သတင်း

မြန်မာနိုင်ငံ ယုံကြည်မှုတည်ဆောက်ရေး လုပ်ဆောင်ဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၁၊ ၂၀၂၂

 

ပရမ်းပတာဖြစ်နေတဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာအောင် ဆွေးနွေးပွဲတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက သိသာတဲ့လုပ်ဆောင်မှုတွေနဲ့ အကူညီပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တောင်းဆိုလိုက်ပါတယ်။

 

“ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆွေးနွေးမှုတွေစတင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ချနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းပြီး သိသာတဲ့ လုပ်ဆောင်မှုတွေနဲ့ အကူညီပေးကြဖို့ ကျမတောင်းဆိုပါတယ်။ ဒီလို ဖြစ်လာဖို့ ဆိုရင် လေကြောင်းစစ်ဆင်ရေးတွေ ချက်ချင်းရပ်ပစ်ရမှာပါ။ ဒါဆိုရင် ယုံကြည်ရတဲ့တိုးတက်မှု ရှိလာပြီလို့ မြန်မာပြည်သူတွေက မြင်လာမှာပါ။ ”

 

စစ်တပ်က ဝေဟင်ကရော လက်နက်ကြီးတွေပါသုံးပြီး စစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင် နေတာကြောင့် အခုဆို အရပ်သား သေဆုံးမှု ၁,၅၀၀ လောက်ရှိလာပြီး လူပေါင်း ၄၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေရတယ်လို့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာလာချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြ ဆွေးနွေးခဲ့တဲ့ မစ္စ Heyzer က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေ ၂၅ သန်းလောက်ဟာ ဆင်းရဲမွဲတေနေပြီး လူသားစာနာမှုနဲ့ အကာကွယ်ပေးမှု လိုအပ်နေတဲ့ ပြည်သူပေါင်းက ၁၄ ဒသမ ၄ သန်းရှိနေ သလို မူးယစ်ဆေးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေ တိုးလာနေတယ် လို့လည်း ပြောပါတယ်။

 

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ခဲ့တဲ့ ပြည်သူတွေဘက်ကလည်း လက်နက်ဆွဲကိုင် လာတာကြောင့် နိုင်ငံတွင်း အခြေနေဟာ ပရမ်းပတာ ဖြစ်နေပြီး အခုဆို လူမှုစီးပွါးရေးနဲ့ လူသားစာနာမှု ဆိုင်ရာ ဆိုးဝါးတဲ့ အနေထား ရောက်နေပြီ ဖြစ်တဲ့အပြင် တိုင်းပြည်အနာဂတ် လူငယ်မျိုးဆက်တွေဟာလည်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အသက်တွေ စတေးနေကြရပြီဖြစ်တာကြောင့် မြန်မာ့ အနာဂတ်အတွက် နိုင်ငံတကာက ဝိုင်ဝန်းဆောင်ရွက်ကြဖို့ မစ္စ Heyzer က တိုက်တွန်းလိုက်တာပါ။

Related Articles

Back to top button