သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသား ဒေသ အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသား ဒေသ အခြေအနေများ

သုံးလ ကာလအတွင်း စုစည်းတင်ပြခြင်း

(၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလ အထိ)

 
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာ ပြုစု၍ ထုတ်ပြန်လျက် ရှိသည်။ ယခု စာတမ်းတွင် ၂၀၂၄ ခုနှစ် ဖေ‌ဖော်ဝါရီလ၊ မတ်လ နှင့် ဧပြီလ (၃)လ အတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ‌ဒေသများတွင် နှစ်ဘက်ထိခိုက် သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှု၊ နေရပ် စွန့်ခွာမှုများနှင့် တိုင်းရင်းသားဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေးကောင်စီတို့၏ ဖြစ်ပေါ်တိုး တက်မှုများကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။
 
အပိုင်း (၁)
 
(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်ဖွဲ့မှ သေဆုံးမှုများ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လ နှင့် အောက်တိုဘာလ သုံးလတာအတွင်း တိုင်းရင်းသား ပြည်နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း (၉၅၂ ) ကြိမ်ကျော်ရှိခဲ့ရာ ကရင်ပြည်တွင် (၄၂၀) ကြိမ်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ မွန်ပြည်နယ် တွင် (၁၆၀) ကြိမ်နှင့် ကရင်နီပြည်တွင် (၁၂၉)ကြိမ်စသည့်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤသုံးလ အတွင်း စစ်ကောင်စီတပ်သား (၁၂၅၄) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ များဘက်မှ (၁၇၀) ဦးခန့် ကျဆုံးခဲ့သည်ဟု တွေ့ရှိရသည်။
 
(၁) ကချင်ပြည်
 
ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇၄)ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၂၇၂) ဦးသေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့မှ တော်လှန်ရေးတပ်သား (၂၃) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။
 
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုအဖွဲ့များသည် ကချင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်း၊ ကချင်ပြည်နယ် မံစီနှင့် မန်ဝိန်းကြား ဘလောင်ဒိန်ဆာ တပ်စခန်း၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာ နန့်ရေတောင်ကုန်းရှိ ခမရ (၁၁၉) တပ်စခန်းများ၊ ဖွန်းပရန်ဘွမ့်စစ်တပ်စခန်း၊ မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန် (Hangkai Bum) ခလရ (၁၄၂) တပ်စခန်း၊ ဒိန်ဝါရီမ် (Ding Wa Rum) တပ်စခန်း၊ ကသိုဏ်းတောင် (Karen Bum) တပ်စခန်း၊ မိုးမောက်နယ် ဒါဘိုင်း (Dasai) တပ်စခန်း၊ ကချင်ပြည်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်း များနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်း၊ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း”၊ ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ် ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Malimyen dap) ၊ လဂျားယန်ဒေသ ရှိ မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန်တပ်စခန်း၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ ဖြစ်သည့် မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း (တာဝါတိုင် ကုန်း)နဲ့ လုံဂျာဘွမ့် တပ်စခန်း (၄) ခု၊ယော်ယုံဘွမ့် (Yaw Yung Bum) နဲ့ မဒါးဘွမ့် (Mada Bum) တပ်စခန်း၊ စိန်လုံဘွမ့်(Sinlum Bum) စစ်တပ်ဗျူဟာကုန်း၊ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်း စသည့် စစ်ကောင်စီ တပ်စခန်းပေါင်း (၇၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။
 
(၂) ချင်းပြည်
 
သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၄၅) ကြိမ်၊ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၁၁)နှင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၅၀)အထက် သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
 
ချင်းပြည်နယ်တွင် “ချင်းညီနောင်” စစ်ဆင်ရေးအမည်ဖြင့် မတ်လ (၇)ရက်နေ့တွင် စတင်အမည်ကို ပြောင်းလဲခဲ့ကြသည့် စစ်ဆင်ရေးတွင် ချင်းညီနောင်အဖွဲ့ဝင်များ ဖြစ်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ-တပ်မဟာ-၁)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်-CNDF, ပြည်သူ့ကာ ကွယ်ရေးတပ်-ဇိုလဲန်း(PDF-Zoland) တို့သည် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ အာရက္ခတပ်တော် (AA)၊ (PDF)၊ (LPDF) များနှင့်အတူ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို တိုက်ခိုက်ပြီး စစ်ဆင်ရေး ကာလ (၅၄) ရက်အကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
 
