တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 33, April 23, 2024)

၁။ မိုးမောက်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
April 22, 2024
ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့အနီးဝန်းကျင်မှာ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ် ရေးတပ်မတော် (KIA) တို့အကြား လေကြောင်းအသုံးပြုတဲ့အထိ တိုက်ပွဲပြင်းထန်လို့ အနည်းဆုံး အရပ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးမောက်မြို့နဲ့အနီးဝန်းကျင်မှာ ၂ ပတ်နီးပါး စစ်ရေးငြိမ်သက်ရာ ကနေပြီး ဧပြီ ၂၂ မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ မနက် ၇ နာရီလောက်ကစတဲ့တိုက်ပွဲတွေကြောင့် မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်က အမျိုးသား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး  ဇောတိချောင်က မိန်းကလေးငယ် တဦး သေဆုံးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးမောက်မြို့ခံတဦးက “အခု ဒီမနက်မှပြန်ပြီးစနေတာ၊ စစ်ကြောင်းက လာတာကို ခါနန်ပိုင်းကို ရောက်သွားတဲ့အချိန်မှာ ဟိုဘက်မှာ ထိပ်တိုက်တွေ့ကြတယ် ထင်တယ်။ ပစ်နေကြတယ်။ အဲဒီနောက် ပိုင်းကစပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်တယ်။ အခုဖြစ်သွားတဲ့ဟာတွေ၊ တမနက်လုံး ၂ နာရီ၊ ၃ နာရီဆက်တိုက် လောက်ကို လက်နက်ကြီးတွေ ပစ်နေတယ်။ ဒီတိုင်းပဲ ပေါ့ပေါ့နေလိုက်တယ် ထင်တယ်။ ပြီးတော့မှ ၂ ယောက်က ကတုတ်ကျင်း ကို သွားဖို့ကို ကတုတ်ကျင်းနဲ့ အိမ်နဲ့ကို ကူးလူးနေရင်းနဲ့ကို ထိသွားတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ခူးလီ-နန့်လှိုင်ဘက်ကနေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ KIO/ KIA သတင်းပြန် ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ မိုးမောက်မြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေကို ရှင်းချင်တဲ့ပုံစံရှိသလို ဗန်းမော်မြို့နဲ့ နီးလာတဲ့အတွက် မြို့လုံခြုံရေးကြောင့် စစ်ကြောင်းထိုးလာတာလည်း ဖြစ်နိုင် ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သူကဆက်ပြောပါတယ်။ တိုက်ပွဲကြောင့် သေဆုံးခဲ့ရသူ ၃ ဦးရဲ့ ရုပ်အလောင်း တွေအပါအဝင် တခြားဒဏ်ရရတဲ့ အမျိုးသား ၃ ဦးလည်း ဗန်းမော်ဆေးရုံကိုရောက်ရှိလာခဲ့တယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါ တယ်။ လတ်တလော မိုးမောက်မြို့ခံတွေ စစ်ရှောင်နေကြပေမဲ့ အိမ်စောင့်အဖြစ် ကျန်နေခဲ့သူက တအိမ် တယောက်လောက် အနည်းဆုံးရှိပြီး တချို့ဒေသခံတွေကတော့ မြို့မှာပဲ ဆက်နေကြလို့ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ Read ni full

၂။ ဟားခါးမြို့မှာ စစ်ကောင်စီက ဆိုင်ခန်းများပိတ်ခိုင်းပြီး ဘုရားကျောင်းထဲ လူ ၅ ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်
April 22, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းထားပြီး ဘုရားကျောင်းထဲမှာလည်း လူ ၅ ဦးနှင့် အထက်ပိုမစုရ အမိန့်ကို ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။   ပြီးခဲ့ သည့် ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများ၏ VIP ယာဉ်တန်းကို CDF တပ်ဖွဲ့ဝင်များက ရပ်ကွက် အတွင်းရှိ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားကျောင်းများအား အကာအကွယ်ယူ ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့် ဟုဆိုကာ ထိုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။  ဟားခါးမြို့ခံတဦးဆရာတော်တပါးက ”ဒီနေ့မနက်မှာ လော်စပီကာနဲ့ အော်တယ်၊ မြို့သစ်တခုပဲမဟုတ်ဘူး၊ ဈေးသစ်ထဲက နေအိမ်တချို့လည်းပါတယ်။ (၂) လပိတ်ခိုင်းတယ်၊ မပိတ်ရင်ဆိုင်တွေရော အိမ်တွေရော ချိတ်ပိတ် မယ်လို့ပြောတယ်။ လူကတော့ သွားလာလို့ရပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဈေးဆိုင်ခန်းများပိတ်ခိုင်းသည့်အပြင် ဘုရားကျောင်းအတွင်း လူ ၅ ဦးနှင့်အထက်ပိုမစုရဟု အမိန့်ထုတ်ပြန် ခြင်းကြောင့် ဝတ်ပြုကိုယ်းကွယ်မှုမှာ အဟန့်အတားဖြစ်လာစေနိုင်သည်ဟု ၎င်းကဆက်ပြောသည်။“ဝတ်ပြုရေးဘယ်လိုလာ မလဲ မသိရသေးဘူး စိတ်ထဲမှာ စိုးရိမ်နေရတယ်၊ အခုလိုလုပ်ရခြင်းက ဟိုဖက်ကလက်နက် ကိုင်အဖွဲ့တွေ စိတ်ကိုစွသလို ဖြစ်သွား နိုင်တယ် အဲ့ဒါကြောင့် စိတ်ထိတ်လန့်လန့်နဲ့နေနေရပါတယ်”ဟု ဟားခါးမြို့ခံ ဆရာတော်တစ်ပါးကပြောသည်။ စစ်ကောင်စီ၏ အဆိုပါအမိန့်ထုတ်ပြန်ချက်သည် လာမည့်ဇွန်လ ၂၀ နေ့အထိ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု သိရသည်။ မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များကာလကြာရှည်ပိတ်ပင်မည်ဆိုပါက ပြည်သူများအနေဖြင့် အခက်အခဲဖြစ်လာစေနိုင် ပြီး ဆိုင်းခန်းငှါးရမ်းခ၊ သိုလောင်ထားသောကုန်ပစ္စည်းများပျက်စီးလာမည်ကို စိုးရိမ်နေကြရသည်ဟုသိရသည်။   https://www.facebook.com/photo?fbid=939286178200436&set=pcb.939286458200408

၃။ ပအိုဝ်းဒေသတိုက်ပွဲ သုံးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၀ကျော်သေဆုံး
 April 22, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတိုက်ပွဲများ၌  စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အရပ်သား ၆၆ဦး သေဆုံးကာ ၇၉ ဦး ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းလူငယ်အဖွဲ့ (PYO) က ထုတ်ပြန်သည်။ ယခုနှစ် ဇန်နဝါရီ ၂၁ရက်မှ ဧပြီ ၂၀ရက်အထိ ရက်ပေါင်း ၉၁ ရက်အတွင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်းလောင်း ဒေသ တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး ဖော်ပြရာ၌ အရပ်သား ထိခိုက်မှုအခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။ အရပ်သားသေဆုံးမှု များအနက် လက်နက်ကြီး ထိမှန်၍ ၁၈ ဦး၊ လေကြောင်း တိုက်ခိုက်ခံရ၍ ၁၆ ဦး၊ အဖမ်းခံရပြီးနောက် သေဆုံးခဲ့ရသူ ၁၆ ဦး၊ စစ်ရှောင်နေစဉ် ပစ်ခတ်ခံရခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ သတ်ဖြတ်ခံရခြင်း၊ ကြောက်လန့်ထွက်ပြေးစဉ် စစ်ကောင်စီ က ပစ်ခတ်၍ ဆေသုံးရခြင်းတို့ကြောင့် ၁၆ ဦး ရှိခဲ့သည်ဟု ဖော်ပြသည်။

