အတွေးအမြင်

နွေဦးတော်လှန်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးက ဖက်ဒရယ်တည်ဆောက်ရေးခြေလှမ်းသစ်လား

နွေဦးတော်လှန်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးက ဖက်ဒရယ်တည်ဆောက်ရေးခြေလှမ်းသစ်လား

ကျော်ကိုကို

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ( ၁၁) ရက်နေ့ ည (၉.၀၀)နာရီမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကြောင့် ခြောက်လကြာ ရပ်တန့်ထားရတဲ့ ၁၀၂၇ သေနဂ်ဗျုဟာတန်ပြန်ထိုးစစ်ရဲ့ ဒုတိယပိုင်းကို ပြန်စတင်လိုက်ကြပြီ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားသူ နွေဦးတော်လှန်ရေးအင်အားစုများဟာ ရှမ်းမြောက် စစ်မျက်နှာအပြင် ​မြန်မာမြေပြန့် အညာစစ်မျက်နှာကိုလည်း အားနဲ့အင်နဲ့ တိုးချဲ့ဖွင့်လှစ် လိုက်ပါပြီ။

ရှမ်းမြောက်နဲ့အညာ နယ်စပ်စည်းဖြစ်တဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေလည်း တော်လှန်ရေး အင်အားစုတွေ လက်ထဲ ရောက်လုနီးပါးဖြစ်နေပါတယ်။

လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ အတူပူးတွဲ စစ်ဆင်ရေးလုပ်နေတာကြောင့် ဒီခြေလှမ်းဟာ အနာဂတ်ပြည်ထောင်စုဖော်ဆောင်ဖို့ အခင်းအကျင်း သစ်လားလို့ လူတိုင်းက စိတ်ဝင်စားလာကြပါတယ်။

တချို့ကတော့လည်း လူမျိုးစုတော်လှန်ရေးအဖွဲ့ (EROs) တွေက နွေဦးတော်လှန်ရေးအဖွဲ့တွေကို အသုံးချပြီး သူတို့နယ်မြေဒေသတွေ လွတ်မြောက်ရေးအတွက်ပဲ စဥ်းစားတာ၊ တပြည်လုံး လွတ်မြောက်ရေးကို သူတို့ စိတ်မဝင်စားဘူး၊ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်အာဏာတည်ဆောက်ရေးကိုပဲ စိတ်ဝင်စားတာလို့ ဝေဖန်နေကြပါတယ်။

အထက်ပါ အယူအဆနှစ်ရပ်မှာ ဘယ်အယူအဆက ပိုမှန်ပါသလဲ။ဘယ်အယူအဆက ပကတိဘာဝ အခြေအနေတွေကို ထင်ဟပ်နေပါသလဲ၊ဘယ်အယူအဆက လက်တွေ့ဖြစ်နိုင်ခြေနဲ့ပိုနီးစပ်မလဲဆိုတာ ကျနော်တို့ ဆန်းစစ်ကြည့်ရအောင်ပါ။

တော်လှန်ရေး၏ ပကတိဘာဝအခြေအနေများ

တောင်ပေါ်နဲ့မြေပြန့် နိုင်ငံရေးတောင်းဆိုချက်တွေမတူပေမယ့်လည်း နိုင်ငံရေးကံကြမ္မာတခုတည်း အောက်မှာ အကျိုးပေးမကွာခြားဘူးလို့ ပြောချင်ပါတယ်။

စစ်သုံးစစ်ကြီးစိုးလွှမ်းမိုးနေဆဲကာလမှာ မြေပြန့်သားတွေခြေထောက်ကျိုးတော့ တောင်ပေါ်သားတွေ ဒူးဆစ်ပြုတ်ရတာပါပဲ။

