အတွေးအမြင်

“စစ်အာဏာရှင်တော်လှန်ရေး သို့မဟုတ် အခြေခံလူတန်းစားများ၏ တိုက်ပွဲ”

“စစ်အာဏာရှင်တော်လှန်ရေး သို့မဟုတ် အခြေခံလူတန်းစားများ၏ တိုက်ပွဲ”

Written by ရဲဘော် ယောလေး

မြန်မာ့နွေဦးတော်လှန်ရေး သို့မဟုတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ ရက်ပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသောကာလ အထူးသဖြင့် အာဏာသိမ်းပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် လူထုလူတန်းစား အလွှာအသီးသီး ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထိုကာလများသည် အာဏာသိမ်းမှုကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သော ကာလဖြစ်၍ လက်ရှိကာလများနဲ့စာရင် အန္တရာယ်နည်းပါးခဲ့သည်ဟု ဆိုနိုင်သည်။ ပညာတတ်အသိုင်းအဝိုင်း၊ ဝန်ထမ်းအသိုင်းအဝိုင်း၊ လူကုံထံအသိုင်းအဝိုင်း၊ ကုန်သည်ပွဲစား အသိုင်းအဝိုင်း၊ လုပ်ငန်းရှင်အသိုင်းအဝိုင်းတို့သည် အခြေခံလက်လုပ်လက်စား အောက်ခြေလူတန်းစား ဖြစ်သည့် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားလူငယ်များ တနည်းဆိုရသော် သေမထူးနေမထူး လူတန်းစားများနဲ့နည်းတူ တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ဆန္ဒပြပွဲတွေကို ဒီဇိုင်းအမျိုးမျိုးပုံဖော်ကာ ကုန်ကျစရိတ်များအတွက် ရက်ရက်ရောရော လှုဒါန်းခဲ့ကြသည်။ ထိုကာလသည် လူထုတော်လှန်ရေး အရေးအခင်းကာလများ ဖြစ်သည်။ သို့သော်လည်း ထိုလူတန်းစားတို့၏ တက်ကြွမှုသည် အချိန်ကြာလာ သည်နဲ့အမျှ တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။ အားလုံး မျက်မြင်ပင်ဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရ၊ လက်နက်ကိုင် တော်လှန်မှသာ ရမည်ဟု တဖြည်းဖြည်း ယုံကြည်လက်ခံလာကြပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်လာကြသည့်ကာလတွင် အဆိုပါ သေမထူး နေမထူးလူတန်းစားကလွဲပြီး ကျန်သည့် လူတန်းစားများသည် တဖြည်းဖြည်း လျော့နည်း ပျောက်ကွယ်သွားခဲ့သည်။ လူကိုယ်တိုင်ပါဝင်ဖို့ မဆိုထားနဲ့ ငွေကြေးအကူအညီများတောင် မပေးရဲကြတော့။

 ခေတ်အဆက်ဆက် လွတ်လပ်ရေးမရခင်ကတည်းကနေ လွတ်လပ်ရေးရပြီး ယနေ့အချိန်ထိ မြန်မာနိုင်ငံ၏ တော်လှန်ရေးအားလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ အစအဆုံး ပါဝင်ကြသူများသည် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားလူငယ် စသည့် အခြေခံလူတန်းစား အများစုပင်ဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်တွင် အသက်အသေခံပြီး တိုက်ပွဲဝင်ကြသူအများစုကို ကြည့်ပြီး အချိုးချကြည့်ရင် သိသိသာသာ ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။ လက်ရှိဆင်နွှဲနေကြသော တော်လှန်စစ်ပွဲသည် အာဏာရှင်ပြုတ်ကျရေးတခုထဲတင် မကပါဘူး။ ဖိနှိပ်ခံလူတန်းစားအားလုံး၏ အလုံးစုံပြုပြင်ပြောင်းလဲရေးစစ်ပွဲလည်း ဖြစ်သည်။ ထိုထိုသော ဖိနှိပ်ခံလူတန်းစားများ၏ ဘဝများအတွက် ပြုပြင်ပြောင်းလဲရေး တော်လှန်စစ်ပွဲအောင်မြင်မှသာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကလည်း အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ တောင်သူလယ်သမားဘဝ အာမခံချက်များ၊ အလုပ်သမား အာမခံချက်များ၊ ပညာရေးအာမခံချက်များ စသည့် အာမခံချက်များကို ဖော်ဆောင်နိုင်မှသာ တိုင်းပြည်ကလည်း ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မှာဖြစ်သည်။ လက်ရှိမြင်တွေ့နေရသော တော်လှန်ရေးသည် အဆိုပါ ပြုပြင်ပြောင်းလဲရေးအတွက် ရည်မှန်းချက်ထားမှု နည်းပါးလှသည်။ စစ်အောင်နိုင်ရေးသာ အဓိကဟု မှတ်ယူ ထားကြသည်။ နိုင်ငံရေးတွေးခေါ်မှုကို အားမပေးကြ။ စစ်ရေးအောင်နိုင်မှသာ ကျန်ရှိသော နိုင်ငံရေးကို လုပ်ဆောင်ရမည်ဟု အများစုက ယူဆနေကြသည်။ အာဏာရှင်ကို တိုက်ထုတ်နေတဲ့ကြားက အာဏာရှင် စနစ်ဆိုးရဲ့ ဆိုးမွေတခုဖြစ်တဲ့ ဆရာမွေး တပည့်မွေးတွေက ရှိနေဆဲဖြစ်သည်။ တန်းတူညီမျှမှု၊ လေးစား တန်ဖိုးထားမှုကို ထည့်သွင်း မစဉ်းစားဘဲ ဩဇာတည်ဆောက်မှုကိုသာ ဦးစားပေးနေကြသည်။

