သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

(၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ -၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။
ဤတစ်ကြိမ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ သုံးလအတွင်း အာဏာ သိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုနှင့် တိုင်းရင်းသား ဒေသများက နိုင်ငံရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကို အောက်ပါအတိုင်း စုစည်းတင်ပြထားပါသည်။
အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ
(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဘက်စစ်သားသေဆုံးမှု
၂၀၂၂ နိုဝင်ဘာလ မှ ၂၀၂၃ ဇန်နဝါရီလအထိ သုံးလအတွင်း တိုင်းရင်းသား ပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း ရှစ်ရာ (၈၅၀) ကျော် ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင်(၆၅၀) ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။
ကချင်ပြည်တွင် ၁၁ ကြိမ်ထက်မနည်း၊ ချင်းပြည်တွင် ၃၈ ကြိမ်ထက်မနည်း၊ ကရင်နီပြည်တွင် ၈၄ ကြိမ်ထက်မနည်း၊ ရှမ်းပြည် တွင် ၃၅ ကြိမ်ထက်မနည်း၊ မွန်ပြည်တွင် ၃၈ ထက်မနည်း အသီးသီးဖြစ်ပွားသည်။
ဤကာလအတွင်း စစ်ကောင်စီ တပ်သား‌ပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကရင်ပြည်တွင် ၆၀၀ ကျော်နှင့် ချင်းပြည်တွင် ၁၂၀ ဝန်ကျင်ဖြင့် အများဆုံး သေဆုံးပါသည်။ ကချင်ပြည်တွင် စကစ ၅၂ ထက်မနည်း၊ ကရင်နီတွင် ၈၃ ခန့်၊ ရှမ်းပြည်တွင် ၁၀၀ ထက်မနည်း၊ မွန်ပြည်တွင် ၉၂ ထက်မနည်း၊ အသီးသီး စကစ စစ်သားများ သေဆုံးပါသည်။
တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးတပ်သားပေါင်း (၈၀) ဝန်းကျင် ကျဆုံးခဲ့ပြီး ကရင်ပြည်တွင် (၄၀) ဦးကျော်ဖြင့် အများဆုံး ကျဆုံးမှုရှိပါသည်။
(မှတ်ချက်- ဤတစ်ကြိမ်တွင် ကချင်ပြည်အတွင်း တိုက်ပွဲနှင့် ကျဆုံးစာရင်း လက်လှမ်းမှီမှုအားနည်းပါသည်)
(ခ) အရပ်သားပြည်သူ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှု
လွန်ခဲ့သည့် သုံးလတာကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု ၁၀၀ ဦးထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၀ ဦးဝန်းကျင်ခန့်ရှိသည်။
ကရင်ပြည်တွင် အရပ်သားသေဆုံးမှု ၂၉ ဉီးဖြင့် အများဆုံးဖြစ်သည်။ ကရင်နီ ပြည်တွင် အရပ်သား ၁၂ ဉီး၊ ရှမ်းပြည်တွင် ၁၀ ဉီး၊ ကချင်ပြည်တွင် ၉ ဉီး၊ ချင်းပြည်တွင် ၈ ဉီး၊ မွန်ပြည်တွင် ၄ ဉီး စသည်ဖြင့် အရပ်သားသေဆုံးမှု အသီးသီးရှိပါသည်။
(ဂ) အိုးအိမ်ပျက်စီးမှု
ဤသုံးလတာ ကာလအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲ အတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ ၄၇၀ လုံးခန့် ပျက်စီး ခဲ့ရသည်။

ကရင်ပြည်တွင် ၁၉၀ကျော်နှင့် ကရင်နီပြည်တွင် ၁၃၀ ကျော်ဖြင့် ပထမနှင့် ဒုတိယအများဆုံး နေအိမ်ပျက်စီး မှုအသီးသီး ဖြစ်ပွားပြီး အလားတူ ရှမ်းပြည်တွင် ၉၀ ကျော်၊ ချင်းပြည်တွင် ၁၃ အိမ်၊ ရခိုင် ပြည်တွင် ၂၁ အိမ်၊ ကချင်ပြည်တွင် ၆ အိမ် အသီးသီး ပျက်စီးရှုံးဆုံးမှုရှိပါသည်။

အပိုင်း()

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

(က) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) သည် နိုင်ငံရေးဌာန၊ စစ်ရေးဌာနနှင့် စီမံခန့်ခွဲရေးဌာန တို့ကို တိုးချဲ့ ဖွဲ့စည်းထားသည်။ ယင်းဌာနတို့အနက် စစ်ရေးဌာနအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ခန်းဒေါင် (PPDF) နှင့် ခန်းကောင် (KK) တပ်ဖွဲ့တို့ကို လက်နက်တပ်ဆင်ကာ စစ်ရေးလှုပ်ရှားမှုများ နွေဦးတော်လှန် ရေးနှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ခန်းဒေါင် ဆိုသည်မှာ မြေပြန့်ကို ဆိုလိုတာဖြစ်ပြီး ခန်းကောင် ဆိုသည်မှာ တောင်ပေါ်ဒေသဟု ပြောဆိုသမုတ်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်း တပ်ဖွဲ့များကို တပ်နယ်သုံးခုဖြင့် လှုပ်ရှားလျက်ရှိပြီး တပ်နယ် (၁) သထုံဒေသ၊ တပ်နယ် (၂) ဘားအံဒေသ နှင့် တပ်နယ် (၃) ရှမ်းကရင်နီနယ်စပ်ဒေသတို့ ဖြစ်ကြသည်။  

