တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 31, April 25, 2025)

၁။  ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းကြီးနှစ်ခု တက်လာကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော
 April 24, 2025
ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက် အင်အားအများအပြားပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကြီးနှစ်ခု တက် လာတယ်လို့ သတင်းကြားသိနေရတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အထက်ပါ စစ်ကြောင်းမှာ စစ်ကောင်စီတပ်သားတွေသာမက ကချင် ပြည်နယ်အတွင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီးအင်အား တစ်ထောင်လောက်နဲ့ တက်လာတယ်လို့ ကြားသိရပေမဲ့ လက်တွေ့ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ကာမိုင်းဘက်နဲ့ အင်းတော်ကြီးဘက်ကနေ တက်လာကြတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ဖားကန့်ဘက် သူတို့တပ်မမှူးတွေ လဲမယ်ဆိုတဲ့‌ခေါင်းစဉ်တွေ၊ စားနပ် ရိက္ခာနဲ့ ပစ္စည်းတွေ ပို့ဆောင်မယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကားမိုင်းလမ်းဘက်ကနေလည်း စစ်ကြောင်းတစ်ခု။ အင်းတော်ကြီးဘက် ကနေလည်း စစ်ကြောင်းတစ်ခု။ စစ်ကြောင်းအကြီးနှစ်ခုနဲ့ ကားမိုင်းလမ်းနဲ့ မိုးညှင်းလမ်းကနေ တက်လာတယ်လို့ သတင်းကြား သိနေရတယ်။ အင်းတော်ကြီးဘက်က ဟာတွေနဲ့တော့ မနေ့ကနေ တိုက်ပွဲဖြစ်တယ်လို့ ကြားသိရတယ်။ ဒါပေမဲ့ အတိအကျ တော့ မသိရသေးဘူး”လို့ ပြောပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာတော့ အင်းတော်ကြီးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီကနေ့မှာလည်း ကာမိုင်းဘက်ကနေ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နဲ့  KIA တို့ ကာမိုင်းနဲ့ မအူပင်ကြား ရေကာတာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့တယ်လို့ ကြားသိရတဲ့အကြောင်း လီဒိုလမ်းနေ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းဘက် စစ်ကောင်စီကနေ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တပ်ကနေ မြစ်ကြီးနား-ဖားကန့်လမ်းပိတ်ထား ပိတ်ထားတယ်လို့ သိရပါတယ်။ မတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ လဝါး ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီးနောက်ပိုင်း ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ဆိုပြီးတော့ ဧပြီ ၂ ရက်ကနေ့ ဧပြီလ ၂၂ ရက်နေ့ထိ ယာယီအပစ်ရပ်တယ်လို့ ကြေညာခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာတော့ ဧပြီလ ၃၀ ရက်နေ့ထိ ထပ်မံတိုးမြှင့်သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အပစ်ရပ်ကြေညာထားတဲ့ ကာလထဲမှာ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် နေရာတော်တော်များများကို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေ သာ မကဘဲ KIO နယ်မြေတွေမှာလည်း တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ရဲ့ ပြန်ကြားရေးဌာနကနေ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

၂။ ချင်းပြည်လွတ်မြောက်ရေး၊ ကိုယ့်ကြမ္မာဖန်တီးခွင့်အပြည့်အဝရရှိရေးပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ဆို April 25, 2025
ယခုနှစ်အတွင်း ချင်းပြည်နယ် တပြည်နယ်လုံးကို စစ်ကောင်စီ လက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကို ဖန်တီး ခွင့် အပြည့်အဝ ရရှိရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ တာဝန်ခံ က ပြောသည်။ ဧပြီလ ၂၄ ရက် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ တော် လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ဖြစ် ပြောကြားသော မိန့်ခွန်းတွင် ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီဥက္ကဌလည်းဖြစ်၊ CDF – မင်းတပ်၏ စစ်ဦးစီးချုပ်လည်း ဖြစ်သူ ထန်းချွမ်ဖေက ပြောသည်။“ကျနော်တို့ ဒေသတွင်းမှာ ရှိနေကြတဲ့ ကျနော်တို့နဲ့ ချိတ်ဆက်နေကြတဲ့ ဒေသအသီးသီးမှာ လည်း စစ်အာဏာရှင်စနစ်နေ လွတ်မြောက်ပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ပန်းတိုင် ကိုယ့်ကြမ္မာကို ဖန်တီးခွင့်အပြည့် အဝ ရှိတဲ့ ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ၅ နှစ်ပြည့်မှာတော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့အတွက် လာမယ့် ၁ နှစ်အတွင်းမှာလည်း ကြိုးစားပြီး တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြော သည်။  ချင်းပြည်နယ် တခုလုံးသည် အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကိုယ့်ကံကြမ္မာကို အပြည့်အဝ ဖန်တီးခွင့်ရှိသော စနစ်တခုဆီကို သွားမည်ဟု ဆိုသည်။ ဒေသတွင်း ချိတ်ဆက်နေသော နယ်မြေဒေသအသီးသီးတွင် ရှေ့ဆက်ရ မည့် စစ်ဆင်ရေးများမှာ ပူးပေါင်းရဖို့ ရှိနေပြီး ယင်း ကြောင့် လိုအပ်နေသော လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများ ပံ့ပိုးပေးကြရန် ပြည်သူလူထုကို CDF – မင်းတပ်က မေတ္တာရပ်ခံ ထားသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်မည့် တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပြင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ နှင့် ထန်တလန်မြို့ စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံက ပြောသည်။“အခု အောင်မြင်နေတဲ့ ချင်းညီနောင် စစ်ဆင်ရေးကိုလည်း ဆက်ပြီးတော့ ဝိုင်းရံ ပံ့ပိုးပေးကြပါ။ ကျနော်တို့ ချင်းညီနောင်ဟာ ဆက်ပြီး တော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး၊ ထိုနည်းအတူပဲ ဟားခါး၊ ထန်တလန်မြို့တွေ လွတ်မြောက်ရေး အတွက် လည်း ကျနော်တို့ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြောသည်။ CDF မင်းတပ်နှင့် ချင်းညီ နောင်၊ မဟာမိတ်တပ်ဖွဲ့များသည် မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အပြီးသတ် သိမ်းပိုက်ထား ပြီး လက်ရှိတွင် အုပ်ချုပ် ရေး ယန္တရားများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်နေသည်။  ချင်းလန်းကောင်စီပူးပေါင်းတပ်ဖွဲ့များသည်လည်း ယခုနှစ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်မည်ဟု ကြေညာထားသည်။ Read in Full

၃။ AA ထိုးစစ်ရပ်ထားချိန် နတ်ရေကန်စခန်းကို စစ်‌ကောင်စီ အင်အားဖြည့်တင်း
 April 24, 2025
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများဆက်တိုက်လုပ်ဆောင်နေကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။ ရခိုင်ရိုးမနှင့်ထိစပ် နေသည့် စစ်‌ကောင်စီတပ်စခန်းများကိုလည်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျှက်ရှိပြီး အထူး သဖြင့် နတ်ရေကန်စခန်းကို လက်နက်ခဲယမ်းအများအပြား ဖြည့်တင်းနေခြင်း ဖြစ်သည်။“ဒီရက်ပိုင်းတွေမှာတော့ စစ်ကောင်စီဘက်က လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေ လုပ်နေတာရှိတယ်။ အဓိကတော့နတ်ရေကန်စခန်းကိုဖြည့်တင်းတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦး က ပြောသည်။ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ထိုးစစ်ဆင် တိုက် ခိုက် ခဲ့သော်လည်း ငလျင်ကြောင့် ထိုးစစ်များ ရပ်နားထား သည်မှာ လက်ရှိတွင် တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။ သို့သော် စစ်ကောင်စီက အင်အားဖြည့်တင်းမှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် မြေပြင်တွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုများ ရှိလာနေသည်ဟု နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 “  နတ်ရေကန်စခန်းက တိုက်ပွဲတွေငြိမ်နေတာကြာပြီ။ ဒီတစ်ပတ်တွင်းတော့ မြေပြင်မှာ နှစ်ဘက် ပစ်ခတ်တာရှိတယ်။ အကြီးအကျယ်ဖြစ်တာမျိုး မဟုတ်ဘူး”ဟု ၎င်းကပြောသည်။ (ဧပြီ ၂၃ ရက်) ကလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာမှုကြောင့် နတ်ရေကန်စခန်းနှင့် ဂုတ်ကြီးကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။  စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်နေ့ က  ၃၀ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း မြေပြင်တွင် လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ရေး လှုပ်ရှားမှုများကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှု ရှိနေခြင်း ဖြစ်သည်။ လက်ရှိတွင် နတ်ရေကန် စခန်းအနီးကို စစ်‌ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုနှင့် ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်ခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ Read in Full

၄။ မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
 April 25, 2025
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက် မနည်းရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး၂ ဦး၊ လသားကလေး ၁ ဦး၊ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်ဒဏ်ရာရရှိသူ ၁၀ ဦးထဲမှာ အသက် ၁၅ နှစ်အောက်ကလေးငယ် ၇ ဦးလည်း ပါဝင်ပါတယ်။ လတ်တလောမှာ ထိခိုက် ဒဏ်ရာရသူတွေကို ဆေးကုသဖို့ နေရာပြောင်းရွေ့ထားတာကြောင့် စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူတွေ စာရင်း ကို အကုန်လုံးမသိနိုင်သေးပါဘူး။ ဒေသခံတွေရဲ့အဆိုအရတော့ သေဆုံးသူထဲမှာ တရုတ်နိုင်ငံသားလို့ယူဆရတဲ့ တရုတ်အမျိုး သားတစ်ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပေမယ့် မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။ လက်ရှိဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရ ရှိ သူတွေကို ကုသမှုပေးနိုင်တဲ့ ဆရာဝန်မရှိတာကြောင့် တခြားဒေသကို ပို့ဆောင် ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

“သူနာပြုဆင်းက ၁ ယောက် ၂ ယောက်ရှိတယ်။ ကျန်တာ သင်တန်းဆင်းပဲ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ မော်ချီးဒေသမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ ခဲလုပ်သား လူမျိုး‌ပေါင်းစုံရှိနေတာဖြစ်ပါတယ်။ အခုလို အရေးပေါ်အခြေနေတွေ ကြုံလာရတဲ့ခါလည်း မော်ချီးဒေသမှာ ဆေးကုသဖို့ ဆရာဝန်မရှိသလို၊ လိုအပ်တဲ့ ဆေး ပစ္စည်းတွေလည်း မရနိုင်ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။ ယမန်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မော်ချီးဒေသက ခဲခါ စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံအနီးနားက ချောင်းခဲဆွဲတဲ့ လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု ဝင်တွေ ထိခိုက်မှုများခဲ့တယ်လို့ သိရပါတယ်။ မော်ချီးဒေသကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိပါတယ်။ Read in Full

၅။ ကိုးကန့်ဒေသမှာ နေထိုင်ပေမဲ့ ဒေသခံမဟုတ်သူတွေ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA ပြော
 April 24, 2025
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့နယ်မှာ နေထိုင်ကြသူတွေထဲ က ဒေသခံမဟုတ်သူတွေ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။ တခြား ဒေသက နေ ကိုးကန့်ဒေသထဲ ရွှေ့ပြောင်းနေထိုင်လိုသူ၊ စီးပွားရေးသမားနဲ့ အခြေခံ အလုပ် လုပ်ကိုင်လိုသူအနေနဲ့ နေထိုင်ခွင့်ကဒ် ပြုလုပ် ရမယ်လို့ MNDAA က ဆိုပါတယ်။ “ဗမာလူမျိုးတွေကိုပဲ တင်းကြပ်တာ မဟုတ်ဘူးဗျ။ နေထိုင်ခွင့်ကဒ် မရှိရင် သက်ဆိုင်ရာဒေသ ကို ပြန်ပို့တာ။ ကဒ်လုပ်ခိုင်းတယ်။ ကဒ်မလုပ်ရင် ပြန်ပို့တာမျိုးရှိတယ်” လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒေသခံ တွေကတော့ ကိုးကန့်ဒေထဲ ဝင်ရောက်လာသူတွေထဲမှာမှ ဗမာလူမျိုးကို ပိုတင်းကြပ်ပြီး ကိုးကန့်ဒေသအတွင်း ဝင်လာသူကို ကွမ်းလုံကြိုးတံတား၊ ဝဒေသနဲ့ ကိုးကန့်ဒေသနယ်စပ်ရှိ ဖောင်ဆိပ်တံတားမှာ ကိုးကန့်တပ်က စစ်ဆေးပြီး ဖမ်းဆီးတာ ရှိနေတယ်လို့ ပြောပါတယ်။

