
PDF တပ်များအတွက် ဒေါ်လာ၂၄ သန်းကျော် သုံးစွဲထားကြောင်း NUG ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၈ ၊ ၂၀၂၅
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း/တပ်ဖွဲ့များ စတင်တည်ထောင်ချိန်မှစ၍ ဒီကနေ့ထိ ထောက်ပံ့မှု စရိတ်အဖြစ် အမေရိကန်ဒေါ်လာ၂၄ ဒသမ ၉ သန်းခန့် သုံးစွဲထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ မေ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာ ဖွဲ့စည်းထားတဲ့ PDF တပ်ရင်း/တပ်ဖွဲ့ ၃၀၀ ကျော်တို့ကို ၂၇ ကြိမ်တိတိ ထောက်ပံ့စရိတ် ပေးအပ်ထားပြီး နောက်ဆုံး၂၇ ကြိမ်မြောက် ထောက်ပံ့မှုတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉ သန်းခန့် သုံးစွဲခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဆိုပါတယ်။
PDF တပ်ရင်း၊ တပ်ဖွဲ့များ ထောက်ပံ့မှုစရိတ် ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၂ ဒသမ ၅ သန်းကို တော့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ၏ ၃၄ လတာကာလအတွင်း ကောက်ခံရရှိသော ဘဏ္ဍာငွေများမှ ထုတ်နုတ်သုံးစွဲခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီပမာဏဟာ လက်ရှိ အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေး ၄၄၀၀ ကျပ်နှုန်းဖြင့် တွက်ပါက ကျပ် ဘီလီယံ ၁၁၀ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။
ဒါပေမယ့် ယခုနှစ် မေလ ၅ ရက်နေ့ PDF တပ်များကို စတင် ဖွဲ့စည်းထူထောင်တာ ၄ နှစ် ပြည့်မြောက်လာခဲ့ချိန်မှာ အဲဒီကာလတွေအတွင်း ထောက်ပံ့မှုများမရရှိခဲ့လို့ NUG လက်အောက်ကနေ PDF တပ်တချို့နုတ်ထွက်ခဲ့တာ မျိုးလည်း ရှိနေပါတယ်။
ဓာတ်ပုံ- NUG – တောင်ပိုင်းစစ်ဒေသ