စစ်ရေးနှင့် နိုင်ငံရေးသည် ဒွန်တွဲနေသည်။ လုပ်ဆောင်ကြပုံခြင်း မတူညီသော်လည်း ပြိုင်တူအရွေ့ ရှိရမည်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်မရှိသော စစ်ပွဲသည် အောင်မြင်ဖို့ အလားအလာ နည်းပါးသည်။ ဥပမာအားဖြင့် အလင်းရောင်မရှိသော အမှောင်ထဲတွင် စမ်းတဝါးဝါး လမ်းလျှောက်နေသူများနဲ့ တူသည်။ မမြင်မစမ်းလမ်းလျှောက်ရင်း ချောက်ထဲလည်း ကျသွားနိုင်သလို ကမ်းပါးရံကိုလည်း ဝင်တိုက်နိုင်သည်။ တော်လှန်ရေးဘာကြောင့် လုပ်ရသလဲ။ လက်နက်ဘာကြောင့် ကိုင်ရသလဲ။ ဒီမိုကရေစီဆိုတာဘာလဲ။ ဖက်ဒရယ်ဆိုတာ ဘာလဲ။ လူ့အခွင့်အရေးဆိုတာ ဘာလဲ။ တန်းတူညီမျှမှုဆိုတာ ဘာလဲ။ စစ်ရေးနှင့် နိုင်ငံရေးဘာကွာခြားသလဲ။ နိုင်ငံရေးသမားနှင့် စစ်ရေးခေါင်းဆောင်တစ်ယောက်ရဲ့ ကွာခြားချက်က ဘာတွေလဲ။ ရွေးကောက်ပွဲစနစ်ဆိုတာ ဘယ်လိုလဲ စသဖြင့် တော်လှန်ရေးရဲဘော်တွေ သိအောင် တိုက်ပွဲဝင်သူရဲကောင်းတွေ နားလည်အောင် အခြေခံအားဖြင့် သိသင့် သိထိုက်သော အခြေခံနိုင်ငံရေး အတွေးအခေါ် အယူအဆတွေကို သိအောင်၊ တွေးခေါ်တတ်အောင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် ဦးဆောင်သူများ အနေဖြင့် ပြုလုပ်ပေးကြရမည့် တာဝန်ရှိသည်။ ဒါသည် အရှုံးထဲက အမြတ်ကိုရှာခြင်းလို့ စာရေးသူကတော့ ယူဆသည်။ ဒါမှသာ အမှားအမှန်သိပြီး ကိုယ်ပိုင်အတွေးအခေါ် အယူအဆနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တခုကို ဖော်ဆောင်နိုင်မှာဖြစ်သည်။

