သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

သုံးလတာ ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

  • သုံးလတာ ကာလအတွင်း စုစည်းတင်ပြခြင်း
  • (၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာ ပြုစု၍ ထုတ်ပြန် လျက်ရှိသည်။

ယခု အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ‌ဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများ၊ တောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများနှင့် တိုင်းရင်းသား ဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေး ကောင်စီတို့၏ ဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။

   အပိုင်း (၁)

(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်ဖွဲ့မှ သေဆုံးမှုများ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ သုံးလတာအတွင်း တိုင်းရင်းသား ပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ ပစ်ခတ်မှု အကြိမ်ပေါင်း (၄၀၉)ကြိမ်ကျော်ရှိခဲ့ရာ ရခိုင်ပြည်တွင် (၁၀၅) ကြိမ်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ကချင်ပြည်တွင် (၉၂) ကြိမ်၊ ကရင်ပြည်တွင် (၆၆) ကြိမ်၊ ရှမ်းပြည်တွင် (၅၄)ကြိမ်၊ ချင်းပြည်တွင် (၅၀) ကြိမ်၊ ကရင်နီပြည်တွင် (၂၂)ကြိမ်၊ နှင့် မွန်ပြည်တွင် (၂၀)ကြိမ် စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီ တပ်သား (၂၇၀၁) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ များဘက်မှ (၉၈) ဦးခန့် ကျဆုံးခဲ့သည်ဟု တွေ့ရှိရသည်။

(၁) ကချင်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ကချင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၉၂) ကြိမ်ထက် မနည်းရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၂၈၅)ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ (၃၃) ဦး ကျဆုံးခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။

KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် နိုင်ဝင်ဘာလအတွင်း ကချင်ပြည်၏ နောက်ဆုံး လက်ကျန် နယ်စပ်ကုန်သွယ်ရေးဖြစ်သော ကံပိုင်တည်မြို့၊ တန်ဂူးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားသော လန်ဆယ် (lanse) မြို့နှင့် ဟုမ္မလင်းမြို့နယ်ရှိ ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ် တပ်စခန်း နှစ်ခုကိုလည်း အပြီးတိုင် သိမ်းပိုက် နိုင်ခဲ့သည်။ ထို့အပြင် KIA ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၊ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် ရွှေတွင်းတပ်စခန်း၊ စိုင်းပန်ရွာ တပ်စခန်းကုန်း နှင့် ရာလာတီးတပ် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ကချင်လွတ်မြောက်ရေးတပ်မ တော်- KIA ပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာလအတွင်းတွင် ဗန်းမော်-မံစီသွားလမ်း ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်းဌာနချုပ် ကာကင်းစခန်း ၂ ခု အပါအဝင် ကာကင်း(၁၂)ခုကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အစိုးရရုံးများရှိရာရပ်ကွက် အားလုံးနီးပါး ကို KIA ပူးပေါင်း တပ်က ထိန်းချုပ်နိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မံစီမြို့နယ် တစ်ခုလုံးကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ပါသည်။ ဆက်လက်၍ KIA ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

(၂) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၀)ကြိမ်ထက် မနည်းရှိခဲ့ပြီး၊ စစ်ကောင်စီတပ်သား(၈၂)ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လည်း (၃၁) ဦး ကျဆုံးမှုရှိကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ချင်းလဲန်းကောင်စီ ကာကွယ်ရေးတပ်ဖွဲ့များသည် နိုဝင်ဘာလအတွင်း ထန်တလန်မြို့နှင့် ဟားခါးမြို့ အကြားရှိ စစ်ကောင်စီတပ်၏ point 3 တပ်ကုန်း ၊ Ruavazung တပ်စခန်း အပါအဝင် တပ်စခန်း(၂) ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ချင်းပြည်တွင် ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အခြေစိုက်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများကို ဖလမ်းနှင့် မင်းတပ်မြို့များတွင် ဖော်ဆောင် လျက်ရှိခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်း အပါအဝင် မင်းတပ်မြို့တစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ကန်ပက်လက်မြို့တွင် အခြေချ နေထိုင်ခဲ့ကြသည့် စကစတပ်ဖွဲ့များသည်လည်း ဒီဇင်ဘာလအတွင်း မြို့ကိုစွန့်ခွာသွားခဲ့ကြသည်ဟု သိရှိရသည်။  ထို့ကြောင့် ချင်းပြည်နယ်တောင်ပိုင်း တစ်ခုလုံး ဖြစ်သည့် ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်များသည် စကစ ကင်းစင်သော နယ်မြေများဖြစ်လာပြီဟု ဆိုနိုင်သည်။ လက်ရှိအချိန်အထိ ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် ချင်းညီနောင်စစ်ဆင်ရေး အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

