တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း၊  ရှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့် RCSS (ရှမ်းမှတ်စု – ၂)

မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း၊  ရှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့် RCSS

     ရှမ်းလက်နက်ကိုင်သမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်တဦးအား ဖေါ်ညွှန်းရလျင် စဝ်ကွဏ်းဇိဏ်း ခေါ်  ဗိုလ်မိုးဟိန်းဟုဆိုရမည်။ ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းသည် ၁၉၂၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် လက်သက်ကျေးရွာအုပ်စု ထနော့ကျေးရွာ၌ ဖွားမြင်သည်။ ဖခင်မှာ လုံးစာကထို့  မိခင်မှာ ပါချုံတို့ဖြစ်ကြပြီး မွေးချင်း ၁၂ ယောက်ရှိသည့်အနက် စဝ်ကွဏ်းဇိဏ်းမှာ သုံးယောက်မြောက်ဖြစ်သည်။ ငယ်နာမည်ကို စိုင်းခိန် လို့ခေါ်ပြီး ဆယ်ကျော်သက်အရွယ်မှာ လက်တက်ကျေးရွာအုပ်စု မတ်လန်းဘုန်းတော်ကြီးကျောင်းမှာ တက်ရောက်ပညာသင်ကြားရာ သျှမ်းစာပေ၊ ပအိုဝ်းစာပေ နှင့် ဗမာစာပေတို့၌ ထူးချွန်သည်ဟု Tai Freedom တွင်ဖေါ်ပြသည်ကို တွေ့ရသည်။

       မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း၏ လက်နက်ကိုင်တော်လှန်ရေးဘဝအား ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့ဝင်အဖြစ်အစပြုခဲ့သည်။ ရှမ်းပြည်နယ်သို့ ထိုးဖေါက်ဝင်ရောက်ဝင်ရောက်လာသော ဗမာပြည်ကွန်မြူနစ်ပါတီ Communist Party of Burma (CPB)သည် ရှမ်းပြည်နယ်အတွင်း နောင်ချို ၊ ကျောက်ဂူ၊ အင်းလေးဒေသတို့တွင် လှုပ်ရှားခဲ့သည်။ ထို ဗမာပြည်ကွန်မြူနစ်ပါတီသို့  ၁၉၅၂ ခုနှစ်ခန့်တွင် မိုးဟိန်းပါဝင်ခဲ့ပြီး ရှမ်းပြည်အလယ်ပိုင်း၌ တိုက်ခိုက်ရေးထူးချွန်သူအဖြစ် ၁၉၅၄ ခန့်တွင် ထင်ပေါ်လာခဲ့သူဖြစ်သည်။။ ထိုကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေယာတော်လှန်ရေးနှင့်ပတ်ပြီး မိုးဟိန်းနှင့် CPB ကြား သဘောထားကွဲလွဲ သည်။ CPB ၏ မြေရှင်စနစ်ဆန့်ကျင်ရေးအား ရှမ်းအမျိုးသားညီညွတ်ရေးအမြင် ဆုပ်ကိုင်ထားသည့် မိုးဟိန်းမှ ဆန့်ကျင်ခဲ့ပြိး CPB နှင့် သဘောထားကွဲလွဲခဲ့သည်။ သို့နှင့် မိုးဟိန်းသည် ပါတီတွင်းမှ ဒေသခံရှမ်းရဲဘော်များအား စည်းရုံး၍ ၁၉၅၆ ခုနှစ်တွင် ရှမ်းပြည်ကွန်မြူနစ်ပါတီဟု ခွဲထွက်ခဲ့သည်။

ဤသို့ခွဲထွက်ပြီးနောက် ၎င်း၏တပ်ဖွဲ့မှ ဗိုလ်မင်းသောင်အား တရုတ်ပြည်သို့ စေလွှတ်၍ အဆက်အသွယ်ပြုခဲ့သည်။ သို့သော် တိုင်းပြည်တခုတွင် ပစ္စည်းမဲ့တပ်ဦးပါတီ (ကွန်မြူနစ်ပါတီ) တခုသာရှိရမည်ဆိုသည့် မူဝါဒကို ဆုပ်ကိုင်ထားသည့် တရုတ်ပြည် ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ် ပါတီအား အသိမှတ်ပြုထားပြီး ဖြစ်၍ မိုးဟိန်းရှမ်းပြည်ကွန်မြူနစ်ပါတီအား အသိအမှတ်မပြုပေ။ ထိုပြင်နောက်ပိုင်း၌ မိုးဟိန်းနှင့်ပါလာသော ရှမ်းရဲဘော်များလည်း ရှမ်းပြည် CPB နှင့် ပြန်လည်ပူးပေါင်းသွားကြသည်။ ဤသို့သော အခြေအနေအောက်တွင် အစိုးရ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေး လှုံ့ဆော်မှုများအောက်တွင် ၁၉၅၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မိုးဟိန်းသည် သီပေါ၌ လက်နက်အပ်ခဲ့သည်။

