သုံးသပ်ချက်

သူသေကိုယ်ကြေ

ဝင်းမျိုးသူ | သုံးသပ်ချက်

သူသေကိုယ်ကြေ

ဝင်းမျိုးသူ | သုံးသပ်ချက်

လားရှိုးတိုက်ပွဲ ဟာ နှစ်ဘက်စလုံးအတွက် အလှည့်အပြောင်း ဖြစ်မဲ့ သူသေကိုယ်ကြေ အခင်းအကျင်းလို့ ဆိုရမှာဖြစ်ပါတယ်။ MNDAA အနေနဲ့လည်း အင်အား အကုန် မဟုတ်တောင် တော်တော်များများ ထုတ်သုံး တိုက်နေရတဲ့ သဘောရှိပြီး လားရှိုးတိုက်ပွဲမှာ မသိမ်းနိုင်လို့ လန်ကျရင် ကျန် သန္နီ၊ ကွမ်းလုံတို့အထိ စကစ တပ်တွေအနေနဲ့စိတ်အားတက်ပြီးပြန်ဖိလာနိုင်မဲ့ အနေအထားတရပ်ဖြစ်ပေါ်နိုင်ပါတယ်။

တကယ်လို့ စကစက လားရှိုးမထိန်းနိုင်လို့ လုံးဝလက်လွှတ်လိုက်ရရင် ကွမ်းလုံမှာ ဖြစ်သလိုပဲ ဂုဏ်သိက္ခာအားဖြင့် ထိခိုက်မှာဖြစ်ပြီး စိတ်ဓာတ်ရေးရာ များစွာ ထပ်မံကျဆင်းသွားမဲ့သဘောလဲရှိပါတယ်။

စစ်ပွဲဟာလည်း တလလောက်ရှိလာပြီးစစ်ရှိန်လဲဆက်ပြီးမြင့်မားလျက်ရှိပါတယ်။ မြေပြင် အမှန်တကယ် ဘာဖြစ်နေမှန်း မသိပေမဲ့ နှစ်ဘက်စလုံးအားပေးထောက်ခံသူတွေကတော့ သူနိုင်တယ် ကိုယ်နိုင်တယ် လိုင်းပေါ်မှာ အမျိုးမျိုး ငြင်းခုန်နေပါတယ်။

ကြိမ်းသေတာကတော့ ရမခ က မကျသေးပဲ ပြန်တိုက်နေဆဲပဲဖြစ်ပါတယ်။ ရမခ အနေနဲ့ ခံစစ်သေသာမက တန်ပြန်တိုက်စစ်ပါ ပြန်လည်ဆင်နွဲပြီး သိမ်းခံလိုက်ရတဲ့ စခန်းတွေ ပြန်သိမ်းနိုင်မနိုင် ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲမရှိလှပါဘူး။ ခံစစ်သာမက လှုပ်ရှားစစ်ကြောင်းရှိနေတယ်လို့တော့ခန့်မှန်းမိပါတယ်။ MNDAA အနေနဲ့ကတော့ သိမ်းလို့ရတဲ့ တပ်စခန်းတွေမှာ အထိုင်ချမှာမဟုတ်တာ အသေအချာပါပဲ။

နောက်မို့ဆိုရင် လေကြောင်းနဲ့ အမြှောက်ဒဏ်ကို ခံရပြီး အင်အားပြုန်းတီးမှာကို သူတို့ရှောင်ရှားကြမှာဖြစ်ပါတယ်။ ခလရ၅၀၇ ပထမအကြိမ်တက်သိမ်းတုံးက တပ်က နောက်ဆုတ်ပေးလိုက်ပြီး ဝင်နေရာယူတဲ့ ကိုးကန့်တွေကို လေကြောင်းနဲ့ အမြှောက်နဲ့ စကစ ကပြန်ချေမှုန်းလိုက်တယ်ဆိုတာ ဟုတ်လောက်တယ်လို့တွေးပါတယ်။