“လားရိူးကနေလာရင် ကွမ်းလုံကြိုးတံတားမှာ စစ်တာ။ ဝဘက်ကနေလာရင် ဖောင်ဆိပ်တံတားမှာ စစ်တာ။ အလုပ်ရုံ တွေမှာလည်း ဝင်စစ်ပါတယ်။ တခြားတိုင်းရင်းသားဖြစ်နေလဲ (ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်)မှတ်ပုံတင် ဖြစ်နေမှ ဝင်လို့ ရတာ” ဆိုပြီး လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ နေထိုင်ခွင့်ကဒ် ပြုလုပ်လိုသူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုနဲ့ ထောက်ခံပေးမယ့်သူ လိုအပ်ပြီး လောက်ကိုင်မြို့ တုန်ချိန်ရဲစခန်းမှာ အသေးစိတ် စုံစမ်းနိုင်တယ်လို့ ကိုးကန့်တပ်က အသိပေး ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဖော်ဆောင်ပြီးနောက် MNDAA က ကိုးကန့်ဒေသထဲ ဗမာလူမျိုး ဝင်ရောက်ခွင့် တင်း ကြပ်ခဲ့ဖူးပြီး ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက်မှာလည်း ကိုးကန့်ဒေသထဲဝင်ရောက်ခွင့်ပြန်လည် တင်းကြပ်လာတာဖြစ်ပါတယ်။ Read in Full

၆။  လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
 April 24, 2025
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်သို့ သွားရောက်သည့် စစ်တွေဒေသခံ ၃၄ ကို အာဏာ သိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၂၂ ရက်နေ့ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီးသွားကြောင်း သိရသည်။  ပေါက်တော မြို့နယ်သို့ သွားရောက်နိုင်ရန် စစ်တွေမြို့ မိဇံရပ်ကွက် ကိုရီးယားဆိပ်ကမ်းတွင် စက်လှေသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ နှင့် ALP တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသည့် ဒေသခံများက ပြောသည်။  “မနေ့က ညနေ ၄ နာရီ ကျော်လောက်မှာ ပွဲစားကစက်လှေသို့ ဆင်းလာဖို့ခေါ်တယ်။ ကိုရီးယားဆိပ် ကမ်းမှာ စက်လှေက စောင့်နေတယ်။ စက်လှေသို့ ဆင်းဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတွေနဲ့ ALP တပ်ဖွဲ့ဝင်တွေက လာဖမ်းတာ။ ကျနော်တို့ ၄ ယောက်က ပြေးလို့ လွတ်လိုက်တယ်။ ကျန်တဲ့သူတွေ အဖမ်းခံထားရတယ်” ဟု ပြန်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ စစ်တွေမြို့ထဲတွင် စစ်ရှောင်နေရသော ဗျိုင်းဖြူရွာသား ၁၀ ဦးနဲ့ အခြားဒေသခံ စုစုပေါင်း ၃၄ ဦးက ပေါက်တောမြို့နယ်သို့ သွားရောက်ရန် ပွဲစားနှင့် တစ်ဆင့် စီစဉ်ကြခြင်းဖြစ်သည်။ အဆိုပါ လူ ၃၄ ဦးကို ပွဲစားက မိဇံရပ်ကွက်ရှိ အိမ်လွတ်တစ်လုံးတွင် ၃ ရက်ကြာ ထားရှိပြီး နောက် ယမန်နေ့တွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ရန် ပြင်ဆင်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်း ၃၄ ဦးထဲက ၄ ဦးသာ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးကြောင်းနှင့် မည်သူများပါဝင်သည်ကို စုံစမ်းနေဆဲဖြစ်သည်။ 

ပြန်လွတ်မြောက်လာသည့် ဗျိုင်းဖြူရွာသားတစ်ဦးက “ကျနော်တို့ရွာက ၁၀ ဦးပါတယ်။ ကလေးနှစ်ဦး၊ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၄ ဦးပါ ပါတယ်။ ကျတဲ့သူတွေကိုတော့ ဘယ်ကလည်းဆိုတာ မသိဘူး။ ကျနော်တို့ အမျိုးသား ၄ ဦးက ထွက်ပြေး လွတ်မြောက်ခဲ့ပြီးတော့ ကျန် ၆ ဦးက ဆက်လက် အဖမ်းခံထားရတယ်။ ကလေးနှစ်ဦးထဲက တစ်ဦးမှာ ၆ လသားအရွယ် အမျိုး သားတစ်ဦးဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ သူတွေ ပြန်လွတ်မြောက်ဖို့ စစ်ကောင်စီတပ်နဲ့ ALP က တစ်ဦးကို ငွေကျပ် ၁၅ သိန်း တောင်းတယ်လို့ ပြောသံကြားတယ်။ အခုအထိတော့ ပြန်မလွတ်ကြသေးဘူး” ဟု ပြောသည်။  ဖမ်းဆီးမခံရမီ နာရီပိုင်အလိုတွင် မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူးကသတင်းရရှိသွားပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များအားတိုင်းတန်းရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း လည်း ၎င်းက ဆက်လက်ပြောသည်။ “ပွဲစားက ခွင့်ပြု ချက်မရှိဘဲနဲ့ မိဇံရပ်ကွက်က နေအိမ်အလွတ်မှာ ၃ ရက်ကြာထားတယ်။ အဲဒါကို အိမ်ပိုင်ရှင်က သိသွားပြီးတော့ ရပ် ကွက်အုပ်ချုပ်ရေးမှူးကို သွားတိုင်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကို တိုင်တော့ အဲမှာအဖမ်းခံရတာဖြစ်တယ်။ ကျနော်တို့က ပွဲစားကို ငွေကျပ် ၁၀ သိန်းပေးပြီး ပေါက်တောမြို့နယ်ဘက် ကို သွားဖို့လုပ်တာ။ အခု အဖမ်းခံရတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ALP တပ်ဖွဲ့ဝင်တွေက ငွေကျပ် ၁၅ သိန်း ထပ်တောင်းတယ်။ ဒီစစ်ရှောင်တွေဘယ်ကပိုက်ဆံနဲ့ပေးရမလဲ။ အဖမ်းခံထားရတဲ့သူတွေအတွက်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြော သည်။ ပြန်လွတ်လာသည့် ဗျိုင်းဖြူရွာသားအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးရန်ရှာဖွေနေ၍ စစ်ရှောင်စခန်းများ တွင် ပြန်မနေရဲတော့ဘဲ အဆင်ပြေသည့် နေရာတစ်ခုတွင် ပုန်းခိုနေရသည်ဟု သိရသည်။  Read in Full

၇။ ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ချင်းလူငယ်များ လာရောက်ပူးပေါင်းကြရန် CDF – Hakha ဖိတ်ခေါ်
 April 24, 2025
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြသည့် ချင်းလူငယ် များအနေဖြင့် လာရောက်ပူးပေါင်းပေးကြရန် ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – Hakha က ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်းမှာ ဟားခါးမြို့သိမ်းစစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှု များပြုလုပ်နေသည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။ “အခုဆိုရင် ချင်းပြည်နယ်မှာ‌ နောက်ဆုံး လက်ကျန်မြို့လို ဖြစ်‌ နေပြီပေါ့နော်။ ကျွန်တော်တို့ ခံယူချက်ကတော့ ဟားခါးမြို့သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊ မြို့နယ်သားတွေမှာ အဓိက တာဝန်ရှိ တယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်” ဟု ပြောသည်။ ဟားခါးမြို့သိမ်း တိုက် ပွဲမှာ ပူးပေါင်းပါဝင်လာသည့် လူငယ်များသည် CDF–Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ကြသလို၊အရံတပ်ဖွဲ့ ဝင်အဖြစ်လည်း ပါဝင်နိုင်ကြောင်း CDF – Hakha ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရေး တွက် ချင်းပြည်သူများအားလုံးမှာတာဝန်ရှိပြီး မိဘများအနေဖြင့်လည်း ၎င်းတို့သားသမီးများကို စစ်ဆင်ရေးဖော်ရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး တိုက်တွန်းပေးကြရန် CDF – Hakha က တောင်းဆိုထားသည်။

“လက်နက်ဘယ်လောက်ပဲ ကောင်းကောင်း စစ်တိုက်ဖို့ဆိုရင် အဓိက လိုအပ်သည်မှာ လူအင်အားဖြစ်တာကြောင့် အား လုံးပါဝင်ပေးကြဖို့ လိုတယ် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း လူငယ်တွေကို အတင်း အကြပ် စစ်သင်တန်း တက်ခိုင်းတာမျိုးမလုပ်ဆောင်ဘဲ မိမိတို့ ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်နဲ့ ပါဝင်စေချင်တယ်” ဟု CDF – Hakha က ပြောသည်။ ဟားခါးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ဗျူဟာနှင့် ခလရ ၂၆၆ တပ်ရင်း အခြေစိုက်ထားပြီး CDF – Hakha က ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သွားမည်ဟု ဆိုသည်။ နွေဦးတော်လှန်ရေး၏ ရေစီးကြောင်းအရ စစ်တိုက်ရန်အဓိကဖြစ်၍ ပြည်တွင်းပြည်ပ မှာရှိသည့် လူငယ်များသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေသည့် လူငယ်များကိုလည်း ပူးပေါင်းပါဝင်စေလို သည်ဟု ပြောသည်။ စစ်အာဏာရှင်စနစ်ကို တူမီးသေနတ်စွဲကိုင်၍ စတင်တော်လှန်ခဲ့သည့် ချင်းပြည်နယ်တွင်ဆက်လက် သိမ်း ပိုက်ရန် ကျန်ရှိသည့်မြို့များမှာ မြို့တော် ဟားခါး၊ ထန်တလန်မြို့နှင့်  တီးတိန်မြို့တို့သာ ဖြစ်သည်။ Read in Full

၈။ နောင်ချိုကို  စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်ပြင် 
 April 24, 2025
ရှမ်းမြောက်မှာ ကိုးကန့်တပ် (MNDAA) နဲ့ အပစ်ရပ်ထားနိုင်တဲ့ စစ်ကောင်စီတပ်က  TNLA ထိန်းချုပ်ရာ နောင်ချိုကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ နွေဦးတော် လှန်ရေးထဲ ရှမ်းမြောက်မှာရှိတဲ့ အဓိကအင်အားစုတွေဖြစ်တဲ့ MNDAA နဲ့ TNLA   အဖွဲ့တွေထဲက ကိုးကန့်တပ် MNDAA ကတော့ စစ်ကောင်စီ နဲ့ အပစ်ရပ်ထားသလို သိမ်းပိုက်ထားတဲ့ တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးကို စစ်ကောင်စီထံ ပြန်ပြီးလွှဲပေးလိုက်ပါပြီ။ စစ်ကောင်စီရဲ့ လေကြောင်းခြိမ်းခြောက်မှု၊ တရုတ်ရဲ့ ဖိအားအပါအဝင် ဖိအားမျိုးစုံကြောင့် အခုလိုမျိုး လိုက်လျောခဲ့တာလို့ MNDAA သတင်းရင်းမြစ်တွေကပြောပါတယ်။ တဖက်မှာတော့ ဒီအခြေအနေက TNLA အတွက် စစ်ရေးရော၊ နိုင်ငံရေးအရပါ ဝန်ထုပ်ဝန်ပိုးဖြစ်လာစေတာပါ။ လက်ရှိမှာစစ်ကောင်စီတပ်တွေဟာ လားရှိုးမြို့ထဲအလုံးအရင်းနဲ့ဝင်ရောက်နေပြီဖြစ်ပြီး အင်အား ထောင်ချီရှိနိုင်တယ်လို့ ဒေသခံတွေကပြော ဆိုကြပါတယ်။ ဒါကြောင့် လားရှိုးနဲ့ တဆက်တည်းရှိနေတဲ့ TNLA ထိန်းချုပ်ရာ နမ္မတူ အတွက် နောက်ကျော မလုံတဲ့ အခြေအနေရောက်နေပါပြီ။ ဒါ့အပြင် တခြားစစ်မျက်နှာတဖက်ဖြစ်သလို TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ မြေပြင်သတင်းတွေအရ စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ပြင်ဆင်ထားသလို တောင်ခမ်း ဘက်ကိုလည်း စစ်ကူတွေထပ်ပြီးဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