“တိုက်ပွဲ ကာလအတွင်း အရပ်သား သေဆုံးတယ်ဆိုတာ စစ်ကောင်စီရဲ့  လက်နက်ကြီးတွေ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ကြောင့် ဖြစ်တယ်။ အဲဒါတင်မကဘူး ရမ်းသန်း ပစ်ခတ်တာ ခရီးသွားတဲ့ ပြည်သူလူထုတွေကို စစ်ကောင်စီက တွေ့ရင် တွေ့တဲ့ နေရာ ပစ်သတ်တာမျိုးတွေ လည်းရှိတယ်။ အခုထိလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ ဒေသခံ ပြည်သူလည်း အများ ကြီးရှိသေးတယ်။”ဟု ပအိုဝ်းဒေသ သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၇သောင်းကျော် ကျန်နေ ပြီး နေအိမ်အဆောက်အဦး ၆၀၀ ကျော် ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။ သုံးလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှု အကြိမ် ၄၆၀ ကျော်၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၂၉၀၀ ကျော် ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ https://www.facebook.com/photo/?fbid=767158465482948&set=pcb.767158575482937

၄။ စစ်တွေမြို့ ဂန့်ဂေါ်ကျွန်းရွာမှာ ဖမ်းဆီးခံခဲရတဲ့ ဒေသခံ ၁၀၀ ခန့် ပြန်မလွတ်သေး
 April 22, 2024
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက ဂန့်ဂေါ်ကျွန်းရွာ လှေဆိပ်မှာ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ တစ်ရာနီးပါး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ ကုန်းလမ်းနဲ့ ရေလမ်းကြောင်း ပိတ်ဆို့ ခံထားရတဲ့ စစ်တွေမြို့ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဒေသခံ တွေဟာ စစ်တွေမြို့ကနေ တိတ်တဆိတ်စွန့်ခွာချိန် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့က အမှတ် (၁) ရဲစခန်းဆီခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူးလို့ အဲဒီ အခြေအနေကိုသိတဲ့ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုထိ ပြန်လွတ်လာတာ မရှိသေးဘူး။ ဖမ်းခံထားရတဲ့ အသက်အရွယ်အစုံပါတယ်။ အခုထိကို တစ်ယောက်မှ မလွတ် သေးပါဘူး။ အဆက်အသွယ်လည်းမရကြဘူး။ ရဲစခန်းကို သွားစုံစမ်းဖို့ကလည်း အခက်အခဲတွေ ရှိနေကြတယ်” ဖမ်းဆီးခံထားရ သူတွေဟာ ပြစ်မှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကျူးလွန်ထားတာမရှိတာကြောင့် စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင် တယ်လို့ ဆိုပါတယ်။ လတ်တလောအခြေအနေအရ ဖမ်းဆီးခံထားရတဲ့ စစ်တွေဒေသခံ တစ်ရာနီးပါးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးပါဘူး။ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းမှာပဲ ဂန့်ဂေါ်ကျွန်းမှာ မြေမြှုပ်မိုင်းနင်းမိတာ ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=845336587627745&set=a.583637430464330

၅။  လွိုင်ကော် ကုန်းသာရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်ကြောင်း NUG ပြော
  April 23, 2024
ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ကျူးလွန်နေမှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ဆောင် ရွက် မယ်လို့လည်းဆိုပါတယ်။ ကုန်းသာရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦး အပါ အဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားနှစ်ဆယ်ခန့် ဒဏ်ရာရခဲ့ပြီး နေအိမ်အလုံးနှစ်ဆယ်နီးပါးလည်းထိ ခိုက်ပျက်စီးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က Su-30 (ပြာစိမ်း) ဂျက်တိုက်လေယာဉ်အသုံးပြုခဲ့ပြီး ပေါင်သုံးရာ ဗုံး နှစ် လုံးကြဲချခဲ့တာလို့ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။ ကုန်းသာရွာဟာ အိမ်ခြေနှစ်ရာနီးပါးနဲ့ လူဦးရေ ခုနစ်ရာ ကျော် ရှိတဲ့ရွာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ရာက ၂၀၂၃ ခုနှစ်မှာမှ ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်ကြရတာပါ။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီလ ၁ ရက်နေ့ ထုတ် ပြန်ချက်အရ စစ်အာဏာသိမ်း သုံးနှစ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယား ပြည်နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၈၁ ဦး သေဆုံးခဲ့ပါတယ်။ Read ni full

၆။ အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့က ရိဒ် – ဇိုခေါ်ထာရ်ဂိတ်ကို အိန္ဒိယဘက်ကပိတ်
April 22, 2024
အိန္ဒိယ – မြန်မာနယ်စပ်  အမှတ် (၂) ကုန်သွယ်ရေးလမ်း‌ကြောင်းပေါ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ် – ဇိုခေါ်ထာရ် ဂိတ်တံတားကို ဧပြီလ ၁၉ ရက်နေ့ကစပြီး အိန္ဒိယဘက်ကနေ ပိတ်လိုက်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၇ ရက်နေ့က အသွားအလာတွေကို စတင်ကန့်သတ်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အိန္ဒိယဗဟိုအစိုးရရဲ့လမ်းညွှန်မှုနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်သွယ်ရေးကိုရော၊ လူအသွားအလာကိုပါ အားလုံး ပိတ်လိုက်တာလို့ ဆိုပါတယ်။ ချင်းပြည်နယ်က ဒေသခံတွေဟာ အိန္ဒိယဘက်ကတင်သွင်းတဲ့ ကုန်ပစ္စည်းကိုသာ အဓိကဝယ်ယူ အသုံးပြုနေရတာဖြစ်တဲ့အတွက် အခုလိုဂိတ်ကိုပိတ်လိုက်တာကြောင့်ကုန်ပစ္စည်း၀ယ်ယူဖို့ အခက်အခဲဖြစ်လာနိုင်တယ်လို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ရိဒ်ခေါဒါရ် ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၇ ရက်နေ့ကတည်းက ကားတွေကို သွားခွင့်မပေးဘူး။ လူတွေ အကန့်အသတ်နဲ့ပဲ သွားလို့ရတာ။ ၁၉ ရက်နေ့ကနေ အခုထိ ပိတ်ထားတုန်းပဲ။ ဗဟိုကအမိန့်လို့ ပြောတာပဲ၊ အိန္ဒိယဘက်ကနေ စားသောက်ကုန်တွေကို အဓိက သုံးနေရတာလေ။ ကလေးမြို့ဘက်ကလည်း လမ်းတွေပိတ်ထားတော့ ရဖို့မလွယ်ဘူး။ အခုလို ပိတ်လိုက်တော့ ကုန်ပစ္စည်းပြတ်လပ်မှာကိုတော့ စိုးရိမ်မိတယ်”လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ကို အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းဖို့ တရား၀င်ကြေညာထားပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက ကန့်ကွက်ထားပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေတာဖြစ်ပါတယ်။ Read ni full

၇။ ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်
 April 22, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁ စီး၊ စစ်သုံးယာဥ် ၂ စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ KNLA ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့မှာ နောက် ဆုံးကျန်ရှိနေတဲ့ ခလရ-၂၇၅ ကို ဧပြီ ၁၁ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က မြဝတီမြို့ကိုပြန်လည်ရရှိ ရန် “အောင်ဇေယျ” အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်တာဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်တွေကို KNLA နဲ့ပူးပေါင်းတပ်တွေက လမ်းတစ်လျောက် ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ သံချပ်ကာကားအပါ အဝင် စစ်သုံးယာဥ် ၂ စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မြေဟောက်အမျိုခံရလိုက်တဲ့ နောက်ထပ်တစ်စီး ” လို့ Cobra Column တပ်ခွဲ ၄ ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြ ထားတာတွေ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရှေ့သို့ဆက် မတက်နိုင်ပဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေတွင် ရပ်တန့်နေခဲ့တယ်လို့ KNU ကလည်း ဧပြီ ၁၈ ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။ လက်ရှိ ကော့ကရိတ်မြို့တွင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကလာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများနေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက် စီးမှုများရှိခဲ့တယ်လို့ KNU ကပြောဆိုပါတယ်။  Read ni full