စကစ က ပြန်လည် သိမ်းဆည်းအပြီးအလံပြန်လွှင့်တဲ့ ဗီဒီယိုတွေတက်လာတာတွေ့ရပါတယ်။ သို့သော် ခလရ ၄၁ ကျပြီး MNDAA တွေ မြို့ထဲ ဝင်သွားတာကိုတွေ့ရတဲ့အခါ ခလရ၅၀၇ ကို မထိန်းချုပ်နိုင်ပဲ ခလရ၄၁ ကို သိမ်းရင် နောက်ကျောမလုံတာမို့ ခလရ၅၀၇ ကို MNDAA တွေဒုတိယ တကြိမ်ပြန်ပြီး သိမ်းသွားနိုင်လို့သာ လုပ်နိုင်တာလို့ ဆက်စပ်စဉ်းစားမိပါတယ်။ ဒါကြောင့်အရင် Post တွေမှာ နှစ်ဘက်တပ်ဖွဲ့တွေ ဓာတ်ပုံလှည့်ရိုက်နေကြလားလို့ သရော်မိပါတယ်။

ဇူလိုင်၃၀ ရက်နေ့က တက်လာတဲ့သတင်းတွေအရ စကစ ထောက်ခံသူတွေက တပ်စခန်း၅ ခုပြန်သိမ်းတယ်လို့ဆိုပါတယ်။

ရမခ ကို စိုးမိုးထားတဲ့ မြောက်ဖက် ဆင်တောင်တကြောက သိမ်းခံရတဲ့ တချို့တပ်စခန်းတွေဆိုရင်တော့ ရမခရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်အားကြောင့် တဖက်တပ်တွေပြန်အဆုတ်မှာ ရမခ ရဲ့ လှုပ်ရှားစစ်ကြောင်းက ပြန်သိမ်းတယ်ဆိုတာ ဖြစ်နိုင်ချေရှိပေမဲ့ ခလရ ၆၈ ပြန်သိမ်းတယ်ဆိုတာက Drama ဆန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ အလှမ်းဝေးကွာပြီး လှုပ်ရှားစစ်ကြောင်းကို ကြားမှာ ဖြတ်တိုက်နိုင်တဲ့ အခွင့်အလန်း တွေများတာကြောင့်ပါ။ ဒါမှမဟုတ် ခလရ၆၈ သိမ်းစဉ်မှာ ဆုတ်ခွါပေးလိုက်ရတဲ့ လက်ကျန် စစ်သားတွေက တဖန်ပြန်ပြီး တိုက်လို့ သိမ်းလိုက်နိုင်တာလား၊ ဒါကတော့ဖြစ်နိုင်ချေနည်းပါတယ်။ မနိုင်လို့ဆုတ်ပေးလိုက်ရရင် တချိုးတည်း ပြေးကြမှာပါ။

နောက်ခံတပ်က လိုက်လာပြီး ဆုတ်လာတဲ့အင်အားကို ပြန်စုစည်းပြီး တိုက်တာကော မဖြစ်နိုင်ဘူးလား လို့ ဆိုရင်တော့ ဦးကျိုးသွားတဲ့ စစ်သား အကြောက်တရားဖန်တီးလို့ ဖိအားပေးပြီးပြန်တိုက်ခိုင်းလဲ စစ်ရေးစစ်ရာ ထက်မြက်စရာအကြောင်းမရှိပါ။ အဲ့လိုလုပ်ခဲ့ရင်တော့ သတ်ကွင်းထဲ တခါပြန်သွားခိုင်းတာ ဖြစ်ပြီး ၅၀၇ လိုပဲ တခါပြန်ချေမှုန်းတာကိုခံရဦးမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်အစီရင်ခံရုံသက်သက်ဆိုရင်တော့မပြောတတ်ဘူးပေါ့။

MNDAA အနေနဲ့ ဂေါက်ကွင်းကိုသိမ်းပြီး ဘူတာနဲ့ တက္ကသိုလ်ဘက် ထိုးစစ်ဆင်ပေမဲ့ ထင်သလောက် ပေါက်ပုံ မရသေးဘူးလို့ ထင်ပါတယ်။ လားရှိုး မူဆယ် လမ်းမကြီးပေါ်က အရေးကြီးတဲ့မန်ဆူဘုရားဝင်းနားကို ထိန်းထား လိုက်နိုင်ပေမဲ့ ရမခ ကို စိုးမိုးနေတဲ့ သာသနာ့၂၅၀၀ တောင်ကုန်းက တပ်စခန်းတွေကို သိမ်းဆီးနိုင်တဲ့ သတင်းတင် မလာသေးပါဘူး။ ဆက်တိုက်ဆဲဖြစ်ပုံရပါတယ်။

