သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ၊ လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဇွန်လ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

  လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် ဇွန်လ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖက်ဒရယ်ဂျာနယ်-မြန်မာမှ လစဉ် လေ့လာပြုစု၍ ထုတ်ပြန်လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း အာဏာသိမ်း မှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးရဲဘော်များ နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ့ အိုးအိမ် ပျက်စီးမှု၊ အရပ်သား ပြည်သူများ သေဆုံးမှုများ နှင့် တော်လှန်ရေး တပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ တပ်စခန်းများကို စုစည်း တင်ပြ ထားပါသည်။

အပိုင်း (၁)

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ

(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းသား ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲကြီးငယ် အကြိမ်ပေါင်း (၁၈၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်တွင် (၄၇) ဝန်းကျင်ထိ အများဆုံး ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နှင့် ရှမ်းပြည်တို့တွင် (၄၀) ကြိမ်ထက်မနည်း အသီးသီး ဖြစ်ပွားခဲ့ပြီး ချင်းပြည်တွင် (၃၀) ကြိမ်ခန့်၊ ကရင်ပြည်တွင် (၁၀) ကြိမ်ခန့်၊ မွန်ပြည်တွင် (၁၀) ကြိမ်ခန့်နှင့် ကရင်နီပြည်တွင် (၇) ကြိမ်ခန့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ဇွန်လတစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၅၆)ကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်တွင် (၅၇၂) ဦးနှင့် ရှမ်းပြည်တွင် (၉၀) ဦးတို့ဖြင့် အများဆုံး သေဆုံးမှု ရှိခဲ့ပါသည်။ ကရင်ပြည်နှင့် ကချင်ပြည်တို့တွင် (၂၄) ဦးစီ အသီးသီး သေဆုံးမှုရှိခဲ့ပြီး ချင်းပြည်တွင် (၁၅) ဦး၊ မွန်ပြည်တွင် (၅) ဦး သေဆုံးမှု ရှိခဲ့သည်ဟု တွေ့ရှိရပါသည်။

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

(၁) ကချင်ပြည်

ဇွန်လအတွင်း ကချင်ပြည်ဒေသတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှုတိုက်ပွဲပေါင်း (၄၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။

ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များသည် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝိုင်းမော်နှင့် ဆဒုံး- ကန်ပိုင်တည်သွားလမ်း တစ်လျှောက်ရှိ စစ်တပ်စခန်းများနှင့် ပြည်သူ့စစ်တပ် စခန်းများဖြစ်သည့် ၁၃ မိုင်စုပေါင်းဂိတ် (ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း၊ ဒိန်ဂါစစ်စခန်းနှင့် ဆဒုံးဗျူဟာကုန်း များကို သိမ်းပိုက် နိုင်ခဲ့ပါသည်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးနှင့် ဖားကန့်မြို့နယ်စပ်ကြားရှိ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် များစုပေါင်းနေထိုင်သည့် ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စသည့် စစ်တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း တွေ့သိရှိရသည်။ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့များသည် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်မှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်မပျက်ပစ်ခတ် လျက်ရှိကြောင်းလည်း သိရှိရသည်။    

(၂) ချင်းပြည်

ဇွန်လအတွင်း ချင်းပြည်ဒေသတွင် ချင်းအမျိုးသား တပ်မတော် (CNA)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အကြားလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့တာကြောင့် ချင်းပြည်အတွင်း တိုက်ပွဲပေါင်း (၃၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။