(၃) ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၅၄)ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီ တပ်သား (၃၇၄) ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း (၁၀) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။

ရှမ်းပြည်ဒေသတွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ရွာငံမြို့နယ် ဒေသအချို့တို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်-PNO နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA တပ်အကြား နိုင်ဝင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒေသအချို့တို့ တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပါသည်။ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ ဒေသအချို့တို့တွင်လည်း ဓနု တပ်မတော်-DPLA၊ တအောင်းတပ်မတော်-TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

(၄) ကရင်နီပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂၂)ကြိမ် ကျော်ခန့် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၅၆) ဦးသေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ လည်း (၁၅) ဦး ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား လွိုင်လင်လေးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရှမ်း-ကရင်နီ နယ်စပ်ဒေသများ၊ ဆိုတရှား မြို့နယ်နှင့် လွိုင်ကော်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ကရင်နီပြည်တပ်မတော်-KA သည် မယ်လယုတပ်စခန်းရှိ စစ်ကောင်စီ၏ ခလရ- ၁၃၄ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါ သည်။  ဇန်နဝါရီလအတွင်း ကရင်နီပြည်၊ ဘောလခဲမြို့နယ်ရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပါသည်။

(၅) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ အကြားထိတွေ့ပစ်ခတ်မှု (၆၆) ကြိမ်နှင့် အထက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၃၁၆)ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၅) ဦးကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား မူတြော်ခရိုင်၊ ခလယ်ထွီခရိုင်၊ မာနယ် ပလောဒေသ၊ ကော့ကရိတ်မြောက်ပိုင်း နှင့် ညောင်လေးပင်ခရိုင် အတွင်းရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ကရင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များသည် မူတြော်ခရိုင်အတွင်းရှိ မာထောတပ် စခန်း ကို နိုဝင်ဘာလ အတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ စစ်ကောင်စီ ၏ တောင်သုံးလုံး တပ်စခန်းကို ဒီဇင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် မာနယ်ပလော နယ်မြေရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်းကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ယခင်KNU ဌာနချုပ်နယ်မြေကို ပြန်လည်ရယူခဲ့ခြင်းလည်း ဖြစ်သည်။ ဇန်နဝါရီလအတွင်းတွင် KNLA, KPDF ပူးပေါင်းတပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်အတွင်းရှိ မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲပါသည်။

(၆) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂၀) ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီဘက်က (၁၂၅) ဦးကျော်သေဆုံးကာ၊ မွန်တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ကျဆုံးမှု (၄)ခန့်ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

မွန်ပြည်ဒေသတွင် မွန်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ – NMSP AD နှင့် စစ်ကောင်စီတို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ် စသည့် ဒေသများတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ မွန်ပြည်ဒေသတွင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မွန်ပြည်တော် လှန်ရေးတပ် (MSRF) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မွန်ပြည် နယ် ကွမ်ကျိုက်ကျေးရွာတွင် ပူးပေါင်းတပ်စွဲ ထားသည့် စစ်ကောင်စီ၏ ခလရ-၁၀၆၊ ခမရ-၅၈၆ တပ်ရင်းများကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သိမ်းပိုက် နိုင်ခဲ့ကြပါသည်။  ဇန်နဝါရီလ အတွင်းတွင်လည်း ရေးမြို့နယ် ဒေသ အချို့တို့တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိပါသည်။

(၇) ရခိုင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ထိတွေ့ပစ်ခတ်မှု (၁၀၅) ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၁၄၆၃) ဦး သေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA)သည် ပဲပဒုံဂိတ်၊ အမှတ် ထပခ-၉၂၆(၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ)၊ တထခ-၁၀ (အမှတ်-၁၀ တပ်ထိန်းတပ်ခွဲ)၊ အမ်းမြို့အခြေစိုက် ခမရ(၃၄၆)၊ ခမရ (၅၄၄)၊ ခမရ (၃၁၇)၊ အမ်းအမြောက်တပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းတို့ကို နိုဝင်ဘာလအတွင်း သိမ်းပိုက် နိုင်ခဲ့ပါသည်။ အာရက္ခတပ်တော်(AA)သည် ဒီဇင်ဘာလအတွင်း တောင်ကုတ်မြို့နယ် တစ်ခုလုံးကို၎င်း၊ နပခဌာနချုပ်(အမ်းမြို့)၊ ခမရ (၅၆၂) အပါအဝင် ဂွမြို့တစ်ခုလုံးကိုလည်းကောင်း စစ်ကောင်စီလက်မှ အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ဇန်နဝါရီလအတွင်း ရက္ခိုင်ရိုးမတောင်တန်းရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် အာရက္ခတပ်တော်(AA)သည် ချင်းပြည်ရှိ ပလက်ဝ မြို့နယ်နှင့်  ရခိုင်ပြည်ရှိ မြို့နယ်(၁၇) ခုထဲမှ(၁၄-ခု)ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အာရက္ခတပ်တော် (AA)သည် ရက္ခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်းနှင့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့သည်။