မြေပြန့်သားနဲ့ တောင်ပေါ်သားတို့ရဲ့ ဘုံရန်သူဟာ ဖက်ဆစ်စစ်တပ်ဖြစ်တယ်။ဖက်ဆစ်သံဖနောင့်က တပြည်လုံးကို နင်းခြေဖိနှိပ်ထားသလို ဖက်ဆစ်ဓားသွားက တပြည်လုံးရဲ့ ဂုတ်ပေါ်မှာ မိုးထားနေ ပါတယ်။

ဖြူဖြူ မည်းမည်းအတူတွဲ ဖက်ဆစ်ဖြုတ်ချပွဲလို့ ပြောရပါလိမ့်မယ်။ရန်သူဟာ တယောက်တည်း ဖြစ်နေရင် ဖိနှိပ်ခံပြည်သူတွေအားလုံး လက်တွဲရမှာ မဖြစ်မနေလိုအပ်ချက်တခုပဲဖြစ်တယ်။

ဒါဟာ ပြည်သူအားလုံးမှာ ရှိရမယ့် သဘောထားပဲ။ဒီသဘောထားကို ပြတ်ပြတ်သားသား ကိုင်စွဲထားဖို့ပဲ လိုအပ်တယ်။

စစ်အုပ်စုကို စစ်ရေးဖိအားပေးနေတာ EROs တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တယ်။

စစ်အုပ်စုကို နိုင်ငံရေးဖိအားပေးနေတာ EROs အပါအဝင် နွေဦးတော်လှန်ရေးအင်အားစု ပေါင်းစုံ ဖြစ်တယ်။

စစ်အုပ်စုကို ကျန်တဲ့ဖိအားတွေဆက်ပေးဖို့လည်း အခြေအနေတွေက တောင်းဆိုနေပြီ အထူးသဖြင့် စီးပွားရေးသမားတွေကိုပါမချန်ဘဲ စစ်အုပ်စုက ပြိုချလာနေပြီ။သူတို့ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေကိုပါ စစ်ကောင်စီက ကမ္ဘာမီးလောင် သားကောင်ချနင်းနေပြီ။ စစ်အုပ်စု ကမ္ဘာ့အလည်မှာ အထီးကျန် တကောင်ကြွက်ဖြစ်နေပြီ။

ရန်ငါမပြတ်လို့ သံဃာလည်းသတ်ခံရတယ်လို့ ကြားဖူးတယ်။အခု စစ်ကောင်စီက အထင်ကရဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး အပါအဝင် ဗုဒ္ဓဘာသာရဟန်းတော်တွေကိုလည်း သတ်ဖြတ်နေပြီ။ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီတွေကိုလည်း ဗုံးကြဲ မီးရှို့ဖျက်ဆီးနေပြီ။ဘာသာရေးရှိသူ ဘာသာရေး မရှိသူတွေ၊ ယုံကြည်သူ မယုံကြည်သူတွေ ခွဲနေမှာမဟုတ် စစ်အုပ်စုကတော့ အကုန်လုံး တတန်း တည်းထားပြီး သတ်ဖြတ်မှာဖြစ်တယ်။

ဒါကြောင့် စစ်အုပ်စုကို တော်လှန်ဖို့က ပကတိဘာဝအ​ခြေအနေအရ လက်ခံရမယ့် အရှိတရားပဲ ဖြစ်တယ်။

တော်လှန်ရေး၏ အတ္တဘာဝအခြေအနေများ

လူမျိုးစုတော်လှန်ရေးအင်အားစုများရဲ့ မဟာဗျုဟာရည်မှန်းချက်တွေထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (self-autonomy) ဆိုတာ အဓိကကျတဲ့နေရာက ပါဝင် နေတယ်။

ဖက်ဒရယ်ရည်မှန်းချက် ပန်းတိုင်လို့ဆိုလိုက်ရင် self-autonomy သာမကတော့ဘဲ လူမျိုးစု အချင်းချင်း ကြား ညှိနှိုင်းအပေးအယူလုပ်ရတော့မယ့် အခင်းအကျင်းတွေပါ ပါဝင်လာရတော့မှာ ဖြစ်တယ်။