စစ်ရေးကွပ်ကဲမှုအနေဖြင့် တပ်နယ်(၁ )၊ (၂) အား ကရင်(KNLA)၏ စစ်ရေးကွပ်ကဲမှုနှင့် ပူးပေါင်း လှုပ်ရှားနေပြီး တပ်နယ် (၃) – ရှမ်းကရင်နီနယ်စပ်အား ကရင်နီတပ်မတော် KA ၏ စစ်ရေးကွပ်ကဲမှုနဲ့ ပူးပေါင်းဆောင်ရွက် နေသည်ဟု သိရသည်။

(ခ) မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)

မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC)သည် မွန်ပြည်သူများကို ကိုယ်စား ပြုသည့် ခိုင်မာသော ပြည်နယ်အခြေပြု ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ပေါက်နိုင်ရန် မွန်ပြည်ဖက်ဒရယ် ကောင်စီ-Mon State Federal Council (MSDC) ကို ၂၀၂၃ ဇန်နဝါရီတွင် ဖွဲ့စည်းခဲ့သည်။ အသစ်ထပ်မံ ဖွဲ့စည်းလိုက်သည့် မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC)အား အစုအဖွဲ့ (၁၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး မွန်လူမျိုး များနှင့် မွန်ပြည်နယ်ထဲက အခြားမျိုးနွယ်အင်အားစုများ ကိုယ်စားပြုအနေဖြင့် ပါဝင်သည်ဟု သိရသည်။

MSFC ၏ ပထမဦးဆုံးသော ညီလာခံကို ၂၀၂၃ ဇန်နဝါရီ (၂၂) တွင် ကျင်းပပြုလုပ်ခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့်လူငယ်အဖွဲ့ အစည်းများ၊ နိုင်ငံခြားရောက် မွန်လူမျိုးများနှင့် မွန်ပြည်နယ်ရှိ ပအိုဝ့်းလူမျိုးများမှ ကိုယ်စားလှယ်အားလုံး ပေါင်း ၈၆ ဦးတက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံတွင် တော်လှန်ရေးကာလနိုင်ငံရေးလမ်းပြမြေပုံနှင့် အာဏာရှင်တိုက်ဖျက်သော အဖွဲ့အစည်း များကို ပေါင်းစပ်ပေး သော ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး၊ တော်လှန်ရေးကာလ/ကြားကာလ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစသော အာဏာ(၃)ရပ်အကြား အာဏာခွဲဝေမှုဆိုင်ရာ ကိုယ်စားပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်နယ်၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ဆုံးဖြတ်ပိုင်ခွင့်ကို မြင့်တင်ရန် အဖွဲ့ဝင်(၂၅)ဦးပါသော မွန်ပြည်ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းခြင်းဟူသော အချက်(၃)ချက်အား ဆွေးနွေး အတည်ပြုခဲ့ ကြသည်။

“ကြားကာလ မွန်ပြည်နယ်အစိုးရ ဖြစ်လာဖို့ကိုပဲ ကနဦးကြိုးစားတာဖြစ်ပါတယ်။ ပါဝင်သင့် ပါဝင် ထိုက်တဲ့ အစုအဖွဲ့ ပါဝင်ရန် လိုအပ်တာကိုလည်း သိပါတယ်”ဟု MSFC ၏ ပြောရေးဆိုခွင့် ရှိသူ မိသုတဇဝ်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောဆိုထားသည်။

(ဂ) ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC)

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၏ ပထမအကြိမ်ညီလာခံကို ၂၀၂၃ ဇန်နဝါရီ(၁၇) ရက်နေ့မှ (၂၀)ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ညီလာခံတွင် KSCC ၏ စတင်ဖွဲ့စည်းချိန်မှစ၍ အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းအစီရင်ခံစာတင်ပြခြင်း၊ ရှေ့လုပ်ငန်စဉ်များ ချမှတ်ခြင်း၊ အတိုင်ပင်ခံကောင်စီ ဝင်များနှင့် အလုပ်အမှုဆောင် ကော်မတီများ ရွေးချယ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။

ထို့ပြင် KSCC အား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြန်လည်ဖွဲ့စည်းခြင်းတွင် ပါဝင်သည်အဖွဲ့ဝင်အဖွဲ့ အစည်းများသည် စုပေါင်းခေါင်းဆောင်ခြင်းကို အခြေခံလျက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံး ချုပ်ငြိမ်းသည်အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာတိုက်ပွဲများတွင် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဂတိပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ကတိပြုလက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများမှာ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီပြည်နယ် ကြားကာလဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည်အမျိုးသမီးများအင်အားစု၊ ကရင်နီပြည်လူမျိုးစု လူငယ်အင်အား စုနှင့် ကရင်နီပြည်နယ်အရပ်ဖက် အဖွဲ့အစည်းများ ဖြစ်သည်။ ကြားကာက ကရင်နီပြည်အစိုးရ ပေါ်ပေါက်လာ ရေးအတွက် ရည်မှန်းချက်၊ အခြေခံမူများ ချမှတ်ထားပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန် ထပ်တိုး လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်းလည်း သိရသည်။

ကိုးကားချက်များ –
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)
၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ
၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ
ဖက်ဒရယ်ဂျာနယ် – မြန်မာမှ စုစည်းတင်ပြသည်။

Related Articles

Back to top button