     မိုးဟိန်းလက်နက်ချခဲ့ပြီးနောက် ရှမ်းအရှေ့ မိုင်းတုံ ဒေသ၌ ၁၉၅၈ မေလ ၂၁ တွင် စဝ်နွဲ့တို့ နွမ်စစ်ဟန် ထူထောင်သည်။ ထိုသတင်းကြားရပြီးနောက် လက်နက်ချပြီး သီပေါနားရှိ ရွာတရွာတွင်နေထိုင်နေသော မိုးဟိန်းသည်  ၁၉၅၉ ခုနှစ်တွင် စဝ်နွဲ့ထံသို့ သွားရောက်ပူး ပေါင်းခဲ့သည်။ ဗိုလ်မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်း နွံစစ်ဟန်တပ်ဖွဲ့ထဲ တာဝန်ယူနေချိန် ၁၉၅၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာစစ်တပ်နှင့် ဟွေအော့တွင် တိုက်ပွဲဖြစ်ပွားပြီး ဘယ်ဘက်လက်ကိုကျည်ထိမှန်သောကြောင့် ထိုတိုက်ပွဲတွင် စဝ်ကွဏ်းဇိဏ်းလက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်။

၁၉၆၀ ခုနှစ်တွင် နွံစစ်ဟန်တပ်ဖွဲ့တွင်း အမြင်ချင်းမတူသောကြောင့် တပ်ဖွဲ့ငယ်များအဖြစ် အကွဲကွဲအပြားပြား ဖြစ်ခဲ့ရသည်။ ယင်းအခြေအနေမှ မူလ နွမ်စစ်ဟန်အပြင် တပ်ဖွဲ့ ၃ ခု ၁၉၆၀/၆၁ ခုနှစ်များတွင်ပေါ်ပေါက်လာသည်။ တခုမှ မြို့ပေါ်မှတောခိုလာသော ရှမ်းကျောင်းသားအများစုပါဝင်သည့် SSIA ( Shan State Independence Army ) ဖြစ်သည်။ ဒုတိယတခုမှာ ရှမ်းအရှေ့မှ စဝ်ငါးခမ်းဦးစီး SNA ( Shan National Army ) ဖြစ်သည်။ တတိယတခုမှာ ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း ဦးဆောင်၍ SNUF- Shan National United Front ဖြစ်သည်။ စဝ်ကွဏ်းဇိဏ်း၏

SNUF သည် ဌာနချုပ်အား ထိုင်းနယ်စပ်တွင်အခြေပြုပြီး ၎င်း၏တပ်ဖွဲ့များသည် သံလွင်မြစ်အနောက်ခြမ်းသို့ကူး၍ ရှမ်းပြည်တောင်ပိုင်းသို့ ထိုးဖေါက်လှုပ်ရှားခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်ညီညွတ်ရေးအားရှေ့ရှုပြီး မဟာဒေဝီ စဝ်နန်းဟိန်းခမ်း အား နာယကထားသည့်  Shan State Army (SSA) တွင် SSIA နှင့် SNUF တို့ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် Shan State Army (SSA)  မဏ္ဍိုင်ဖြစ်သည့် (၁) လွတ်လပ်ရေး (၂) စည်းလုံးညီညွတ် ရေး (၃) ဒီမိုကရေစီ ဟူသည့် မဏ္ဍိုင်အတိုင်း အခြားသော တော်လှန်ရေးအဖွဲ့များကို ကမ်းလှမ်းကာ သျှမ်းပြည်နယ်လုံးဆိုင်ရာ တော်လှန်ရေးအဖွဲ့ ဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။

၁၉၆၉ ခုနှစ် ဇန်နဝါရီလတွင် မိုးဟိန်းသည် သျှမ်း-ထိုင်းနယ်စပ်ဒေသ ပိန်းလုံကျေးရွာတွင် အခြေစိုက်၍ SURA ( Shan United Revolutionary Army) အဖြစ် ဖွဲ့စည်းပြီး SSA မှ ပြန်လည်ခွဲထွက်ခဲ့သည်။ မိုးဟိန်းသည်ရှမ်းပြည်နယ်တပ်ပေါင်းစု တော်လှန်ရေးတပ်မတော် SURA တပ်ဖွဲ့ကို (၁) ကွန်မြူနစ်စနစ်ဆန့်ကျင်ရေး (၂) လွတ်လပ်ရေး (၃) ဒီမိုကရေစီ (၄) စည်းလုံးညီညွတ်‌ရေး (၅) ငြိမ်းချမ်းရေး စသည့်မဏ္ဍိုင် (၅) ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။