Partially self-autonomy and partially shared autonomy လို့ဆိုထားတဲ့အတွက် ဖက်ဒရယ် သဘောတရားအရ အခြားအုပ်စုတွေရဲ့ ပြဌာန်းခွင့်၊ အခြားအုပ်စုတွေရဲ့ အုပ်ချုပ်ခွင့်တွေကိုလည်း အသိအမှတ်ပြုရတော့မယ်။

ဒါကို အခုလက်နက်ကိုင်နေတဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတိုင်းက ခေါင်းဆောင်တွေ သဘောပေါက်ကြပါတယ်။ဒီနေရာမှာ အပေးအယူလုပ်တဲ့အခါ နည်းနည်းပေး၊ များများယူချင်ကြတာ လူ့သဘာဝပါပဲ။ကိုယ့်အနေအထားအရ လုပ်သာကိုင်သာရှိတဲ့ ပမာဏတော့ လူတိုင်းလို ချင်ကြတာ ချည်းပဲ ဖြစ်တယ်။ဒါကြောင့် လောလောဆယ်မှာ ကိုယ်ရသလောက် ကိုယ်ယူထားမယ်ဆိုတဲ့ အယူအဆ နဲ့ လက်ကုန်နှိုက်ပြီး တိုက်ယူနေကြတာဖြစ်ပါတယ်။

ကိုယ့်အင်အား ကြီးထွားရေး၊ အသာစီးရရေး၊ အနိုင်ယူရေး၊ နယ်မြေကျယ်ပြန့်ရေး စတဲ့ ဘက်ပေါင်းစုံစဥ်းစားချက်တွေရှိကြတာမှန်တယ်။ဒါပေမယ့် ဒီနိုင်ငံအတွင်းက လူမျိုးစုတွေအနေနဲ့ ethnic separatism ကို အခုအခြေအနေအရ လုပ်ဖို့ စောသေးတယ်လို့ ယူဆရပါမယ်။လုပ်ခဲ့မယ်ဆိုရင် စစ်ကောင်စီဘက်က အခွင့်အရေးအရ ပြန်သာသွားလိမ့်မယ်။ခွဲထွက်ရေးဟာ ညီညွတ်ရေးနဲ့ ဆန့်ကျင် သွေဖည်တဲ့လမ်းကြောင်းဖြစ်လို့ ကိုယ့်လမ်းကိုယ်ပြန်ပိတ်မိသွားမှာဖြစ်တယ်။ဒါကြောင့် ဝ၊ ကိုးကန့် တို့ဘက်က ဘယ်တော့မှ ခွဲထွက်ရေးစကားမပြောဘဲ ခြေသွက်လက်သွက်နဲ့ ကိုယ့်အခြေခံ ဒေသကိုပဲ အားရှိသထက်ရှိအောင်တည်ဆောက်နေတာဖြစ်တယ်။

အဆိုပါအခြေအနေအရ လူမျိုးစုလက်နက်ကိုင်တွေဟာ သူတို့ရဲ့ အတ္တဘာဝအခြေအနေတွေ အောက်ကနေ သူတို့ရဲ့ဗျုဟာကို ရေးဆွဲပုံဖော်နေကြတာဖြစ်တယ်။

​မြေပြန့်က မြန်မာတွေရဲ့ အတ္တဘာဝအခြေအနေတွေကတော့ လူမျိုးစုတွေနဲ့ အခြေခံအားဖြင့် ကွဲလွဲ ကြတယ်။ မြန်မာလူမျိုးစုမှာ ကိုယ်ပိုင် သီးခြား လူမျိုးရေးလက္ခဏာ တထပ်တည်းတူနေတာ မဟုတ်ဘူး။ ရန်ကုန်သား၊ အောက်သား၊ မန်းလေးသား၊အညာသားဆိုတဲ့ ကွဲလွဲခြားနားချက်တွေရှိလို့ လူမျိုးရေး လက္ခဏာနဲ့ စုစည်းထားတာမဟုတ်ကြဘူး။ဒေသဆိုင်ရာအခြေခံနဲ့ စုဖွဲ့ကြတာများတယ်။မန်းလေး PDF၊ မုံရွာ PDF ၊ မြင်းခြံ PDF ဆိုတာတွေ ထွက်ပေါ်လာတယ်။နောက်တမျိုးက အိုင်ဒီယော်လော်ဂျီ အုပ်စုတွေလည်း ရှိတယ်။အထူးသဖြင့် ကျောင်းသားတွေကို အခြေခံထားတဲ့ ABSDF၊ SAF၊ PLA တို့လို အစုအစည်းတွေကို မြင်ရတယ်။

