သတင်း

ကလေးမြို့ပေါ် စစ်ကောင်စီတပ်ကို PDF Kalay က နှစ်ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုရှိ

ဓာတ်ပုံ – CDF Kalay

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် သွားလာ လုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို PDF Kalay မြို့ပြ ပျောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ တချို့ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ် ကင်းလှည့်နေတဲ့ စစ်ကောင်စီ မော်တော်ယာဉ် ၂ စီးကို စက်တင်ဘာ ၉ ရက်နေ့ ဒီကနေ့မနက် ၇ နာရီခွဲခန့်မှာတကြိမ် မိုင်းခွဲတိုက်ခိုက် ခဲ့တာပါ။

အဲဒီဖောက်ခွဲမှုဟာ ဆင်ရွာလမ်းခွဲအနီးမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ မော်တော်ယာဉ် ၁ စီး ထိမှန်ကာ လမ်းမကြီးဘေးထိုးရပ်သွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်ဘက်ကို မိနစ် ၃၀ ခန့် သေနတ် ရမ်းကား ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းကွဲပြီးသိပ်မကြာဘူး ကလေးမူကြိုပို့တော့ အပြန်ဘက်မှာ အိမ်စီးကားနဲ့ လမ်းတစ်လျှောက် ဆက်တိုက်ရမ်းပစ်လို့ ကိုယ်ကလည်း စက်ဘီးနဲ့ဆိုတော့ အမြန်ပြေးရတာ” ဟု ဒေသခံတစ်ဦးက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Voice of Kalay ကို ပြောပြထားတာ တွေ့ရပါတယ်။

အတည်မပြုနိုင်သေးတဲ့ အချက်အလက်အရ ထိုသို့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာတဲ့ အမျိုးသမီး ၁ ဦးနှင့် အနီးရှိ စက်သုံး ဆီဆိုင်က အမျိုးသမီး ၁ ဦး သေနတ်ကျဉ် ထိမှန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို နောက်ထပ် အချိန်မရွေး ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးကပ်စွာမနေဘဲ အထူးသတိပြု ကြိုတင်ရှောင်ရှားကြရန် PDF Kalay ဘက်က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ၁၀ နာရီခန့်မှာလည်း ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ သီလရှင်ကျောင်း၌ ဆွမ်းကပ်ပြန်လာကြတဲ့ စစ်ကောင်စီမော်တော်ယာဉ် ၂ စီးကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Related Articles

Back to top button