MNDAA ဘက်က လားရှိုးပြန်ပေးလိုက်ရတာ ပြဿနာမဟုတ်ပေမဲ့အပစ်ရပ်ထားတာဖြစ်လို့ ရှမ်းမြောက်မှာ စစ်ကောင်စီ ဘက်က TNLA တဖွဲ့တည်းကိုဦးတည်ပစ်မှတ်ထားဖို့ကျန်တော့တဲ့အခြေအနေကတော့ စိုးရိမ်စရာဖြစ်တယ်လို့လည်း ကိုဇင်ယော် က ပြောပါတယ်။ “နောင်ချိုကိုက စစ်ကောင်စီ စစ်ကြောင်းထိုးဖို့ပြင်နေတယ်။ တောင်ခမ်းမှာလည်း အင်အားတွေထပ်ပြီးပုံလာ သလို အုမ္မသီးဘက်ကနေ တကြောင်း၊ နောင်ချိုလေး နောင်ချိုကြီးဘက်ကနေတဆင့် ဂုတ်ထိပ်ဘက်ကနေ တကြောင်း၊ ကံကြီး ဘက်ကနေတကြောင်း၊ ၃ ကြောင်းခွဲပြီးတော့ ဝင်မယ့်အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် MNDAA က အပစ်ဆိုင်းထားတော့ ရှမ်းမြောက်မှာ သူတို့အတွက် ဦးတည်ရန်သူက အဲဒီတဖွဲ့ပဲ ရှိတော့တယ်။ ပြီးရင်ကျနော်တို့ အင်တော၊ ကျောက်ဂူနဲ့ တောင်ခမ်းလမ်းကလည်း သူတို့က ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်တော့ စစ်အင်အားကို သူတို့ စိတ်ကြိုက်ဖြည့်လို့ရ နေတာပေါ့။” လက်ရှိနောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အဆက် မပြတ်လုပ်နေသလို ထိတွေ့တိုက်ပွဲတွေလည်းရှိနေတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ သိသိသာသာလေးထိုး လာနေတဲ့အပိုင်းတော့ရှိတယ်။ ကျနော်တို့ တပ်စွဲထားတဲ့ နောင်လင့်ရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ ၉ နာရီကနေ ၁၁ ခွဲအထိ ၂ နာရီခွဲအတွင်းမှာ လက်နက်ကြီး ၈၁ မီလီမီတာ မော်တာတွေနဲ့ပစ်တာ ၄၅ လုံးလောက်ရှိတယ်။” လက်ရှိမှာတော့ ရှမ်းမြောက်စစ်မျက်နှာစာမှာ TNLA တဖွဲ့တည်းပဲရှိတော့တာကြောင့် နောင်ချိုကို ဆက်ပြီးထိန်းချုပ်ထားနိုင်ဖို့ စိန်ခေါ်မှုရှိနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော် ကလည်းပြောပါတယ်။ Read in Full

၉။ ကျောက်ဖြူတိုက်ပွဲပြင်းထန်၊ AA သိမ်းပိုက်နေရာများကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
 April 25, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်ကစပြီး ယနေ့အချိန်ထိ အာရက္ခတပ်တော်ထိန်းချုပ်နေရာများကို စစ်ကောင်စီဘက်က စစ်ကြောင်းများ ဖြန့်ကျက်တိုက်ခိုက်မှု အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိနေခြင်းဖြစ်သည်။“စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ဖြန့်ကျက်ပြီး ချီတက်လာတာ။ ထိုးစစ်ဆင်တဲ့ သဘောပေါ့။ တပ်တော် (AA) ဘက်က တော့ သူတို့ (စစ်ကောင်စီ တပ်သား)တွေလိုချင်တဲ့ ပွိုင့်တွေကို မရဖို့ကာ ကွယ်ရတာဆိုတော့ တိုက်ပွဲက တော်တော်လေး ပြင်း ထန်လာနေတယ်” ဟု စစ်မြေပြင်အခြေအနေကိုသိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် ဘင်္ဂလားပင်လယ်အော် နှင့်သံဇစ်မြစ်ကြောတို့တွင်နေရာယူထားသော စစ်ကောင်စီ၏စစ်သင်္ဘော ၇ စီးကနေ ပစ်ကူတိုက်ခိုက်မှုနှင့်အတူလေယာဉ်၊ဒရုန်း အပြင် စက်တပ်လေထီးများကိုပါ တွင်တွင်ကျယ်ကျယ် အသုံးပြု၍ တိုက်ခိုက်လာနေခြင်းဖြစ်ကြောင်း ၎င်းကဆက်၍ ပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်၊ စိုးမိုးခဲ့သော လိပ်ခ‌မော်၊ မလကျွန်းနှင့်  ပြင်ရှည်ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက် နေပြီး ယင်းကျေး ရွာများ၏ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူထားကြောင်း သိရသည်။“မလကျွန်းနဲ့ ပြင်ရှည်ရွာကို စစ်ကောင်စီ ထိုးစစ်ဆင်တာ ဧပြီလ အစောပိုင်းကတည်းကပါ။ အခုဆို အဲဒီရွာတွေမှာ စစ်ကောင်စီတပ်သားတွေ က အခိုင်အမာ နေရာရယူထားတဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။ အဲဒီနေရာတွေမှာ ထိတွေ့တိုက်ပွဲတွေကတော့ သင်္ကြန်ကျခါနီးက တည်းက အခုချိန်ထိတော့ နေ့တိုင်းလိုလို ပြင်းထန်ဆဲလို့ ပြောနိုင်တယ်” ဟု မလကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။ ယမန် နေ့ (ဧပြီ ၂၄ ) ညနေပိုင်းကလည်း ရေနံတောင်ကျေးရွာကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် စစ်ဘေး ရှောင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။“စစ်ကောင်စီက ထိုးစစ်ဆင်တယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းက ကျောက်ဖြူကို လက်မလွှတ်ရေး အတွက် အသည်းအသန်ကာကွယ်တာမျိုးလို့ပဲ ယူဆတယ်။ တိုက်ပွဲဆိုတာဗျူဟာအရနယ်မြေတွေရှေ့တိုးရသလို နောက်ဆုတ်ရတဲ့သဘောလည်းရှိတာမို့ AA ဘက်ကတော့ အခွင့်အကောင်း တွေကို စောင့်နေတာလို့ပဲ မြင်မိတယ်” ဟု ကျေက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက သုံးသပ်သည်။ ကျောက်ဖြူမြို့နယ်သည်  ရခိုင် ပြည် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့် စစ်ရေးအရ အရေးပါသော အခွင့်အလမ်းနှင့် ပင်လယ်ထွက်ပေါက်တို့ရှိပြီး လက်ရှိတွင် တရုတ်စီမံကိန်းများမှ ဒေါ်လာ ဘီလီယံနှင့်ချီသော အကျိုးအမြတ်များကို စစ်ကောင်စီက  ရရှိနေသောနေရာလည်း ဖြစ်သည်။ Read in Full

၁၀။ ဗန်းမော်မြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တပြိုင်တည်း ထပ်မံထိုးစစ်ဆင်
 April 25, 2025
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်း အားလုံးကို ယနေ့ (ဧပြီ ၂၅ ရက်) နံနက်အစောတွင် တပြိုင်တည်း ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ် များကပြော သည်။ KIA ဦးဆောင်သည့် ပူးပေါင်းတပ်က ဧပြီ ၂၅ရက် နံနက် ၄ နာရီခွဲမှစ၍ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်နေဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “စကခ(၂၁) တခုတည်းမဟုတ်ဘူးအားလုံး။ အားလုံး ဗန်းမော်မြို့မှာရှိတဲ့ စခ စခန်းတွေ အကုန်လုံးကို တပြိုင်တည်းထိုးစစ်ဆင်နေတာ’ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA သတင်းရင်းမြစ်အချို့ ကလည်း ဗန်းမော်တိုက်ပွဲမှာ ယနေ့နံနက်တွင် ပြန်လည်စတင်နေကြောင်းအတည်ပြုသည်။ KIA နှင့်မဟာမိတ်များက ဗန်းမော် မြို့ရှိ စကစ ၂၁ နှင့် ခလရ ၄၇ တပ်ရင်းတို့အားထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်​ကောင်စီကလည်း စကခ ၂၁ နှင့် ခလရ ၄၇ တပ်၀န်း ကျင်အားလေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးပစ်ခတ်မှုများကို ဧပြီ ၂၅ ရက်​နေ့အထိ မွန်းလွဲပိုင်းအထိပြုလုပ်လျက်ရှိ​ကြောင်း ဗန်​မော်မြို့တွင်းအ​ခြေအ​နေ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team ကလည်း​ဖော်ပြသည်။

စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲမည်ဟုကြေညာစဉ်က KIAကလည်း ယင်းရက်အတိုင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း စစ်ကောင်စီက ဗန်းမော်အပါအဝင် ကချင်ပြည်နယ်ရှိ မြို့ရွာများ၌ လေကြောင်းတိုက် ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့​နောက် စစ်ကောင်စီက ဧပြီ ၂၃ ရက်မှ ဧပြီ ၃၀ရက်အထိ အပစ်ရပ်မည် ဟု ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း နိုင်ငံတစ်ဝန်းဗုံးကြဲမှုနှင့် စစ်​ကြောင်းထိုးမှုများပိုလုပ်​နေသည်။ ဧပြီ ၂၂ ​နောက်ပိုင်း KIA က ယာယီအပစ်ရပ်စဲ​ကြောင်းထပ်မံမ​ကြေညာ​တော့​​ဘဲ ဗန်​​မော်ထိုးစစ်ကို ဧပြီ ၂၅ ရက်တွင်ပြန်စလိုက်ခြင်းဖြစ်သည်။ Read in Full

၁၁။ မယ်စဲ့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲ
 April 24, 2025
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက ကျေးရွာထဲကို စစ်ကောင်စီတပ်က ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။ ဧပြီ ၂၄ ရက် မနက် ၂ နာရီကျော်မှာ စစ်ကောင်စီတပ်က လေ ကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဦးဗညားက “ဗုံးလာကြဲတယ်။ လူသူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အအုံတချို့ ပျက်စီးတာရှိတယ်။ ကလလတ ရဲ့ ရုံးလည်း ထိတယ်။ ပြည်သူနေအိမ်လည်း ထိခိုက်ပျက်စီးမှုရှိ တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲမှုကို ဧပြီလကုန်အထိ သက်တမ်းတိုးထားပေမဲ့ ကရင်နီထဲက မြို့နယ်တွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “လေယာဥ်သံကြားတာနဲ့ ကြောက်နေရတယ်။ ဘယ်အချိန် ဘယ်နေရာကို ကြဲမလဲလည်း မသိရ ဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက် ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို ၂၀၂၄ ခုနှစ်အတွင်း တွင်တွင်ကျယ်ကျယ်လုပ်နေပါတယ်။ ဧပြီ ၂၄ ရက် နေ့လယ် ၃ နာရီကျော်မှာလည်း မော်ချီးဒေသထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ ကနဦး သိရပြီး အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ Read in Full

၁၂။  တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းက ကျေးရွာများ ဓာတ်ဆီပြတ်လပ်၊ သရက်ချောင်း စစ်ရှောင်များ အကူအညီလိုအပ်
 April 24, 2025
တနင်္သာ-ဘုတ်ပြင်း ကားလမ်းပိုင်းက ‌ကျေးရွာအုပ်စုတွေမှာ ဓာတ်ဆီတင်ဆောင်တဲ့ ကားတွေကို စစ်ကောင်စီက ဖြတ် သွား ရောင်းချခွင့်ပိတ်လိုက်တာကြောင့် မြို့ပေါ်အထိ သွားရောက်ဝယ်ယူနေရပြီး ဓာတ်ဆီဈေးတွေလည်း တက်လာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီက အခုဧပြီလ အစောပိုင်းတည်းက တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းပိုင်းရှိ ချောင်းလမု၊ အေးသာယာ၊ တားကလပ်တို့အပြင် မနိုးရုံး၊ ခဲချောင်း၊ ရှမ်းအင်းတော် စတဲ့ကျေးရွာတွေကိုပါ ဓာတ်ဆီသယ်တဲ့ကား တွေ ဖြတ်သန်းရောင်းချခွင့် မပေးတော့တာကြောင့် ရွာတွေမှာ ဓာတ်ဆီပြတ်လပ်လာတယ်လို့ ပြောပါတယ်။“အရင်က ဓာတ်ဆီ ကား ၃ စီးလောက် ဖြတ်လာတယ်၊ အခုက ဒီကားတွေကို ပိတ်လိုက်ပြီ။ အများစုက တနင်္သာရီမြို့မှာ သွားဝယ်ရတယ်။ ၅ ဂါလန် ပုံးနဲ့ တခါသယ်ရင် ၇ ပုံး၊ ၈ ပုံး သယ်ပြီးတော့ ရွာက လိုအပ်တဲ့သူတွေကို ပြန်ရောင်းပေးရတယ်။” စစ်ကောင်စီကတော့ အဆိုပါ ကားလမ်းမရှိ ကျေးရွာက ပြည်သူတွေကို တနင်္သာရီမြို့ပေါ်မှာ ဓာတ်ဆီတွေ သွားရောက်ဝယ်ယူခွင့်ပေးထားပြီးနောက် ဓာတ်ဆီ ဝယ်ယူပြီး ပြန်လာတဲ့သူတွေကို တနင်္သာရီမြို့ပေါ်ဂိတ်၊ ကမ္ပလိုင်းဂိတ်၊ ရေဖြူဂိတ်နဲ့ ထုံခါဂိတ်တွေမှာ ၅ ဂါလန်ဝင်ဆံ့တဲ့ ဓာတ်ဆီ ပုံးဝါ တလုံးအတွက် ကျပ် ၅၀၀၀ စီ တောင်းယူနေတယ်လို့ ချောင်းလမုရွာအုပ်စုမှ အမျိုးသမီးတယောက်က ပြောပါတယ်။