ချင်းပြည်တွင် ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် Operation CB စစ်ဆင်ရေး အမည်ဖြင့် မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိပြီး မတူပီမြို့ ခမရ (၃၀၄)ကို ဇွန်လ ၁၇ ရက်နေ့ နှင့် ခလရ (၁၄၀) ကို ဇွန်လ ၂၉ ရက်တို့တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ယင်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော် AA ၊ Yaw Army, Yaw Defense Force နှင့် အခြားသော ချင်းညီနောင် မဟာမိတ် အဖွဲ့များ ပူးပေါင်းပါဝင်လျက်ရှိဟု သိရပါသည်။ ထို့ကြောင့် ချင်းပြည်အတွင်းရှိ မြို့တစ်ခုဖြစ်သော မတူပီ မြို့သည် တော်လှန်ရေးအုပ်စုများ၏ ထိန်းချုပ် ထားနိုင်သော နောက်ထပ်အရေးပါသည့်မြို့ ဖြစ်ကြောင်းတွေ့ရသည်။  ချင်းပြည်၊ တီးတိန်မြို့နယ်၊ စစ်ကောင်စီ၏ ကနေဒီတောင် တပ်စခန်းကိုလည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ဇွန်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

(၃) ကရင်နီပြည်

ဇွန်လအတွင်း ကရင်နီပြည်ဒေသတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း (၇ ) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ ပါသည်။

ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး မိုးဗြဲ-လွိုင်ကော်-လွိုင်လင် တစ်လျှောက် တွင်လည်း ထိတွေ့မှုများရှိခဲ့ပါသည်။ စစ်ကောင်စီဘက်ကလည်း လွိုင်ကော်မြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကရင်နီပြည်၊ ဘော်လခဲခရိုင်အတွင်းရှိ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ မယ့်စလောင်းတောင် စခန်းကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။  

(၄) ကရင်ပြည်

ဇွန်လအတွင်း ကရင်ပြည်ဒေသတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် တိတွေ့မှု တိုက်ပွဲပေါင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။

ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြင်း၊ စုကလိမြို့ အခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ (၅၆၀) တပ်ရင်းကို KNLA – ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ်အတွင်း၊ လယ်ဒို မြို့နယ်အတွင်း၊ မူးမြို့နယ်၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း၊ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း စသည့် ဒေသများတွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းပစ်ခတ်ခြင်း များကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့ကြောင်း လည်း တွေ့ရှိရသည်။

(၅) မွန်ပြည်

ဇွန်လအတွင်း မွန်ပြည်ဒေသတွင် စစ်ကောင်စီနှင့် မွန်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု တွေ့ရှိရသည်။

ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ထားဝယ်ခရိုင် မျောက်ကျေးရွာ၊ ရာဖူးရွာသစ်နှင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။  မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံခရိုင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့နယ်- သိမ်ဇရပ်မြို့ စသည့်ဒေသများအတွင်းတွင်လည်း စစ်ကောင်စီ၏ မှိုင်းများ၊ လက်နက်ကြီးများ၊ လေကြောင်း ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှု များရှိခဲ့သည်ဟုလည်း သိရသည်။

(၆) ရခိုင်ပြည်

ဇွန်လအတွင်း ရခိုင်ပြည်ဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိတွေ့မှု တိုက်ပွဲပေါင်း (၄၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ပထမ အပတ်တွင် မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း ခွဆုံပြစခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်းနှင့် နခခ (၉) စခန်းတို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဇွန်လ ဒုတိယအပတ်တွင် မောင်တော မြို့နယ်အတွင်းရှိ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်း တို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ဒေသတွင်းသတင်းများနှင့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ ကဇုကိုင်းအနီး တောဟိန်းတောင် ဗျူဟာကုန်းကိုလည်း အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ခြင်းနဲ့အတူ ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကိုလည်း သိမ်းပိုက်ကာ အာရက္ခတပ်တော် အနေဖြင့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် သံတွဲမြို့အား အလုံးစုံ ထိန်းချုပ်နိုင်ရန် စစ်ပွဲအရှိန်ကို မြှင့်တင်တိုက်ခိုက်လျက်ရှိကြောင်းလည်း တွေ့ရှိရသည်။

ရခိုင်ပြည်အတွင်းရှိ သံတွဲမြို့နယ်၊ မြေပုံမြို့နယ်၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ အမ်းမြို့နယ် တို့တွင် စစ်ကောင်စီဖက်မှ အကြောင်းမဲ့ လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ စစ်ကောင်စီ၏ မြေမြှုပ် မိုင်းများကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုများ ရှိနေကြောင်းကိုလည်း တွေ့ရသည်။