(၃) ရှမ်းပြည်
 
သုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၇၉) ကြိမ်ရှိရာ၊ စစ်ကောင်စီတပ်သား သေဆုံးမှု (၂၁၀) ဦး နှင့်အထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖက်မှ ကျဆုံးမှု (၂၄) ဦးအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
 
ရှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီအကြား (၃)လ အကြာ တိုက်ပွဲများ ဖြစ်ပွား လျက် ရှိသည်။ သျှမ်း-ကရင်နီ နယ်စပ်ဒေသရှိ မိုးဗြဲမြို့၊ ဖယ်ခုံ-ပင်လောင်း ဒေသ များတွင်လည်း စကစ တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း ဖြစ်သည့် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့များတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ၏ တဖက်သတ် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ့အိုးအိမ် အများအပြား ပျက်စီးခဲ့ပြီး အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။
 
(၄) ကယား (ကရင်နီ) ပြည်
 
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၂၉) ကြိမ်၊ စစ်ကောင်စီတပ်သား သေဆုံးမှု (၃၇၂) ဦးနှင့်ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သား (၇၄) ဦး ကျဆုံးမှု အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
 
ကရင်နီပြည်နယ်နှင် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့်ကရင်နီတပ်မတော် (KA) တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ အခြား သော ကရင်နီဒေသ အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီ တပ်တို့ အကြား နှစ်ဘက် ထိတွေ့မှု တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် ကရင်နီ အပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်သော ကရင်နီ-ထိုင်း နယ်စပ်တစ်လျှောက်နှင့် သံလွင် အရှေ့ ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း (၆၅) ခုကျော် တို့ကို ထိန်းချုပ်နိုင်ခဲ့ပါသည်။
 
(၅) ကရင်ပြည်
 
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကော်သူးလေ အုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့ပစ်ခတ်မှု (၄၂၀) ကြိမ်နှင့်အထက်၊ စစ်ကောင်စီတပ်သား သေဆုံးမှု (၁၂၇) ဦးနှင့် အထက်၊ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၁၂) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
 
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ သည် မောထတပ်စခန်း၊ ခလရ-၁၀၃ တပ်စခန်း၊ ခလရ-၂၇၅ တပ်စခန်း၊ စစ်ကောင်စီလက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ခမရ (၃၅၅) တပ်စခန်း၊ မြဝတီ/ သင်္ဃန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်စခန်း စသည့် တပ်စခန်းများ ကို အပြီးသတ် သိမ်းပိုက်နိုင်ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
 
(၆) မွန်ပြည်
 
သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၆၀) ကြိမ် ထက်မနည်း ရှိခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုနှင့် စစ်ကောင်စီတပ်သား များ သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ပါ။
 
မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အနေဖြင့် သုံးလအတွင်း ဖမ်းဆီး ခံရသူ (၄၂) ဦး၊ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်မှာ ဘီးလင်းမြို့နယ်တွင် (၁၂,၉၅၃) ကျော်၊ ကျိုက်မရော မြို့နယ်တွင် (၈၃,၅၀၀) ကျော်၊ သထုံမြို့နယ်တွင် (၁,၀၆၂) ကျော် အသီးသီး မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
 
(၅) ရခိုင်ပြည်
 
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ထိတွေ့ပစ်ခတ်မှု (၃၃) ကြိမ်နှင့် အထက်၊ စစ်ကောင်စီတပ်သား သေဆုံးမှု (၂၂၃) ဦးနှင့်အထက်၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ ပူးပေါင်း တပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၆) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
 
အာရက္ခတပ်တော် (AA) သည် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှ မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်း၊ ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ ဘူးသီးတောင် အခြေစိုက် ခမရ (၅၅၂) တပ်ရင်း၊ တောင်ဘဇာ တပ်စခန်း၊ ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများ ဖြစ်သည့် ခမရ (၅၃၆) (၅၃၇) (၅၃၈) တပ်စခန်းများ၊ ရမ်းဗြဲမြို့၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀)၊ မောင်တောမြို့နယ်၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီ တပ်စခန်း စသည့် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပါသည်။
 
