သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ | လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် မေလ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

  လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် မေလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖက်ဒရယ်ဂျာနယ်-မြန်မာမှ လစဉ် လေ့လာပြုစု၍ ထုတ်ပြန်လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ် မေလ အတွင်း အာဏာသိမ်း မှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးရဲဘော်များ နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ့ အိုးအိမ် ပျက်စီးမှု၊ အရပ်သား ပြည်သူများ သေဆုံးမှုများ နှင့် တော်လှန်ရေး တပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ တပ်စခန်းများကို စုစည်း တင်ပြ ထားပါသည်။

အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ
(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၄ ခုနှစ် မေလအတွင်း တိုင်းရင်းသား ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲကြီးငယ် အကြိမ်ပေါင်း (၂၂၀) ကျော်ဖြစ်ပွားခဲ့ရာ ကချင်ပြည်တွင် (၅၁) ဝန်းကျင်ထိ အများဆုံး ဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင် (၆၄) ကြိမ်နှင့်အထက်၊ ကချင်ပြည်တွင် (၅၁) ကြိမ်နှင့်အထက်၊ ကရင်ပြည်တွင် (၄၆) ကြိမ်ခန့်၊ ချင်းပြည်တွင် (၁၀) ကြိမ်ကျော်၊ ကရင်နီပြည်တွင် (၁၆) ကြိမ်ခန့်၊ ရှမ်းပြည်တွင် (၁၂) ကြိမ်ထက်မနည်း အသီးသီး ဖြစ်ပွားခဲ့သည်။

မေလ အတွင်း စစ်ကောင်စီတပ်သားပေါင်း (၃၉၁) ကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်တွင် (၁၉၀) ဦးနှင့် ကချင် ပြည်တွင် (၁၁၂) ဦးထိ အများဆုံး သေဆုံးမှု ရှိခဲ့ပါသည်။ ကရင်နီပြည်တွင် စစ်ကောင်စီ စစ်သား (၃၁) ဦးထက်မနည်း၊ ချင်းပြည်တွင် (၂၃) ဦးခန့်၊ ကရင်ပြည်တွင် (၂၀) ဦးထက်မနည်း၊ မွန်ပြည်တွင် (၉) ဦးထက်မနည်း၊ ရှမ်းပြည်တွင် (၆) သေဆုံးမှုရှိခဲ့သည်။ တိုင်းရင်းသား ဒေသများတွင် တော်လှန်ရေးတပ်သားပေါင်း (၄၀) ဦးခန့် ကျဆုံးခဲ့ပြီး ချင်းပြည်နယ်တွင် (၁၇) ဦး၊ ကရင်ပြည်တွင် (၁၄) ဦး၊ ရှမ်းပြည်တွင် (၁) ဦး၊ ကရင်နီနှင့် ကချင်ပြည်တွင် (၄) ဦးစီ ကျဆုံးမှု ရှိခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ
(၁) ကချင်ပြည်

မေလအတွင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)၊ KPDF၊ AA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိတွေ့မှု တိုက်ပွဲပေါင်း (၅၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ်အတွင်းရှိ အင်ခရမ် (Nhkram)၊ ကဂမ်( kagam)၊ ဆမား (Sama)၊ ငါ့ဂယန် (Nga gyang)၊ ဂိဒုန်(Gidon) နဲ့ တစ်ရုတ်နယ်စပ်ဘက်ရှိ ပုန်းလိန်စသည့် စစ်ကောင်စီ၏ အဓိက အရေးပါသော ဗျူဟာမြောက် ခြေကုတ်စခန်းကြီးများနှင့်အတူ စခန်းကြီး၊စခန်းငယ် စုစုပေါင်း (၁၀) ခုကျော်ကို သိမ်းပိုက် နိုင်ခဲ့ပါသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ အတွင်းရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် ကာကင်းဂိတ်များကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသည်။ တနိုင်းမြို့နယ်၊ နမ့်ဗျူ ရွှေမှော်ရှိ နမ့်ဗျူ(Nambyu) စစ်ကောင်စီတပ်စခန်း၊ ဆွမ်ပရာဘွမ်မြို့အနီးရှိ ခလရ (၄၆) တပ်ရင်း၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာရှိ စစ်ကောင်စီ၏ ခမရ (၃၂၁) တပ်ရင်းတို့ကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၂) ချင်းပြည်