၈။ PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး
April 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဧပြီ ၂၁ နေ့လည် ၁၂ နာရီ ခန့်မှာ လူနေအိမ် ၇ လုံးကို စတင်မီးရှို့ ဖျက်ဆီးခဲ့ပြီး (ဧပြီ ၂၂) မနက် ၆ နာရီခန့်မှာတော့ နောက်ထပ် နေအိမ် တစ်လုံးကို ထပ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖျက်ဆီးခံရတဲ့အထဲမှာ အရပ်သားနေအိမ် ၃ လုံး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (PNLA)ရဲ့ ဒုတိယ ဥက္ကဌ ၂ နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ် ၅ လုံး ပါဝင်ပြီး အားလုံးနီးပါး မီးလောင်ပြာကျ ဖျက်ဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “တော်လှန်ရေးကို ဦးဆောင်နေတယ် ဆိုပြီး လုပ်တာပေါ့လေ။ တကယ်က သားသမီးနဲ့ မိဘက အရွယ်ရောက်လာရင် သူ့ရွေးချယ်ခွင့်နဲ့သူလေ။ သားသမီး ဒီလိုလုပ်တာ မိဘကြောင့်ဆိုပြီး စွပ်စွဲလို့မှ မရတာ။ ဒီလိုကြောင့် တော်လှန်ရေးကို မထိခိုက်စေပါဘူး။ ပိုပြီးတော့တောင်မှ တော်လှန်စိတ် ပိုပြင်းထန်လာမှာပါ”လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ် စုစုပေါင်းဟာ ခေတ်ကာလတန်ဖိုးအရ ကျပ်သိန်းပေါင်း သိန်း ၃၅,၀၀၀ ခန့် တန်ဖိုးရှိပြီး အတွင်းပရိဘောဂနဲ့ အဖိုးတန် ပစ္စည်းတွေကိုလည်း PNA က အဓမ္မ သိမ်းဆည်းသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ အိမ်နီး ချင်း တစ်ဦးက “ကုန်စုံဆိုင် ၂ ဆိုင် ဆိုရင် တော်လှန်ရေးနဲ့ ဘာမဆိုင်ဘူး။ သူတို့သက်သက်လုပ်တာ။ အိမ်တစ်လုံးကို သိန်းသောင်း ဂဏန်း ကျော်တယ်။ ဒီမနက်လည်း ဘာမဆိုင်ပဲ အိမ်နောက်တစ်လုံး ထပ်ရှို့ လိုက်ပြီ။ ရွာသားတွေကို တော်လှန်ရေး မပါရဲအောင် လုပ်နေကြတာပါ”လို့ ပြောပါတယ်။ မီးရှို့ဖျက်ဆီးရာမှာ PNA အုပ်ချုပ်ရေးမှူး ခေါင်းဆောင် ဦးထွန်းနောင်နဲ့ PNA အထူးကွန်မန်ဒို တပ်ရင်းက ဦးဆောင် ကျူးလွန်ခဲ့တာဖြစ်ပြီး နောက်နောင်များမှာလည်း တော်လှန်ရေးနဲ့ ပတ် သက်တဲ့ မိသားစုဝင်တွေရဲ့ နေအိမ် တွေကို အခုလို မီးရှို့သွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရွာခံတွေဆီက သိရပါတယ်။ Read ni full

၉။ ‘ဝ’ လူငယ်မျိုးဆက်သစ်များ တက်လာပါကလည်း  UWSP ၏ နိုင်ငံရေးမူဝါဒ ပြောင်းမည်မဟုတ်
  April 22, 2024
လူငယ်မျိုးဆက်သစ်ခေါင်းဆောင်ပိုင်းတွေ တက်လာရင်လည်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ရဲ့ နိုင်ငံရေး မူဝါဒတွေဟာ ပြောင်းလဲသွားမှာမဟုတ်သလို မြန်မာနိုင်ငံ နယ်နိမိတ်ကနေလည်း ‘ဝ’ပြည် ခွဲထွက်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံ ရေး အကဲခတ်တွေက သုံးသပ်ပြောပါတယ်။  မြန်မာပြည်တွင်းမှာ စစ်ရေးနိုင်ငံရေး ပဋိပက္ခတွေရှုပ်ထွေးနေချိန် လက်နက်အင် အား လူအင်အား တောင့်တင်းတဲ့ စစ်တပ်တခုကို ပိုင်ဆိုင်ထားတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ သူတို့ရဲ့ ငြိမ်း ချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားမှာ ‘ဝ’တပ်ဖွဲ့ရဲ့ အလံကို မြန်မာနိုင်ငံအလံနဲ့အတူ တဆင့်နိမ့်ပြီး ဆက်လက် လွှင့်ထူထားတဲ့အတွက်  မြန်မာနိုင်ငံ နယ်နမိတ်ထဲက သီးခြားခွဲထွက်သွားမှာ မဟုတ်ဘူးဆိုတာကို ပြသနေတာလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

‘ဝ’ ဒေသကို ပြည်နယ်အဆင့်သတ်မှတ်ပေးရေးဆိုတဲ့ နိုင်ငံရေးတောင်းဆိုမှုနဲ့အတူ ငြိမ်းချမ်းရေး အလံတဖက်၊ လက်နက်တဖက်မူကို ဆက်လက်ကိုင်စွဲထားတဲ့အတွက်ကြောင့် လူငယ်မျိုးဆက်သစ်တွေ ‘ဝ’ ခေါင်းဆောင်ပိုင်းနေရာတွေကို အစား ထိုးလာခဲ့ရင်လည်း UWSP ရဲ့ နိုင်ငံရေးမူဝါဒဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ လက်ရှိ UWSP ကို ဦးဆောင်နေတဲ့သူတွေဟာ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ပုန်ကန်ပြီး အဲဒီ အချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကာ လွတ်လပ်ငြိမ်းချမ်းတဲ့ ‘ဝ’ ဒေသကို တည် ဆောက်ခဲ့ကြတာပါ။‘ဝ’ ဒေသရဲ့ လွတ်လပ်ခွင့်နဲ့အုပ်ချုပ်မှုအပေါ် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက အားကျကြပြီး ‘ဝ’ လို လွတ်လပ်တဲ့ နိုင်ငံရေးအဆင့်အတန်းမျိုးကို လိုချင်ကြတယ်လို့ ထုတ်ဖော်ပြောဆိုကြပေမဲ့ UWSP ဟာ သူ့ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းထခွင့်  ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်ထားနိုင်တာက ပထဝီ အနေထားနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သဘောထားတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ Read ni full

၁၀။ စစ်ကောင်စီ ဖမ်းဆီးသွားသော ကျောက်ဖြူက LGBT မောင်နှမ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေး
 April 22, 2024
ဧပြီလ ၁၉ ရက် ညက ဖမ်းဆီးခံရသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် စေပုတ်ကေထောင့် ကျေးရွာမှ LGBT မောင်နှမ နှစ်ဦး ယနေ့အချိန်အထိ မိသားစုဝင်များဖြင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။ လိင်စိတ်ခံယူမှုကွဲ ပြားသူ LGBT အသက် ၃၀ ကျော်အရွယ် ကိုမောင်ရှည်နှင့် အစ်မဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်နုနုရွှေ တို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မိသားစုဝင်များက မသိရှိရသေး ကြောင်း ပြောသည်။ မိသားစုဝင်တစ်ဦးက ” ဘာဖြစ်လို့ ဖမ်းသွားတာလဲ။ ဘယ်မှာ ထိန်းသိမ်းထားတာလဲ အခုထိ မသိရသေးဘူး။ သူတို့ကို ကျမ အရမ်းစိုးရိမ်နေပါတယ်။ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး။ AA ကို ထောက်ပံ့လုပ်တယ်ဆိုပြီး သတင်းတွေ လွှင့်နေကြတယ်။ အမှန်ကဘာမှဆက်စပ်မှုရှိတာမဟုတ်ဘူး။ ဈေးမှာအသီးအရွက်တွေ ရောင်း ဝယ်ပြီး ရိုးရိုးသားသားနဲ့ လုပ်ကိုင် စားသောက်နေကြတာပါ။ ဘာ AA နဲ့မှ အဆက်အသွယ်မရှိပါဘူး” ဟု ပြောသည်။

ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ အသက်ရှင်ခြင်း ရှိမရှိကို သိရှိနိုင်ရေးအတွက် မိသားစုဝင် များကို အဆက်အသွယ်ပြုလုပ်စေလိုကြောင်း တောင်းဆိုနေကြသည်။ LGBT ကိုမောင်ရှည်နှင့် ဒေါ်နုနုရွှေတို့ကို ကနဦး သတင်း အရ ကျောက်ဖြူရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သတင်းထွက်နေသော်လည်း လက်ရှိတွင် ရဲစခန်း၌ ရှိမရှိကို အတိအကျ မသိနိုင်ကြောင်းနှင့် မိသားစုဝင်များလည်း ကျေးလက် ဒေသတွင်ရှိနေ၍ လမ်းပိတ်ထားသောကြောင့် သွားရောက်မတွေ့ဆုံနိုင် သေးကြောင်း ကျောက်ဖြူရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ” ကျောက်ဖြူရဲစခန်းမှာ ရှိမရှိဆိုတာက မသေချာဘူးဗျ။ မိသားစုဝင်တွေကလည်း နယ်မှာဆိုတော့ လမ်းတွေ အကုန်လုံး ပိတ်ထားတော့ သွားမတွေ့နိုင်သေးဘူး။ စစ်ကောင်စီဘက်က မိသားစုဝင်တွေကို ဆက်သွယ်ပေးစေချင်ပါတယ်။ မိသားစုဝင်တွေ လာလို့ရအောင်လည်း စစ်ကောင်စီ ဘက်က လမ်းကြောင်း ဖွင့်ပေးတာပဲဖြစ်ဖြစ် ကူညီပေးစေချင်တယ်။ ဒါမှ ဒီကိစ္စကိုဖြေရှင်းလို့ရမှာပေါ့”ဟု ပြောသည်။ LGBT ကိုမောင်ရှည်နှင့် ဒေါ်နုနုရွှေ တို့ကို မနာလိုသူအချို့က AA နှင့်ဆက်စပ်သည်ဟုဆိုကာ သတင်းအမှားပေးပြီး စစ်ကောင်စီကို ဖမ်းခိုင်း၍ အဖမ်းခံရခြင်းဖြစ် ကြောင်းစုံစမ်းသိရသည်။  Read ni full

၁၁။  စစ်ကောင်စီ အဆိပ်ဗုံးသုံးထိုးစစ်ဆင်မှုကြောင့် ကျားဖြူစစ်ကြောင်းရဲဘော်တချို့ ထိခိုက်ဒဏ်ရာရ၊ စခန်းတချို့ စွန့်ခွာရ
April 22, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ကျားဖြူစစ်ကြောင်းတာဝန်ယူထားသည့် နေရာများတွင် ယခုလ ၁၉ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အဆိပ်ဗုံးသုံး ထိုးစစ်ဆင်မှုကြောင့် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိပြီး စခန်း တချို့ စွန့်ခွာရသည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် အဆိပ်ဗုံးကြဲချခြင်းကြောင့် ကျားဖြူစစ် ကြောင်းမှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုများအပြင် အော့အန်ခြင်း၊ အင်အားလျော့နည်းခြင်းများပါဖြစ်ပေါ်နေကြောင်း ကျားဖြူ စစ်ကြောင်း၊ ဒုတိယစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောသည်။ ၎င်းက “ ၁၉ ရက်နေ့ကတည်းက တောက်လျှောက် တိုက်ပွဲ ကြီးကြီးကျယ်ကျယ်ပေါ့နော် ဒီနေ့အထိပေါ့၊ တောက်လျှောက်ပဲ အဆိပ်ငွေ့ဗုံးတွေ၊ ဒီပန်းရောက်ဗုံးတွေပေါ့နော်၊ သူ့မီးခိုးတွေက ပန်းရောင်ပေါ့၊ အဲ့ဒီဟာတွေနဲ့ တောက်လျှောက်ကြဲတယ်၊ အဲ့ဒီမှာကလေးတွေ မူးမေ့ အော့အန်တာတို့၊ ရုတ်တရက်အားပျက် သလို ခံစားရတယ်ပေါ့နော်၊ ရေသောက်လည်းရေအန်၊ ထမင်းစားလည်း ထမင်းပြန်အန်ထွက်တဲ့ အနေအထားတွေရှိတယ်ပေါ့ နော်” ဟု အဆိပ်ဗုံးရှူမိသည့် ရဲဘော်များအခြေအနေကို ၎င်းက ပြောပြသည်။

ထို့အပြင် ကျားဖြူစစ်ကြောင်းများ တာဝန်ယူထားသည့် ကော့ကရိတ်မြို့တွင်း အမှတ် ၃ ရပ်ကွက်အပါအဝင် ကာကင်း စခန်းတချို့ကို လက်လွတ်လိုက်ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။“အဲ့ဒီရှေ့တန်းစခန်းဆိုတာက ဒီအမှတ် ၃ တို့၊ တောင်ပေါ် ကျောင်းတို့၊ ကျွန်တော်တို့ အရှေ့နေရာယူထားတဲ့တော်တော်များများကိုပေါ့နော် အဆိပ်ငွေ့ဓါတ်ငွေ့ဗုံး တွေနဲ့ သုံး တယ်၊ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း၊ အဲ့ဒါတွေနဲ့ တောက်လျှောက် အလုံးအရင်းနဲ့ ဝင်လုံးတဲ့အခါကျတော့ ဒီကလည်း တချို့နေရာတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတာပေါ့၊ ဒါပေမယ့် နေရာအများကြီး ဆုံးရှုံးတာမဟုတ်ဘူးပေါ့နော်၊ တချို့နေရာ လေးတွေပေါ့နော်” ဟု ၎င်းက ဆိုသည်။ ကော့ကရိတ်မြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဧပြီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ ၃ မှ တပ်ခွဲမှူး နေမင်းမိုး (ခ) ကိုထင်ကျော် အပါ အဝင် တပ်ခွဲ ၁ မှ ရဲဘော် ၄ ဦးလည်းကျဆုံးရပါသည်။ ထို့အပြင် အခြားရဲဘော် ၁၄ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲဘော်တစ်ဦး ထံမှ သိရသည်။ Read ni full

၁၂။ သံတွဲနှင့် တောင်ကုတ် နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
 April 22, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်း ထန်နေပြီး စစ်တပ်က ဒေါ်မြရွာဟောင်းကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်ရှိပြီး ရေကောက်ရွာသစ် အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ရခိုင်တပ်တော် တို့ ထိ‌တွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဒေါ်မြရွာဟောင်း ဘက်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်က သံတွဲမြို့နယ် ရွှေလှေတံတားအကျော် မှာရှိတဲ့ ဒေါ်မြရွာဟောင်းဘက်ကို စစ်ခွေးတွေ က ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကျဲသွားတယ်။ စစ်ခွေးတွေ ဗုံးကျဲ သွားပြီး နောက် ၁ နာရီလောက်မှာ ရေကောက်ရွာသစ်ဘက် အခြမ်း ကနေ ပစ်ခတ်သံတွေ ဆက်တိုက်ဖြစ်လာတာပဲ အပြန်အလှန်ပစ်နေကျတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။ လက်ရှိ ၄ နာရီအထိ ရေကောက်ရွာသစ် ဘက်မှ လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေရဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ် ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။ Read ni full