(ခ) အရပ်သား ပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ
 
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလအထိ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကြောင့် ထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သား သေဆုံးမှု စုစုပေါင်း (၂၈၀) ဦးခန့် နှင့်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုများကြောင့် အရပ်သား အိမ်ခြေ စုစုပေါင်း(၁၁၀၀)ခန့် ပျက်စီးမှုအား မှတ်တမ်း တင်နိုင်ခဲ့သည်။
ဤသုံးလတာ ကာလအတွင်း ရခိုင်ပြည်တွင် အရပ်သား သေဆုံးမှု အများဆုံးဖြစ်ပြီး ပြည်သူ (၆၆) ဦး သေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ရှမ်းပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံး ဖြစ်ကာ (၅၂) ဦးနှင့် ကရင်နီပြည်သည် အရပ်သား သေဆုံးမှု (၄၄) ဦးဖြင့် တတိယအများဆုံး ဖြစ်ပြီး ကရင်ပြည်တွင် (၄၃) ဦး၊ ချင်းပြည်တွင် (၃၃) ဦး၊ မွန်ပြည်တွင် (၂၆) ဦးနှင့် ကချင်ပြည်တွင် (၁၆) ဦး စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
 
ပြည်သူ့အိုးအိမ် ပျက်စီးမှု အနေဖြင့်မူ ချင်းပြည်တွင် အများဆုံးဖြစ်ပြီး (၃၀၁) လုံး၊ ကရင်ပြည် တွင် ဒုတိယအများဆုံးဖြင့် (၂၉၉) လုံး၊ ရှမ်းပြည်တွင် (၂၂၅ ) လုံးဖြင့် တတိယ အများဆုံးဖြစ်ကာ၊ ကရင်နီပြည်တွင် (၁၅၃) လုံး၊ မွန်ပြည်တွင်(၉၁)လုံး၊ ကချင်ပြည်တွင် (၂၀) လုံးနှင့် ရခိုင်ပြည်တွင် (၁၀) လုံး စသည်ဖြင့် အသီးသီး ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ပါသည်။
 
အပိုင်း (၂)
 
ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ
(၁) ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC
 
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) သည် ဤသုံးလတာ ကာလအတွင်း နိုင်ငံရေးအရ တိုးတက်မှု အနေဖြင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၏ (၇၅) နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့အား မတ်လ ၂၄ ရက်၊ ၂၀၂၄ တွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် ဝန်ကြီးဌာန များမှ သဝဏ်လွှာပေးပို့ခဲ့ကြပါသည်။
 
ပအိုဝ်းလူငယ်များ အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်း ဉပဒေကို ဆန့်ကျင်ပြီး PNFC နှင့် လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်ထားပြီး စစ်အာဏာရှင် လက်အောက်တွင် အသက်ပေး ကျွန်ခံပြီး ဖက်ဒရယ် ဒီမိုကရေစီ မရနိုင်တာကြောင့် ပြည်သူနှင့်အတူ ရပ်တည်ရန် ပအိုဝ်း ပြည်သူ့စစ် (PNO/A)ကို PNFC အတွင်းရေးမှူး-၂ ခွန်ဝေထူးက ထိုနေ့တွင် တိုက်တွန်းပြောဆိုခဲ့သည်။
 
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်မှ (၁၀) ရက်နေ့အထိ လွတ်မြောက်ရေး နယ်မြေတွင် ကျင်းပ ခဲ့ပြီး မျက်နှာစုံညီ အစည်းအဝေးကိုမဏ္ဍိုင် (၅) ရပ် ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဒေသခံပအိုဝ်း ပြည်သူများ၊ အထူးဖိတ်ကြားထားသူများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရး၊ လူထုအရေး၊ ဖက်ဒရယ်အရေးနှင့် ပအိုဝ်းဒေသများအရေးကို အလေးထား ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။
 
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို ယာယီ အတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပဠိညာဉ် (Federal Democracy Charter – FDC)ကို အကြံပြုချက်များဖြင့် ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။
 
အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် စစ်ရှောင်ပြည်သူများအရေး၊ ပအိုဝ်းပြည်သူများအား လက်ကိုင်တုတ် များ လူသားဒိုင်းများအဖြစ် အသုံးချခံနေရခြင်းမှ လွတ်မြောက်နိုင်ရေး၊ ပအိုဝ်း အချင်းချင်းအကြား ပဠိပက္ခ မဖြစ်စေရေး၊ ခမ်းဒွမ်နှင့် ခမ်းကောင် ညီညွတ်ရေးမှသည် ပအိုဝ်း တမျိုးသားလုံး ညီညွတ်ရေး ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားပါသည်။
 