    ထိုင်းနယ်စပ် ရှမ်းအရှေ့နှင့် ရှမ်းပြည်တောင်ပိုင်းတွင်လှုပ်ရှားပြီး အင်အားကြီးထွားလာသည့် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း၏ SURA  အဖွဲ့နှင့် Shan State Army (SSA)   တောင်ပိုင်းမှ ဗိုလ်မှူးကြီးစမ်မိုင် ဦးစီးအင်အား ၅၀၀ ခန့်သည် ၁၉၈၄ ခုနှစ်တွင် ပူးပေါင်း၍ TRC/TRA- Tai Revolutionary Council/ Tai Revolutionary Army ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ပူးပေါင်းစဉ် SURA က အင်အား ၃၀၀၀ ခန့်ရှိပြိး SSA တောင်ပိုင်းမှာ အင်အား ၅၀၀ ခန့်ရှိသည်။

၄င်းနောက် ၁၉၈၅ ခုနှစ် မတ်လ ၃ ရက်နေ့၌ TRC/TRA နှင့် ခွန်ဆာဦးဆောင်သည့် Shan United Army (SUA) အဖွဲ့တို့ ပူးပေါင်းပြီး Tai Revolutionary Council (TRC) မှ Shan State Restoration Council (SSRC) အဖြစ်သို့လည်းကောင်း Tai Revolutionary Army (TRA) ကို Mong Tai Army (MTA) အဖြစ်သို့လည်းကောင်း ပြောင်းလဲခေါ်ဝေါ်ပြီး ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းက ဥက္ကဋ္ဌ ၊ ခွန်ဆာက စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ပူးပေါင်းစဉ် မိုးဟိန်း၏ TRC/TRA မှာ အင်အား ၃၅၀၀ ခန့်ရှိပြိး ခွန်ဆာ၏ SUA မှ အင်အား ၅၀၀၀ ခန့်ရှိသည်။

      မိုးဟိန်းခေါ်  စဝ်ကွဏ်းဇိဏ်းသည် Shan State Restoration Council/Mong Tai Army (SSRC/MTA) တွင် ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သျှမ်း-ထိုင်းနယ်စပ် လတ်တိုင်ကျေးရွာနေအိမ်တွင် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းသည် လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပါသည်ဟု Tai Freedom တွင်ဖေါ်ပြသည်ကို တွေ့ရသည်။

    ၁၉၉၁ မိုးဟိန်းကွယ်လွန်ပြီးနောက် ခွန်ဆာက ဥက္ကဌတာဝန်ယူပြီး မိုးဟိန်းတပ်မှ စဝ်ကန်းကျစ်က ဒုဥက္ကဌ အဖြစ်တာဝန်ယူသည်။ သို့နှင့် MTA သည် ၁၉၉၅ ခန့်တွင် တပ်မဟာ ၁၆ ခု အင်အား ၂၀၀၀၀ ခန့်ထိ ရှိလာခဲ့သည်။ ထိုအချိန်တွင် MTA အတွင်းသဘောထားများ ကွဲလွဲပြိး ၁၉၉၅ ခုနှစ် ဇွန်လ ၆ ရက်တွင် မြောက်ပိုင်းဗျူဟာမှူးအဖြစ်တာဝန်ယူသည့် စဝ်ကမ်းရွဲ (စဝ်ကမ်းရွက်) သည် အင်အား ၃၀၀၀ ခန့်ရှိ တပ်မဟာ ၄ ခုအား SSNA ( Shan State National Army ) ဟုဖွဲ့စည်းပြီး MTA မှ ခွဲထွက်ခဲ့သည်။ MTA မှနောက်ထပ်အင်အားအချို့ ထပ်မံပူးပေါင်းသဖြင့် SSNA သည် အင်အား ၄၅၀၀ ထိရှိလာခဲ့သည်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာတွင် SSNA သည် နအဖ အစိုးရနှင့်အပစ်ရပ်ခဲ့သည်။