၁၃။ ဆယ်ဇင်းရှိ စစ်ကောင်စီစခန်းကို KIA ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်၊  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ
  April 22, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ စစ်ကောင်စီ၏ စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ပြန်လည် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ KIA သည် ဆယ်ဇင်းရှိ စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၆ တပ်ရင်းကို  ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က စတင်၍ အပြင်းအထန် ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။ “စခန်းကို အကုန်ဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်နေတာပါ။ ထောက်ပို့လမ်းကြောင်းတွေကိုလည်း အကုန်ဖြတ်တောက်ထားပါတယ်။ စစ်ကောင်စီ က လေကြောင်းကနေ တောက် လျောက်ပစ်ကူနေတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်လွပ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၉)  တပ်ရင်း ၂၆ က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းမှတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။ စစ်ကောင်စီသည် ဧပြီ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က  Y12 လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ ဗုံး နှစ်လုံးလာရောက်ကြဲချပြီး နေ့လယ် ၂ နာရီတွင် ဗုံး ငါးလုံး ထပ်မံကြဲချခဲ့ ကြောင်း သိရသည်။ KIA ပူးပေါင်းတပ်များသည်  ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က စစ်ကောင်စီ၏ ဆယ်ဇင်း ရဲစခန်းကို   ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲသား စုစုပေါင်း ၂၃ ဦး လက်နက်ချအညံ့ခံခဲ့ ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့်  ဧပြီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့နယ်၊ လုမြန် ကျေးရွာတိုက်ပွဲတွင်လည်း  စစ်ကောင်စီ၏ ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများကို KIA က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ Read ni full

၁၄။ နောင်ချို သရက်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ၇ ကြိမ်တိုက်ခိုက်
 April 22, 2024
နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီက ကျေးရွာဘုန်းကြီးကျောင်း များကို ပစ်မှတ်ထား၍ လေကြောင်းမှ ခုနစ် ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီး ဝန်း ကျင်များတွင် ဧပြီ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များ  တိုက်ပွဲပြင်းထန်ခဲ့ ရာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့‌ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန် သည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့် ပြုလုပ်သည်ကို မသိရှိရသော် လည်း ကျေးရွာ ဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က လေကြောင်းမှနေ၍ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့  သုံးကြိမ် ၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းသို့ နှစ်ကြိမ် နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ နှစ်ကြိမ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ညောင်ကုန်းကျေးရွာနှင့် DSTA ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ဧပြီ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန်မှစပြီး ဧပြီ ၂၁ ရက်နေ့ တစ်နေ့လုံး သရက်ကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့် ဧပြီ ၁၅ ရက်နေ့က နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ကြောင်း သိရ သည်။ သရက်ကုန်းရွာစခန်း သိမ်းဆည်းခံရသည့်အပြင် ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းများကိုပါ ရှော့တိုက်ဒုန်းနှင့်ပစ်ခတ်ခံခဲ့ရသည့်အတွက် စစ်ကောင်စီက ပြင်ဦးလွင်ရှိ လယ်ပြောင်းပြန်၊ ရွာသစ်နှင့် နံကပ် ရွာများကို စီးနင်းပိတ်ဆို့ပြီး ရွာအဝင်အထွက်လမ်းများကိုပါ စစ်ဆေးတင်းကျပ်ခဲ့ကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=758253389777016&set=pcb.758253746443647

၁၅။ စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ
 April 23, 2024
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက် လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေး အမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီ ဖြစ်တယ်လို့ မော်မောင်းရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။“မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်း ထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန် နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော် ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ၂ ရက်အကြာမှာတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ရဲ့ ကြားဝင် ညှိနှိုင်း အာမခံပေးမှုဖြင့် အမှုတော်ဆောင် ၃ ဦးနဲ့ အတူဘုရားကျောင်းစောင့် ၂ ဦးလုံး ပြန် လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ ဖမ်းခေါ်ခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် နေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်း လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းစစ်ဆေးစရာရှိ တာကြောင့် ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။“သူတို့ကိုက ဟိုတစ်နေ့က လေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းစရာရှိတာကြောင့် ဖမ်းခေါ်သွားတာဖြစ်တယ်။ ဟိုဘက်မှာ စစ်ဆေးတဲ့အခါမှာလည်း ဖုန်းတွေစစ်ဆေး တယ်။ မေးမြန်းတယ်။ လူကို အတင်းအဓ္ဓမ ခြေပါလက်ပါမျိုးတွေ စစ်ဆေးတာတော့မရှိဘူးပြောတယ်။ အခုတော့ နောက်လည်း မဖြစ်လာနိုင်ဘူးလို့မပြောနိုင်ဘူး။ ရွာသားတွေတော့ အပြစ်ဘာမှမလုပ်လဲ သတိနဲ့တော့ နေကြရမှာပေါ့လေ။”ဟု သူကဆက် ပြောပါတယ်။ Read ni full

၁၆။ ဒေသန္တာရအစိုးရများနှင့် အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ချင်းပြည်အစိုးရအဖွဲ့ဝင်များကွင်းဆင်း၍ဆွေးနွေးနေ
April 23, 2024

ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရနှင့်ဒေသန္တာရအစိုးရကြား အုပ်ချုပ်ရေးချိတ်ဆက်ဆောင်ရွက်နိင်ရန် ချင်းပြည်အစိုးရ အဖွဲ့ကကွင်းဆင်း၍တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နေကြောင်းသတင်းရရှိသည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ ထန်တလန် မြို့နယ်က Zophei ဒေသ၊ Lautu ဒေသ၊ မတူပီမြို့နယ်က Zotung ဒေသနှင့် ဟားခါး မြို့နယ်က Senthang ဒေသတို့၏ ဒေသကောင်စီ ဦးဆောင်အဖွဲ့များ၊ ပြည်သူများနှင့် ဝန်ကြီးချုပ်ဦးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့ ကြခြင်းဖြစ်ကြောင်း ယနေ့ ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်သည်။ ချင်းပြည်အတွင်းက ဒေသ အုပ်ချုပ်ရေး လည်ပတ်မှုနှင့် အစိုးရယန္တရား လည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ နှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးလုပ်ငန်းများ ချိတ်ဆောင် ဆောင်ရွက် နိုင်ရန် ပြည်နယ်ဖက်ဒရယ်စနစ်အဖြစ် ဒေသအသီးသီးက ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိရသည်။ ချင်းပြည်အစိုးရသည် ပြည်သူနှင့်အတူ ရပ်တည်၍ ချင်းပြည်နှင့် ပြည်သူ များ၏ အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ချင်းပြည် ဝန်ကြီးချုပ်က ဦးပါထန်းက ပြောသည်။  ဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့ (၄) ခုနှင့် တွေ့ဆုံမှုများကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူသားစာနာ ထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ Read ni full