ပအိုဝ်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – ခမ်းဒွမ် (PDF-KD)၊ တပ်နယ် (၁) (၂) နှင့် ပအိုဝ်း အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF-KK) တပ်နယ် (၃) တို့အကြား စစ်ရေးဆိုင်ရာ ပူးတွဲ ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
 
(၂) တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ – TPCC
 
တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) သည် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ပြီး တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ၏ တစ်နှစ်တာ လှုပ်ရှားမှု လုပ်ငန်း အစီရင်ခံစာကို ပြန်လည် သုံးသပ်ခြင်း၊ ကော်မတီ၏ စုဖွဲ့မှု ပုံစံကို သုံးသပ်ဆွေးနွေးခြင်း၊ လက်ရှိ တော်လှန်ရေးနှင့် နိုင်ငံရေး အခင်းအကျင်းအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ် ခဲ့ကြသည်။
 
တ‌အောင်းဒေသ လက်ရှိနိုင်ငံရေး အခြေအနေနှင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အရ တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ TPCC ၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော တအောင်း (ပလောင်) ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစဉ်ကို ဆက်လက်မထားရှိတော့ရန်နှင့် ၁၀၂၇ စစ်ဆင်ရေးတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှ သိမ်းပိုက်ရရှိသော မြို့များနှင့် စီမံအုပ်ချုပ်နေသည့် မြို့နယ်များတွင် အရပ်ဘက် အုပ်ချုပ်ရေးကို အုပ်ချုပ်မည့် အစိုးရ တစ်ရပ် အမြန်ဆုံး ပေါ်ထွန်းနိုင်ရေး အတွက် တ‌အောင်းပြည် တော်လှန်ရေး ကြားကာလ အစိုးရ အစီအမံ (Ta’ng Land Government Arrangement for Revolution Period) တရပ် ရေးဆွဲဆွေးနွေး သုံးသပ်ခဲ့ပြီး မူကြမ်းအဖြစ် လက်ခံ အတည်ပြုကာ အစီအမံကို ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို သ‌ဘောတူ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
 
(၃) မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC)
 
မွန်ပြည် ဖက်ဒရယ် ကောင်စီ (MSFC) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP – AD) တို့သည် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး NMSP-AD နှင့် MSFC တို့သည် နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေး အပါအဝင် အခြား ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထည်ဖော် ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားပြီး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ နှစ်ဦးနှစ်ဖက် ဆက်လက် ဆွေးနွေးနိုင်ရန် “လုပ်ငန်းညှိနှိုင်းရေးအဖွဲ့” ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာခဲ့ကြပါသည်။
 
မွန်ပြည် ဖက်ဒရယ်ကောင်စီ၊ မွန်ပြည် တော်လှန်ရေးတပ်သည် မွန်ပြည် ကာကွယ်ရေးတပ် တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ တာဝန်ရှိသူအချို့မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တွင်ပါဝင်ပြီး နိုင်ငံရေး တာဝန်များကို ပူးပေါင်းတာဝန်ယူသွားမည် ဖြစ်ကြောင်း၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲ ဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ် တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန် သဘောတူကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
 
(၄) ချင်းလဲန်းကောင်စီ (Chinland Council)
 
ချင်းပြည် (Chinland)ကောင်စီ ညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီ အစည်းအဝေးကို ချင်းလုံမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဉပဒေအရ ရွေးချယ်တင်မြှောက်ရေး ကောင်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အမည် စာရင်းများကို အတည်ပြုပြီး ချင်းပြည် (Chinland) လွှတ်တော် အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်ကို ဖွဲ့စည်း အတည်ပြု နိုင်ခဲ့ကြသည်။
 
ချင်းအမျိုးသားရေး တပ်မတော် တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထု တစ်ရပ်လုံး လက်တွဲ ပူးပေါင်းပါဝင်ပြီး ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံ ဉပဒေပါအတိုင်း အရှိန်အဟုန်မြှင့် အားသွန်ခွန်စိုက် အကောင်အထည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
 
မဏ္ဍိုင်ကြီး(၃)ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည် သူလူထု၏ ရေးရာကိစ္စအဝဝကို စီမံဆောင်ရွက်သွားရန်နှင့် အာဏာရှင် စနစ်မှန်သမျှ အမြစ်ဖြတ် ချုပ်ငြိမ်းရေး၊ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးတို့တွင် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ပြီး ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်သော ကာကွယ်ရေး တပ်ဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
 
ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဉပဒေ အရ ချင်းပြည် (Chinland) ကောင်စီသည် ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို ဝန်ကြီး (၁၆)ပါးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ တစ်ဆက်တည်းတွင် ချင်းပြည် (Chinland) လွှတ်တော်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။
 
ချင်းပြည် (Chinland) အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံကိန်းကို ချမှတ်နိုင်ခဲ့ပြီး မြို့နယ်နှင့် ဒေသများမှ ပြည်သူ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နေ ကြသော ဒေသန္တရအစိုးရ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေး ယန္တရားများ စနစ်တကျ လည်ပတ်နိုင်ရေး၊ ပြည်သူ့လုံခြုံရေးနှင့် တရားဉပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမျိုးသား ဉီညွတ်ရေး အစိုးရ (NUG) ၊ ဖက်ဒရယ်ယူနစ် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားပါသည်။
 
ချင်းပြည် (Chinland) ကောင်စီဦးဆောင်အဖွဲ့ ကြီးကြပ် ဦးဆောင်မှုဖြင့် Senthang လူထုညီလာခံကို ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး Senthang Central Council/ Senthang Revolution Force ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။
 
(၅) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)
 
ကရင်နီပြည် အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှ စတင်ပြီး (က) ကရင်နီပြည် အတွင်းရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ အစုအဖွဲ့၊ (ခ) နိုင်ငံရေး ပါတီ ကိုယ်စားပြု အစုအဖွဲ့၊ (ဂ) ကရင်နီပြည် ဥပဒေပြုရေးကော်မတီ ကော်မတီဝင်များ အစုအဖွဲ့၊ (ဃ) လူငယ်များ အင်အားစု၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့၊ (င) အမျိုးသမီး ကိုယ်စားပြု အစုအဖွဲ့ စသည့် အစုအဖွဲ့ကြီး (၅) ခုဖြင့် ဖွဲ့စည်းထားရှိသည်။
 
ယခုနှစ် ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၏ (၁၃) ကြိမ် မြောက် ပုံမှန် အစည်းအဝေးတွင် ကောင်စီ အဖွဲ့ဝင်ကို (၁၃) ဦးဖြင့် ပြင်ဆင် တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။
 
ကရင်နီပြည်အတိုင်ပင်ခံကောင်စီသည် ကရင်နီပြည်၏ အစုအဖွဲ့များကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆုံမှတ်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုများကို ဦးဆောင်ခြင်းနှင့် အုပ်ချုပ်ရေး တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ တင်ပြလာသည့် မူဝါဒလိုအပ်ချက်များကို အတည်ပြု ပြဌာန်းပေးခြင်း၊ မူဝါဒများအား လမ်းညွှန်ထိန်းညှိခြင်းနှင့် ဝန်ထမ်းခန့်အပ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
 
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းများ အနေဖြင့် လိုအပ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး မဏ္ဍိုင် အသီးသီးကို အတည်ပြုဖွဲ့စည်းခဲ့ပြီး ထိုမဏ္ဌိုင် ၃ ရပ်နှင့်လက်တွဲ ဆောင်ရွက်လျက်ရှိပြီး မူဝါဒနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် အတိုင်ပင်ခံ ကောင်စီ၏ အဆုံးအဖြတ်ဖြစ်ပြီး မဏ္ဍိုင်အသီးသီးက အတည်ပြုချက်ရယူပြီး ပြဋ္ဌာန်းပါသည်။
 
ကရင်နီပြည်တရားစီရင်ရေးအား ကရင်နီပြည်၏ ကြားကာလအစီအမံ အခန်း (၈)၊ အပိုဒ် (၆၄)၊ ပိုဒ်ခွဲ (ဂ)နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေ ပုဒ်မ (၇)၊ အပိုဒ်ခွဲ (ဃ) အရ ပြဌာန်းချက် နှင့်အညီ ကရင်နီပြည်၏ တရားစီရင်ရေးကို ဆောင်ရွက်ရန်အတွက် ကရင်နီပြည်နယ် တရားရုံးချုပ် အား ပြည်နယ်တရားသူကြီးများဖြင့် ဖွဲစည်းခဲ့သည်။ လက်ရှိတွင် ပြည်နယ်တရားရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများအဆင့်ဆင့်ဖွဲ့စည်းကာ အမှုများကို စစ်ဆေးစီရင်လျက်ရှိသည်။ KSCC သည် NUCC ၏ အလုပ်ကော်မတီများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
 