(ခ) အရပ်သား ပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်းပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားစုစု ပေါင်း (၄၉၃)ဦး ခန့် သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုများကြောင့် အရပ်သား အိမ်ခြေ (၁၉၇၀) လုံး ပျက်စီးမှုအား မှတ်တမ်း တင်နိုင်ခဲ့သည်။

ဤသုံးလတာ ကာလအတွင်း ရခိုင်ပြည်တွင် အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ပြည်သူ (၁၉၃) ဦးသေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကချင်ပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံးဖြစ်ကာ (၁၃၉)ဦးနှင့် ရှမ်းပြည်သည် အရပ်သား သေဆုံးမှု (၁၀၅) ဦးဖြင့် တတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် ကရင်နီပြည်တွင် (၂၃) ဦး၊ ကရင်ပြည်တွင်(၁၇)ဦး၊ ချင်းပြည်တွင်(၁၄)ဦးနှင့် မွန်ပြည်တွင်(၄)ဦး စီ စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ဤသုံးလတာကာလအတွင်း ပြည်သူ့အိုးအိမ်ပျက်စီးမှု အနေဖြင့် ရခိုင်ပြည်တွင် (၁၁၄၃)လုံး ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ချင်းပြည်တွင်(၃၆၅)လုံးဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်တွင် (၂၅၈)လုံးဖြင့် တတိယအများဆုံးဖြစ်ကာ၊ ကရင်နီပြည်တွင်(၁၀၂)လုံး၊ ကချင်ပြည်တွင် (၄၈) လုံး၊ ကရင်ပြည် တွင်(၄၅)လုံး နှင့် မွန်ပြည်တွင် (၉) လုံး စသည်ဖြင့် အသီးသီးပျက်စီး ဆုံးရှုံးမှု ရှိခဲ့ပါသည်။

အပိုင်း (၂)

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

(၁) ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး ဖြစ်တည်မှုအရ ညီနောင်မဟာမိတ်များနှင့်အတူ ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေးအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့ (၇၅) နှစ် ပြည့်မြောက် ခဲ့ကြောင်း သိရှိရပါသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO/PNLA) တို့သည် (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့တွင် အချက်(၇) ချက်ပါသည့် သဘောထားများကို ပူးတွဲထုတ်ပြန်ခဲ့ကြသည်။ ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေး ဖြစ်ပြီး ပအိုဝ်းအရေးသည် ပြည်ထောင်စု အရေးဖြစ်သည်” ဟူသော ခံယူချက်နှင့်အညီ တိုင်းရင်းသား လူမျိုး အသီးသီး၏ လွတ်မြောက်ရေး တိုက်ပွဲများကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆင်နွှဲမည်ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကိုအခြေခံ၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်း မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါသည်။ PNFC နှင့် PNLO သည်၎င်းတို့နှင့် ပအိုဝ်းပြည်သူ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများကိုကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုး သားအချင်းချင်း ကြားတွင်ဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင် ကျင့်သုံးကြောင်း ထုတ်ပြန် ထားပါသည်။ PNFC အနေဖြင့် လက်ရှိတွင် ပအိုဝ်းအမျိုးသား များ၏ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး နှင့် စစ်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ လုပ်ဆောင်လျက် ရှိကြောင်း သိရှိရပါသည်။