ဒီတိုက်ပွဲမှာ နိုင်ငံရေးအရ အိုင်ဒီယော်လော်ဂျီအုပ်စုတွေကြားမှာ စုစည်းအဖြေရှာမှုတွေ လိုအပ်တယ်။ အနာဂတ်နိုင်ငံသစ်ကို ဘယ်လိုပုံသဏ္ဍာန်၊ဘယ်အနှစ်သာရတွေနဲ့ တည်ဆောက်မလဲဆိုတာ စုပေါင်း သဘောထား ချမှတ်ထားဖို့လိုတယ်။နောက်တဆင့်မှာ လူမျိုးစုလက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေနဲ့ ပေါင်းစပ်ရမယ်။တူတဲ့အချက်တွေကို အတိအကျဆုပ်ကိုင်ပြီး မတူတာတွေကို တူလာအောင် ညှိယူမလား၊ ပဋိပက္ခအဆင့်မရောက်အောင် ထိန်းယူမလားဆိုတာ အခုတော်လှန်ရေးရဲ့ အတ္တဘာဝ အခြေအနေတွေအောက်က ချမှတ်ရမယ့် ဗျုဟာကို ရေးဆွဲပုံဖော်ဖို့ အရေးတကြီးလုပ်ကြရမယ်။

လက်တွေ့တည်ဆောက်ရသော ညီညွတ်ရေး

၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ရှေ့တဆင့်ရောက်အောင် တွန်းပို့ပေးလိုက်တဲ့ စစ်ရေးလှုပ်ရှားမှုဖြစ်တယ်။

တနည်းပြောရရင် NUG အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတွေကို ကမ်းခြေရောက်အောင်ပို့ဆောင်ပေးတဲ့ လှိုင်းလုံးတလုံးလည်းဖြစ်တယ်။

ဒီလှိုင်းကို သေချာစီးတတ်ရင် ကမ်းခြေကိုရောက်မှာဖြစ်ပေမယ့် မစီးတတ် မနင်းတတ်ရင် ကို့ရို့ကားယားနဲ့ လှေပေါ်ကပြုတ်ကျမှာဖြစ်တယ်။

တကယ်လက်တွေ့တိုက်ပွဲထဲမှာ တဖက်နဲ့တဖက် အတူတွဲလုပ်ရင်း ယုံကြည်မှုတည်ဆောက်ရမှာပါ။ဒီယုံကြည်ချက်ရဖို့က နှစ်ဖက်စလုံးမှာ တူညီတဲ့ ဦးတည်ရည်မှန်းချက်ရှိဖို့လိုတယ်။

နှစ်ဖက်စလုံးက ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တည်ဆောက်ချင်တဲ့စိတ်ဆန္ဒ တူတူညီညီရှိဖို့လိုပါတယ်။ဒါကြောင့် လာမယ့်အနာဂတ်နိုင်ငံသစ်ဟာ ဆန္ဒမပါတဲ့ပြည်ထောင်စုမဟုတ်ဘဲ ဆန္ဒတူညီပြည်ထောင်စုသဏ္ဍာန်ဖြစ်ဖို့လည်း အရေးကြီးတယ်။လွတ်လပ်၊တန်းတူ၊ညီမျှ၊သွေးစည်းတဲ့ အနှစ်သာရတွေလည်း ကိန်းအောင်းနေတဲ့ ပြည်ထောင်စုဖြစ်ရမယ်။