ခြုံငြုံသုံးသပ်ချက်
 
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလ သုံးလအတွင်း တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပေါ် ခဲ့သည့် စစ်ရေးနိုင်ငံရေးအခင်းအကျင်းများကိုလေ့လာရာတွင် အောင်မြင်တိုးတက်မှု များစွာတွေ့ရှိ ခဲ့ရသည်။
 
အထူးသဖြင့် ကချင်လွတ် လပ်ရေးတပ်မတော် – KIO ၏ အရေးပါသည့် စခန်းကြီးများနှင့် မြို့တချို့အပါအဝင် စကစ၏ စခန်းပေါင်း ၇၀ ခန့် ပြန်လည်သိမ်းယူလာနိုင်ခြင်း၊ ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သော အာရက္ခ တပ်တော်- အေအေ၏ စခန်းများသိမ်းယူနိုင်ခြင်းနှင့်အတူ ရခိုင်ပြည်နယ် မြောက်တစ်ခုလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း၊ ကရင်နီပြည်နယ်တွင် တော်လှန်ရေးအင်အား စုများမှ မြို့သိမ်းတိုက်ပွဲများ ဆင်နွဲလာခြင်း၊ ကရင်ပြည်တွင် တော်လှန်ရေးအင်အားစုများ၏ စခန်း သိမ်းနယ်မြေ ထိန်းချုပ်လာနိုင်ခြင်း စသည့်အခြေအနေများသည် နွေဦးတော်လှန်ရေး တစ်ခုလုံး အတွက် ကြီးမားသည့် သက်ရောက်မှုဖြစ်စေသော စစ်ရေးအောင်မြင်မှုများဟု ဆိုရပေမည်။
 
လက်ရှိ အခြေနေတွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အသီးသီးတို့သည် မိမိတို့ တိုင်းရင်းသားနယ်မြေ များကို ယခင်မူလအတိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် တိုက်ပွဲဝင်နေ ကြပြီး၊ မိမိတို့နယ်မြေများ တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဥ်အတွင်း အုပ်ချုပ်ရေးကိစ္စ၊ ပြည်သူ့ ဝန်ဆောင်မှုကိစ္စ များကိုလည်း တပါတည်း လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။
 
ရှေ့လာမည့် (၃)လ အတွင်းတွင်လည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ မြို့သိမ်း တိုက်ပွဲများ၊ အထင်ကရ စကစ စခန်းကြီးများ ဆက်လက်သိမ်းပိုက်ခြင်းနှင့် ထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာခြင်း စသည့်ဖြင့် စစ်ရေးကဏ္ဍတွင် အောင်မြင်မှုများ ပိုမိုရရှိလာမည်ဟု ယူဆနိုင် သည်။
 
စစ်ရေး ကဏ္ဍတွင် စိုးမိုးနယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွင်လည်း ပိုမိုထိရောက်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်လာ နိုင်ကြမည်လည်း ဖြစ်သည်။
 
ထို့ကြောင့် လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်ရေးအရ အောင်မြင်မှု နှင့် နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုများ ပိုမိုကျယ် ပြန့်လာခြင်းသည် တိုင်းရင်းသားများ တောင်းဆိုသည့် ကိုယ့်ကြမ္မာကိုယ်ဖန်းတီးရေးပါရှိသည့် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု အသစ်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ကြရေးအတွက် အရေးကြီးသည့် နိုင်ငံရေး ခြေလှမ်း ထပ်မံနီးစပ်လာပြီဟု ဆိုနိုင်ပါသည်။
 
ကိုးကားချက်များ –
 
၁) လွတ်လပ်သော သတင်းမီဒီယာများ၊
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ၊
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ၊
၄) တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ၊
၅) ဖက်ဒရယ်ဂျာနယ်၊ မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ။
စာတမ်းအပြည့်အစုံကို PDF File ဖြင့် သိမ်းဆည်းဖတ်ရှုလိုပါက ဒေါင်းလုတ်လင့်စ် – CLICK HERE TO DOWNLOAD

Related Articles

Back to top button