သတင်း

နေ့စဉ်သတင်းအကျဉ်း

                                                                       ဇွန် – ၁၉ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် အသက်သေဆုံးခဲ့သူ ( ၁၉၆၃ ) ဦးအထိရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၄၁၅၆) အထိရှိခဲ့ပြီး ( ၁၁၀၉၆) ဦးမှာ လက်ရှိချိန်ထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ပုံ မဒဲ့ယာန် ကျေးရွာတွင် လုံးခင်းအုပ်စု မှော်ပေါင်းစုံ သပိတ် စစ်ကြောင်းက ပြည်သူများစုပေါင်း၍လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၇ နှစ်ပြည့် မွေးနေ့ အခမ်းအနား ပြုလုပ်နေစဉ်အတွင်းစစ်ကောင်စီ၏ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံ ပြည်သူ များထံမှ သိရသည်။ စစ်ကောင်စီ စစ်တပ်က မှော်ပုံမဒဲ့ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားမှု့ တစ်စုံတရာမရှိပါမူဘဲပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် တချို့နှင့် ကား ၁ စီးကို ထိမှန် ခဲ့ ကြောင်း ဒေသခံများထံကသိရသည်။

 

  • ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ ကျောင်းအုပ်ဆရာကြီးနဲ့ဆရာမတို့ ၂ ယောက် ဟာ ပြန်ပေးဆွဲခံရတာလို့ မြို့နယ်ပညာရေးမှူးနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြန်ပေးဆွဲသွားတဲ့သူ တွေက ပြန်ပေးဆွဲခံရသူဆရာမဒေါ်ဥမ္မာကျော်ဖုန်းကနေဆင့် မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော် ကို ဇွန်လ ၁၇ ရက်နေ့မနက်မှာ ဆက်သွယ်လာတာလို့ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ပြောပါတယ်။ “ဆရာကြီး ဦးဘိုဝင်းနဲ့ ကျနော်ပြောလိုက်ရတယ်။ ပြီးတော့ ပြန်ပေးဆွဲသွားတဲ့သူတွေလည်း ပြောလိုက်ရတယ်။ သူတို့တွေက ဘင်္ဂါလီစကားနဲ့ ပြောတယ်။ ပြန်ပေးဆွဲခံရသူတွေကို ပြန်လိုချင်တယ်ဆိုရင် ဘင်္ဂလားငွေ တာကာ သိန်း ၅ဝ နဲ့ ရွေးဖို့ ပြောတယ်။ ”လို့ ဦးအောင်စံကျော်က ပြောပါတယ်။

 

  • သရက်ချောင်း မြို့နယ်တွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ EAO နှင့် ကျေးရွာနေ ပြည်သူ လူထုများ ပူးပေါင်း ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပူတာအိုဘက်မှ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့အဝင် တန်ဖရဲကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေး အဖွဲ့ KIA နှင့် PDF အဖွဲ့တို့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း KPDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်၏ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်အပါ စစ်ကား ၆၀ စီးကျော်ပါရှိသော ယာဉ်တန်းနှင့် ရှေ့တန်းလုံခြုံရေးယူပေးသည့် ခြေလျင်တပ်ဖွဲ့အား KIA နှင့် KPDF အဖွဲ့တို့က တန်ဖရဲနှင့် ကျိန်ခရန် ကျေးရွာ ၂ ခုကြားတွင် ပဒေသာမိုင်းဖြင့် ၁၆ ကြိမ်ထက်နည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး အတည်ပြုပြောဆိုသည်ဟု KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် မြို့ခံအမျိုးသား ၅ ဦးမှာ ယမန်နေ့ ဇွန် ၁၈ရက် နေ့တွင် စစ်တွေမြို့ ဂေါက်ကွင်းအနီးအရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)စခန်းတွင် စစ်ကြောရေးခံနေရ သည်ဟု သိရသည်။ စစ်ကြောရေးစစ်ဆေးခံနေရသူမှာ ဦးဘလှိုင် (၃၉)နှစ်၊ ဦးဝင်းမောင်သန်း(၄၀)နှစ်၊ ဦးထွန်းလိုင်(၅၅)နှစ်၊ ဦးကျော်မင်း (၅၈)နှစ် နှင့် ကိုကျော်လင်း (အသက် ၂၀ ကျော် အရွယ်)တို့ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်ဟု နိရဉ္စရာသတင်းဌာတွင် ဖော်ပြထားသည်။

 