လက်ရှိဆင်နွှဲနေကြရသည့် စစ်ပွဲသည် ဘယ်လောက်ကြာဦးမည်မသိ။ များပြားလှသည့် တော်လှန်ရေး အဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်မှု အားနည်းနေသည်။ စုစည်းနိုင်မှု နည်းပါးသည်။ အဖွဲ့အစည်း တွေများသလောက် ရပ်တည်ရေးကည်း တဖြည်းဖြည်း ခက်ခဲလာနေကြသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အဓိကအားထားနေရသည့် တောင်သူလယ်သမား၊ အလုပ်သမား လူတန်းစားများမှာလည်း စီးပွားရေး ကျဆင်းမှုတွေကြောင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ကူညီထောက်ပံ့ပေးနိုင်မှုမှာ နည်းပါးလာသည်။ သူတို့၏ ကိုယ်ပိုင် ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည့်အတွက် တော်လှန်ရေး အဖွဲ့အစည်း များအတွက် လှုဒါန်းပေးကမ်း ကူညီထောက်ပံ့နိုင်မှု နည်းပါးလာတာက သဘာဝကျသည်။ သို့သော်လည်း အဆိုပါ လူတန်းစားများ၏ တော်လှန်ရေးအပေါ်ထားသည့် စိတ်ဓာတ်သည် သူတို့၏ စီးပွားရေးနဲ့ ပြောင်းပြန် အချိုးကျသည်။ အများဆုံး ဖိနှိပ်ခံရသူ၊ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲ ခံစားကြရသူ၊ အာဏာရှင်စနစ်ဆိုးကို မျက်ဝါးထင်ထင် တွေ့မြင် ကြုံတွေ့ကြရသူများအနေဖြင့် အရင်ကထက် ပို၍ပင် တော်လှန်စိတ်တွေ နိုးကြား ထကြွလျှက် ရှိကြသည်။ ငွေကြေးမရှိလို့ တော်လှန်ရေးကို မလှုနိုင်တာ မဖြစ်ရလေအောင် ရှိသမျှ လက်ဝတ် လက်စား ရွှေငွေရတနာများကိုပါ ပုံအောပြီး လှုဒါန်းနေတာကို အားလုံး မြင်တွေ့နေကြရသည်။ သို့သော် လူကုံထံအသိုင်းအဝိုင်း၊ ကုန်သည်ပွဲစားအသိုင်းအဝိုင်း၊ လုပ်ငန်းရှင်အသိုင်းအဝိုင်းများအနေဖြင့် ပါဝင်လှုဒါန်း ကူညီထောက်ပံ့မှုအပိုင်းမှာတော့ အချိန်ကြာလာတာနဲ့အမျှ သူတို့၏ စိတ်ဆန္ဒကလည်း အသာနေစိတ်တွေနဲ့ ကိုယ်နဲ့မဆိုင်သလိုတွေးကာ အေးရာအေးကြောင်း သွားလာလှုပ်ရှားလို့ အလုပ်အကိုင်မပျက် အနေအစား‌ ချောင်လျှက်ရှိသည်။ တော်လှန်ရေးမှာ စိတ်ပါဝင်စားမှုနဲ့ အလှုအတန်းအထောက်အပံ့ကလည်း တိုက်ရိုက် အချိုးကျနေကြသည်။ ခံစရာရှိရင် ရှေ့တန်းမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးရဲဘော် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားလူငယ်များ ခံကြရပြီး ဘေးကနေ လက်ခုပ်လက်ဝါးတီးကာ ကြားနေအဖြစ် ထိုင်ကြည့်နေသည့် လူတန်းစားက များလာနေသည်။ ကိုယ်အနေအစား ချောင်ရေးအတွက်ပဲ ဦးစား ပေးနေကြသည်။ ဒါ့ကြောင့်လည်း လက်ရှိတော်လှန်ရေးသည် အခြေခံလူတန်းစားများ၏ တိုက်ပွဲလို့ ပြောဆိုရ ခြင်းဖြစ်သည်။ ဘေးထိုင်သူများလာရင် တော်လှန်ရေးခရီးက အချိန်ပိုကြာသွားမှာပင် ဖြစ်သည်။

လူတိုင်း သေမှာကြောက်ကြသည်။ သို့သော် ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရသည့် ခါးသီးလှသော စနစ်ဆိုး၊ အကျင့်ဆိုးများကို မိမိတို့၏ နောင်လာနောက်သားများ မကြုံတွေ့ မခံစားကြရလေအောင် ထမ်း ဆောင်ကြရမည့် တာဝန်မှာ လက်ရှိ အရွယ်ရောက်နေသော မျိုးဆက်များ၏ တာဝန်ပင်ဖြစ်သည်။ ထိုမျိုးဆက်များတွင် အခြေခံလူတန်းစားများတင်မဟုတ် လူကုံထံအသိုင်းအဝိုင်း၊ ကုန်သည်ပွဲစား အသိုင်းအဝိုင်း၊ လုပ်ငန်းရှင်အသိုင်းအဝိုင်းများလည်း ပါဝင်သည်။ ကောင်းစားရင်အများ ခံကြရတော့ အခြေခံ လူတန်းစားဆိုတာမျိုး မဖြစ်သင့်တော့ပေ။ အတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်နေပါသည်။ လူကုံထံ အသိုင်းအဝိုင်း၊ ကုန်သည်ပွဲစားအသိုင်းအဝိုင်း၊ လုပ်ငန်းရှင်အသိုင်းအဝိုင်းများအနေဖြင့် ဆက်လက်ပြီး တော်လှန်စစ်ပွဲက ကိုယ်နဲ့ မဆိုင်သလို နေသာသလို အသာနေဦးမည်ဆိုပါက အသေနာတတ်တာကို သဘော ပေါက်နားလည်သင့်ပါသည်။ တော်လှန်စစ်ပွဲ မြန်မြန်အောင်မြင်ပြီး အားလုံး လိုလားတောင့်တသည့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများကို လှုကြ တန်းကြ ကူညီကြ ထောက်ပံ့ကြဖို့ တင်ပြလိုက်ရပါသည်။

Related Articles

Back to top button