“တနင်္သာရီက ထွက်လာရင် ဒီဂိတ်တခုဆီကို ၅၀၀၀ စီ ပေးရတယ်။ ဓာတ်ဆီ သယ်ပေးရတဲ့သူတွေလည်း အသက်နဲ့ ရင်းထားရသလိုပါပဲ။ ဂိတ်ကို ၅၀၀၀ စီပေးရလည်း မကျေနပ်ရင် အဖမ်းခံရမှာလေ။ ၇ သောင်း၊ ၆ သောင်းဖိုးလောက် ဝယ်လာရင် လမ်းစရိတ်နဲ့ဆိုရင် ၈ သောင်း၊ ၉ သောင်း‌လောက် ပေးရတယ်။” အဆိုပါကားလမ်းပိုင်းက ကျေးရွာတွေမှာ ဧပြီလအတွက် ဓာတ်ဆီဈေးနှုန်းတက်လာပြီး ဓာတ်ဆီ ၁ ဂါလန်ကို ကျပ် ၁၄၀,၀၀ ဈေးရှိကာ ၅ ဂါလန် ဝင်ဆံ့တဲ့ ဓာတ်ဆီပုံးဝါတလုံးကို ကျပ် ၇၀၀,၀၀ အထိ ရှိနေတယ်လို့ ပြောပါတယ်။ ဓာတ်ဆီဈေးတက်နေပေမဲ့ တောင်ယာလုပ်ကိုင်နေသူတွေနဲ့ ကျန်းမာရေးအတွက် မြို့ပေါ်ဒေသတွေကို ဆိုင်ကယ်နဲ့ မဖြစ်မနေ သွားကုသရမယ့်သူတွေအတွက် ဓာတ်ဆီကို လိုအပ်တာကြောင့် ဈေးနှုန်းတက်ပေမဲ့ ဝယ်‌ယူရမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် တနင်္သာရီမြို့နယ်မှာ ကုန်ကားတွေ ဖြတ်သန်းသွားလာခွင့် မပေး တော့ကြာပြီ ဖြစ်တာကြောင့် စားသောက်ကုန်တွေနဲ့ ဆေးဝါးရိက္ခာတွေလည်း အဆိုပါ နယ်မြေဒေသတွေမှာ ပြတ်လပ်နေပြီး ပြည်သူတွေအတွက် ဆိုးဝါးတဲ့ အခြေအနေတရပ် ကြုံနေရပါတယ်လို့ ဒေသခံဆီက သိရပါတယ်။ ဒါ့အပြင် ဂုံညှင်းဆိပ်၊ ရေချို ချောင်း၊ ချောင်းဝပြင်၊ စုံစင်နဲ့ စုံစင်ဖျားစတဲ့ ကျေးရွာတွေကလည်း ပြည်သူတချို့ စစ်ရှောင်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူ က ဒေါန တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ ကိုယောနသံက ပြောပါတယ်။ စစ်ဘေးရှောင်တွေမှာ လတ် တလော စားနပ်ရိက္ခာ ပြတ်လပ်နေပြီး တုပ်ကွေး အပါအဝင် နှာစေး၊ ချောင်းဆိုး အဖြစ်များနေတာကြောင့် ကျန်းမာရေးစောင့် ရှောက်မှုနဲ့ ဆေးဝါးတွေမှာ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ Read in Full

၁၃။ ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ
 April 24, 2025
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆)  စစ်ဆေးရေးဂိတ်တွင် ဖြတ် သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွားပြည်သူများကို စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက  ပြောသည်။“တရားဝင် တင်ဆောင်လာတဲ့ စားသောက်ကုန်တွေ ကားကြီးကားငယ်ကစ စစ်ဆေးတယ်။ လူတင်သမျှ ကားတွေအားလုံးကို ရပ်ခိုင်းပြီးတော့ စစ်ဆေးတယ်၊ ထောက်ခံချက်မပါရင် ပေးမသွားဘူး။ ကားသမားကိုလည်း အာကျယ်အာကျယ်နဲ့ရစ်တယ်ဆဲဆိုတယ်။ ငွေကိုလည်းအဆမတန်တောင်းခဲ့တယ်၊ ခရီးသည်တွေကိုလည်းကားပေါ်ကဆင်းခိုင်း ပြီး လမ်းလျှောက် ခိုင်းတယ်”ဟု ကားသမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်မှ  စစ်ဆေးတင်းကြပ်၍ ရစ်ကာ ဆဲဆိုခြင်းများပြုမူသည့်အပြင် ငွေညှစ် တောင်းခံခြင်းများ ကြောင့် ခရီးသွား ပြည်သူများနှင့် ကားသမားများကို အခက်အခဲ ဖြစ်စေကြောင်း ၎င်းက ဆက်ဆိုသည်။ ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ် ခရီးသည်တင်ယာဉ် များကို စစ်ဆေးမှုများတင်းကြပ်ခဲ့သည်။ အလားတူ ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ၏ ကောင်းလန်း စစ်ဆေးရေးဂိတ်တွင် ‌ထောက်ခံစာများနှင့် ကုန်ပစ္စည်းများကို မကြာခဏ စစ်ဆေးမှု ကြမ်းတမ်းလေ့ရှိကြောင်း သိရသည်။ ကျေးသီးမြို့နယ်တွင် အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေလျင် တပ်ရင်း ခလရ-၁၃၁၊ မိုင်းနောင်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ-၂ ၊ ခလရ-၉ နှင့် ခလရ-၂၈၆ တပ်ရင်းတို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်လည်း အခြေစိုက်ထားသည်။ https://burmese.shannews.org/archives/47923

 
၁၄။  အင်းတော်ကြီးဒေသကို လေကြောင်း၊ ပစ်ခတ်တဲ့အပြင် ရှမ်းနီ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေအင်အားတိုးလှုပ်ရှား
 April 24, 2025
မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်နေတာအပြင် ဒေသမှာရှိတဲ့ ရှမ်းနီ SNA နဲ့စစ်ကောင်စီ  ပူးပေါင်းတပ်တွေကလည်း အင်အားတိုး လှုပ်ရှားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းထဲ ဟိုပင်မြို့ဘက်ကနေ အင်အားထပ်တိုးဝင်ရောက်တဲ့ အခြေအနေကြားသိရသလို စစ်ရေး လှုပ်ရှားမှု တွေ ရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဟိုပင်ဘက်ကနေ အင်အား ပြန်တိုးတယ်တဲ့။ ကားနှစ်စီးသုံးစီးဝင်တယ်ကြားတယ်။ ဟိုပင် နောင်ချိုကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ ပစ်တော့အားလုံး စိုးရိမ်နေကြတယ်။ တချို့က ရှောင်နေကြပြီ။ လေယာဉ်လည်း ညတိုင်းဝဲတော့ ပြည်သူတွေ စိုးရိမ်နေရတာ။” လို့ဆိုပါတယ်။ နှစ်ဖက်တပ်ဘက်က စစ်ရေးလှုပ်ရှားတာအပြင် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ပြီးနောက် ညတိုင်းနီးပါး လေယာဉ်ပျံဝဲနေတာကြောင့်လည်း ဒေသခံတွေ စိုးရိမ် နေရတာလို့ ပြောပါတယ်။ စစ်ကောင်စီဟာ ဧပြီလ ၂၂ ရက် နေ့ မွန်းလွဲပိုင်းက အင်းသာနဲ့ နနွင်းကုန်း ကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီလို ပစ်ခတ်မှု ကြောင့် ဆနွင်းကုန်း ကျေးရွာက အရပ်သား ၂ ဦးထိခိုက်တာနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ KIO/KIA  သတင်းနဲ့ ပြန်ကြားရေး သတင်းဌာနကလည်း ဆိုပါတယ်။

အင်းတော်ကြီးဒေသကို လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်တာအပြင် အဲဒီနေ့မှာပဲ ဟိုပင်နောင်ချိုတပ် ခမရ ၃၈၉ ကနေ လည်း ၁၂၀ မမ လို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ နနွင်းကုန်းဘက် ပစ်ခတ်ခဲ့ပြီး နန့်မွန်းမှာရှိတဲ့ ရှမ်းနီSNA နဲ့ စစ်ကောင်စီပူး ပေါင်းတပ်တွေကလည်း ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၂ ရက်နေ့ည ၁၁ နာရီလောက်ကလည်း တံတားဦး ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့တုံပြင်ကျေးရွာအနီးမှာ လေယာဉ်ဗုံး ၂ ကြိမ်လာချခဲ့တာကြောင့်ပြည်သူ တစ်ဦး ထိခိုက်ပြီး နေအိမ်ပျက်စီးခဲ့တာရှိတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဟာ အပစ်ရပ်ကာလသတ်မှတ်ထားပေမဲ့ ကချင်ပြည် နယ်သာမက တခြားဒေသတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ချောင်းဝနဲ့ ဝှေလုံကျေးရွာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကုန် ပိုင်းမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီအချိန်ကတည်းက အင်းတော်ကြီးဒေသမှာအခြေအနေ တင်းမာခဲ့သလို နမ့်မွန်း၊ဆနွင်းကုန်းနဲ့ အင်းသာစတဲ့နေရာက ဒေသခံတွေလည်းရှောင်တိမ်းနေရတာဖြစ်ပါတယ်။ Read in Full

၁၅။  ပလက်ဝမြို့နယ်မှာ အေအေတပ်ဖွဲ့ဝင်နှစ်ဦး ကျူးလွန်ထားတဲ့မုဒိမ်းမှုနဲ့ပတ်သက်၍ ဦးခိုင်သုခ ဝန်ခံ၊ အရေးယူမယ်လို့ဆို

April 25, 2025

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှာ အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့နှစ်ဦး ကျူးလွန်ထားတဲ့ မုဒိမ်း မှုနဲ့ပတ်သက်၍ အေအေ ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံထားပါတယ်။ ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်၊ စိမ်းစင်ကျေးရွာမှာ ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦးကို အေအေရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးတို့က မုဒိမ်းကျင့်ပြီး ရေနစ်သတ်ဖို့ ကြံစည်မှုဖြစ်ပွားခဲ့ ပါတယ်။ အဲဒီ အေအေ တပ်ဖွဲ့ဝင်နှစ်ဦး ကျူးလွန်ထားတဲ့မုဒိမ်းမူနဲ့ပတ်သက်၍ အေအေက ဝန်ခံထားပြီး ကျူးလွန်သူနှစ်ဦးကို အပြစ်ပေးအရေးယူဆောင်ရွက်သွားမယ်လို့ ဦးခိုင်သုခ ပြောဆိုထားတာကို ရခိုင်မီဒီယာ နိရဉ်ဌရာသတင်းဌာနက မနေ့ ဧပြီလ ၂၄ ရက်နေ့ညမှာ ဖော်ပြထားပါတယ်။ “အဲ့ဒီ မုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ပြ စ် မှုဖြစ်ပွားတဲ့ နေ့ကတည်း က အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။”ဟု အေအေ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

မုဒိမ်းမှုကျူးလွန်တဲ့ အေအေတပ်ဖွဲ့ဝင်နှစ်ဦးကို အေအေက စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး တရားမျှတမှုရရှိဖို့အတွက် ပြစ်မှုပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ဦးခိုသုခက ပြောဆိုပါတယ်။ တရားခံတွေကို အရေးယူဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမူရှိတဲ့ တရားစီရင်ရေးပဲဖြစ်စေချင်တယ်လို့ ပလက်ဝမြို့နယ်ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက် ထိခိုက်စော်ကားတဲ့ ရာဇဝတ်မှုမျိုး ထပ်မံ မကျုးလွန် အောင် တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ပေးစေချင်တယ်လို့ ဆိုပါသေးတယ်။ “ဒီလိုရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လူသား ချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားတဲ့ ရာဇဝတ်မှုတွေကို အေအေ အနေနဲ့ မျက်ကွယ်မပြု သင့်ဘူး။”လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။ အခုဖြစ်သွားတဲ့ဖြစ်စဉ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျုးလွန် ခံရတဲ့အမျိုးသမီးတစ်ဦးကိုသာမက ချင်းလူ့အသိုင်းအဝိုင်းနဲ့တခြား Conflict Area ထဲ့မှာ ရှိနေကြတဲ့ အမျိုးသမီးထုတရပ်လုံးကိုပါ စိတ်ဒဏ်ရာရစေတဲ့ စိတ်မလုံခြုံစေတဲ့ လိင်အကြမ်းဖက်မှုဖြစ်တယ်တယ်လို့ သူက ဆက်ပြောပါတယ်။ Read in Full

