စစ်ကောင်စီရဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးကြီးတွေထက် KNDF ရဲဘော်တို့နဲ့ ကရင်နီလူထုတွေရဲ့ စိတ်ဓါတ်က ပြင်းအားပိုကြီးတယ်လို့ပြော
ဖက်ဒရယ်ဂျာနယ်
မတ် ၁၆၊ ၂၀၂၂
ဒီမောဆို မြို့နယ် ဆောင်ဒူလာ ကျေးရွာ ဘုရားကျောင်းဝန်းထဲ မတ်လ ၇ ရက်နေ့ ည ၂ နာရီလောက်မှာ လေယဉ်ပေါ်က ကျဲချတဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးကြီး နှစ်လုံးထဲမှ မကွဲတဲ့ တလုံးကို KA ဦးဆောင်မှုနဲ့ KNDF ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မနေ့က တူးဖော်ခဲ့ ကြသာလို့ KNDF ဦးဆောင် ကော်မတီဝင် မာဝီက ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောသည်။
မာဝီက “ဗုံးအမျိုးအစားကတော့ သေချာမပြောတက်ဘူး အလေးချိန်ကို ကြည့်ပြီး ပေါင် ၅၀၀ ဗုံးဆိုပြီး အဲဒီလို သတ်မှတ် ပြောကြတယ်၊ ထိပ်ဖူးမှာ လျှပ်စစ်နဲ့ချိန်ကိုက်ပေါက်ကွဲအောင်တပ်ဆင်ထားတဲ့ဟာပါတယ်၊ အဲဒီဗုံးက ဒီးမော့ဆို မြို့နယ် ဆောင်ဒူလာ ကျေးရွာ ဘုရားကျောင်းဝန်းထဲ မတ်လ ၇ ရက်နေ့ ည ၂ နာရီလောက်မှာ လေယဉ်ပေါ်က ကျဲချတဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးကြီး နှစ်လုံးထဲမှ မကွဲတဲ့ တလုံးကို KA ဦးဆောင်မှုနဲ့ KNDF ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မနေ့က တူးဖော်ခဲ့ကြသာဖြစ်တယ်၊ တလုံးကတော့ အဲညမှာပဲ ကွဲသွားတယ်” ဟု ပြောသည်။
ဘာကြောင့် အခုလို ပေါက်ကွဲအားပြင်းတဲ့ ဗုံးကြီးတွေကိုပါ စစ်ကောင်စီတပ်က ကရင်နီဒေသမှာ အသုံးပြု လာရသလဲလို့ မေးရာမှာတော့….
မာဝီက “အဓိက စစ်ကောင်စီအနေနဲ့ မြေပြင်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ လက်ရုံးရည်၊ နှလုံးရည်ပိုင်း အစစအရာရာ KNDF ရဲဘော်တွေကို ဘယ်လိုမှ မတိုးနိုင်တော့ဘူး၊ မယှဉ်နိုင်တော့ဘူးပေါ့နော် အဲဒါကြောင့် လက်နက်ကြီး ပစ်ကူတွေ၊ ပေါက်ကွဲ အားပြင်းတဲ့ လေယဉ်ဗုံးတွေကို ကျဲချသာတွေ လုပ်လာတဲ့ အနေအထားပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခံယူချက်က တဦးချင်းဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ဖြစ်ဖြစ် နိုင်ငံရေးအရကော်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာအရကော် စစ်ကောင်စီတပ်သားတွေထက် သာနေတယ်လေ၊ သူတို့ကတော့ မင်းအောင်လှိုင် အတွက် တိုက်ပေး၊ အသက်သေပေးနေတဲ့ အခြေအနေတခုတည်းသာ ရှိတယ်လေနော် အဲတော့ ဘယ်လိုမှ မြေပြင်မှာ မတိုးနိုင်တော့တဲ့ အခြေအနေဖြစ်လာတော့ သူတို့လူတွေအထိနာလာတယ်ဆိုရင် လေယဉ်နဲ့ ဗုံးလာကျဲတယ်၊ တနေ့ကို သာဝေးပစ် လက်နက်ကြီးတွေကို အကြိမ် (၅၀)ထက် မနည်းပစ်တယ်၊ နောက်တခုက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တယ် ဆိုတဲ့နေရာတွေကို ကင်းထောက် လေယဉ်နဲ့ လာပြီးကင်းထောက်တယ် ပြီးနောက် လေယဉ်နဲ့ ရမ်းသမ်းပြီး ဗုံးတွေလာလာကျဲချတယ်” ဟု ပြောသည်။
ယခုဖြစ်ပွားနေသည့် ကရင်နီဒေသရှိ တိုက်ပွဲများတွင် တိုက်ရည်ခိုက်ရည်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အစစအရာရာ အများကြီး ကွားခြားပါတယ်လို့ KNDF ဦးဆောင် ကော်မတီဝင် မာဝီက ဆက်ပြောသည်။
မာဝီက “စိတ်ဓါတ်ပိုင်းဆိုင်ရာအရ သူတို့စစ်ကောင်စီတပ်က လာကျဲချတဲ့ ဗုံးသီးတွေ ဘယ်လောက်ပဲ ကြီးကြီး ပေါက်ကွဲ အားပြင်းပြင်းပေါ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စစ်ဓါတ်တွေ ခံယူချက်တွေကို ဖောက်ခွဲ ဖြိုခွင်းလို့ရမှာ မဟုတ်ဘူး ကျနော်တို့ရဲ့ စိတ်ဓါတ်၊ ခံယူချက်တွေကတော့ အဲဒီဗုံးသီးတွေထက် ပိုကြီးမားတယ်၊ ပိုမြင့်မြတ်ပြီးသားပေါ့နော်။ အဲဒါကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ဖြစ်၊ လူထုတွေကဖြစ်ဖြစ် ထိခိုက်မှုတွေ ရှိတော့ ရှိတယ် အရမ်းမများဘူးပေါ့” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်များသည် ရှမ်း- ကရင်နီ(ကယား) နယ်စပ်အနီးရှိ မိုးဗြဲမြို့ ဝန်းကျင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် မှ စတင်ကာ ခြေလျင် တပ်၊ သံချက်ကာကား၊ လေကြောင်းနှင့် ၁၂၀ မမ၊ ၈၀ မမ အမြောက်ပစ်ကူများ အပြည့်အဝသုံး၍ အင်အား ၂၀၀ စီပါသော စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ဖြစ်ပြီး ယခုအခါ ဒီးမော့ဆို မြို့နယ် အတွင်းသို့ ဆက်လက် ထိုးစစ်ဆင်လာနေသည်။