၁၇။ စစ်တွေတွင် နှစ်ရက်အတွင်း မိုင်းနင်းမိ၍ ၄ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ
 April 22, 2024
ရခိုင်ပြည် မြို့တော် စစ်တွေမြို့နယ်တွင် ဧပြီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့က စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ ၍ အမျိုးသမီးများအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။ ဧပြီလ ၂၀ ရက် ညည့် ၁၀ နာရီခန့် က စစ်တွေမြို့မှထွက်ခွာကြသည့် အသက် ၆၀ ကျော်အရွယ်သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးမှာ ကျေးတောပိုက်ဆိပ်အနီး မိုင်းနင်း မိ၍ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ “စစ်တွေမှာ မနေရဲကြတော့ မြို့ကနေဖြစ်တဲ့နည်းနဲ့ ထွက်ကြတာ။ အဲ့မှာ သုံး ဆောင်ရွာအထွက် မြစ်ကမ်းဘက်မှာ မိုင်းနင်းမိကြတာပဲ။ မိုင်းကတွဲမိုင်းလို့ ထင်ရတယ်။ သုံးလုံးတွဲပြီး ပေါက်လာတာ။ ၅ ယောက်ထက်မနည်း ထိတယ်။ ၂ ယောက်က သက်ကြီးပိုင်း အမျိုးသမီးတွေ နေရာမှာပဲသေတယ်။ နောက်လူတွေကတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ တွေရော ဒဏ်ရာရတာတွေ ရောရှိတယ်” ဟုပြောသည်။ စစ်တွေမြို့အနီး ဂန့်ဂေါ်ကျွန်းပေါ်တွင်လည်း ဧပြီလ ၂၁ ရက်နေ့ နံနက် ပိုင်းက မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သား ၂ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စစ်တွေမြို့ကို စစ်ကောင်စီက အရပ်လေးမျက်နှာစလုံး ပိတ်ဆို့ထား၍ မြို့ထဲရှိ ဒေသခံများမှာ စားသောက်ရေးအလွန် ခက်ခဲလာ၍ အခြားနေရာများသို့ ပြောင်းရွှေ့နေကြစဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ ပေါ်အနီးတစ်ဝိုက်အပါအဝင် ၎င်းတို့ မသင်္ကာသော နေရာဒေသများတွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။ စစ်တွေ ဒေသခံတစ်ဦးက ” အခု စစ်တွေမှာက လက်လုပ်လက်စားတွေ၊ တစ်ခြားမှာ နေစရာအဆင်မပြေတဲ့ သူတွေပဲ ရှိတော့ တယ်။ ပိုက်ဆံရှိတဲ့ သူတွေက မြို့ကနေ အစောကြီးထွက်သွားကြပြီ။ အခုအခြေနေက ပိုပိုဆိုးလာပြီးတော့ မြို့ကနေ ရတဲ့နည်းနဲ့ ထွက်ဖို့ကြိုးစားလာကြတာ။ အဲ့လိုထွက်ရင်း အဖမ်းခံနေရတယ်။” ဟုပြောသည်။ စစ်တွေမြို့တွင် အရပ်သားများပိုင်ဆိုင်သော စက်လှေများ၊ ဘုတ်ကြီးများ၊ သဗ္ဗာန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများ ထွက်ပြေးမရအောင် ရေကြောင်းအသုံးပြု၍ရသော လှေဟူသမျှကို လိုက်လံမီးရှို့ဖျက်ဆီးနေသည်။  Read ni full

၁၈။ ဆီဆိုင်မြို့မှ စစ်ဘေးရှောင် အမျိုးသား ၃ ဦး ပျောက်ဆုံးနေ
 April 22, 2024
ရှမ်းပြည်၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာမှာ စစ်ဘေးရှောင်နေတဲ့ နောင်ကျောကျေးရွာအုပ်စု၊ နောင်ဆိုင် (သဲင်) ရွာ က အမျိုးသား ၃ ဦးဟာ ရေသွားခပ်ရင်း ပျောက်ဆုံးသွားခဲ့တယ်လို့ ‌‌ဒေသတွင်း သတင်းအရင်း အမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့ တဲ့ ဧပြီလ ၁၉ ရက်နေ့ကတည်းက စစ်ရှောင်နေရတဲ့နေရာမှာ လိုအပ်တဲ့သောက်သုံးရေအတွက် ရေသွားခပ် ရင်း ပျောက်ဆုံးသွား ခဲ့တာဖြစ်ပြီး ဒီနေ့အထိအဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။ အိမ်ချင်းနီးစပ်သူ တစ်ဦးက “မိဘတွေကတော့ စိတ်ပူတာ ပေါ့၊ ပြည်သူ့စစ်ကပဲ ခေါ်သွားတာလား၊ သတ်ခံရတာ လည်း တွေးပူတာပေါ့၊ တစ်ယောက်ထဲဆိုရင်တော့ မိန်းမခိုးပြေးတာလား ဘာလား စိတ်အေးရတယ်လေ၊ ၃ ယောက်လုံးဆိုတော့လည်း ပေါ်တာဆွဲခံရတာ ဖြစ်ဖို့များတယ်လေ”လို့ ပြောပြပါတယ်။

ပျောက်ဆုံးနေသူ ၃ ဦးဟာ အသက် ၁၄ နှစ်အရွယ်၊ ၁၆ နှစ်အရွယ် နဲ့  ၂၉ နှစ်အရွယ်  တို့ဖြစ်ပြီး တွေ့ရှိသူတွေအနေနဲ့ လည်း ဆက်သွယ်ပေးဖို့ မိသားစု၀င်တွေက တောင်းဆိုထားပါတယ်။ မိသားစု၀င်နဲ့ နီးစပ်သူက “သူတို့မိသားစုက ဆီဆိုင်တိုက်ပွဲ စကတည်းက ကက္ကူဖက်ကိုစစ်ရှောင်တာ၊ ပြီးတော့ အခြေအနေကောင်းပြီဆိုပြီး အိမ်ပြန်တာမှာ တိုက်ပွဲပြန်ဖြစ်လာလို့ တောထဲ ကို စစ်ရှောင်ခဲ့တာ” လို့ ပြော ပါတယ်။ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၊ လက်အောက်ခံ ပအို၀်းပြည်သူ့စစ် (PNA) နဲ့ ပအို၀်း အမျိုးသားလွတ်မြောက် ရေးတပ် (PNLA) နဲ့အတူ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးတဲ့နောက် စစ်ရှောင် ဦးရေ သောင်းနဲ့ချီမြင့်တက်လာပြီး အစားအသောက်၊ အမိုးအကာတွေလိုအပ်နေတဲ့အပြင် လူငယ်တွေလည်း မကြာ ခဏ ဆိုသလို ပျောက်ဆုံးနေတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Read ni full
၁၉။  ဖီမော်ဒေသတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်အားလုံးကို စစ်သင်တန်းပေးရန်ပြင်ဆင်နေ၊ အမည်စာရင်းမသွင်း ပါက ဖမ်းဆီးခေါ်ယူမည်ဟုဆို
April 22, 2024
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ဆော့လော်မြို့ နယ်ရှိ ကျေးရွာများတွင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အောက်ဒေသခံများအားလုံးကို အရေးပေါ်ဒေသလုံခြုံရေးအတွက်ဟုဆိုကာ စစ်သားစုဆောင်းရန် ပြင်ဆင်နေကြောင်းသိရသည်။ ဆော့လော်မြို့နယ်၊ ဖီမော်ဒေသရှိ ကချင်အထူးဒေသ(၁) ပြည်သူ့စစ်တပ်ဖွဲ့ ၏ နိဇွန်ဘော်စစ်ကြောင်းက အသက် ၁၈ နှစ်အထက်နှင့် ၃၅ နှစ်အောက် အားလုံးကို စစ်မှုမထမ်းမနေရအဖြစ် စုဆောင်းသွားရန် အမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို ယခုလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဖွံ့ဖြိုးမှုအဘက်ဘက်ကနောက်ကျသည့် ဖီမော်ဒေသရှိ ဒေသခံအများစုမှာ တစ်အိမ်ထောင်လျင်တစ်ဦးခန့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပါဝင်လျက်ရှိသာ်လည်း ယခုထုတ်ပြန်သည့်အမိန့်မှာ အတင်းအဓမ္မလိုက်လံခေါ်ယူစုဆောင်းခြင်းဖြစ်သည်ဟု ချီဖွေဒေသခံတစ်ဦးကပြော သည်။“အခုက ကျန်ရှိ နေသူတွေကို အတင်းအဓမ္မခေါ်ယူဖို့လုပ်နေတာ။ အစကတည်းက တစ်အိမ်တစ်ယောက်လုပ်တာ၊ အားလုံးကို သေနတ် ထုတ် ပေးထားတယ်။ အိမ်မှာနေပြီး ကင်းစောင့်၊ ဂိတ်စောင့်ဖို့လိုရင်ခေါ် အဲ့လိုလုပ်နေတာ။ နယ်ခြားစောင့်တွေရဲ့နေရာ”ဟုပြောသည်။

