အတွေးအမြင်

စစ်အုပ်စုရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲပရိယာယ်

စစ်အုပ်စုရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲပရိယာယ်

ကျော်ကိုကို | အတွေးအမြင်

၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုဟာ ဘက်ပေါင်းစုံရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းကို အသည်းအသန် ရှာဖွေနေခဲ့ပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း အကြံကုန် ဂဠုန်ဆားချက်လုပ်တဲ့နည်းလမ်းကတော့ ရွေးကောက်ပွဲနည်းလမ်းပါပဲ။

ရွေးကောက်ပွဲကို လုပ်ပေးလိုက်ရင် လူထုကို နိုင်ငံရေးအရ ပါဝင်ခွင့်ပြုတာလို့ သာမန်လူပြိန်းတွေက တွေးထင်လေ့ရှိကြပါတယ်။ထို့အတူပဲ အနောက်အုပ်စု၊တရုတ်၊ရုရှားနဲ့ နိုင်ငံတကာအင်အားစုတွေကလည်း ရွေးကောက်ပွဲကျင်းပတာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်လာတာပါလို့ နှပ်ကြောင်းပေးကြတာမျိုးလည်း ရှိနေပါတယ်။

အမှန်တကယ်ကတော့ စစ်အုပ်စု ကမကထလုပ်ပြီးကျင်းပတဲ့ ရွေးကောက်ပွဲမှန်သမျှဟာ နိုင်ငံတကာနဲ့ ပြည်သူလူထုကို လှည့်ဖြားတဲ့ မျက်လှည့်ပွဲသဘောသာဆောင်နေခဲ့ပါတယ်။

သမိုင်းတလျောက်လုံး စစ်အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး ပြည်သူကို အာရုံလွှဲလာတဲ့ စစ်အုပ်စုအကြောင်းကို ပြည်သူက ဒီတခါတော့ နောကျေအောင် သိပြီး၊နားလည်ပြီး၊သဘောပေါက်ပြီးဖြစ်ပါလိမ့်မယ်။

အကယ်၍ လက်ရှိအခြေအနေအရပ်ရပ်ကြောင့် မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ တွန့်ဆုတ်နေသေးတဲ့သူတွေရှိရင်လည်း အခုဆောင်းပါးကနေပြီး ဘာကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သင့်သလဲဆိုတာ အခိုင်အမာ တင်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

တလိမ်ပေါ် နှစ်လိမ်ဆင့်တဲ့ ရွေးကောက်ပွဲများ

စစ်အုပ်စုကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတွေ လေးကြိမ်လောက်ရှိသွားပါပြီ။ပထမဦးဆုံးက ဗိုလ်နေဝင်းရဲ့ အိမ်စောင့်အစိုးရ ကြီးကြပ်တဲ့ ၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကလည်း နောက်တကြိမ်အာဏာထပ်မသိမ်းခင် လူထုကို လှည့်စားဖို့ ၊ နိုင်ငံတကာကို လှည့်စားဖို့အတွက် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တယ်။

ရွေးကောက်ပွဲအပြီးမှာ အနိုင်ရလာတဲ့ ဦးနုရဲ့ ပထစအစိုးရလက်ထဲမှာ အာဏာက  နှစ်နှစ်ပဲခံပြီး ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက တိုင်းပြည်ရဲ့ ယိုယွင်းလာနေတဲ့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန်အလို့ဌာဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်ပါတယ်။

၁၉၈၈ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကလည်း ၁၉၉၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး လူထုကို ထပ်မံလိမ်ညာခဲ့ပါတယ်။

အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာမပေးဘဲ ရေရှည်အချိန်ဆွဲတဲ့ အမျိုးသားညီလာခံကျင်းပပြီး ၂၀၀၈ စစ်ကျွန်ဥပဒေကိုသာ ပြဌာန်းခဲ့ပါတယ်။