၁၆။ လေးပွင့်ကြယ်ကုမ္ပဏီကိုယ်စားလှယ် ဦးဘက်စုံကို ပရာဒေါင်းဆွေမျိုးစုက နယ်နှင်ဒဏ်ပေးကြောင်း အသိပေး
April 25, 2025
ကရင်နီ-ရှမ်းပြည်နယ်စပ်၊ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအနီးက  မြင်းမထိတောင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ် နေတဲ့ လေးပွင့်ကြယ်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးဘက်စုံကို ပရာဒေါင်းဆွေမျိုးစု နယ်မြေဒေသအတွင်းက ထွက်သွားဖို့ ပရာဒေါင်းဆွေမျိုးစုက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဦးဘက်စုံက ပရာဒေါင်းဆွေမျိုးစုတို့ နေ ထိုင်ရာ သိကျိတ်ကျေးရွာအတွင်းမှာ နေထိုင်ပြီး တရုတ် မစ္စတာဝမ်ကုမ္ပဏီနဲ့ မြင်းမထိသတ္တုတူးဖော်ရေးမှာ တက်ကြွလုပ်ဆောင် သူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။“မြင်းမထိတောင်ကို သူ့ဘိုးဘွားမိဘ အမွေပေးထားသလို သဘောထားပြီး စိတ် ကြိုက် ခြယ်လှယ်နေသူလည်းဖြစ်သည်။”  လို့ ဦးဘက်စုံနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်‌နေ့မှာ ပရာဒေါင်းဆွေမျိုးစုက ပြော ဆိုထားပါတယ်။ နယ်နှင်ဒဏ်ပေးတဲ့အသိပေးထုတ်ပြန်စာမှာတော့ မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီးမြင်းမထိနယ်မြေအတွင်း ကထွက်ခွာသွားဖို့ တောင်းဆိုထားပြီး မထွက်သွားပါက ဒေသခံတွေနဲ့အတူပူးပေါင်းပြီး ဖမ်းဆီးသွားမယ်လို့ ပရာဒေါင်းဆွေမျိုးစု က ပြောပါတယ်။  လေးပွင့်ကြယ်ကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘက်စုံဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မောင်ဘလောက်ကျေးရွာ ဇာတိကဖြစ်ပြီး ကယန်းပြည်သစ်ပါတီ ( KNLP ) ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လေးပွင့်ကြယ်ကုမ္ပဏီရဲ့ ခဲ၊ သတ္တုတူးဖော်ရေး လုပ်ကွက် (C) မှာ ဦးဘက်စုံ နေထိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဦးဘက်စုံဟာ မြင်းမထိတောင်က ခဲလုပ်ကွက်တွေမှာ စိတ်ကြိုက်အခွန်ခကောက်ံပြီး ဖော်ဆောင်ထားတဲ့ လုပ်ကွက်တွေလည်း ရှိနေတယ်လို့ ပရာဒေါင်းဆွေမျိုးစုဘက်က ပြောဆိုထားပါတယ်။ ပရာဒေါင်းဆွေမျိုးစုရဲ့ နယ်မြေထဲက မြင်းမထိတောင်မှာ အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ် မစ္စတာ ဝမ် ကုမ္ပဏီကို ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်နေပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေရဲ့ တားဆီးမှုကြောင့် လုပ်ငန်း ခွင်အတွက် လိုအပ်တဲ့ စက်ယန္တရားပို့ဆောင်မှုကို ကုမ္ပဏီတွေဘက်က ရပ်တန့်ထားတယ်လို့ သိရပါတယ်။ Read in Full

၁၇။ နှစ်စဉ် ကမ်းပြိုနေ၍ လာမည့်မိုးရာသီမှာလည်း ကမ်းပြိုလာမည်ကို မင်းပြားဒေသခံများ စိုးရိမ်
 April 24, 2025
လေးမြို့မြစ်ကမ်းဘေးတွင် တည်ထားသော ရခိုင်ပြည် မင်းမင်းပြားမြို့မှာ မိုးရာသီကာလ နှစ်စဉ် ကမ်းပြိုမှုကို ကြုံ တွေ့ရ ပြီး ရာနှင့်ချီသော လူနေအိမ်များ ကမ်းပြိုမှုထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများလာ၍ လေးမြို့မြစ်အတွင်း ရေစီးသန်ပြီး နှစ်စဉ်ကမ်းပြိုလေ့ရှိကြောင်း သိရသည်။ လေးမြို့မြစ် မြစ်ကမ်းဘေး တွင်ရှိသော မြောက်ဦးမြို့နယ်က ကျေးရွာများ၊ မင်းပြားမြို့နယ်က ကျေးရွာများနှင့် မင်းပြားမြို့တို့မှာ ကမ်းပါးပြိုကျမှုကို နှစ်စဉ်ခံ နေရခြင်းဖြစ်သည်။ ယခု လာမည့် မိုးရာသီကာလတွင်လည်း ရေစီးပြင်းမှုဒဏ်နှင့် ကမ်းပါးပြိုကျပြီး လူနေအိမ်များ ထပ်မံ ထိခိုက် ပျက်စီးမည်ကို မင်းပြားဒေသခံများက စိုးရိမ်နေကြကြောင်းပြောသည်။ မင်းပြားမြို့ရပ်မိရပ်ဖ တစ်ဦးက “ဒီကမ်းပါးပြိုတာက နှစ်တိုင်းလိုလို ပြိုနေတာပဲ။ မြို့တောင် မကျန်တော့ဘူး။ ဒီနှစ်ပြိုရင် နေအိမ်တွေ၊ ရေကန်တွေရော ကပ်ပါနိုင်တယ်။ စိုးရိမ်တာ တော့ စိုးရိမ်ရတာပဲ။ အရင်က ကမ်းထိန်းနံရံတွေ လုပ်ပေမယ့်လည်း အဲ့နံရံတွေပါ အကုန် ပြိုကျသွားတာမျိုးတွေ ဖြစ်နေတော့ ဒါကမြို့အတွက် စိုးရိမ်စရာတစ်ခုပဲ” ဟု ပြောသည်။ မြစ်ကမ်းပါးများ ပြိုကျပျက်စီးသွားခြင်းမှာ လေးမြို့မြစ်ရေက ကမ်း၏ အောက်ခြေကို တိုက်စား၍ဖြစ်ကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“ဒီ ကမ်းပါးပြိုတာက ရိုးရိုးတိုက်စားပြီး ပြိုတာမဟုတ်ဘူး။ ရေက အောက်ဘက်ကိုအရင် တိုက်စားတာ။ အောက်ခြေက ဘာမှမကျတော့မှ ဝုန်းဆိုပြီး ပြိုကျတာပဲ။ မိုးအရမ်းသည်းပြီးဆိုရင် မြစ်ရေက ရေစီးတအားသန်တော့ မြစ်ကမ်း ပါးတွေ မခံနိုင်ကြ ဘူး။ ပြီးတော့ ကျနော်တို့ဘက်က မြေတွေက မြေအမာမဟုတ်ဘူး။ နှုံးမြေပိုများတယ်။ တောင်တွေနဲ့ သစ်ပင်တွေနဲ့ ဖြစ်နေတဲ့ ကမ်းပါးကတော့ မပြိုကျဘူးပေါ့လေ။ ကျေးရွာတွေ အများစုက နှုံးမြေရှိတဲ့နေရာတွေ တည်ထားကြတာ ပိုများတယ်။ မင်းပြားမြို့ လည်း အဲဒီလိုပဲ။ နှုံးမြေဖြစ်တယ်” ဟု ပြောသည်။ လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့တွင် မြို့ဧရိယာ သုံးပုံပုံ၍ တစ်ပုံမှာ ရေထဲပါသွားပြီဖြစ်ကြောင်းနှင့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၅၀ ခန့်မှာလည်း ကမ်းပြိုကျ၍ ရွာများကို နောက်ဆုတ် ထားရကြောင်း မင်းပြားဒေသခံများက ပြောဆိုကြသည်။ စစ်ကောင်စီ အုပ်ချုပ်ချိန်က မင်းပြားကမ်းပြိုကျမှုအတွက် ကမ်းထိန်း နံရံများပြုလုပ်ပေးခဲ့သော်လည်း တစ်ရာသီတောင် မခံခဲ့ကြောင်းနှင့် မင်းပြားမြို့နယ်မှာ ကမ်းပြိုမှုကို နှစ်စဉ်ခံနေရခြင်းဖြစ်သည်။ စစ်ကောင်စီ လုပ်ပေးခဲ့သော ကမ်းထိန်းနံရံများမှာ အရည်အသွေး ညံ့ဖျင်းမှုများကြောင့် မြစ်ရေတိုက်စားမှုများကို မခံနိုင်ကြောင်း လည်း မင်းပြားဒေသခံများက ပြောဆိုကြသည်။ ထိုကြောင့် မင်းပြားမြို့ပေါ်နှင့် ကျေးလက်ဒေသက လူနေအိမ် အမြောက်အများ ရေထဲပါသွား၍ နှစ်ပေါင်း ၃၀ အတွင်း အိုးမဲ့အိမ်ဖြစ်ခဲ့ရသည့် မိသားစု ၃၀၀ ထက်မနည်းရှိခဲ့ကြောင်း သိရသည်။ 

 
၁၈။ တနင်္သာရီတိုင်းတွင် တလအတွင်း ဒေသခံ ၇၀,၀၀၀ နီးပါး စစ်ရှောင်ခဲ့ရ၊ အရေးပေါ်အကူအညီများလိုအပ်
 April 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင်ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားလျက်ရှိသည့် စစ်ရေးပဋိ ပက္ခကြောင့် ဒေသခံ (၆၆,၈၀၀)ဦးကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ သည်ဟု ဒေသ တွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က(ဧပြီလ ၂၃)ရက်တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့်မတ်လအတွင်း စစ်ကောင်စီ တပ်က ကုန်သွယ်ရေးလမ်းမကြီးများနှင့် ရေနက်ဆိပ်ကမ်းဧရိ ယာများသို့ ဆက် တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အပြင် လေကြောင်း၊ ရေကြောင်းမှတဆင့် တိုက်ခိုက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရမှု ပိုများခဲ့ရခြင်းဖြစ်သည်ဟု FE5 Tanintharyi ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ FE5 Tanintharyi အဖွဲ့ အယ်ဒီတာကိုကျော်က “ လတ်တလောမှာ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ပျံ့နေတယ်။ ဒီမှာက တခြားစစ်ဘေးရှောင်စခန်းတွေလို နေရာအတည် တကျ မရှိဘူး။ စစ်ကြောင်းဝင်လာပြီ ရွာကို ဗုံးကြဲပြီ တိုက်ပွဲဖြစ်ပြီဆိုရင် တောတောင် ဥယျာဥ်ခြံတွေထဲ ပြေးပုန်းပြီး အဲ့လိုပဲ နေကြရတယ်။ အရင်က တချို့ဆို တိုက်ပွဲငြိမ်သွားလို့ အခြေ အနေကောင်းရင် ပြန်ကြပေမယ့် အခုနောက်ပိုင်း တိုက်ပွဲတွေက လနဲ့ချီပြီး ဖြစ်တော့ ဒေသခံတွေက နေရပြန်နိုင်ဖို့ တော်တော် ခက်ခဲတယ်။” ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ဘေးရှောင် များ အတွက် စားနပ်ရိက္ခာလိုအပ်ချက်များအပြင် ဆေးဝါးကူညီထောက်ပံ့မှုများ မရှိသည့်အတွက် အချို့သည် ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ နှင့် ရင်ဆိုင်နေရသည်။ ၎င်းအပြင် တိမ်းရှောင်ရက်ရှည်လာ သည်နှင့်အမျှ တောတောင် အတွင်း နေထိုင်နေကြရသည့်အတွက် နေရာထိုင်ခင်း လိုအပ် ချက်များနှင့် ရာသီဥတုဒဏ်များကိုပါ ခံစားနေကြရသည်ဟုလည်း FE5 Tanintharyi အဖွဲ့ဝင် ကိုကျော်က ဖြည့်စွက်ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုများအပြင် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ထားဝယ် ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့် ခွာခဲ့ရသူ အနည်းဆုံး ၂၇,၃၀၀ ကျော်ရှိခဲ့သည်။ အလားတူ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင်လည်း နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉,၅၀၀ ကျော်ရှိခဲ့သည်ဟု FE5 Tanintharyi က ပြောသည်။ ၎င်းစစ်ဘေးရှောင်များထဲတွင် လူဦးရေ ၃,၀၀၀ ဝန်းကျင်ခန့်သည် ပုလောစစ်ရှောင်စခန်းတွင် နေထိုင်ကြပြီး ကျန်သည့် စစ်ဘေးရှာင်များသည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာနှင့် မြို့ပေါ် များသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက ဆန်၊ ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ကန့်သတ်ခြင်းများ ပြုလုပ်နေသည့်အပြင် နေ့စဉ်ရက်နှင့်အမျှ ဝင်ရောက်စစ်ကြောင်းထိုးခြင်းများ၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၁၈,၅၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း FE5 Taninthayi က ထုတ်ပြန်ထားသည်။ Read in Full