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တစ်နေရာတွင် နိုင်ငံရေးလှုပ်ရှားသူများ သမဂ္ဂအင်အားစုမှ ” မင်းအောင်လှိုင် နှင့် နောက်လိုက်များ အမြန်ဆုံး လက်နက်ချ အလင်းဝင်ပါ” စာတန်းချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်ပြည်သူတွေဟာ ဇွန် ၁၉ ရက်နေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့် မွေးနေ့ပွဲ ပြုလုပ်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ၊ အမေစု အမြန်လွတ်မြောက်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် KIA၊ PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ အကြမ်းဖက် စစ်တပ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး၊  တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်နေပြီ စတဲ့ ကြွေးကြော်သံတွေနဲ့  ချီတက်ခဲ့ကြပါတယ်။

 

  • ဒေါ်အောင်ဆန်းစုကြည်(၇၇)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဒီနေ့ဇွန်လ(၁၉)ရက်နံနက်ပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိလူငယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ “အကြမ်းဖက်စစ်အုပ်စုဟာ သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူကိုရန် သူလိုသဘောထားပြီး မတရားဖမ်းဆီးသတ်ဖြတ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ အဆုံးစွန်ယုတ်မာ ရက်စက်မှုတွေကိုအံတုနိုင်ဖို့ ကျွန်တော်တို့အတွက်ရွေးချယ်စရာဟာ အဆုံးစွန်အထိပုန်ကန်ထကြွမှုပဲ ဖြစ်ပါတယ်” လို့ လှုပ်ရှားမှုမှာလူငယ်တွေကပြောခဲ့ပါတယ်။ ထို့အပြင် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသမီးများမှဦးဆောင်ပြီး ဇွန်လ၁၉ ရက်နေ့ မနက်ပိုင်းက “လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏(၇၇)နှစ်ပြည့်မြောက်မွေးနေ့”တွင် အိမ်တွင်းပန်းသပိတ်ဖြစ် ပြုလုပ် ကြ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အဖြစ် ” ငါတို့အားလုံး အကျဥ်းသားအာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား ” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်သူများစွာအတွက် “ ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ချင်းလွှတ် “ အစရှိသည့်ကြွေးကြော်သံများနှင့် လူထုတစ်ရပ်လုံးသွေးမအေးစေရန် လှုံ့ဆော်ခဲ့ကြသည်။ ယင်းလှုံ့ဆော်အုံကြွမှုအား Yangon Revolution Force – YRF (Soft Strike Community) ၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force – RF၊ ဗမာ့လူငယ်ကွန်ရက်နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ ပြည့်မွေးနေ့ ဆုတောင်းမေတ္တာပို့ သပိတ်ပြု လုပ်ခဲ့သည်။

 

  • စစ်​ကောင်စီက လုံခြုံ​ရေးတင်းကျပ်ထားသည့်ကြားမှ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည် ​မွေး​နေ့ ဆု​တောင်း စာတမ်းနှင့် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာ ကို ​မေမြို့သပိတ်အင်အားစုက  ပြင်ဦးလွင် တွင် ယ​နေ့ ချိတ်ဆွဲသည်။

 

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့အဖြစ် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ဂုဏ်ပြုသောအနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကြွေးကြော်ပြီး စစ်ကောင်စီက မတရား အကျဉ်းချ ထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မုံရွာမြို့ အထင်ကရ လမ်းမပေါ်တွင် ယနေ့ ဇွန်လ ၁၉ ရက်၌ နှင်းဆီပန်းများ ကြဲဖြန့်ကာ ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ကျေးရွာတစ်ရွာတွင် ပညာရေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အဖြစ် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အခမ်းအနားနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက် ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက ယနေ့ ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ တွင် ဆုတောင်းသပိတ်အဖြစ် ယနေ့ ဇွန် ၁၉ တွင် ပြုလုပ်ခဲ့သည်။

 

  • မြင်းခြံတွင် ပြည်သူများ စုပေါင်း၍ ” ပြည်သူ့နေအိမ် မီးရှို့ ပြည်သူကို ပြန်သတ်တဲ့ စစ်တပ်အလိုမရှိ” စာသားအပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • တမူးမြို့ တော်လှန်ရေး အင်အားစုများစုပေါင်းပြီး ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သော ‘ဒေါ်အောင်ဆန်းစုကြည်’ ၏မွေးနေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များကို အာရုံဆွမ်းကပ်ကာ ဆုတောင်းမေတ္တာပို့သပြီး Freedom From Fear (အကြောက်တရားမှလွတ်မြှောက်ခြင်း) သပိတ်ကို ယနေ့မနက်ပိုင်းမြို့တွင်းတစ်နေရာ တွင်ပြုလုပ်ခဲ့သည်။

 

  • ကရင်ပြည်နယ်၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည်။

 

