သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခ  များကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး ရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။

အပိုင်း (၁)

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ

(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ပြင်းထန်ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်း(၁၆၅)ကြိမ်ကျော်ရှိခဲ့ရာ ရခိုင်ပြည်တွင်(၆၀)ကြိမ်၊ ကရင်ပြည်တွင်(၄၅)ကြိမ်၊ ကချင်ပြည်တွင်(၂၇)ကြိမ်၊ ချင်းပြည်တွင်(၁၅)ကြိမ်၊ ရှမ်းပြည်တွင်(၈)ကြိမ်၊ ကရင်နီ ပြည်တွင် (၁၇)ကြိမ်၊ မွန်ပြည်တွင်(၃)ကြိမ် ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

ဒီဇင်ဘာလ တစ်လတာစစ်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရခိုင်ပြည်တွင် (၁၄၀၀)ဦး၊ ကရင်ပြည်တွင်(၁၃၆)ဦး၊  ရှမ်းပြည်တွင်(၇၈)ဦး၊ ကချင်ပြည်တွင်(၄၅)ဦး၊ ချင်းပြည်တွင်(၄၀)ဦး၊ ကရင်နီပြည်တွင်(၂၁)ဦး၊မွန်ပြည်တွင်(၁၅)ဦးစသည်ဖြင့် စုစုပေါင်း (၁၇၃၅) ဦးခန့် နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ ဘက်မှလည်း (၄၄) ဦးခန့် ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

(၁) ကချင်ပြည်

ကချင်ပြည်ရှိ ဗန်းမော်မြို့နယ်နှင့်မံစီမြို့တို့ကို ဆက်လက်သိမ်းပိုက် နိုင်ရန်အတွက် ကချင် လွတ်မြောက်ရေးတပ်မတော်- KIA ပူးပေါင်းတပ်ဖွဲ့များသည် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ စစ်မျက်နှာ ၃ ခုဖွင့်လျက် ထိုးစစ်ဆင်ခဲ့ပြီး ဗန်းမော်-မံစီသွားလမ်း ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်းဌာနချုပ် ကာကင်းစခန်း ၂ ခု အပါအဝင် ကာကင်း(၁၂)ခုကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အစိုးရရုံးများရှိရာ ရပ်ကွက်အားလုံးနီးပါး ကို KIA ပူးပေါင်းတပ်က ထိန်းချုပ်နိုင်ခဲ့ပါသည်။

(၂) ချင်းပြည်

ချင်းပြည်တွင် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အခြေစိုက်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများကို ဖလမ်းနှင့် မင်းတပ်မြို့များတွင် ဖော်ဆောင် လျက်ရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်းအပါအဝင် မင်းတပ်မြို့တစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ကန်ပက်လက်မြို့တွင် အခြေချနေထိုင် သည့် စကစ တပ်ဖွဲ့များသည်လည်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြို့ကိုစွန်ခွာသွားခဲ့ကြသည့်အတွက် ကန်ပက်လက် – CDF မှနယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်တောင်ပိုင်း တစ်ခုလုံးဖြစ်သည့် ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ စကစ ကင်းစင်သည့် ဒေသဖြစ်လာသည်ကို တွေ့ရှိရသည်။ ထိုအတူ ချင်းအမျိုးသားတပ်မတော် – CNA နှင့် ပူးပေါင်းတပ်ဖွဲ့များ သည်လည်း ထန်တလန်၊ ဟားခါး မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။   

(၃) ကရင်နီပြည်

ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ရှမ်း-ကရင်နီ နယ်စပ်ဒေသ၊ ဆိုတရှားမြို့နယ်နှင့် လွိုင်ကော်မြို့နယ်ရှိဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ကရင်နီပြည်တပ်မတော်-KA သည် မယ်လယုတပ်စခန်းရှိ စစ်ကောင်စီ၏ ခလရ- ၁၃၄ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၄) ကရင်ပြည်

ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားများ ကာကွယ်ရေးတပ်-KNDO နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် ဖာပွန် (မူတြော်)ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ တောင်သုံးလုံး တပ်စခန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် မာနယ်ပလော နယ်မြေရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်းကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည့် အတွက် ယခင်KNU ဌာနချုပ်နယ်မြေကို ပြန်လည်းရယူခဲ့ခြင်းလည်း ဖြစ်သည်။

(၅) မွန်ပြည်

မွန်ပြည်ဒေသတွင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မွန်ပြည်တော် လှန်ရေးတပ် (MSRF) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မွန်ပြည်နယ် ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲပူးပေါင်းတပ် စွဲထားသည့် စစ်ကောင်စီ၏ ခလရ-၁၀၆၊ ခမရ-၅၈၆ တပ်ရင်းများကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သိမ်းပိုက် နိုင်ခဲ့ကြပါသည်။ 

(၆) ရခိုင်ပြည်

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) သည် တောင်ကုတ်မြို့နယ် တစ်ခုလုံးကို ဒီဇင်ဘာလ(၁၈) ရက်နေ့တွင်လည်းကောင်း၊ နပခဌာနချုပ်(အမ်းမြို့)အား ဒီဇင်ဘာလ(၂၀)ရက်နေ့တွင်လည်းကောင်း၊ ဒီဇင်ဘာ လ (၂၈)ရက်နေ့တွင် ခမရ (၅၆၂) အပါအဝင် ဂွမြို့ တစ်ခုလုံးကိုလည်းကောင်း စစ်ကောင်စီလက်မှ အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့ကြောင့် အာရက္ခတပ်တော်(AA)သည် ချင်းပြည်ရှိ ပလက်ဝမြို့နယ်နှင့်  ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုထဲမှ ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

(၇) ရှမ်းပြည်

ရှမ်းပြည်ဒေသတွင် ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နှင့် မင်းပလောင်ရွာ ဒေသများတွင် ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော်-DSNDA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ ဒေသအချို့တို့တွင်လည်း ဓနုတပ်မတော်-DPLA၊ တအောင်းတပ်မ တော်-TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

အပိုင်း (၂)

အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု

            ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ(၁၀၄)ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထိုသေဆုံးမှုများမှာ ကချင်ပြည်တွင်(၆၄)ဦး၊ ရခိုင်ပြည်တွင်(၂၂)ဦး၊ ကရင်ပြည်တွင်(၆)ဦး၊ ကရင်နီ ပြည်နှင့်ချင်းပြည်တွင်(၅)ဦးစီ၊ ရှမ်းပြည်တွင်(၂)ဦး စသည်ဖြင့်  မှတ်တမ်းတင်နိုင်ခဲ့သည်။

(ခ) အိုးအိမ် ပျက်စီးမှု

            ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်(၄၀၃)ကျော်ပျက်စီးခဲ့ကြောင်း မှတ် တမ်းတင်နိုင်ခဲ့ပါသည်။ ရှမ်းပြည်တွင် နေအိမ်(၁၇၅)ကျော်နှင့် ကရင်နီပြည်တွင်(၈၂)ကျော်၊ ချင်းပြည်တွင် (၆၅)ကျော်၊ ကရင်ပြည်တွင်(၁၆)ကျော်၊ ကချင်ပြည်တွင်(၁၅)လုံးကျော် စသည်ဖြင့် ပျက်စီးမှုအခြေနေများကို တွေ့ရှိခဲ့ရပါသည်။  

ကိုးကားချက်များ

၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ

၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်စုများ

၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ သီးသန့်မေးမြန်းချက်၊ စုစည်းချက်များ

Related Articles

Back to top button