၁၉။ တောင်ကုတ်မှာ ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံး
 April 25, 2025
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၅ ရက်၊ ဒီ​နေ့မနက်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်သိန်းမှာ ဦးဂေါင်းပွင့်ထွက်သွားသလို၊ ညာဖက်ခြေထောက်ပြတ်ထွက် သွားတာကြောင့် သေဆုံးသွားခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။ ဦးမောင်သိန်းဟာ ဧပြီလ ၂၅၊မနက် ၈ နာရီ ၄၅  အချိန်ခန့်က သူရဲ့သားနဲ့ အတူ အရင်ကစစ်ကောင်စီတပ်ယာယီစခန်းချနေထိုင်ခဲ့တဲ့အောင်ဆိပ်တဲစုကျေးရွာအနားက လယ်ဂျိုင်တောင်မှာတောရှင်းရာမှာ ကျောက်ကြားမှာညှပ်နေတဲ့ဗုံးကို ဆွဲနှုတ်ရာကနေပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူ တွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက် အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို မြေမြုပ် မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ နေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း တောင်ကုညတ်ဒေသခံတွေ က ဆိုကြပါတယ်။ အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ် တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခတပ် တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက် စစ်ရေးတင်း မာနေကြပါတယ်။ Read in Full

၂၀။ အရပ်သားများကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ
 April 24, 2025
အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။ ၎င်းတို့ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ပြီး အားလုံးကို တိုင်း ဌာနချုပ်သို့  ပို့ဆောင်ထားပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်ကပြောဆိုသည်။ ကျူးလွန်ခဲ့သူများ မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးထားသူများမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ ဝင် မိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်းနှင့် တော်လှန်ရေးသမားများကို  ဖမ်းဆီးထောင်ချရာတွင် ပါဝင်ခဲ့သူ များ ဖြစ်ကြောင်း သိရသည်။  ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ” သူတို့ကို ဖမ်းမိတာက မြို့သိမ်းတိုက်ပွဲပြီးတဲ့ နေ့ ကတည်းက ဖမ်းမိတာမှန်ပါတယ်။ အခုသူတို့ကိုတော့ တိုင်းကိုလွှဲပို့ပေးထားတယ်။ ပျူစောထီးတွေ၊ SNA တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတွေပေါ့”ဟုပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ အင်းတော်မြို့နယ်၊ နတ်မ ဟုတ်ကြီးကျေးရွာနေ  PDF မိသားစုဝင် အမျိုသား ၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အဆို ပါ ဖမ်းဆီးခံရသူများ ပါဝင်သည်။

ထို့အထဲတွင် ဦးဆောင်ခဲ့သူ ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်း၊ အင်းတော်မြို့နေ ပြည်သူများကို ဖမ်းဆီးထောင်ချရာ တွင် ဦးဆောင်သူ မြို့နယ်မှူး လှတင့်၊ ပျူစောထီး ခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသား အောင်ဝင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။ အင်းတော်မြို့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သတင်းရင်းမြစ်က “စစ်တပ်ကို သတင်းပေးပြီး ဖမ်းခိုင်းတာ၊ ပြီးတော့ ဒေသခံ ပျူ‌ စောထီးတွေဆိုရင် သူတို့ကိုယ်တိုင် သတ်ဖြတ်တာမှာ ပါဝင်ကျူးလွန်တဲ့သူတွေပါ”  ဟုပြောသည်။ ပြီးခဲ့သည့်  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့သည် အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။  အဆိုပါ အင်းတော်မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈၀ ကျော်ကို ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက် အများကိုလည်း သိမ်းဆည်း ရရှိခဲ့သည်။ 

၂၁။ လားရှိုးဂိတ်များ စစ်ကောင်စီတပ်ရောက်သည်နှင့် အိမ်စီးကားပင် ငွေပေးလာရ
 April 24, 2025
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ဝင်ရောက်သည့် ကားများကို စစ်ကောင်စီတပ်များက ငွေအတောင်းကြမ်းလာပြီး အိမ်စီးကားများကိုပင် တောင်းနေကြောင်း ခရီးသွားယာဥ်မောင်းများထံက သိရသည်။ ကိုးကန့် MNDAA ထွက်ခွာသွားသည့် နေရာသို့ အစားထိုးဝင်ရောက်လာသည့် စစ်ကောင်စီဂိတ်များက အိမ်စီးကားငယ်များပါမကျန် ငွေတောင်းယူနေခြင်းဟု ဆိုသည်။“AT တံတားဘက်ကနေဝင်တာ အရင်က ကိုးကန့်တပ်က ၅ထောင်ပဲ။ မနေ့ကမှစထိုင်တဲ့ စစ်တပ်က ၃သောင်း၊ အချို့ ကုန်ပြည့် လူပြည့်ကို ၅ သောင်းတောင်းတာ၊ သိန္နှီကိုအထွက်က ၅ ထောင်ပေးရတယ်”ဟု မန္တလေး-လားရှိုး ဆွဲသည့်ယာဥ်မောင်းတစ်ဦး ပြောသည်။

စစ်ကောင်စီတပ်သည် လားရှိုးအဝင်တွင်မက မိုင်းရယ်-ဟိုယ ဘက်တွင် ကျပ် ၆ သောင်းကျော် ပေးရသလို ဝက်ဝံ-ယင်း ငိုပင် ကွင်းလမ်းက စစ်တပ်အထိုင်ဂိတ်တွင် ပုံမှန်ကားတန်းပါက တစ်ရက် နှစ်ရက် ကြာတတ်ပြီး ငွေပေးပါကချက်ခြင်းလွှတ်ပေး သည်ဟု ယာဥ်မောင်းတစ်ဦးက ပြော သည်။“၂ သိန်းပေးပြီးသွားတဲ့ကားတွေ အခုပဲ ၁၆ စီးလွှတ် ပေးတယ်။ ပုံမှန်ကားတွေက တန်းစီထားတာ ဒီမနက်ခုချိန်ထိ ဒီအတိုင်းပဲ၊ မင်းတို့ နောက်ဆိုငါတို့ပဲတွေ့ရတော့မှာ၊ အဆင်ပြေအောင်လုပ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။ လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ပြန်ဝင်လာသည့်စစ်ကောင်စီတပ်များ ဧပြီ ၂၃ ရက်တွင် လားရှိုး အဝင် အထွက် နေရာများတွင် နေရာယူလိုက်ပြီး ခရီးသွားများအပေါ် ငွေတောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ 

၂၂။ ကျောက်ဖြူ ရေနံတောင်ရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ
 April 25, 2025
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာကို ဧပြီ ၂၄ ရက်မှာ စစ်ကောင်စီ တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး နောက်ထပ်တယောက်လည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ရေနံတောင်ကျေးရွာကို ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၅ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၁၄ မိနစ်မှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေနံ တောင်ကျေးရွာကို စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ကာ နောက်ထပ်အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တာလို့ ကျောက်ဖြူဒေသခံအမျိုးသားတယောက်ကပြောပါတယ်။“ရေနံတောင်ကိုစစ်ကောင်စီကမနေ့ကနေ့လယ် ပိုင်းမှာ အသေခံဒရုန်းတွေနဲ့ ၃ ကြိမ်တိုင်တိုင် လာပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ကုလားဘာကျေးရွာက စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီးတော့ ရေနံတောင်ကျေးရွာက အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ နောက် အိမ် တချို့လည်း ထိခိုက်ပျက်စီးသွားတာတွေရှိတယ်။” စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ကျောက်ဖြူ မြို့နယ် ကုလားဘာကျေးရွာက ဒေါ်မယှဉ်နု (၆၂ နှစ်) ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမှာ ရေနံတောင်ကျေးရွာက ဦးစံလှ (၇၆ နှစ်) ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်း ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ် သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးတာ ၅၀၀ ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေကြဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။ Read in Full

၂၃။ အဖွဲ့အစည်းနာမည်အလွဲသုံးပြီး ငွေကောက်ခံနေသူ ၂ ဦးကို ဖမ်းဆီးကြောင်း CDF CDM Siyin   ထုတ်ပြန်
 April 25, 2025
CDF CDM Siyin  အဖွဲ့နာမည်ကို အလွဲသုံးစားပြုပြီး ငွေကောက်ခံနေသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF CDM Siyin   က ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သိုင်းငင်းတိုက်ပွဲအပြီးမှာလည်း အဖွဲ့ပိုင်ပစ္စည်းတစ်ချို့ ခိုးယူရောင်းစားခဲ့လို့ ပထမကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပေမယ့် ဧပြီလ ၂၀ ရက်နေ့မှာ တီးတိန်မြို့အတွင်းဝင်ရောက်ပြီး အဖွဲ့အစည်းနာမည် အလွဲသုံးစားပြုပြီး တောင်းရမ်း တဲ့အပြင် ဧပြီလ ၂၁  ရက်နေ့မှာလည်း နောက်တစ်ကြိမ် Akluai ကျးရွာအတွင်း ခရီးသွားပြည်သူတွေကို တားဆီး ငွေတောင်းရမ်း တာတွေ လုပ်ခဲ့တယ်လို့ CDF CDM Siyin  ကဆိုပါတယ်။ Min Pum Kim  (အသက် ၃၄ နှစ်)နှစ် နဲ့ Pum Ngin (အသက် ၃၃ နှစ်) နှစ် တို့ဟာ CDF CDM Siyin  အဖွဲ့နာမည်ကို အလွဲသုံးပြီး ငွေကြေးကောက်ခံခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒေသခံကျေးရွာလူကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံးအကြိမ်ဖြင့် သတိပေးဖမ်းဆီးထိန်းခဲ့ရတာလို့ ဆိုထားပြီး  နောက်နောင် ဒေသအတွင်းမှာ အဖွဲ့အစည်းနဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့အပြုအမူ ဆောင်ရွက်ချက်တွေ ရှိလာပါ က မိဘပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း CDF CDM Siyin   ကသတိ ပေးထားပါတယ်။ Read in Full

၂၄။  ထားဝယ်ဇာတိ စစ်ကောင်စီတပ်သားတစ်ဦး မြိတ်ခရိုင်တပ်ရင်း၂ ထံ လက်နက်နှင့် အတူခိုလှုံ
 April 24, 2025
တနင်္သာရီမြို့နယ်၊ ဝါရစ်ရွာတွင် တပ်စွဲထားသည့် ထားဝယ်ဇာတိ စစ်ကောင်စီဘက်က တပ်သားတစ်ဦး လက်နက်နှင့် အတူ မြိတ်ခရိုင်တပ်ရင်း(၂)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် ဝါရစ်ရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အဆိုပါတပ်သားမှာ MA 1 သေနတ်တစ်လက်၊ ကျည်ဆန် ၁၅၀ တောင့်၊ ကျည်ဘောက် ၄ ဘောက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း၂ထံ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူက အာဏာမသိမ်းခင်တုန်းက စစ်သားလုပ်ဖို့ ဝင်လျှောက်ခဲ့ဖူးတယ်။ အခုစစ်သားသစ်တွေ စုဆောင်းမှ တာဝန်ထမ်းဖို့လာခေါ်သွားတယ်။ အခုက တာဝန်ဝင်ထမ်းနေတာ တစ်နှစ်ဝန်းကျင်ရှိပြီ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။ ဝါရစ်ရွာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလဝန်းကျင်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အထိုင်ချတပ် စွဲထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “တပ်စွဲထားက ပြည်သူ့စစ်တွေများ တယ်။ စစ်သားက နည်းတယ်။ အခု အလင်းဝင်လာသူက ထားဝယ်သားဖြစ်ပြီး အသက်ကတော့ ငယ်သေးတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သား၏ အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ မြိတ်ခရိုင်တပ် ရင်း ၂ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်၍မရသေးကြောင်း ဆို သည်။ တနင်္သာရီ မြို့နယ်တွင် မတ်လအတွင်း တပ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားနှစ်ဦး ခလရ ၅၅၇ တပ်ရင်းက ထွက်ပြေးလာပြီး အလင်းဝင်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင်း စစ်ကောင်စီတပ်သား ၇ ဦး ဘက်ပြောင်းခိုလှုံခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ Read in Full