ဒါကြောင့် ရမခ ဟာ ကောင်းကောင်းကြီးခုခံထားနိုင်တဲ့အနေအထားမှာ ရှိဆဲဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပြီး တခုပဲရှိတာက ရမခ ရဲ့ လှုပ်ရှားစစ်ကြောင်းဟာ ဘယ်လောက်တန်ပြန်ထိုးစစ်ဆင်ပြီး သိမ်းခံရတဲ့ ပတ်ပတ် လည်က စခန်းတွေကို ဘယ်လောက်ပြန်ယူနိုင်မလဲဆိုတဲ့ အမေးပါပဲ။

နဂိုကတည်းက မခုခံနိုင်လို့ကျသွားပြီး ခုမှပြန်တိုက်သိမ်းယူမယ်ဆိုတာကလည်း ဘိုးဘိုးအောင်ကူညီမှရနိုင်မဲ့ သဘောရှိပါတယ်။ အဲ့လောက်တော်နေရင် တိုက်အားကောင်းနေရင် နဂိုကတည်းက ကျစရာမရှိတာမို့ Logic ကတော့ အောက်နေပါတယ်။

အင်မတန်ကြိမ်းသေတဲ့အချက်က လားရှိုးတိုက်ပွဲ အဖြေထွက်ဘို့ဆိုရင် နှစ်ဘက်စလုံးက စစ်ကူလိုတယ်ဆိုတဲ့ အချက်ပါပဲ။ ကုန်သွားတဲ့ ကျည်ရိက္ခာလူ ထပ်ဖြည့်နိုင်မှ သာရှေ့ကို တဆင့်ထပ်တိုးမဲ့သဘောပါ။ MNDAAဘက်က တော့ ဝ တပ်တွေဝင်လာပြီး ဖြည့်တင်းပေးသွားပုံရပါတယ်။ တပ်မတော်ဘက်က လေကြောင်းက ကျည်၊ ရိက္ခာ ထောက်ပို့နိုင်ပေမဲ့ မြေပြင် လှုပ်ရှားစစ်ကြောင်းအတွက် စစ်အင်အားထပ်ပို့ဘို့တော့ လိုမယ်ထင်ပါတယ်။

ခုချိန်မှာ တပ်မတော်အနေနဲ့ စစ်ကူပို့ချင်ရင်တော့ ရှမ်းတောင် က တပ်တွေကို တန့်ယန်းလားရှိုးလမ်းက ပဲ ပို့ရမယ်ထင်ပါတယ်။ မိုင်းရယ်ကနေ သော်လည်းကောင်း ကျေးသီဖက်ကသော်လည်းကောင်း သီပေါလားရှိုး လမ်းမအပေါ် က လမ်းဆုံကို တပ်တွေ ပို့လို့ရပေမဲ့ RCSS ထိန်းချုပ်နယ်မြေမို့ သူတို့ နဲ့ ညှိုနှိုင်းထားတာမရှိပဲ ပို့လို့ရမယ်မထင်ပါဘူး၊ တကယ်လို့ ပို့နိုင်လဲ သီပေါနားမှာ ဝိုင်ဝန်းပိတ်ဆို့ထိန်းချုပ်ထားတဲ့ တအောင်းတပ်တွေရဲ့ ဖြတ်တောက်တာ ကို ခံရမှာဖြစ်မှာမို့ လမ်းမသာပါဘူး၊ ဒီတော့တန့်ယမ်း လားရှိုးလမ်းကိုပဲ အားထားပို့ရမှာ ဖြစ်ပါတယ်၊ ဒီလမ်းက လားရှိုးနား ကပ်ပြီး လမ်းပေါက်တာမို့ အဆင်ပြေဆုံးပါ။

သို့သော် လမ်းတလျှောက်မှာ MNDAA စိုးမိုးထားတဲ့နယ်မြေတွေရှိတာမို့ ဖြတ်တောက်ခံရမှာပါ။ တပ်အလုံးအရင်းနဲ့ MNDAA စိုးမိုးတဲ့ နယ်တွေကိုတဆင့်ချင်းရှင်းပြီးမှ အင်နဲ့အားနဲ့ လားရှိုးကို စစ်ကူပို့နိုင်မှာပါ။ အဲ့ဒီအတွက် တပ်မတော်မှာ စစ်ကြောင်းထိုးဘို့ စစ်အင်အား အပြည့်အဝရှိရဲ့လားမေးခွန်းရှိပါတယ်။