(၇) ရှမ်းပြည်

ဇွန်လအတွင်း ရှမ်းပြည်ဒေသတွင် စစ်ကောင်စီတပ်နှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ကိုးကန့်တပ် – MNDAA ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့မှု တိုက်ပွဲပေါင်း (၄၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်းဒေသတွင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ရပ်စောက်မြို့နယ် စသည့် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့်အတူ မန္တလေး PDF၊ ဓနု ပြည်သူ့လွတ်မြောက် ရေးတပ်ဦး – DPLF/DPLA နှင့် အခြားသော ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းတွေ့ရှိရသည်။

ရှမ်းတောင် ဒေသတွင်လည်း ရှမ်းပြည် တိုးတက်ရေးပါတီ – SSPP/SSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် RCSS/SSA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အရပ်သား ပြည်သူများအား ထိခိုက်မှုများ ရှိခဲ့ပါသည်။

ရှမ်းပြည် မြောက်ပိုင်းဒေသရှိ မိုးမိတ်မြို့နယ်၊ နောင်ချိုမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ လားရှိုးမြို့နယ်၊ ကျောက်မဲ နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော် – TNLA၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

ရှမ်းမြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ထိုးစစ်ဆင် တိုက်ပွဲများ ပြန်လည် စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၂၄) ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ ယင်းစခန်းများမှာ ကျောက်မဲ မြို့နယ်ရှိ နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြှောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်၊ ခဲမွန်၊ ကျောက်ကြမ်း တပ်မ (၃၃) တပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းနှင့် မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စသည့် စခန်းများဟုလည်း သိရှိရသည်။

စစ်ကောင်စီသည် ညီနောင်မဟာမိတ်များ ဖြစ်သည့် ကိုးကန့်တပ် – MNDAA၊ တအောင်းတပ်မတော် – TNLA နှင့် အာရက္ခ တပ်တော် – AA တို့နှင့် အပစ်အခတ် ရပ်စဲရေး ဟိုင်ဂင်သဘောတူ စာချုပ်ကို လျစ်လျူရှုပြီး စတင် တိုက်ခိုက်ခဲ့သောကြောင့် ရှမ်းမြောက်ဒေသတွင် စစ်ပွဲများ ပြန်လည်ပြင်းထန်လျက် ရှိကြောင်း ညီနောင်သုံးဖော်တို့မှ တရားဝင်ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

အပိုင်း (၂)

အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု

၂၀၂၄ ခုနှစ်ဇွန်လ အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြှုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သားပြည်သူများ (၁၇၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုသေဆုံးမှုများမှာ ရခိုင်ပြည်တွင် (၉၃) ဦးကျော်ဖြင့် အများဆုံးဖြစ်ပြီး ရှမ်းပြည်တွင် (၃၅) ဦး၊ ကရင်ပြည်တွင် (၁၅) ဦး၊ မွန်ပြည်တွင် (၁၄) ဦး၊ ကရင်နီပြည်တွင် (၅) ဦး၊ ကချင်ပြည်တွင် (၅) ဦးနှင့် ချင်းပြည်တွင် (၃) ဦး စသည်ဖြင့်  အသီးသီးမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

(ခ) အိုးအိမ် ပျက်စီးမှု

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သား နေအိမ်များ (၁၀၈) လုံးကျော် ပျက်စီးခဲ့ကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။

ချင်းပြည်တွင် (၅၀) ကျော်နှင့် ကရင်ပြည်တွင် (၃၈) ကျော်ဖြင့် ပထမနှင့် ဒုတိယ အများဆုံး ပြည်သူ့အိုးအိမ်များ ပျက်စီးခဲ့ပြီး မွန်ပြည်တွင် (၂၀)ကျော်ခန့် အသီးသီး ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်း သတင်းမီဒီယာများ

၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများ

၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ

Related Articles

Back to top button