၂၅။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကြီးမှူးပြီး ရိုဟင်ဂျာအမျိုးသမီးများကဏ္ဍ တိုးတက်ရေး ဟောပြောပွဲများ ပြုလုပ်နေ
 April 24, 2025
ULA/AA ထိန်းချုပ်ဒေသများအတွင်းရှိ ရိုဟင်ဂျာအမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ ရက္ခိုင်ပြည်ကျောင်း သား သမဂ္ဂဝင် အမျိုးသမီးခေါင်းဆောင်များ၊ ရပ်ရွာအခြေပြု အမျိုးသမီးအရေးလှုပ်ရှားသူများနဲ့ အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုး သမီးများ မတ်လ အစပိုင်းကတည်းက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ မြောက်ဦး၊ ကျောက်တော်တို့မှာ ULA/AA က ဦးဆောင်ပြီး မူဆလင်အမျိုးသမီးများရဲ့ အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့ ယခင် NGO ဝန်ထမ်းဟောင်းတွေနဲ့ အတူ လုပ်ကိုင်နေတယ်လို့ ဧပြီလဆန်းကတည်းက သိရပါတယ်။ အလားတူ အခြား AA ထိန်းချုပ်ရာဒေသတွေမှာလည်း ရက္ခိုင် ပြည်ကျောင်းသားသမဂ္ဂမှ ကြီးမှူးပြီး ရိုဟင်ဂျာအမျိုးသမီးများကဏ္ဍ တိုးတက်ရေး ဟောပြောပွဲများ ပြုလုပ်နေတယ်လို့ သိရပါ တယ်။ Read in Full

၂၆။ နမ့်ဆန်တွင် ဆော့ကစားနေသည့် လက်ပစ်ဗုံးပေါက်ကွဲပြီး ကလေးငယ် ၂ ဦး ဒဏ်ရာပြင်းထန်ရ
April 24, 2025
ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်သည့် နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် ကလေးငယ် ၂ ဦး လက်ပစ်ဗုံး တစ်လုံးကို ကောက်ယူဆော့ရာမှတဆင့် ပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်သည်။ ဧပြီလ ၂၀ ရက် နေ့လယ် ၂ နာရီအချိန်တွင် ကလေးငယ်များ ဖခင်ဖြစ်သူနှင့်အတူ လက်ဖက်ခြံရှိ ရေချောင်းတစ်ခုတွင် ရေသွားချိုးပြီးနောက် အိမ်ပြန်ချိန်လမ်းဘေးတွင်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာ တွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဗုံးပေါက်ကွဲမှုကြောင့် မောင်ကြယ်စင်အောင် ၈ နှစ်မှာ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မသီရိရတနာထွန်း ၅ နှစ်မှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ယင်းကလေးငယ် ၂ ဦးကို ဒေသခံများမှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်ကလည်း မိုင်းယော်မြို့နယ်၊ မန်ကန်ကျေးရွာတွင် အမျိုးသား ၂ ဦးသည် မပေါက်ကွဲသေး သည့် လက်နက်ကြီးတစ်လုံးကို ယူဆော့ရာမှ ပေါက်ကွဲကာ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။ 

၂၇။ ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးရွာကို စစ်ကောင်စီဗုံးကြဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံး
April 24, 2025
ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြိတ်မြို့လေတပ်ကလာတဲ့ K-8W အမျိုးအစား ဂျက်ဖိုက်တာတစ်စီးက တောင်သုံးလုံးရွာလယ်နဲ့ အထက ကျောင်းအနီးကို ဗုံးနှစ်လုံးကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ချခဲ့ တာပါ။ အဲဒီလိုဗုံးကြဲပြီးပစ်ခတ်မှုကြောင့် တောင်သုံးလုံးရွာအလယ်ပိုင်း ဟိန္ဒားရွာဘက်ကိုသွားတဲ့ တံတားအနီးက အသက် ၃၀ ဝန်းကျင်အရွယ် ကိုအီစာဆိုတဲ့အမျိုးသားတစ်ဦး နောက်ကျောဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။“ကျနော်တို့နဲ့ဆို အနီးကပ်ပဲ။ ဗုံးလောက်ပဲမဟုတ်ဘူး၊ စက်လက်နဲ့လည်း တဒိုင်းဒိုင်းပစ်ချတယ်။ သေတဲ့သူလည်း စက် လက်ထိတာလား ဗုံးစထိတာလား သေချာမသိသေးဘူး”လို့ တောင်သုံးလုံးရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။ တောင်သုံးလုံး ရွာဟာ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စည်ကားတဲ့ရွာြဖစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ရွာလုံးကျွတ်စစ်ရှောင်ခဲ့ရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဒေသခံတစ်ဝက်လောက်က ပြန်လည်နေထိုင် နေကြတာဖြစ်ပါတယ်။

တောင်သုံးလုံးရွာနဲ့ ကပ်ရက်ဖြစ်တဲ့ ကျောက်မဲတောင်ရွာမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျောက်မဲတောင်နယ်မြေ ရဲစခန်းရှိပြီး အဲဒီရဲစခန်းတစ်ဝိုက်မှာ ဒီနေ့မနက်ပိုင်းကတည်းက KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမဲ့ မေတ္တာမြို့မှာ ရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းကလည်း တောင်သုံလုံးနဲ့ကျောက်မဲတောင်ရွာတွေဘက်ကို ဒီနေ့မွန်းလွဲပိုင်းမှာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကျောက်မဲတောင်နဲ့ တောင်သုံးလုံးကျေးရွာ တွေက ဒေသခံတွေကတော့ ဒီနေ့မနက်ပိုင်းအခြေအနေကြောင့် ပစ္စည်းတွေသယ်ယူပြီး ကား၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်နေ ကြတယ်လို့ ကာယကံရှင်တွေကဆိုပါတယ်။“တချို့လည်းရွာထဲမှာကျန်သေးတယ်။ ဒါပေမဲ့အခုပုံစံကတော့ ဆက်နေလို့ အဆင် မပြေလောက်တော့ဘူး”လို့ တိမ်းရှောင်လာတဲ့ တောင်သုံးလုံးရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာလည်း ထားဝယ်- ထီးခီးလမ်းတစ်လျှောက်က ဝကုန်းရွာ၊ ဝဇွမ်းချောင်းရွာလမ်းခွဲနဲ့ ကျောက်မဲတောင်တစ်ဝိုက်တို့မှာ တော်လှန်ရေးတပ် တွေဘက် က ကားလမ်းသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ Read in Full

၂၈။ စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့် မြစ်ကြီးနား – ဖားကန့်လမ်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်
April 25, 2025
မြစ်ကြီးနား – ဖားကန့်လမ်းသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် လမ်း တစ်လျှောက်ရှိ ကျေးရွာသုံးခုမှ ဒေသခံပြည်သူများ ယမန်နေ့မှစတင်ကာ တိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီ တပ် ဖွဲ့ဝင်များက အင်းအားအလုံးအရင်းဖြင့်ရောက်ရှိလာသောကြောင့် နန့်ယား၊ ကပ်မှော်နှင့် ခွန်စိုင်ဇွပ်ကျေးရွာမှဒေသခံများက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုသို့ တိမ်းရှောင်နေသည်ဟု စစ်ရှောင်များကိုသွားကြိုခဲ့သည့် အမျိုးသားတစ်ဦးက ပြော သည်။“ဒီနေ့လည်း သွားကြိုတယ်။ ဒေသခံတွေ တော်တော်ကျန်သေးတယ်။ မနေ့ကကြိုခဲ့တာ ၁၇၀ ကျော်လောက်ပဲ။ ကလေး တွေနဲ့ အဘိုးကြီး၊ အဘွားကြီးတွေများတယ်။ ကိုယ်ဝန်ဆောင်ပါတယ်၊ မွေးကင်းစကလေးရှိတဲ့သူတွေပါတယ်။ မိသားစုတစ်ခုဆို လောလောလတ်လတ် အမွှာပူးမွေးထားတာပါတယ်။ အခုစကစတွေက မအူပင်ရောက်နေပြီ နန့်ယားနဲ့အရမ်းနီးပြီ” ဟုပြော သည်။ လက်ရှိအချိန်တွင် အဆိုပါစစ်ရှောင်များမှာ ဖားကန့်မြို့နယ် ကုဋေ၊ နန့်မဖြစ်၊ စပေါ့စသည့်ကျေးရွာရှိ ကချင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းဝင်တို့တွင် တိမ်းရှောင်နေကြကြောင်းသိရသည်။

စစ်ကောင်စီတပ်က ကာမိုင်းမှ မအူပင်ကျေးရွာသို့သွားသော လမ်းတွင်နေရာယူထားပြီး ယမန်နေ့ ညနေ ၃ နာရီခွဲခန့် တွင်လည်း မအူပင်ရေကာတာ၊နန့်ယားချောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှ ဖားကန့်မြို့နယ် ဝှေခါကျေးရွာသို့သွားသောလမ်းနှင့် လဝါး-ဖားကန့်လမ်းတို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် စစ်ရေး တင်းမာလာခြင်းဖြစ်သည်။ စစ်ရေးတင်းမာနေသောကြောင့် KIA ကလည်း အဆိုပါလမ်းပိုင်းတွင် ခရီးသွားလာခြင်းမပြုလုပ်ရန် ပိတ်ထားကြောင်း သိရသည်။ စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးကြောင်း ကြေညာပြီးနောက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် နေခြင်းဖြစ်သည်။ Read in Full

၂၉။ ရခိုင်ပြည်နယ် လွှတ်တော်ရုံးကို အကြီးစားပြုပြင်ရန် စစ်ကောင်စီ တင်ဒါခေါ်
 April 24, 2025
စစ်ကောင်စီ ထိန်းချုပ်ဆဲ ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်ရုံးကို အကြီးစား ပြုပြင်ရေးလုပ်ငန်များ ဆောင်ရွက်ရန် စစ်ကောင်စီက အိတ်ဖွင့် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ လွှတ်တော်ရုံးခန်း၊ ဘက်စုံသုံးခန်းမနှင့် ဧည့်ရိပ် သာတို့ကို နံရံ၊ ကြမ်းခင်းပြုပြင်ခြင်း၊ ဆိုလာစနစ်နှင့် ရေပိုက်လိုင်း တပ်ဆင်ခြင်း စသည့် လုပ်ငန်းပြုပြင်ရန် ဧပြီ ၂၃ ရက်မှ မေလ ၆ ရက်ထိ တင်ဒါလျှေက်ထား နိုင်ကြောင်း ဧပြီ ၂၄ ရက်နေ့ ထုတ် စစ်ကောင်စီပိုင် ကြေးမှုံသတင်းစာတွင် ဖော်ပြထားသည်။ ယင်း သို့ လွှတ်တော်အဆောက်အ ဦပြင်ဆင်ခြင်းမှာ လာမည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်နယ်လွှတ်တော်ကို အသက်သွင်းခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။ သို့သော် လက်ရှိ ရခိုင်ပြည်က (နပခ) တိုင်းဌာနချုပ်ရှိရာ အမ်းမြို့နယ် အပါ အဝင် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် ရခိုင်ပြည်ရွေးကောက်ပွဲမှာ ဖြစ်နိုင်ခြေနည်းပါး ကြောင်း သုံးသပ်နေကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်သည် ပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်ပြီး အမတ်ဦးရေ ၄၇ ဦး ရွေးကောက်ခံ ၃၅ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ရှိသည်။ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေနှင့် ပုဏ္ဏာကျွန်း မြို့ နယ်ကြားတွင် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ပြည်နယ်လွှတ်တော်ရုံးတို့မှာ ၆ မိုင်ကျော်ခန့်သာ ကွာဝေးသည်။ စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သည့် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့တွင်လည်းနှစ်ဘက်တိုက်ပွဲများဖြစ်နေသည်။ Read in Full

၃၀။  လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်
April 24, 2025
လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲသို့ ထိုးအပ်လိုက်ခြင်းနှင့်ပတ်သက်သည့် တရုတ်သံရုံး၏ထုတ်ပြန်ချက် ဖေ့စ်ဘွတ်ခ် ပို့စ်အောက်တွင် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ လားရှိုးမြို့နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ၏ ပြောကြားချက်ကို ဧပြီ၂၂ရက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးဖေ့စ်ဘွတ်ခ်၌ မြန်မာဘာသာ ဖြင့် ဖော်ပြခဲ့ရာ ယင်းပို့စ်အောက်၌ မြန်မာပြည်သူတို့က Comment ရေးကာ မြန်မာ့ ပြည်တွင်းရေးကို ဗြောင်ကျကျဝင်စွက်ဖက်နေသည့် တရုတ်အစိုးရအား အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။“ခွင့်လွှတ်လို့မရ တဲ့အမှားတွေ မြန်မာပြည်သူအပေါ် စိန(တရုတ်)ဟာ ဆက်တိုက်ကျူးလွန်နေတယ်” ဟု Thet Htet Sone အကောင့် က မှတ် ချက်ပြုထားသည်။ Comment အချို့တွင် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရ တူသော အကျိုးပေး ပါစေဟုပင် နာနာကြည်းကြည်းရေးသားထားကြသည်။ ထောင်နှင့်ချီသော မြန်မာပြည်သူတို့က ပြင်းထန်စွာ ကန့်ကွက်နေသော် လည်း စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့ပါတီ၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သူ Ye Kyaw Zwa ကမူ “ ကျေးဇူးပါ၊ လူကြိုက် နည်းနည်းများများ လူမုန်းနည်းနည်းများများ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ချက်တွေဆိုတာက သမိုင်းအစဉ်အလာကြီး မားတဲ့ မြို့ပြယဉ်ကျေးမှု (Civilizations) တိုင်းအတွက် မဖြစ်မနေ ဆက်သွားရမယ့် လူသားဝါဒီ (Humanist) လမ်း‌ကြောင်း အမှန်တွေပါ” ဟု တရုတ်အစိုးရကို ထောက်ခံရေးသားထားသည်။

