သတင်း

၃လတာအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၁၇၀၀ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၉၇၀ခန့် သေဆုံးခဲ့

၃လတာအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၁၇၀၀ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၉၇၀ခန့် သေဆုံးခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သူရိန်ကျော်၊ စက်တင်ဘာ ၁၂၊ ၂၀၂၄

၂၀၂၄ခုနှစ်၊ ဒုတိယ ၃လတာကာလအတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲဖော်ဆောင်မှု ၁၇၀၀ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး ၉၇၀ခန့် သေဆုံးခဲ့ရတယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က စက်တင်ဘာလ ၁၁ရက်က အသိပေးထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၊ မေ၊ ဇွန်စတဲ့ ၃လတာကာလအတွင်း တိုက်ပွဲဖော်ဆောင်မှုဟာ စုစုပေါင်း ၁၇၄၁ကြိမ်အထိ ရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့ပေါင်း ၁၀မြို့ကို ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်စစ်မျက်နှာ တို့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ ၄ခုမှာ စစ်ကိုင်း၊ ရခိုင်၊ ကချင်နဲ့ မန္တလေးဒေသတို့ဖြစ်သလို မန္တလေးဒေသမှာ ၁၀၂၇စစ်ဆင်ရေး(အပိုင်း-၂)နဲ့အတူ ရှမ်း-မန်းစစ်ဆင်ရေးကို စစ်ရှိန်မြှင့်လာခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတစ်ခုတည်းမှာသာ တိုက်ပွဲ(လုံးဝ)ဖြစ်ပွားတာ လုံးဝမရှိခဲ့ဘူးလို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီ၃လတာကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖော် ဆောင်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၁၂၄၆ဦးနဲ့ သေဆုံးသူ အနည်းဆုံး ၉၇၀ဦးထိရှိလာခဲ့တယ်လို့လည်း စာတမ်းပါဖော်ပြချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ တိုက်ပွဲဖော်ဆောင်မှု ၁၇၄၁ကြိမ်အနက် ၆၄ဒသမ ၆ရာခိုင်နှုန်းက နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ၁၅ဒသမ၉ရာခိုင်နှုန်းက ဒရုန်းဖြင့်တိုက်ခိုက်တာ၊ ၇ဒသမ၄ရာခိုင်နှုန်းက မိုင်းဆွဲတိုက်ခိုက်တာ၊ ၃ရာခိုင်နှုန်းက လက်နက်ကြီးနဲ့တိုက်ခိုက်တာ၊ ၂ဒသမ၉ရာခိုင်နှုန်းက ဗုံးနဲ့တိုက်ခိုက်တာ၊ ၂ဒသမ၉ရာခိုင်နှုန်းက တဖက်တည်းက လက်နက်ငယ်တွေနဲ့တိုက်ခိုက်တာ၊ ၃ဒသမ၃ ရာခိုင်နှုန်းက အခြားတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ စာတမ်းမှာပါရှိပါတယ်။

စာတမ်း-ပေးပို့

ဥာဏ်လင်းသစ်သုတေသနအဖွဲ့

Related Articles

Back to top button