှမ်းနှစ်သစ် ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထိန်းသိမ်းမှုတွေ နဲ့အတူ ပွဲတော်ကို အကျဉ်းချုံ့တာ ကျင်းပဖို့အတွက် ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံးက ဒီနေ့မှာ ပန်ကြားလိုက်ပါ တယ်။ မြန်မာပြည်တလွှားမှာ ကိုဗစ်ကပ်ရောဂါပျံ့နှံ့လျက်ရှိနေပြီး ကျန်းမာရေးအသိနဲ့ ဆက်လက်နေထိုင်ရမယ့် ကာလဖြစ် သလို စစ်အာဏာသိမ်းမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေအပြင် အသက်ဆုံးရှုံးနေမှုများက ဝမ်းနည်းစရာ အခြေ အနေနဲ့ ကြုံတွေ့နေရ တယ်လို့ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားမပြုလုပ်ဖို့နဲ့ ရိုးရာဓလေ့အစဉ်ကို မပျောက်ပျက် အောင် ထိန်းသိမ်းခြင်းဖြစ်တဲ့ ရတနာသုံးပါးကန်တော့ပူဇော်ခြင်း ၊ ဘိုးဘွားဆိုင်ရာနတ်တွေ ပူဇော်ခြင်းကို မိသားစုအတွင်းသာ ပြုလုပ်ပြီး လာမယ့် နှစ်သစ်ကို ကြိုဆိုကြဖို့ မေတ္တာရပ်ခံခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းနီဒေသတွေဖြစ်တဲ့ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်းမြို့တွေမှာလည်း အင်တာနက်ဖြတ်တောက်ခံထားရသလို တိုက်ပွဲတွေကလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ရှမ်းနီ ဒေသတွေက ကျေးရွာအလိုက်နဲ့ ဘုန်းတော်ကြီးကျောင်းအလိုက် အကျဉ်းချုံ့ပြီး နှစ်သစ်ကောက်ဦးဆွမ်းကပ်လှူပွဲကို ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေတာတွေလည်းရှိနေပါတယ်။

၂၅။ မတူပီမြို့ စစ်တပ်ရင်းတွင် အချင်းချင်းပစ်ခတ်၍ အရာရှိအပါ အဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
November 30, 2021

ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခလရ (၁၄၀) စစ်ကောင်စီ အထိုင်တပ်ရင်းတွင် အချင်းချင်း ပစ်ခတ်မှု ဖြစ်၍ သုံးပွင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြော သည်။ နိုဝင်ဘာလ ၂၆ ရက် ည ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ လက်ထောက် ဖြစ်သူ ကိုယ်ရေးအရာရှိတို့ နှစ်ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးတပ်တွင်းဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ “တပ်ထဲက သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီးတော့ အချင်းချင်းပစ်ခတ်မှုတွေ ဖြစ်တယ်။ သုံးပွင့် ဗိုလ်ကြီးအရာရှိနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိပေါ့။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ သုံးယောက်ကတော့ အခု တပ်ဆေးရုံ မှာ ဆေးကုနေရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မည်သည့်အတွက်ကြောင့် အချင်းချင်းဖြစ်ပစ်ခတ်မှုဖြစ်သည်ကိုမူ မသိရှိရကြောင်း ယင်းသတင်းရင်းမြစ်ကပြောသည်။ အာဏာ သိမ်းစစ်ကောင်စီသည် တပ်တွင်းပစ်ခတ်မှုများနှင့် ပတ်သက်၍ထုတ်ပြန်လေ့မရှိသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်းသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီ၏ ခလရ (၁၄၀) အထိုင် တပ်ရင်းနှင့် သုံးမိုင် ဝန်းကျင်ခန့်အကွာ ဖနိုင်နှင့် ခလိုင်ကျေးရွာ အကြားတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ရှိသည်။

 

၂၆။ ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်
November 29, 2021

ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူရန်နှင့် နယ်ကျော်သွား လာခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရ အမိန့်ထုတ်ထားသည်။ “တိုင်းရင်းသား မဟုတ်သူများ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။ တိုင်းရင်းသားမဟုတ်သူများ ဆို သည်မှာ စစ်ကောင်စီအတွက် ရိုဟင်ဂျာများကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့နေထိုင်ရာမြို့နယ်မှ အခြားသောမြို့နယ်ကို ကူးလူး သွားလာခြင်းကို နယ်ကျော်သွားလာခြင်းဟု ဆိုသည်။