မေလအတွင်း ချင်းပြည်တွင် စစ်ကောင်စီနှင့် ချင်းအမျိုးသား တပ်မတော် (CNA)၊ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့များ (CDFs) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။

 ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည်  ချင်းပြည်-အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အကြားရှိ နယ်စပ်မြို့ဖြစ်သည့် ကျီခါးမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့် အပြင်၊ တွန်းဇံမြို့ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်စခန်းကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါသည်။ ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ချင်းပြည်ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များတွင် CDF-Tonzang, CNA, CDF-Thantlang, PDA (Tedim), CDF CDM-Siyin, CDF-Hualngoram, YPDF (Yaw), Asho Chin Defence Force (ACDF), CDF-Hakha, CDF-Zanniatram၊ CDF-Matupi စသည့် ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပါဝင်လျက် ရှိပါသည်။ ချင်းညီနောင် မဟာမိတ်အဖွဲ့များ (Chinbrotherhood-CB) အနေဖြင့်လည်း ချင်းပြည်နယ် တီးတိန်မြို့ကို ထိုးစစ်ဆင်လျက် ရှိပါသည်။

(၃) ကရင်နီပြည်

မေလအတွင်း ကရင်နီပြည်တွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း (၁၆) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ ပါသည်။

ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများ၊ စစ်ကောင်စီ၏ ခလရ (၁၃၄) နှင့် ဖလရ (၁၃၅) စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။ ကရင်နီပြည်အတွင်း မြို့သိမ်းတိုက်ပွဲနှင့် စခန်းသိမ်း တိုက်ပွဲများတွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကြယ်ဖြူ (KNSO)၊ ကရင်နီပြည်တပ်မတော် KA၊ Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့ ၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့ စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ပါဝင်လျက်ရှိပါသည်။

(၄) ကရင်ပြည်

မေလအတွင်း ကရင်ပြည်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိတွေ့မှု တိုက်ပွဲပေါင်း (၄၆) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာ ခရိုင်/တပ်မဟာ (၆) ဝင်းရေးမြို့နယ် တောင်စွန်း (လေးနော်) ရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်အတွင်းရှိ ဘောကထ စစ်ကောင်စီတပ်စခန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နယ်မြေစိုးမိုးရေး အပြည့်အဝ ရရှိရန် လုပ်ဆောင်နေသော KNLA အနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တပ်မဟာ (၃) နယ်မြေအတွင်း စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲလာသည်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီ စခန်း စုစုပေါင်း (၁၇) ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်ဘက်က စွန့်ခွာသွားသော စခန်းပေါင်း (၁၀) ခုအထိ ရှိလာပြီဖြစ်ကြေင်း KNU တပ်မဟာ (၃) မှ တာဝန်ရှိသူ တစ်ဦးက ကရင်သတင်းမီဒီယာများထံ ဖြေကြားချက်မှ သိရှိရပါသည်။        

(၅) မွန်ပြည်

မေလအတွင်းတွင် မွန်ပြည်တွင် စစ်ကောင်စီနှင့် မွန်ပြည်ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း၊ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ တစ်ဖက် ထိတွေ့တိုက်ခိုက်မှုပေါင်း (၂၁) ကြိမ်ထက်မနည်း ရှိခဲ့ပါသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ ပူးပေါင်းပြီး စစ်ဖက်ဆိုင်ရာ အချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွားရန် စစ်ဆင်ရေး တိုက်ပွဲများ ပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန် သဘောတူလျက် စစ်ရေးပူးပေါင်းဆောင်ရွက်မှု စတင်လုပ်ဆောင်လျက် ရှိပါသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုန်ကျွန်း အောက်ဆိပ်တွင်လည်း စစ်ကောင်စီ တပ်နှင့် မွန်ပြည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် စစ်ရေး ပြင်းထန်လျက် ရှိပါသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့များတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်လျက်ရှိပါသည်။