နယ်မြေရှင်းဘို့ဆိုတာ အချိန်လည်းလိုပါတယ်။ တိုက်ရည်ခိုက်ရည်လဲလိုပါတယ်။ စစ်ကြောင်း အသွင်မဟုတ်ပဲ ကားနဲ့ ဒီအတိုင်းပို့လိုက်တဲ့ စစ်ကူဆိုရင်တော့ လမ်းမှာတင်ကဆင့်ကလျား ဖြစ်သွားမှာဖြစ်ပါတယ်။ အဲ့လိုတက်လာတဲ့ စစ်ကူတွေ ကြားဖြတ်ခံရတဲ့ ဗီဒီယိုတွေလည်းတက်လာလို့ရှိပါတယ်။

တဖက်ရန်သူအလစ်အငိုက်မှာ စစ်ကူ ပို့လိုက်နိုင်ရင်တောင်မှ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ စစ်သားတွေတော့ ဖြစ်ဘို့လိုပါတယ်။ ဒါမှ လားရှိုးမှာရှိနေတဲ့ လှုပ်ရှားစစ်ကြောင်း အားကောင်းပြီး စစ်ရေးရည်ရွယ်ချက် အထမြောက်မှာဖြစ်ပါတယ်။

စုဆောင်းထားတဲ့ စစ်သားသစ်တွေနဲ့ မဟာမိတ်ပြည်သူ့စစ်တွေသပ်သပ်နဲ့တော့ အလုပ်ဖြစ်စရာမရှိပါဘူး၊ မဟာမိတ်ပြည့်သူစစ်တွေက လည်း ကိုယ့်နယ်သာကိုယ်ကျွမ်းပေမဲ့ သူများနယ်မှာ အဲ့ဒီ့အားသာချက်မရှိပါဘူး။ ဘာကြောင့်စစ်တိုက်ရသလဲဆိုတဲ့ စိတ်ဓာတ်ရေးရာကလည်း အားနည်းနေမှာပါ။

စစ်ကူ မလာနိုင်လို့ ရမခ ထဲက စစ်အင်အားနဲ့ပဲ လှုပ်ရှားနေရရင်တော့ စစ်ပွဲဟာအီနေမလား ဒါမှမဟုတ်ကြာလေ စိတ်ဓာတ်ခွန်အားကျပြီး ရေရှည်တောင့်ခံထားနိုင်ပါ့မလား တွေးစရာတော့ရှိပါတယ်။ လောက်ကိုင်နဲ့မတူတဲ့ အချက်ကတော့ စကစ တပ်က စစ်သည်တော်တွေအနေနဲ့ အစဉ်အလာရှိတဲ့ကိုယ့်နယ်ကို ကာကွယ်ရတာမို့ ပိုပြီးမခံချင်စိတ်ရှိနိုင်သလို survival mood သေရင်မြေကြီးရှင်ရင်ရွှေထီးဆိုတဲ့ စိတ်က ပိုပြင်းပြနိုင်ပါတယ်။

Will to fight တိုက်လိုစိတ်ပြင်းပြနေတယ်ဆိုရင်တော့ လူနည်းတာ များတာ အင်အားသာတာ မသာတာ နဲ့ မဆိုင်ပဲ စစ်ပွဲဟာပြင်းထန်နိုင်တာမို့ ဒီတခါမှာတော့ MNDAA အနေနဲ့ အရင်ပွဲနဲ့ မတူတာ ကို ကြုံတွေ့ရနိုင်ပါတယ်။

ဒါကတော့ ပထဝီဝင် အနေအထားအပေါ် ကိုယ်သိသလောက် မှတ်မိသလောက် နဲ့ တက်လာတဲ့ သတင်းတွေအပေါ် အပြန်ပြန်အလှန်လှန် cross check လုပ် verify လုပ်ရင်း ရလာတဲ့ logic အပေါ် မူတည်ပြီး တွေးမိတာကို ရေးတာပါ။

အထူးသဖြင့် ဂဏန်းလက်မလိုပဲ အညှပ်ခံရပြီဆိုတဲ့သုံးသပ်ချက်ကို တွေ့မိတဲ့အခါ ဘယ်သူ့က ဘယ်သူကို ညှပ်တာလဲ သိချင်လာလို့ပါ။ တွေးကြည့်တာမို့ ပြေးကြည့်တာလောက်တော့ အပြည့်အဝမှန်မယ်လို့ တော့ မထင်မိပါဘူး။

Related Articles

Back to top button