အခုတခေါက်မှာလဲ မင်းအောင်လှိုင်စစ်အုပ်စုဟာ တလိမ်ပေါ် နှစ်လိမ်ဆင့်တဲ့ ရွေးကောက်ပွဲနဲ့ လူထုကို မျက်လှည့်ပြဖို့ ကြိုးစားနေပြန်ပါပြီ။သမိုင်းတလျောက် အတုအယောင် အလိမ်အညာတွေနဲ့ မွမ်းမံပြင်ဆင်ခဲ့တဲ့ ရွေးကောက်ပွဲနည်းဟောင်းကြီးကို ဖုန်သုတ်ပြီး ချောင်ထဲက ပြန်ထုတ်လာပြန်ပြီဆိုတာကို ကျနော်တို့တွေ အမှန်အတိုင်း သိနေဖို့ပဲ လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးလား၊ထွက်ပေါက်ရှာရေးလား

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုလုပ်ရပ်ကို အပေါ်ယံကြောပဲ သုံးသပ်ရင်တော့ ပြုပြင်ပြောင်းလဲရေးလို့ အထင်အမြင်မှားသွားပါလိမ့်မယ်။

စစ်အုပ်စု အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ပြီး မှတ်ပုံပြန်မတင်လို့ ဖျက်သိမ်းခံလိုက်ရတဲ့ နိုင်ငံရေးပါတီတွေရှိနေကြတာကို သတိထားကြည့်ရင် တွေ့ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၊ ဦးစိုင်းညွှန့်လွင်တို့ ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၊ တိုင်းရင်းသားပါတီ​တွေထဲမှာ တနိုင်ငံလုံး တတိယမဲအများဆုံးရထားတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီတို့ဆိုရင် ဖျက်သိမ်းခံပြီး မှတ်ပုံပြန်မတင်ခဲ့ကြပါဘူး။

ဆိုလိုတာက ပြည်သူလူထုကို တကယ်ကိုယ်စားပြုတဲ့ပါတီတွေက အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပါတယ်။ဒီပါတီတွေမပါဘဲ လက်တဆုပ်စာ လူနည်းစုကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီ အနည်းအကျဥ်းလောက်သာပါဝင်လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသား အရေအတွက် ( ) ရှိချိန်မှာ ကျင်းပဖို့ ကြိုးစားနေတဲ့အတွက် ဒီရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးအတွက် မဟုတ်တာ ပိုသေချာသွားပါပြီ။

ရွေးကောက်ပွဲကျင်းပပြီး သူတို့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ထွက်ပေါက်ရှာနေတာပါလို့ ပြောရင် သေချာပေါက် မှန်ပါလိမ့်မယ်။

စစ်အုပ်စုဟာ သူတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းမပယ်ကြဘဲ ပြန်လည်အသိအမှတ်ပြုရေးအတွက် ရည်ရွယ်ပြီး အဆိုပါ ရွေးကောက်ပွဲဖြစ်မြောက်ဖို့  အသည်းအသန် ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ထွက်ပေါက်

ယခုအကြိမ် အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုဟာလည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုချမှတ်ကာ စစ်အာဏာသက်ဆိုးရှည်အောင် ဆွဲဆန့်ထားနိုင်ဖို့နှင့် နိုင်ငံတကာက စစ်အုပ်စုကို လက်ခံမှုရှိလာအောင် ဆွဲဆောင်နိုင်စေဖို့ ကြံရွယ်ထားကြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ နယ်မြေအများကြီးလက်လွတ်လိုက်ရတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ စစ်ရေးအရ ဖိအားလည်း ကြီးမားစွာ ရင်ဆိုင်နေရပါတယ်။ဒီစစ်ရေးဖိအားကို လျှော့ချပစ်ဖို့နဲ့ သက်သာရာရစေဖို့ စစ်အုပ်စုက ထွက်ပေါက်တခုတော့ အသည်းအသန်ရှာဖွေနေပြီဖြစ်ပါတယ်။

 မင်းအောင်လှိုင်စစ်အုပ်စုအနေနဲ့   ထွက်ပေါက်အလွန်မှာ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်မြဲရေးရည်မှန်းချက်ရှိနေသလို  ဒီရည်မှန်းချက်ပန်းတိုင်ဆီသွားရာ တံခါးဝဟာလည်း  စစ်အုပ်စုက လုပ်ဆောင်မည့် ရွေးကောက်ပွဲဖြစ်တယ်လို့ သုံးသပ်ရပါလိမ့်မယ်။

