
ကချင်အမျိုးသမီးကလေးငယ် (၃) ဦးကို ဖမ်းဆီးသတ်ဖြတ်သူအား နစ်နာသူမိသားစုတို့ တရားစွဲအရေးယူဖို့ ပြင်ဆင်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၆၊ ၂၀၂၅
တရုတ်-မြန်မာနယ်စပ် KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ဘေးရှောင်စခန်းက အသက် (၁၀)နှစ်အရွယ် ကချင် အမျိုးသမီး ကလေးငယ် (၃) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ က ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ကလေးငယ် (၃)ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ဦးအွန်းဆောင် လဒွဲကို ရက်တချို့အကြာမှာတော့ KIO အာဏာပိုင်များက စုံစမ်းဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဦးအွန်းဆောင် လဒွဲဟာ ကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့တယ်လို့ KIO အာဏာပိုင်နဲ့ မိသားစုတွေဘက်က အများပြည်သူကို အသိပေးထားပါတယ်။
အခုတော့ ဝန်ခံသူ ဦးအွန်းဆောင် လဒွဲကို KIO ဗဟိုတရားရုံးမှာ နစ်နာသူ မိသားစုများက တရားစွဲဆိုဖို့ အရေးယူနိုင်ဖို့ ပြင်ဆင်နေပြီး ဖမ်းဆီးသတ်ဖြတ်မှုရဲ့ နောက်ဆက်တွဲအခြေအနေများကို ဆက်လက် စစ်ဆေး မေးမြန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးကတော့ “ ဒီ ဦးအွန်းဆောင် လဒွဲက သူကိုယ်တိုင် ကလေး ငယ်(၃) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံထားပြီးပြီ၊ ဒါပေမယ့် ဒီကိစ္စက နည်းနည်း ရှုပ်ထွေးနေတော့ ဖမ်းဆီးသတ်ဖြတ်မှုရဲ့ နောက်ဆက်တွဲ အခြေအနေများကို ဆက်လက် စစ်ဆေး မေးမြန်း နေတယ်။ အဲဒါပြီးရင်တော့ နစ်နာသူ မိသားစုတွေဘက်က လိုင်ဇာ KIO ဗဟိုတရားရုံးမှာ တရားစွဲ အရေးယူဖို့ ပြင်ဆင် နေကြောင်း သိရတယ်” လို့ ပြောပါတယ်။
လက်ရှိ ဝန်ခံသူ ဦးအွန်းဆောင် လဒွဲကိုတော့ လိုင်ဇာ ရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပြီး ဒီအမှုနဲ့ ဆက်စပ်သူတွေကို ဆက်လက် ဖော်ထုတ်နိုင်ဖို့ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တယ်၊ အဲဒါပြီးရင်တော့ အရေးယူတဲ့ ကဏ္ဍကို ဆက်သွားကြမှာ ဖြစ်တယ်လို့ သတင်းအရင်း အမြစ်တွေဆီကနေ သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အခုလို ကလေးငယ် (၃)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ရပ်ဟာ ဝန်ခံသူ ဦးအွန်ဆောင် လဒွဲက တရုတ်လူကုန်ကူး အဖွဲ့တစ်ခုနဲ့ ချိတ်ဆက်မိပြီး ခက်ခဲနေတဲ့ မိသားစု စားဝတ်ရေးကို ဖြေရှင်းဖို့ အဲဒီတရုတ်လူကုန်ကူးအဖွဲ့ကို ဖမ်းဆီးထားတဲ့ ကလေးငယ်တွေကို ပေးပို့ ဖမ်းဆီထားစဉ် အတွင်း သတ်ဖြတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဝန်ခံသူ ဦးအွန်းဆောင် လဒွဲ၏ အမျိုးသမီး ကျောင်းဆရာမ၏ တပည့် များဖြစ်တဲ့ ၁)မနန်းဇိန်းဂျီးဆန်မိုင် (Nangzing Ji San Mai) အသက်-၁၀နှစ်၊ ၂) မဖောင်ယမ်ဆွတ်ဆိုင်းအိန် (Hpauyam Sut Seng Ing) အသက်-၁၁နှစ်၊ ၃) မလထော်ရွယ်ဂျီ (Lahtaw Roi Ji) အသက်- ၁၀နှစ် တို့ဟာ ၎င်းတို့ ဆရာမထံသို့ စာမေးပွဲအတွက် စာလေ့လာဖို့ နေအိမ်မှ ထွက်သွားကြစဉ် ပျောက်ဆုံးသွားပြီးနောက် ၃ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ KIO အာဏာပိုင်များက ဖော်ထုတ်ခဲ့ပြီး ဝန်ခံသူ ဦးအွန်းဆောင် လဒွဲက သတ်ဖြတ်ထားတဲ့ နေရာကို ညွန်းပြခဲ့သောကြောင့် ကလေးငယ်များ၏ ရုပ်အလောင်းများကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