နိဇွန်ဘော်စစ်ကြောင်းမှူးလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ရာ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးနှင့် တပ်ခွဲမှူးများကို လိုက်လံခေါ်ယူစုဆောင်းပြီး အခြေခံစစ်သင်တန်းပေးမည်ဖြစ်ကာ မလာသောသူ များကိုလည်း ဖမ်းဆီးခေါ်ယူသွားမည်ဟု ထုတ် ပြန်စာတွင် ထည့်သွင်းရေးသားထားသည်။  အခြေခံစစ်သင်တန်းတက်ရောက်ရန် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကို နောက်ဆုံး ထားကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းပါရှိသည်။ ထုတ်ပြန်ချက်တွင်ပါရှိသည့် နိဇွန်ဘော်စစ်ကြောင်းမှာ ဖရဲကျေးရွာနှင့် ဖီမော်ဒေသအနီးရှိ နိဇွန်ဘော်ကျေးရွာအတွင်းနေထိုင်ပြီ ဖရဲကျေးရွာနှင့် ဖီမော်ကျေးရွာတို့မှ တစ်နာရီမှ နှစ်နာရီခန့်အထိ သွားရ ကြောင်း သိရသည်။ ဆော့လော်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တို့ကြား စစ်ရေးတင်းမာလျက်ရှိကာ လက်ရှိအချိန်ပြည်သူ့စစ်စခန်း နှစ်ခုထက်မနည်းကို KIA က သိမ်းပိုက်ထားသည်။ Read ni full

၂၀။ လောင်းလုံး‌ဒေသခံတွေကို စစ်ကောင်စီလော်ဘီတွေက လှုံဆော်ဖမ်းဆီးခိုင်းတာတွေများလာ
April 22, 2024
လောင်းလုံးမြို့ကဒေသခံတွေကို စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါ တယ်။ စစ်ကောင်စီလော်ဘီတွေဟာ လောင်းလုံးမြို့ခံ အရပ်သားတွေကို တော်လှန်ရေးမှာ ထောက်ပို့လုပ်နေသူ၊ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တွေကို ကားနဲ့ပို့ဆောင်ပေးသူ၊ ထမင်းချက်ပေးနေသူ၊ စျေးရောင်းပေးနေသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးဖို့လှုံ့ဆော် နေတာပါ။ လောင်းလုံးမြို့နယ်မှာ အခုလိုလုပ်ဆောင်တာမျိုး အရင်ကအနည်းအကျဥ်းပဲရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ် လောက်ကစလို့ လှုံ့ဆော်ဖမ်းဆီးခိုင်းတာတွေကို သိသိသာသာပိုမိုလုပ်ဆောင်လာတယ်လို့ ‌တယ်လီဂရမ်ချန်နယ်တွေကို ပုံမှန် စောင့်ကြည့်နေတဲ့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။ “အရင်ကအနည်းအကျဥ်းပဲရှိတယ်။ အခုကတော့ ဓာတ်ပုံလေးတစ်ပုံလောက်ရရင်ကို အမျိုးမျိုးစွပ်စွဲပြီးရေးတော့တာ။ သူတို့တင်တဲ့သူတွေကလည်း ဘာမှမလုပ်တဲ့သူတွေပဲ။ အခု ဆိုလောင်းလုံးနဲ့ပတ်သက်တာနေ့တိုင်းလိုသူတို့မှာတင်တယ်” လို့ လောင်းလုံးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အမဲလိုက်မုဆိုးကြီး အမည်ပေးထားတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုကနေ ပြီးခဲ့မတ်လ နောက်ဆုံး ပတ်ကစလို့ လက်ရှိအချိန်ထိ လှုံဆော်ပြီးဖမ်းဆီးခိုင်းထားတဲ့ လောင်းလုံး‌ဒေသခံ အမျိုးသားနဲ့အမျိုးသမီး စုစုပေါင်း ၁၉ ဦးအထိ ရှိခဲ့ပါတယ်။ အခုလိုလှုံဆော်တာတွေကြောင့် ဖမ်းဆီးခံရတဲ့သူတွေမရှိသေးသလို စစ်ကောင်စီကလိုက်လံ ဖမ်းဆီးတာတွေမျိုး လည်း မရှိသေးပေမဲ့ နာမည်ပါလာတဲ့သူတွေက စိုးရိမ်စိတ်ကြောင့် သတိနဲ့သွားလာနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လောင်းလုံးမှာအခုလို ပိုမိုလုပ်ဆောင် လာတာဟာ စစ်ကောင်စီက မြို့နယ်အတွင်း ပြန်လည်ထိန်းချုပ်လာအောင် လော်ဘီတွေကတိုက်တွန်းနေတာလို့ ဆိုပါ တယ်။“ဒီမှာက တခြားမြို့နယ်ထက် သတင်းပေးတယ်တဲ့သူပိုများတယ်လို့ယူဆရတယ်။ အဲဒီလူတွေက လောင်းလုံးကို စစ်တပ်က ပို အာရုံစိုက်လာအောင် အမျိုးမျိူးလော်တာ။ ပြီးတော့ အခုလောင်းလုံးမြို့ပေါ် တကွက်လေးပဲ စိုးမိုးထားနိုင်တယ်။  သရက်ချောင်း မြို့ နယ်မှာလည်း သာသနိကအဆောက်အအုံတွေ၊ ကားလမ်းမတွေနဲ့ အများပြည်သူပိုင်နေရာ အခုနှစ်ဆယ်ဝန်းကျင်ကို တော် လှန်ရေးတပ်တွေတပ်စွဲထားတဲ့နေရာတွေလို့စွပ်စွဲကာ မြေပုံအညွန်းနဲ့တကွဖော်ပြပြီး လေယာဥ်နဲ့ဗုံးကြဲခိုင်းတာတွေကို အခုလ ပထမပတ်အထိ စစ်ကောင်စီလော်ဘီ ချန်နယ်တွေကလှုံဆော်ခဲ့ပါတယ်။ Read ni full

၂၁။ သိန္နီမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
 April 22, 2024
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကောင်းဟော်ကျေးရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်ကြောင်း သိန္နီဒေသခံတွေဆီက သိရပါတယ်။ ဧပြီလ ၂၁ ရက် မနက်ပိုင်းမှာ စိုင်းအောင်မင်း အသက် ၄၀ နှစ်ဟာ ခြံအတွင်း ဟင်းရွက်ခူးရာ က မိုင်းနင်းမိပြီး ခြေပြတ်သွားရာက သေဆုံးရတာလို့ သိရပါတယ်။“ကျမသိတာတော့ သူတို့ စစ်ရှောင်ရာက ပြန်လာနေတာ မကြာသေးဘူး၊ အရင် သူ့အိမ်က တပ်တွေ လာနေသွားတယ်လို့ သိရတယ်၊ အလောင်းတွေလဲ မြုပ်လို့ ပြန်ဖော်ပြီး သဂြိုလ်ရတာ သိရတယ်၊ ခုက ခြေနှစ်ဖက်လုံးပြတ်ပြီး သွေးလွန်လို့သေသွားတာ” လို့ သိန္နီရေပူရွာက ဒေသသူတစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကလည်း ကောင်းဟော်ရွာက ကလေး ၂ ဦး စေတီအနားမှာ ဆော့ကစားရင်း မိုင်းပေါက်ကွဲလို့ ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်အပြီး အခုရက်ပိုင်းအတွင်း မိုင်းဖြစ်စဉ် ထပ်ဖြစ်တာကြောင့် မိုင်းအန္တရာယ် အထူးစိုးရိမ်ကြောက်လန့်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ သိန္နီမြို့ရဲ့ ၅၀ ရာခိုင်နှုန်းနေအိမ်တွေဟာ တိုက်ပွဲဒဏ်ကြောင့် ပျက်စီးနေသလို စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေသာမက ပြည်သူတွေရဲ့နေအိမ်ဝန်းတွေ ၊ အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာပါ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့် နေကြပါတယ်။ လက်ရှိ မှာ MNDAA  က သိန္နီမြို့ကို ထိန်းချုပ်ထားကြောင်း သိရပါတယ်။ Read ni full

