မေ ၈၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)
စစ်ကောင်စီ ဥက္ကဌ ဖိတ်ကြားထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထဲက ၅ ဖွဲ့ တက် ရောက်မှာ ဖြစ်ကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဖက်ဒရယ်ဂျာနယ်သို့ အတည်ပြု ပြောကြား ပါတယ်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ပြီးခဲ့တဲ့ ၆ ရက်နေ့က ကျနော်တို့ PPST အထူးအစည်းအဝေးခေါ်တယ်လေ၊ အထူးအစည်းအဝေးဆိုတာကလည်း စကစကဖိတ်ခေါ်တဲ့အပေါ်မှာ ဘယ်အဖွဲ့တွေကတော့ တက်မယ် စသဖြင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အမြင်သဘောထားတွေ ဖလှယ်ကြတယ်၊ညှိနှိုင်းဆွေးနွေးကြတယ်။ အထူးအစည်းအဝေး ကတော့ ကျနော်တို့ ပြီးခဲ့တဲ့ ၆ ရက်နေ့တစ်ရက်ထဲမှာ ပြီးသွားပါတယ်။ အဲဒီမှာကျတော့ PPST ထဲက ၅ဖွဲ့ကတော့ တက်ဖို့သဘောထားပေးပါတယ်၊ ကျန်တဲ့ ၂ဖွဲ့ကတော့ တစ်ဖွဲ့ကတော့ ဗဟိုကော်မတီအစည်းအဝေး မလုပ်နိုင်သေးလို့ သဘောထားမပေးနိုင်တာရယ်၊ ကျန်တဲ့တစ်ဖွဲ့ကလည်း မိမိအဖွဲ့ထဲ လုပ်ငန်းမအား လပ်သေးတဲ့အတွက် ဒီတစ်ကြိမ်ဖိတ်ခေါ်တာကိုတော့ အဆင်သင့်မဖြစ်သေးဘူးလို့ သဘောထားပေးကြပါတယ်” ဟုပြောပါတယ်။
တက်ရောက်မည့် ၅ ဖွဲ့ကတော့ ALP / DKBA / KNU/KNLA-PC / NMSP / PNLO တို့ဖြစ်ကြောင်းသိရပါတယ်။ တက်ရောက်ဆွေးနွေးမည့် ၅ ဖွဲ့ အနေနဲ့ PPST ရဲ့ မူဝါဒအတိုင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ PPST ရဲ့ မူဝါဒတွေကတော့ NCA ရဲ့ အနှစ်သာရ ၃ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရေး၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ State holder တွေ ပါဝင်လာမယ့် နိုင်ငံရေးအခြင်းအကျင်း ဖြစ်မြောက်ရေး၊ အရပ်သားကာကွယ်ရေး၊ PPST ရဲ့ နိုင်ငံရေးရည်မှန်းချက် ၇ချက်တို့ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်အကြမ်းဖြင်းပြောနိုင်တာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆွေးနွေးတာ အဲလောက်ပဲသိရတာရှိတယ်။ အာဂျန်တာလည်း အတိအကျမရှိသေးတော့လေ။ ဖိတ်တာကလည်း PPST တစ်ဖွဲ့လုံးကိုဖိတ်တာမျိူးမဟုတ်ဘဲ PPST ထဲက အဖွဲ့တွေကို တစ်ဖွဲ့စီတစ်ဖွဲ့စီသီးသန့် ဖိတ်ထားတဲ့အတွက်ကြောင့် မိမိတို့အဖွဲ့အစည်းက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီးတော့မှ တက်ရမယ့်ပွဲဖြစ်တော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ PPST ကနေတက်မယ့် ၅ဖွဲ့ကတော့ ဘယ်အကြောင်းအရာတွေ ဆွေးနွေးသွားမလဲဆိုတာကတော့ အဲဒီနေ့အရေးပေါ်အစည်းအဝေးမှာ တိတိကျကျဆွေးနွေးသွားကြတာတော့မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့ PPST ရဲ့ရပ်တည်လာတဲ့ NCA ရဲ့ အနှစ်သာရ ၃ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရေး၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ State holder တွေ ပါဝင်လာမယ့် နိုင်ငံရေးအခြင်းအကျင်း ဖြစ်မြောက်ရေး၊ အရပ်သားကာကွယ်ရေးစတဲ့ PPST ရဲ့နဂိုရပ်တည်ချက်က အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ဖို့ မရှိပါဘူး။ PPST ရဲ့ နိုင်ငံရေးရည်မှန်းချက် ၇ချက်အပေါ်မှာ အဲဒီလိုဆွေးနွေးဖို့ရည်ရွယ်ထားတယ်လို့ အဲဒီလိုအကြမ်းဖြင်း ပြောလို့ရပါတယ်” ဟုပြောပါတယ်။
ပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေလည်း မြင့်တက်နေတဲ့ စစ်ကောင်စီနဲ့တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း အပေါ် ဘယ်လိုတုံ့ပြန်ချင်လဲ မေးရာမှာတော့…………
ဗိုလ်မှူးကြီး စောကျော်ညွန့်က “အဲဒီအတွက် ကျနော်တို့ကြိုတင်တွက်ဆထားပြီး၊ စဉ်းစားထားပြီးသား ရင်ဆိုင်ကြုံတွေ့ ခဲ့ရတဲ့ အခင်းအကျင်း အတွေ့အကြုံလည်း အများကြီးရှိခဲ့ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်။ ဒါတွေကလည်း တကယ်အရှိတရားဆိုတော့ ကျနော်တို့ကတော့ ဒါအမှန်တကယ် ပကတိမြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့အခင်းအကျင်းဆိုတော့ ကျနော်တို့လွန်ဆန်လို့မရပါဘူး။ ကျနော်တို့လည်း အဲဒီပြောနေတဲ့ အခက်ခဲ၊ အကျပ်အတည်း၊ အနိဌာရုံတွေက အချိန်အားဖြင့် တစ်နှစ်ကျော်ကြာခဲ့ပြီး။ ပြန်ကြည့်လိုက်မယ်ဆိုရင် အရှိန်ကလည်း တဖြည်းဖြည်းလျော့ကျသွားမယ့်ဘက်ကို ဦးမတည်နေဘဲနဲ့ ဆက်လက်ရှင်သန်နေတာကို ကျနော်တို့ PPST က စိုးရိမ်ပူပန်နေတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မလို့ PPST အနေနဲ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းမရောက်ခင် စပ်ကြားမှာ PPST က လက်ရှိတနိုင်ငံလုံးရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း၊ ပြဿနာတွေ ကိုဆက်ပြီးမွေးသွားမယ်ဆိုရင် ဒီအတိုင်း ဆက်ရှိနေမယ်။ PPST ရဲ့မူအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဘယ်လိုလမ်းစရှာလို့ ရမလဲ၊ ဘယ်လိုအစပြုလို့ ရမလဲ၊ ထွက်ပေါက်ကျော်လွှားနိုင်တဲ့ နည်းလမ်း တွေရှာကြံလို့ရမလား၊ အဲဒီလိုလက်ရှိ ပကတိအခြေအနေကိုကျနော်တို့ ကျော်ဖြတ်နိုင်မလားဆိုတဲ့ စေတနာနဲ့ ကြိုးစားခြင်းဖြစ်ပါတယ်လို့ ကျနော်ပြောပါရစေ” ဟုပြောပါတယ်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကတော့ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဘူးဟု ယနေ့ထုတ်ပြန်ထားပါတယ်။
လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ကလည်း သူတို့အဖွဲ့ အနေနဲ့ ဆွေးနွေးပွဲ တက်ရောက်ဖို့ အဆင့်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ၊ KNPP ၊ CNF တို့က လည်း တက်ရောက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ယမန်နေ့က PPST အထူးအစည်းအဝေးကို RCSS KNU CNF တို့ မတက်ရောက်ဘဲ ကျန်တဲ့ ၇ ဖွဲ့သာ တက် ရောက်ခဲ့ကြတာ ဖြစ်ပြီး အဲဒီထဲကမှ ၅ ဖွဲ့သာ လောလောဆယ် စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါ တယ်။