     ၁၉၉၆ ခုနှစ် ဇန္နဝါရီ ၇ ရက်တွင် ခွန်ဆာ ဦးစီး MTA အင်အား တသောင်းကျော် လက်နက်ချသည်။ သို့သော် ခွန်ဆာလက်နက်ချသည်ကို လက်မခံသော စဝ်ရွက်စစ်ဦးစီးအင်အား ၃၀၀ ခန့်သည် ထိုညတွင် သံလွင်အနောက်ဖက်သို့ကူး၍ မူလ SURA အမည်ကိုခံယူပြီး (SSA-S) SSA တောင်ပိုင်း ကိုပြန်လည်ဖွဲ့စည်းခဲ့သည်။ ခွန်ဆာ၏လက်နက်ချပွဲတွင် အကျိုးအကြောင်းမသိရဘဲ ပါဝင်ခဲ့ရသောသူများသည်လည်း စဝ်ရွက်ဆစ်အဖွဲ့ထံသို့ ပြန်လည်ပူးပေါင်းကြရာ အချိန်တိုအတွင်း အင်အားပြန်လည်တောင့်တင်းခဲ့သည်။ စဝ်ရွက်ဆစ်သည် ၁၉၉၄ ခုနှစ်အတွင် ခလရ ၂၂၇ နှင့် ဖြစ်ပွါးသော လွယ်ဟင်တောင်တိုက်ပွဲတွင် MTA စစ်မြေပြင်တပ်ရင်းအား ဦးစီးပြီး နံမည်ရခဲ့သူဖြစ်သည်။ စစ်ရွက်ဆစ်တို့တပ်အား နအဖ က ၁၉၉၆ မှ ၁၉၉၈ ထိ ၃ နှစ်တာကာလအတွင်း ရှမ်းပြည်တောင်ပိုင်းတွင်ဖြတ်လေးဖြတ်ပြုလုပ်၍ ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သည်။ ၁၉၉၈ နှစ်ကုန်တွင် စဝ်ရွက်ဆစ်၏ တပ်များ ရှမ်းအရှေ့ထိုင်းနယ်စပ်သို့ ပြန်လည်ဝင်ရောက်ပြီး လွယ်လန်တွင် ဦးစွာအခြေပြုသည်။ ထို့နောက် ၁၉၉၉ မကုန်မှီ လွယ်တိုင်းလျံတွင် ပြောင်းရွှေ့အခြေပြုခဲ့သည်။

      စဝ်ကမ်းရွဲခေါင်းဆောင်သည့် SSNA သည် အစိုးရနှင့်အပစ်ရပ်ပြီး သီပေါနားတွင် ဌာနချုပ်ထား၍အခြေပြုသည်။ ၂၀၀၄ ခုနှစ်တွင် စဝ်ကမ်းရွဲ ကွယ်လွန်ပြီး သူ၏လက်ထောက်ဖြစ်သူ စိုင်းယီခေါင်းဆောင်သည်။၂၀၀၅ တွင် စိုင်းယီခေါင်းဆောင်သော SSNA အား နအဖ က လက်နက်အပ်ခိုင်းရာ စိုင်းယီတို့မှလက်မခံဘဲ ရှမ်းအရှေ့ရှိ စဝ်ရွက်ဆစ်ထံ သွား ရောက်ပူးပေါင်းခဲ့သည်။ ထိုသို့ပူးပေါင်းပြီး RCSS/SSA ( Restoration Council of Shan State/Shan State Army) ဟူ၍၂၀၀၅ တွင် ဖွဲ့စည်းခဲ့ကြပြီး စဝ်ရွက်စစ်က ဥက္ကဌ၊ စိုင်းယီက ဒုဥက္ကဌအဖြစ်တာဝန်ယူခဲ့ကြသည်။ မူလ မိုးဟိန်း ခေါ်  စဝ်ကွဏ်းဇိဏ်း၏ SNUF/SURA/TRC/TRA/SSRC/MTA မှ တပ်ဖွဲ့ဝင်ဟောင်းများ ပြန်လည်ပေါင်းစုပြီး RCSS ဖြစ်ပေါ်လာခဲ့သည်ဟုဆိုရပါမည်။ ၁၉၅၂ မှ ကွယ်လွန်သည့် ၁၉၉၁ ခုနှစ်ထိ နှစ် ၄၀ နီးပါး ရှမ်းလက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သူ  စဝ်ကွဏ်းဇိဏ်းသည် ရှမ်းလက်နက်ကိုင်အင်အားစုတခုကို ထူထောင်နိုင်ခဲ့သူဟု ဆိုရပေမည်။ ရှမ်းလက်နက် ကိုင်ပုန်ကန်မှုတွင် ချန်ထား၍မရသည့် သမိုင်းရှိသူဟုဆိုရပါမည်။

မောင်မောင်စိုး 

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၅၊ ၂၀၂၁ 

Related Articles

Back to top button