ဥပမာ- ဘူးသီးတောင်မြို့နယ်ထဲတွင် နေထိုင်သည့် ရိုဟင်ဂျာတစ်ဦးအနေဖြင့် မောင်တောမြို့နယ်ကို သွားလာရန် ပုံစံ (၄) ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင်သွားထုတ်ကာ ပုံစံဖြည့်ရသည်။ အဆိုပါပုံစံတွင် အမည်၊ နေရပ်လိပ်စာနှင့် မောင်တောမြို့ နယ်ကို မည်သည့်ကိစ္စကြောင့် သွားရောက်မည်တို့ကို ဖြည့်တင်းရသည်။ ခရီးသွားလာခွင့်ထောက်ခံစာ ပုံစံ (၄) ကိုင်ဆောင် ထားလျှင် ဘူးသီးတောင်မှ မောင်တော၊ မောင်တောမှ ဘူးသီးတောင်အထိသာ သွားလာခွင့်ရသည်။ စစ်အုပ်စုအမွေခံ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ၎င်းတို့က “ဘင်္ဂါလီ” ဟုသတ်မှတ်သော ရိုဟင်ဂျာများအတွက် ထောက်ခံချက် ယူပြီးမှသာ ခရီးသွားရမည်ဟု ပြဌာန်းခဲ့သော်လည်း ၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက် ပိုင်း ပုံစံမယူဘဲ ခရီးသွားလာခွင့်ပြုခဲ့သည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီက ခရီးသွားကန့်သတ်ချက်ကိုပြန်လည်အသက်သွင်းလာခြင်းဖြစ်သည်။ ထွေအုပ်ရုံးထုတ် ပြန်ချက်တွင် “တားမြစ်ချက်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံ ရမည်” ဟု ပါရှိပြီး အမိန့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ နှစ်လပြည့်မြောက် သည့်နေ့အထိ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို လက်ခံကျင့်သုံး လာခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဦးအောင်ကျော်မိုးက စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်သည် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြောသည်။

 

၂၇။ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်
28 November 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် ဂိတ် တွေကို နိုဝင်ဘာလ ၂၆ ရက်နေက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ မူဆယ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော် ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျင်းစန်းကျော့ဂိတ်မှာတော့ ကွန်တိန်နာ စနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်း တွေ ဝင်ကာ စတင်မှာဖြစ်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ “မြန်မာဘက်ခြမ်းကနေ တရုတ် ဘက်ကိုရာဘာ ၂ စီး၊ ဆန်ကွဲ ၂ စီး၊ သီဟိုဠ်စေ့ ၁ စီး စုစုပေါင်း ကွန်တိန်နာ ၅ စီး ပို့လိုက်ပြီး အဝင်၊ အထွက် ကွန်တိန်နာ ၅ လုံး စီ နဲ့ စတင်ပါပြီ။” လို့ မြန်မာဘက်ခြမ်းက ကုန်သည် ၁ ဦးက ပြောပါတယ်။ ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း တွေအနေနဲ့ ကွန်တိန်နာ စနစ်နဲ့ ကုန်ကျစရိတ် ပိုများနေလို့ အဆင်မပြေကြောင်း၊ လက်ရှိ တရုတ်ဘက် ဝမ်တိန်ထဲ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေ ထွက်ခွင့် မရသေးကြောင်း မြန်မာ တရုတ် ကုန်သည်၊ ကုန်ဂိတ်တွေက ပြောပါတယ်။

ချင်းရွှေဟော်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးတရုတ်ဘက် ပထမဆုံး တင်ပို့တဲ့ကုမ္ပဏီ ဖြစ်တဲ့ လင်ချန်း ကျီစစ်တာ အီးကော်မာစ် ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံဘက်က လက်ဖက်ခြောက်ကား ၂ စီး ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံဘက် စမ်းသပ် တင်ပို့ခဲ့ကာ ကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ အဆိုပါကုမ္ပဏီမှ ကုန်ကား ၂ စီးက မြန်မာဘက် ပြန်ဝင်မှာ ဖြစ် တယ်လို့ဆိုပါတယ်။ တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ ဇူလိုင်လ ၈ ရက်နေ့ ကစ ကျန်းမာရေး သုံး ပစ္စည်းက လွဲပြီး ကျန်ကုန်တွေကို ရက် အကန့်အသတ်မရှိပိတ်ခဲ့ကာ နိုဝင်ဘာ ၂၆ ရက်နေ့မှ ဂိတ်ပေါက် ၂ ခုကို နှစ်နိုင်ငံ တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့တာပါ။

 

၂၈။ ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှု သပိတ်ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရ
30 November, 2021

ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုထူးမြတ်လွင်အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး ဒီနေ့မနက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ပြောပါတယ်။ ဒီနေ့မနက် ၆ နာရီခွဲလောက် စစ်ကောင်စီတပ်သားတွေက ထားဝယ် အကြမ်းမဖက်လူထုလှုပ်ရှားမှုသပိတ်ဦးဆောင်သူ တစ်ဦးတဲ့ ထားဝယ် တက္ကသိုလ် အရှေ့တိုင်းပညာဌာန တတိယနှစ်ကျောင်းသား ကိုထူးမြတ်လွင်၊ ကိုစိုင်းကိုကိုထွန်းနဲ့ မလဝန်းပြည့်ပြည့်ထွန်း တို့ ၃ ဦးအား ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ကိုထူးမြတ်လွင်ဟာ ထားဝယ်မြို့ပေါ်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှု သပိတ်တွေကို အစဥ်တစိုက်ဦးဆောင်ခဲ့သူ တစ်ဦးဖြစ် ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက ဘယ်နေရာ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ထားဝယ်မှာက လက်ရှိအချိန်မှာ လူထုလှုပ်ရှားမှုသပိတ်တွေက အင်အားကောင်းကောင်းနဲ့ မရှိတော့ဘူး။ အဲကျ စစ်တပ်က မြို့ကို သူတို့အုပ်ချုပ်ရေးယန္တရား အသက်ဝင်လာအောင် တဖြည်းဖြည်းအသက်သွင်းနေပြီ။ နောက်ပြီး သပိတ်လှုပ်ရှားမှုကို ဦးဆောင်တဲ့သူတွေ၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေကိုလည်း လွယ်လွယ်ကူကူပဲ့ လိုက်ဖမ်းနေပြီ။ ထားဝယ်မြို့က ကျဥ်းကျဥ်းလေးဗျာ၊ မြို့အဝင်အထွက် ဂိတ်တွေမှာလည်း ပိတ်ပြီးတော့ သေချာစစ်နေတာ၊ အဲလိုမျိုးဖြစ်နေ တော့ သူတို့ လိုချင်တဲ့သူကို မြို့အတွင်းမှာ လွယ်လွယ်ကူကူနဲ့ပဲ ဖမ်းလို့ရနေတာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထားဝယ် နည်းပညာတက္ကသိုလ်ကျောင်းသူ မသိမ့်ဇင်ဇင်ဖူး၊ ထားဝယ်တက္ကသိုလ် ကျောင်းသား ဟောင်း ကိုကောင်းမြတ်၊ ထားဝယ်တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဇင်လင်းဦး နဲ့ သူငယ်ချင်း ၄ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရ ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေရ ပေမယ့် နေ့စဉ်လိုလို စစ်အာဏာရှင်အား နည်းမျိုးစုံနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။

 

၂၉။ မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ စစ်ဆေးရေးဂိတ် (၂)နေရာရှိ ခရီးသွားလာ ကြန့်ကြာ

November 30, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဆေးရေးဂိတ် (၂)နေရာခန့် ရှိနေသဖြင့် ခရီးသွား ပြည်သူများ အသွားအလာ ကြန့်ကြာမှုကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်မှာ လွိုင်လင် – လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ကေတုကျေးရွာနှင့် တုံလောကျေးရွာ သွားသည့်လမ်းတွင် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP စောင့်နေသည့်ဂိတ်နှင့် ပန်ကေတုကျေးရွာမှာ စစ်ကောင်စီတပ် ဂိတ်များ ရှိကြောင်း သတင်းရရှိသည်။ “SSPP က ပန်ကေတု တုံလော သွားတဲ့လမ်းမှာရှိတယ်။ ဝါးတားဂိတ်လုပ်ပြီး ဖုန်းတွေအချက်လက်တွေ အဓိကစစ်ဆေးတယ်။ ငွေတော့ မတောင်း ဘူး။ ကျနော်တို့ ခရီးသွားတွေအတွက် အသွားအလာ ခက်ခဲတယ်။ တစ်လလောက်ရှိပြီ၊ သူတို့ ဒီလို စစ်ဆေးတာတွေ လုပ်တာ” ဟု ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပန်ကေတု ကျေးရွာမှာ ရှိသည့် စစ်ကောင်စီတပ်သည် ညနေ (၆) နာရီနောက်ပိုင်း ခရီးသည်များကို သွားလာမှု မပေးကြောင်း စုံစမ်းသိရှိရသည်။ “ပန်ကေတုမှာ ရှိတဲ့ စစ်ကောင်စီတပ်တော့ အရင်လိုပဲ ၆ နာရီမကျော်ရင် သွားလာလို့ရတယ်” ဟု ခရီးသည် တစ်ဦး ကပြောသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button