  • ပုလဲ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရေလယ်ကျွန်းဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းမှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် တောင်ဘက်ခြမ်း ကျောင်းဆိုးကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က မနေ့ စစ်ကြောင်း ထိုးလာပြီး ရွာခံတွေကိုလည်း ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ “ရွာခံ (၁၃)ယောက် ဖမ်းခံရတယ်။ ရွာခံတွေကို ဖမ်းဆီးသွားပြီးနောက်ပိုင်းလည်း စစ်ကောင်စီက အင်အား (၄၀)နဲ့ PDF ရှိတဲ့ စခန်းတွေကို ရှာဖွေပြီး စစ်ကြောင်း လိုက်ထိုးနေတယ်။ ဖမ်းခံရတဲ့သူတွေက သာမန်လုပ်ကိုင်စား သောက်တဲ့ ရွာသားတွေပါ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

  • နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ဆန္ဒနှင့် တသားတည်း ရပ်တည် ဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ၌ ဖော်ပြ သည်။ ယနေ့ကျရောက်သော ပြည်သူ့ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် ပေးပို့သောသဝဏ်လွှာ၌ ဖော်ပြခြင်းဖြစ်ပြီး မွေးနေ့ တွင် နိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်ဝပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သသည်။

 

  • ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အင်းပြား အမှတ်(၄) ရပ်ကွက်တွင် စစ်ကောင်စီ သတင်း ပေး မိသားစု ၄ ဦးအသတ်ခံလိုက်ရတယ်လို့ ဒေသခံများထံကသိရပါတယ်။ အဆိုပါမိသားစုဝင် ၄ ဦးမှာ လောင်းလုံးမြို့နယ်မှလာရောက်ကာအင်းပြားရပ်ကွက်တွင် တိမ်းရှောင်နေစဥ် ၎င်းမိသားစု ၄ ဦး အသတ် ခံလိုက်ရတာလို့ ဒေသခံတွေကဆိုပါတယ်။

 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ပညာရေးမှူးရုံးကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈နာရီ ခွဲ အချိန်တွင် မြောက်ဥက္ကလာပ သမိုင်း မရိုင်းစေချင်သူ လူငယ် များ အဖွဲ့ က ACPLF Ranger အဖွဲ့၏ ပံ့ပိုး ကူညီမှု ဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ်တည်နေသော  မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူး ရုံးအား ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူ များ မထိခိုက်စေရန် ကျောင်းပိတ်ရက်ကို ရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း မြောက်ဥက္ကလာပ သမိုင်းမရိုင်း စေချင်သူ လူငယ်များအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီခန့် ခရိုင်ကောင်စီ ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မုံရွာမြို့ ဒေသခံများထံက သိရသည်။ သေဆုံးသူ သည် မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်နေ ခရိုင်ကောင်စီဝင်  ဦးသန်းဇော်ထွန်း အသက်(၄၀) နှစ် ဖြစ်ပြီး  ယနေ့နံနက်ပိုင်းက မုံရွာမြို့ပေါ်တွင် ၎င်း၏ကိုယ်ပိုင်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံ လိုက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

  • ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဖူးကျေးရွာတွင် ဇွန် ၁၈ ရက်နေ့ ညပိုင်းက လူသတ်ပြီး ရွှေငွေများ အပါအဝင် ပိုင်ဆိုင်သည့် ပစ္စည်းတစ်ချို့ကို ယူဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ ၁၈ ရက် ညပိုင်းဟု ခန့်မှန်းရသည့်အချိန်တွင် ကျေးရွာနေအိမ်အတွင်း တစ်ဦးတည်းအိပ်နေသည့် ဒေါ်မအေးဖြူ ဆိုသည့် အသက် ၆၉ နှစ်ရွယ်ရှိသူမှာ ဘယ်ဖက်နားရွက်အောက် ဓါးထိုးဒဏ်ရာတစ် ချက်နှင့် အဝတ်စဖြင့် လည်ပင်းညစ်ထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုဝင်များ ကတွေ့ရှိခဲ့သည်။ အဖွားဖြစ်သူ၏ မြေးက ညပိုင်းတွင် ဖုန်းဆက်ခေါ်၍ မရ၍ ယနေ့နံနက်ပိုင်းနေအိပ်သို့ သွားရောက်ကြည့်ရှုရာတွင် သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ ဒေါ်မအေးဖြူ၏ သားမက်ဖြစ်သူ ကိုစောမောင်နု က Western News သတင်းဌာနကို ပြောဆိုထား ကြောင်းသိရသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်း #ပြည်တွင်း

Related Articles

Back to top button