“ အဲဒီအကောင့်ပိုင်ရှင် Ye Kyaw Zwa ဆိုတာ သန်းရွှေလက်ထက်က မန္တလေးထောင်ထဲကျခဲ့ဖူးတယ်။ အရင်တုန်းက အကသ (အခြေခံပညာကျောင်းသားများသမဂ္ဂ)ထဲက။ ကွန်မြူနစ်ယောင်ယောင်လည်း လုပ်ခဲ့သေးတယ်။ အခုတော့ မင်းအောင်လှိုင် ကျွေးမယ့်အရိုးအရင်းလေးကိုက်ရမနည်းဘူးဆို တဲ့ကောင်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦးက ပြောသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ စစ်ပွဲများရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။ Read in Full

၃၁။ နမ့်ခမ်း မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်
April 24, 2025
ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် သတ္တုတူးဖော်မှုကို ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ မန်စပ်ရွာမှာရှိတဲ့ မြန်မာရွှေသီးနှံကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဒေသခံတွေရဲ့ ခွင့်ပြု ချက်မရဘဲ ‌ဆီလီကွန်ကျောက်သတ္တုကို အလွန်အကျွံ တူးဖော်‌တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ် ဝန်းကျင်ထိခိုက် ပျက်စီးတာအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု‌လည်း ဖြစ်‌ပေါ်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်ဆုံးခဲ့ပေမဲ့ မြန်မာရွှေသီးနှံကုမ္ပဏီက လုပ်ငန်းကို ရပ်ဆိုင်းတာမရှိဘဲ ဆီလီကွန်ကျောက် အလွန်အကျွံ ဆက်လက်ထုတ်ယူပြီး တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခဲ့တယ်လို့ဆိုပါတယ်။ “သူတို့ရဲ့ လိုင်စင်သက်တမ်းက ၂၀၂၄ နှစ်ကုန်မှာ ကုန်တာဖြစ်တယ်။ အဲဒီသက်တမ်း ကုန်ခဲ့တဲ့အချိန်မှာ လူထုတွေက ဒီလုပ်ငန်း ကို ရှေ့ဆက်သွားနိုင်ဖို့ ကျနော်တို့ကို လာတိုင်ပင်ပါ ခွင့်ပြုချက်တွေ လာယူပါလို့ ကမ်းလှမ်းချက်တွေ ပေးခဲ့တာ ရှိတယ်။ ဒါပေမဲ့ သူတို့လာညှိနှိုင်းတာ မရှိခဲ့ဘူး။ လာမညှိနှိုင်းတဲ့အပြင် သူတို့က ကျောက်တူးတာတွေ ကျောက်ခွဲတာတွေ ဒီနေ့ဒီအချိန်ထိ လည် ပတ်နေတာ ရှိတယ်” ဒါ့အပြင် မြန်မာရွှေသီးနှံကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေဆီ ဆွေးနွေးတိုင်ပင်တာမရှိဘဲ သတ္တုတူးဖော်ရေးစီမံကိန်းကို ဆက်လက်တူးဖော်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာ နှစ်ဦးသဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သဘောတူညီမှုစာချုပ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က  ကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံ တွေက အများပြည်သူရှေ့ ဖြေရှင်းပေးဖို့ အစည်းအဝေး တက်ရောက်ဖို့အတွက် ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်ခြင်း မရှိဘူး လို့ ဆိုပါတယ်။ “အခုဒီကုမ္ပဏီက ကျနော်တို့လူထုတွေရဲ့ ထောက်ခံချက်ကို ရရှိဖို့ ပြီးခဲ့တဲ့ ၁၂ ရက်က အုပ်ချုပ်ရေးမှူးနဲ့ လျှို့ဝှက်စွာ စာချုပ်တွေ ချုပ်ခဲ့ကြတာပေါ့နော်။ အဲဒီစာချုပ်ကို ကျနော်တို့လူထုတွေရဲ့ ဆန္ဒမပါဘဲ ပြင်းထန်စွာ ကန့်ကွတ်ရှူတ်ချတယ်။ သူတို့ သဘောတူတဲ့ စာချုပ်ထဲမှာဘာပါလဲဆိုတော့ ကျောက်ရော မြေလမ်းပြုပြင်ပေးမယ်လို့ စာချုပ်ထဲမှာပါတယ်။ အဲဟာနဲ့ပတ်သက် ပြီး ကျေးရွာလူထု‌တွေကအလိုမရှိဘူး။ အသိအမှတ်မပြုဘူး” မန်စပ်ရွာမှာရှိတဲ့ကော်မတီအဖွဲ့ဝင်ဟာ ဆီလီကွန်ကျောက်တူးဖော်တာတွေရပ်တန့်ပေးဖို့ ကုမ္ပဏီထံအကြိမ်ကြိမ် စာပေးပို့ခဲ့ပေမဲ့ ကုမ္ပဏီဘက်က ဒေသခံတွေရဲ့တောင်းဆိုချက်ကိုလာရောက် ဖြေရှင်းပေးတာမရှိခဲ့ဘူးလို့ပြောပါတယ်။ Read in Full

၃၂။ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ခရိုနီလုပ်ငန်းရှင်များကို မြိတ်ပကဖက သတိပေး
April 25, 2025
ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့သူတွေကို ရေလမ်းကနေ တဆင့်ပို့ ဆောင်ရာမှာ ပူးပေါင်းပါဝင်နေတဲ့ မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေကို ဆက်လက်လုပ်ဆောင် နေပါက အရေးယူဆောင်ရွက်သွားမယ်လို့ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် စုဆောင်း ခံရတဲ့သူတွေ ကို ရေလမ်းကနေတဆင့် ပို့ဆောင်ရာမှာ သီတာ၊ ငွေဇင်ယော်၊ ထူးထူးတိုး၊ ကိုဝေလင်း စတဲ့ မြိတ်ခရိုနီ လုပ်ငန်းရှင်အုပ်စုတွေ ပူး ပေါင်းပါဝင်နေတယ်လို့  မြိတ်ပကဖရဲ့ ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိတယောက်က “သူတို့ရဲ့ အကျိုးစီးပွားအတွက်နဲ့ စကစရဲ့ ခိုင်းတိုင်းလုပ်ပြီး ပူးပေါင်းဆောင်ရွက်နေတာကို ရပ်တန့်ပြီး ဆက်လက်မလုပ်ဆောင်ဖို့သတိပေးချင်တယ်။ ဆက်လက်လုပ်ဆောင်နေပါကထိရောက်စွာအရေးယူသွားမယ်”လို့ပြောပါတယ်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ ကို မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေက လိုင်းဖြူလှေတွေနဲ့ မြိတ်မြို့ရွှေဒူးတပ်၊ ကျွန်းစုရေတပ်စခန်းနဲ့ ပလောက်မြို့ရှိ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွေဆီ အသုတ် လိုက်ပို့ဆောင်ပေးခဲ့တယ်လို့ မြိတ်ပကဖထံက  သိရပါတယ်။ ဒါ့အပြင် မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေက ကော့သောင်းမြို့က နေတဆင့် မြိတ်ကို စစ်ကောင်စီရဲ့လေယာဥ်ဆီတင်သွင်းရာမှာ လိုင်းဖြူလှေတွေနဲ့ ကူသယ်ပေးခဲ့တယ်လို့ မြိတ်မြို့နယ်ပကဖမှ တာဝန်ရှိတဦးက ပြောပါတယ်။ ၂၀၂၄ ခုနစ်၊ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဘက်က လစဥ်လွဲပြောင်းပေးခဲ့ပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံနေရပါတယ်။ Read in Full

၃၃။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ တပ်အမည်ကို ALPR ဟု ပြောင်းထားကြောင်း ဒေါ်စောမြရာဇာလင်းပြော
April 24, 2025
အကွဲကွဲအပြဲပြဲဖြစ်နေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တပ် Arakan Liberation Army (ALA) အမည် ကို ဒေါ်စောမြရာဇာလင်းက Army For Liberation and Peace of Rakhine (ALPR)ရခိုင်ပြည်လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေး တပ်မြတ်တော်ဟုအမည်ပြောင်းထားကြောင်းသိရသည်။ ALP ပါတီမှာဥက္ကဌနေရာတာဝန်ယူထားသော ဒေါ်စောမြရာဇာလင်း က မတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ပြန်လည်ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းနား မိန့်ခွန်းတွင် ပြောဆိုထားခြင်း ဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ သုံးနှစ်ပြည့်မှာ ဒေါ်စောမြရာဇာလင်းက ပြောဆိုထားသော မိန့်ခွန်းကို ဧပြီ ၂၃ ရက်နေ့တွင် ALP က  လူမှုကွန်ရက် စာမျက် နှာမှတစ်ဆင့်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ ထိုင်းအခြေစိုက်၊ အိန္ဒိယအခြေ စိုက်၊ ရခိုင်အခြေစိုက်ဆိုပြီး အဖွဲ့သုံးခုထက်မနည်း ကွဲပြဲနေကာ ရခိုင်အခြေစိုက် ALP ကို ဒေါ်စောမြရာဇာလင်း က ဥက္ကဌတာဝန်ယူပြီး ဦးဆောင်ကြောင်း သိရသည်။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တပ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA ဟု အမည်ရပြီး ယင်းအမည်ကို ဒေါ်စောမြရာဇာလင်းက သူဦးဆောင်သော ALP ၏ စစ်တပ်အမည်ကို ALPR ဟု ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ သို့သော် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အမည်ကိုမူ ဒေါ်စောမြရာဇာလင်းက ပါတီအမည် ပြောင်းလဲထားခြင်းမရှိသည်ကို တွေ့ရှိရသည်။ ALP ပါတီ ခေါင်း ဆောင်ကြီးနှစ်ဦး သဘော ထားကွဲလွဲပြီး ပါတီနှစ်ခြမ်းကွဲနေချိန် အစဉ်အလာရှိသော ပါတီမပျက်စီးစေရန် ဒေါ်စောမြရာဇာလင်းက သူဦးဆောင်ကာ ပါတီ အား ပြန်လည်ဖွဲ့စည်း အမည်ပြောင်းလိုက်ရခြင်းဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ပြောကြားထားသည်။

ယခုအသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် ALP/ALPR တပ်သည် ယခင် ဥက္ကဌကြီး ခိုင်မိုးလင်း၏ မိန့်ခွန်းနှင့် ရည်မှန်း ချက်များထဲက သွယ်ဖီထားခြင်းမရှိကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။ “ငါ၏ ခေါင်းဆောင်မှုကို ခံယူပြီးတော့ ဒီထက်မက ပါတီတိုးတက်အောင်လုပ်ပြီး ငါတို့ရည်မှန်းရာ ပန်းတိုင်ကို ငါတို့အရောက်ချီတက်ရမယ်ဖြစ်တယ်။ ရခိုင်သားအတွက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရခိုင်သားကို ချစ်ရမယ်။ အဲဒီလိုပဲ ရခိုင်ပြည်အတွက် အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ ခွဲခြားတာမရှိဘဲ ရဲဘော်တို့ ချစ်မှတ်နိုးရမှာဖြစ်တယ်” ဟု သူ့တပ်သားများကို ဒေါ်စောမြရာဇာလင်းက မိန့်ခွန်းပြောကြားထားခြင်းဖြစ်သည်။ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP သည် ရခိုင်ပြည် စစ်တွေမြို့တွင် အခြေစိုက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားကာ မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ သူမဦးဆောင်သော ALP/ALPR တပ် ကို ရခိုင်ပြည်သူအချို့နှင့် လူပုဂ္ဂိုလ် တချို့က ပြည်သူများအား ငွေညစ်တောင်းစားနေသည့် ပါတီ၊ ပြည်သူများအား မတရားဖမ်းဆီး နှိပ်စက်နေသည့်ပါတီ၊ ရခိုင်ပြည် အား ရှုပ်ရှုတ်ခတ်အောင်လုပ်နေသောပါတီဟု စွပ်စွဲပြောဆိုထားကြသည်။  Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button