တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းအားလုံးနှင့်အတူ လက်တွဲမည်ဟု KIO ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၆၊ ၂၀၂၂

မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံက နယ်စပ်ဒေသများတွင် တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးနေပြီး KIO အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းများအားလုံးနှင့်အတူ လက်တွဲ သွားမည်ဖြစ်ကြောင်း KIO က ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KIO ၏ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး အဓိက အချက်များအနေဖြင့် ၃ ချက်ပါဝင်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက နယ်စပ်ဒေသမှ တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးနေကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ အခြေအနေသည် အလုံးစုံ ပျက်သုန်းရေး ဦးတည်နေကြောင်း၊ KIO အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းအားလုံးနှင့်အတူ ချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူလူထုတို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန် မြှင့်တင်လာသည်မှာ ၁ နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် အရပ်ဖက်လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ်ခံစားနေရသော လူထုကို အကာကွယ်ပေးရေး၊ အစားအစာလုံခြုံမှု၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး ကိစ္စရပ်များကို နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန်လည်း KIO က တိုက်တွန်းထားသည်။

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်နှင့် ၁၃ ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလတွင် ကျင်းပမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံက နယ်စပ်ဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းချက်များ ရှိသောကြောင့် ဒေသတည်ငြိမ်ရေး အလေးထားစဉ်းစားရမည်ဟု KIO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related Articles

Back to top button