ငရဲဘုံသို့သွားရာလမ်း

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ မဟာဗျုဟာရည်မှန်းချက်တွေဖြစ်တဲ့  NCA အခင်းအကျင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခင်းအကျင်းသည် ပြီးခဲဲ့တဲ့ ဆယ်နှစ်လုံးလုံး ပြည်သူလူထုကို အတိဒုက္ခရောက်စေခဲ့သော အခင်းအကျင်းများဖြစ်ပါတယ်။

တနည်းဆိုသော် မင်းအောင်လှိုင်တို့စစ်အုပ်စုရဲ့ ထွက်ပေါက်ဟာ  သူတို့အတွက် သုခဘုံသို့သွားရာလမ်းဖြစ်လင့်ကစား လူထုအတွက်တော့ ငရဲပြည်သို့သွားရာလမ်းသာဖြစ်နေပါတယ်။

လူထုကို ငရဲပြည်အရောက်ပို့မည့် ထွက်ပေါက်တံခါးကို အပြီးပိတ်ပစ်မှသာ သက်သာရာရမည်ဖြစ်တယ်။

မင်းအောင်လှိုင်စစ်အုပ်စုကို လုံးဝထွက်ပေါက်မပေးမှသာ နွေဦးတော်လှန်ရေးအခြေအနေအရပ်ရပ် ဆက်လက်ဖွံ့ဖြိုး အားကောင်းလာမှာ ဖြစ်ပါတယ်။

သွေးခွဲသပ်လျှို ဖဲ့ထုတ်ရန် အကြံဆိုး

စစ်ကောင်စီအစိုးရအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့၊ လက်နက်ကိုင်လမ်းစဥ်ကို စွန့်ပြီး ရွေးကောက်ပွဲနည်းလမ်း သို့မဟုတ် ပါတီနည်းလမ်းကို ရွေးချယ်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDFs တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီကြေညာချက်ရဲ့ ဆိုလိုရင်းကို သုံးသပ်ရရင် နိုင်ငံရေးပြဿနာကို တကယ်ဖြေရှင်းချင်တဲ့ သဘောမျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDFs တွေရဲ့ အင်အားကို သွေးခွဲဖို့ ၊ ဖဲ့ထုတ်စည်းရုံးဖို့လောက်ပဲ သဘောထားတာကို အထင်အရှား တွေ့မြင်ရပါတယ်။

သူတို့ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးနိုင်အောင် တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်ချဖို့ တိုက်တွန်းနေတဲ့ စာသာလျှင်ဖြစ်ပါတယ်။

ရွေးကောက်ပွဲနည်းလမ်း သို့မဟုတ် ပါတီနည်းလမ်းဆိုတာ တနည်းပြောရရင် NCA အောက်ကို ဝင်ခိုင်းတာလည်းဖြစ်သလို ၂၀၀၈ ခြေဥအောက်ကို ခေါင်းငုံ့ဝင်ခိုင်းနေတာလည်းဖြစ်ပါတယ်။

မရိုးရှင်းတဲ့ စစ်အုပ်စုရဲ့ အကြံဆိုးတွေအနက်က နောက်ဆုံးပေါ် အကြံဆိုးတခုသာလျှင်ဖြစ်နေတာကို တွေ့ရမှာပါ။

သူတို့ရွေးကောက်ပွဲကို နိုင်ငံတကာက ထောက်ခံလာအောင် အသံကောင်းဟစ်ပြနေခဲ့တာပဲဖြစ်ပါတယ်။

အဌားဗိုက်နဲ့ ဓားထိုးခံခိုင်းတဲ့ သန်းခေါင်စာရင်း

ရွေးကောက်ပွဲမလုပ်ခင် အကြိုအနေနဲ့ ဘယ်ဒေသတွေမှာ သူတို့သြဇာပြန့်နှံ့နေသေးလဲဆိုတာ သိရအောင် သန်းခေါင်စာရင်းကောက်ပြီး သွေးတိုးစမ်းဖို့ စစ်အုပ်စုက ကြိုးစားနေပါတယ်။

ဒီလိုကြိုးစားမှုဟာ အလဟဿဖြစ်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

လက်ရှိစစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းလုပ်နေတဲ့သူတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ခိုင်းတာဟာ အရမ်းအန္တရာယ်များပါတယ်။

မကျေနပ်တဲ့ အင်အားစုတွေက သန်းခေါင်စာရင်း လာကောက်တဲ့ ဝန်ထမ်းတွေကို ပစ်ခတ်တာတွေ ခြိမ်းခြောက်တာတွေလုပ်ခဲ့ရင် စစ်အုပ်စုက အကြမ်းဖက်လို့ စွပ်စွဲပြီး တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချပါလိမ့်မယ်။