(၆) ရှမ်းပြည်

မေလအတွင်း ရှမ်းပြည်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိတွေ့မှု တိုက်ပွဲပေါင်း (၁၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ် မိုးဗြဲ နှင့် ဖယ်ခုံဒေသများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ ဖြစ်ကြသည့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀၀၆) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပျားစစ်ကြောင်း၊ မှော်ဘုရင်စစ်ကြောင်း နှင့် LPDF နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်း ကျေးရွာ၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာနှင့် ဖယ်ခုံမြို့ရှိ တပ်စခန်းများတွင်လည်း အမြောက်တပ်များ တပ်စွဲလျက်ရှိပြီး ‌ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာ၊ တောင်ပို့ကွဲ ကျေးရွာ၊ ပင်လောင်းမြို့နယ် နန်းတုတ် ကျေးရွာများတွင် ရှမ်းပြည်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ် PDF များနှင့် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပါသည်။

(၇) ရခိုင်ပြည်

မေလအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပါသည်။ အာရက္ခတပ်တော် (AA) အနေဖြင့် အမှတ် (၁၅) စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင် စစ်ဗျူဟာ၊ နယ်ခြားစောင့်တပ်ဌာနချုပ် နခခ (၈)၊ နခခ(၃) အပါအဝင် တပ်ရင်းပေါင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင် မြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်၊ ခမရ (၅၅၁) တပ်ရင်း၊ နခခ (၃) ဌာနချုပ်၊ နခခ (၈) ဌာနချုပ်၊ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) တပ်ရင်း၊ ဘူးသီးတောင် ဗျူဟာဌာနချုပ်၊ အမြောက်တပ် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း စသည့် စခန်းပေါင်းများစွာကို ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပါသည်။

အပိုင်း (၂)
အရပ်သားပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ
(က) အရပ်သားပြည်သူ သေဆုံးမှု

၂၀၂၄ ခုနှစ်မေလ အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြှုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ သေဆုံးမှုမှာ (၁၁၈) ဦးထက်မနည်း ရှိခဲ့ပါသည်။ ရခိုင်ပြည်တွင် အရပ်သား သေဆုံးမှု (၆၈) ဦးဖြင့် အများဆုံးဖြစ်သည်။ ချင်းပြည်တွင် (၁၄) ဦး၊ ကချင်ပြည်တွင် (၁၃) ဦး၊ ကရင်နီပြည်တွင် (၉) ဦး၊ မွန်ပြည်တွင် (၉) ဦးနှင့် ကရင်ပြည်နယ်တွင် (၅) ဦး စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးရှိခဲ့ပါသည်။

(ခ) အိုးအိမ် ပျက်စီးမှု

၂၀၂၄ ခုနှစ် မေလအတွင်း တိုင်းရင်းသား ဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သား နေအိမ်များ (၄၁၉) လုံးနှင့်အထက် ပျက်စီးခဲ့ပါသည်။

ရခိုင်ပြည်တွင် (၁၀၃) ကျော်၊ ကချင်ပြည်တွင် (၁၀၀) ခန့်ဖြင့် ပထမနှင့် ဒုတိယ အများဆုံး ပြည်သူ့အိုးအိမ်များ ပျက်စီးခဲ့ပြီး ချင်းပြည်တွင် (၉၉) လုံးခန့်၊ ကရင်နီပြည်တွင် (၉၄) လုံးခန့်၊ ကရင်ပြည်တွင် (၁၉) လုံးခန့် နှင့် မွန်ပြည်တွင် (၄) ခန့် အသီးသီး ပျက်စီး ဆုံးရှုံးမှုရှိခဲ့ပါသည်။

 

ကိုးကားချက်များ –
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ
၄) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ

 

-၀-ဖက်ဒရယ်ဂျာနယ်-မြန်မာမှ ပြုစုသည်။-၀-

Related Articles

Back to top button