အခု ၁၀၂၇ စစ်ဆင်ရေးမှာ အတူတူပူးပေါင်းတိုက်ပွဲဝင်ရင်း ဆန္ဒတူအောင် ဆွေးနွေးညှိနှိုင်းစုစည်းရမှာဖြစ်သလို တော်လှန်ရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာလည်း တဖက်ကို တဖက်က အသာစီးယူတဲ့သဘောမျိုးဆောင်လို့မရပါဘူး။

အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ ပြည်ထောင်စုအစိုးရဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုး၊စိတ်ထားမျိုးထားနေရင် ကျန်တဲ့ လူမျိုးစုတွေ၊လူမှုအစုတွေအပေါ် မတရားရာလည်းကျပါတယ်။မရိုးသားရာလည်း ကျပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ အခွင့်အရေးကို စစ်ကောင်စီနဲ့ ညှိနှိုင်းယူနေချိန်မှာ ကျန်တဲ့လူမျိုးစုတွေ၊လူမှုအစုတွေက တော်လှန်ရေးလုပ်ငန်းတွေ လုပ်နေရလို့ မြေပေါ်မှာ ပြည်သူကို ကိုယ်စားပြုပြီး လှုပ်ရှားလို့မရနေတဲ့အချိန်ကာလဖြစ်နေခဲ့ရလို့ပါပဲ။

ပြည်ထောင်စုအစိုးရဖြစ်လို့ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးလုပ်ငန်းတွေကို အဖွဲ့တည်းက လက်ဝါးကြီးအုပ်တာမျိုး၊အခြားသော လူမျိုးစုနဲ့လူမှုအစုတွေရဲ့ အသံကို တိုးတိမ်ပျောက်ကွယ်အောင် ဖိနှိပ်ကန့်သတ်တာမျိုးကလည်း ဖက်ဒရယ်ကို အတားအဆီးဖြစ်စေနိုင်ပါတယ်။

ဒီမိုကရေစီအခြေခံသဘောတရားဖြစ်တဲ့ Majority Rule and Minority rights တွေကိုမကျင့်သုံးပဲ ဖက်ဒရယ်တည်ဆောက်လို့မရပါဘူး။

တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် ဦးစားပေးပြီး ပသုံးလုံးလက်နက်ကိုင် အဖွဲ့တွေ တည်ဆောက်တဲ့လုပ်ရပ်ဟာ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းနဲ့ပိုဝေးစေပြီး စစ်ဗျုရို ကရေစီ လမ်းကြောင်းပေါ်မှာပဲရှိနေသေးတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကို သေချာပြန်ဆန်းစစ်ဖို့ လိုပါတယ်။

တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်မယ်ဆိုရင် လုပ်တဲ့လုပ်ရပ်တွေ ကအစ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြဖို့”လိုအပ်ပါတယ်။ဒါမှသာ ကျနော်တို့မျှော်မှန်းတဲ့ အတိုင်း နွေဦးတော်လှန်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးက ဖက်ဒရယ်အခင်းအကျင်းသစ်တည်ဆောက်ရေးမှာ အခရာကျတဲ့လုပ်ငန်းစဥ်တရပ်ဖြစ်လာမှာပါ။

အကယ်၍သာ ၁၀၂၇ ကို အာဏာတည်ဆောက်ရေးအတွက် လှိုင်းစီးရုံသက်သက်ပဲ သဘောထားရင်တော့ အဆိုပါလှိုင်းရိုက်ပုတ်မှုဒဏ်ကြောင့် တော်လှန်ရေးရေအောက်ကြမ်းပြင်အထိ စုံးစုံးမြုပ်ရမှာဖြစ်ကြောင်း တွေးဆဆင်ခြင်မိလိုက်ရပါတယ်ခင်ဗျား။

ကျော်ကိုကို

 

Related Articles

Back to top button