(၂) တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ – TPCC

တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ တအောင်းပြည်အတွင်း လူထုအခြေပြု တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ ဝိုင်းဝန်းသုံးသပ်ခြင်း၊ ဒေသ/မြို့နယ်တွင် ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် တအောင်းပြည် အစိုးရတွင် ပြုသူလူထုပါဝင်သည့်အစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။ ဆွေးနွေးပွဲများကို ကွတ်ခိုင်မြို့နယ်၊ မိုင်းဝီးမြို့နယ်နှင့် နမ့်ခမ်း မြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။ တအောင်း(ပလောင်)အမျိုးသားပါတီညီလာခံကို တအောင်းပြည်တွင် အောင်မြင်စွာကျင်းပခဲ့ကြကြောင်း သိရှိ ရပါသည်။ ညီလာခံတွင် စစ်ကောင်စီမှဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် တအောင်း (ပလောင်) အမျိုးသားပါတီ အနေဖြင့် ကန့်ကွက်ကြောင်းနှင့် တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC မှ ဦးဆောင် အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံ အဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

(၃) ချင်းလဲန်းကောင်စီ (Chinland Council)

ချင်းလဲန်းကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းပြီး ဦးဆောင် လမ်းညွှန်ခဲပါသည်။ ချင်းပြည်အစိုးရအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ချင်းပြည်လွှတ်တော်သည် တော်လှန်ရေးကို အထောက်အကူပြုစေမည့် ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပါသည်။ ချင်းပြည်တရားလွှတ်တော်ချုပ်သည် တရားဥပဒေစိုးမိုးရေးပိုမို အားကောင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ချင်းလဲန်း ပြည်သူများသည် အမျိုးသား ကိုယ်ပိုင်ပြဌါန်းခွင့်ကို လက်တွေ့ကျင့်သုံးနေပြီး ဒီမိုကရေစီစနစ်ကိုလည်း အကောင်အထည်ဖော် ကျင့်သုံးနေကြောင်း Chinland Council ဥက္ကဌ Pu Zing Cung ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်အထိ ချင်းပြည်အတွင်းတွင် စစ်ကောင်စီ ထိန်းချုပ်နိုင်သည့် မြို့(၄)မြို့သာ ကျန်ရှိတော့ကြောင်း ချင်းလဲန်းပြည်သူများအနေဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို မဆုတ်မနစ်အားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။ ချင်းလဲန်းပြည်သူများ အနေဖြင့် တော်လှန် ရေးကာလအတွင်း ချင်းတော်လှန်းအုပ်စုများအကြားဖြစ်စေ၊ ချင်းပြည်သူလူထုအကြားဖြစ်စေ ပိုမို ညီညွတ် ကြရမည်ဖြစ်သည့်အပြင် ချင်းလဲန်းလွတ်မြောက်ရေးအတွက် ချင်းလူမျိုးအားလုံး စုစည်းဆောင်ရွက် ကြရန် ချင်းလဲန်းကောင်စီဥက္ကဌမှ ဆက်လက် တိုက်တွန်းခဲ့ပါသည်။ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ လုပ်ရန် အခွင့်အာဏာမရှိကြောင်း၊ “လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ” ဖြစ်မည်မဟုတ်ကြောင်း၊ ချင်းပြည် သူများအနေဖြင့်လည်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။

(၄) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)သည် ကရင်နီပြည် ကြားကာလအစီအမံနှင့် အညီ ကရင်နီပြည်သူလူထု အလွှာစုံပါဝင်သည့် ညီလာခံကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ KSCC သည် ကရင်နီပြည် ကြားကာလပညာရေး မူဝါဒ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြု ပြဌါန်းနိုင်ခဲ့သည်။ ကြားကာလ ပညာရေးမူဝါဒတွင် ရှေးဦးကလေး သူငယ်ပညာရေးမူဝါဒ၊ အခြေခံပညာရေးမူဝါဒ၊ အဆင့်မြင့်ပညာရေးမူဝါဒ၊ အသက်မွေးဝမ်းကြောင်း ပညာရေးမူဝါဒ၊ ပုဂ္ဂလိက ပညာရေးမူဝါဒ နှင့် အထူးအစီအမံ ပညာရေးလုပ်ငန်းစဉ်များ ပါဝင်သည်။ ကြားကာလ ကျန်းမာရေးမူဝါဒ ကိုလည်း ပြဌါန်းနိုင်ခဲ့ပါသည်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီအနေဖြင့် ကရင်နီပြည်၏ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးနှင့် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေး အစုအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ကရင်နီပြည်သူများအတွက် အရေးကြီး လိုအပ်နေသော မူဝါဒများ ရေးဆွဲခြင်း တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီမှ ကရင်နီပြည်တွင် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအား အပြည် ပြည်ဆိုင်ရာ တရားရုံးတွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် အတူတကွ ပူးပေါင်းကြိုးပမ်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း သိရှိရပါသည်။

 

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ

၄) တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ

၅) ဖက်ဒရယ် ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ

Related Articles

Back to top button