မတော်တဆဖြစ်လို့ ဝန်ထမ်းတွေ အသက်ဆုံးရှုံးသွားရင် အဲ့ဒီဝန်ထမ်းတွေသာ ဆုံးရှုံးနစ်နာကြရမှာဖြစ်ပြီး စစ်အုပ်စုကတော့ မသာအလောင်းပုံကို စစ်ဖိနပ်နဲ့နင်းတက်ပြီး ရွေးကောက်ပွဲကို မရမကလုပ်သွားမှာပဲဖြစ်တယ်။

လူသားမဆန် ရက်စက်ယုတ်မာ ရိုင်းစိုင်းလွန်းတဲ့ စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ပဲ ရှိပါတယ်။

စစ်အုပ်စုရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ လုပ်နေတဲ့ သန်းခေါင်စာရင်းကိစ္စ၊ရွေးကောက်ပွဲကိစ္စတွေကို အသိစိတ်ရှိရှိ ငြင်းဆန်တော်လှန်ကြဖို့ ဝန်ထမ်းလုပ်နေကြတဲ့သူတွေ တကယ့်ကို စဥ်းစားဆင်ခြင်ကြစေချင်ပါတယ်။

ကိုယ့်အတွက် ထွက်ပေါက်ရဖို့အရေး သူများတွေရဲ့ အသက်ကို ချနင်းစတေးနေတဲ့ လုပ်ရပ်မျိုးကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲထွက်ပေါက်ကို အပြည့်အဝပိတ်ဆို့ရေး

အကြံဆိုးတွေနဲ့ ထွေးလုံးရစ်ပတ်နေတဲ့ စစ်အုပ်စုဟာ သန္ဓေမမှန်တဲ့ နိုင်ငံရေးအခင်းအကျင်းကို အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

သန္ဓေမမှန်တဲ့ နိုင်ငံရေးပါတီတွေကို အစိမ်းသေ အသက်သွင်းသလို အောက်လမ်းနည်းနဲ့ အသက်သွင်းပြီး ကျင်းပမယ့် ရွေးကောက်ပွဲဟာ မသန့်ရှင်းတဲ့ ရွေးကောက်ပွဲပါ။

ညစ်ညမ်းတဲ့ အတွေး၊ လိမ်လည်လှည့်ဖြားတဲ့ အပြော၊ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တွေနဲ့ အစအဆုံး စီရင်ဖန်တီးထားတဲ့ ရွေးကောက်ပွဲထွက်ပေါက်ကို ကျနော်တို့ဘက်က အပြည့်အဝ ပတ်ဆို့ထားနိုင်ဖို့လိုပါတယ်။

လူထုက မပူးပေါင်းဖို့ လိုသလို ပူးပေါင်းတဲ့သူတွေကို အပြင်းအထန် သပိတ်မှောက်ကန့်ကွက်ရှုတ်ချဖို့လည်း လိုပါတယ်။ရွေးကောက်ပွဲလုပ်ခွင့်မပြုဘဲ ဟန့်တားထားဖို့လိုသလို လက်ရှိတိုက်ပွဲဝင်နေဆဲဖြစ်တဲ့ တော်လှန်စစ်ကို အရှိန်မြှင့်ဖို့လည်း လိုနေပါပြီ။

လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်နဲ့ လူထုတိုက်ပွဲသဏ္ဍာန်ပေါင်းစပ်ပြီး အတုအယောင် ရွေးကောက်ပွဲကို လုံးဝမလုပ်နိုင်အောင် ပိတ်ဆို့တားဆီးဖို့ ကြိုးစားအားထုတ်ကြပါ။

မင်းအောင်လှိုင်ရဲ့ စစ်ရှုံးစစ်ကောင်စီကို အသက်ရှုပေါက် လုံးဝမပေးရေးအတွက် လူထုတရပ်လုံး စည်းလုံးရမယ့် အချိန်ကား စေ့ရောက်လာခဲ့ပါပြီ။

စိတ်ကူးမယဥ်နဲ့၊ တိုက်ပွဲဝင်ကြစို့။

ကျော်ကိုကို

Related Articles

Back to top button