၂၂။ တနင်္သာရီမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကြဲလို့  အမျိုးသမီးတစ်ဦးဒဏ်ရာရ
 April 22, 2024
တနင်္သာရီမြို့နယ်က သူဌေးရွာ၊ ဘန်းပြည့်ရွာနဲ့ သိန္ဒောရွာ အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိန္ဒောရွာ ဒေသခံတွေဆီက သိရပါတယ်။  စစ်ကောင်စီက Mi-2 ရဟတ်ယာဥ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မွန်းလွဲ ပိုင်း ၃ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ၅ နာရီခွဲမှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကြဲချခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။  ဗုံးကြဲတိုက်ခိုက်မှုပထမအကြိမ်မှာ ဗုံးသီး ၁၅ လုံးထက်မနည်း ကြဲချခဲ့ပြီး ဒုတိယအကြိမ်မှာ ၁၀ လုံးထက်မနည်း ကြဲချသွားတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင် ရဲဘော်တွေက ပြောပြပါတယ်။“တိုက်ပွဲမရှိပဲနဲ့ ကြဲတာပါဗျ။ ကြဲသွားတဲ့ ရွာတွေကတဆက်ထဲပဲ”လို့ မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ရဲဘော် တွေကပြောကြပေမဲ့ ထိခိုက်သူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ဗုံးကြဲမှုကြောင့် နေအိမ် အချို့မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပေမဲ့အရေအတွက် အတိအကျကိုအတည်ပြုနေဆဲဖြစ်ပါတယ်။  လက်ရှိ မှာ ဗုံးကြဲခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် ပုန်းခိုနေကြရပြီး ဖုန်းလိုင်းမရ တော့တဲ့အတွက် အဆက်အသွယ်လည်းပြတ်နေတယ်လို့ သိန္ဒောရွာမှာ မိသားစုဝင်တွေနေရှိတဲ့ တကူရွာက အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ “ညနေက ကျမအကိုနဲ့နောက်ဆုံးဖုန်းရတုန်းက ဗုံးကြဲခံရတယ်လို့ သိရပါတယ်။ သူတို့ နီးရာပြေးနေကြတယ်လို့ပဲ သိလိုက်ပြီး ဖုန်းအဆက်အသွယ်ပြတ်သွားတာပါ”လို့ အမျိုးသမီးက ဆိုပါတယ်။ https://www.facebook.com/photo?fbid=454445903639831&set=a.196212682796489

၂၃။  ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကို ကရင်နီပြည်မှာ စတင်ဖွင့်လှစ်
 April 22, 2024
ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ‘ဖန်းဆော်’လို့ အမည်ပေးထားတဲ့ တက္ကသိုလ်ကျောင်းကို မြေပြင်တစ်နေရာ မှာစတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ လွိုင်ကော်တက္ကသိုလ်ရဲ့ ယာယီအုပ်ချုပ်ရေးကောင်စီကနေ ဦးဆောင်ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့နဲ့ တိုင်ပင်ဆွေးနွေးကာ ဖွင့်လှစ်ခဲ့တာဖြစ် တယ်လို့ “ဖန်းဆော်” တက္ကသိုလ်ပါမောက္ခချုပ် ‌ဒေါက်တာဦးကျော်သူဝင်းက ပြောပါတယ်။“ဖန်းဆော်”တက္ကသိုလ်ဟာ အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံမှာ CDM ဝန်ထမ်းတွေနဲ့ စတင်ဖွင့်လှစ်တဲ့ ပထမဆုံးမြေပြင်တက္ကသိုလ်ဖြစ်တယ်လို့ ပြောပါတယ်။ ကြားကာလ အခြေအနေမှာ ဖွင့်လှစ်ရတာဖြစ်လို့ ကျောင်းဆောင်မလုံလောက်မှု ၊ ဆရာ၊ ဆရာမ အရေအတွက် မလုံလောက်မှု၊ နေရာထိုင်ခင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ရူပ၊ ဓာတု၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဒဿနိကဗေဒ၊ ဘူမိဗေဒ၊ ဥပဒေ၊ အရှေ့ တိုင်းပညာ၊ စီးပွားရေးစတဲ့ အထူးပြုဘာသာရပ် ၁၄ ခု ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကျောင်းဆောင်မလုံ‌လောက်မှု ကြောင့် ကျောင်းသား၊ကျောင်းသူ ၉၈ ဦးကိုသာ ခေါ်ယူနိုင်ပြီး မြေပြင်၊ အွန်လိုင်း စနစ် ၂ခုလုံးနဲ့ သင်ကြားနေတယ်လို့ ဆိုပါတယ်။“ဖန်းဆော်” တက္ကသိုလ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ် ပထမ နှစ်မှ မဟာတန်းအထိ ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။ စာသင်နှစ် ၄ နှစ်သတ်မှတ်ထားပြီး နှစ်ဝက်စာသင်ကာလကို ၃လ တစ်ဖြတ် သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။ စာသင်နှစ်ပြီးမြောက်သွားရင်တော့ ဘွဲ့လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ဖော်ဆောင်ပေးသွားမယ်လို့ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဦးကျော်သူဝင်းက ဆက်ပြောပါတယ်။“ဖန်းဆော်” တက္ကသိုလ် နဲ့ IEC ပညာရေးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေပြီး အခုလို အဆင့်မြင့်တက္ကသိုလ်ကျောင်းဖွင့်လှစ်နိုင်ခြင်းကို ဂုဏ်ယူပြီး အသိမှတ်ပြုတယ်လို့လည်း IEC ပညာရေးဌာနမှ ဒုဌာနမှူး ခမ်းယူဂျင်းက ပြောပါတယ်။ Read ni full

၂၄။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ
  April 22, 2024
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ် နိုအောလာ ကျေးရွာအုပ်စုထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်သည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးနူဘုန်းကြီးကျောင်းဝင်းထဲသို့ စစ်ကောင်စီလေကြောင်း ပစ်ခတ်တိုက်ခိုက် သည့်အတွက် ထီးကျော်ခီးရွာနေ အသက် ၈၁ နှစ် ဖီးသန်းပုနှင့် မယ်သဲရွာနေ အသက် ၁၀ နှစ် အရွယ်နော်ချစ်ချစ်မူတို့နှစ်ဦး ဗုံးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။“လေယာဉ်လာတော့ ထီးနူဘုန်းကြီးကျောင်းထဲမှာ သွားပြီးတိမ်းရှောင်တာ အဲဒါဘုန်းကြီးကျောင်းအနီးမှာ ဗုံးကျ တော့ ဗုံးအစက သူတို့နှစ်ဦးကို ထိသွားတာဖြစ်တယ်။ ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိ တယ်။ ဒေသခံတွေကတော့ သူတို့ရွာမှာပဲနေတယ်။ လေယာဉ်လာတဲ့အချိန်မှာတော့ ခဏသွားရှောင်တာမျိုးတော့ရှိတယ်။ အခု က လေယာဉ်လာပတ်ပြီး နှစ်ရက်အကြာမှာ လာပစ်တာဖြစ်တယ်”ဟု သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

ဖားအံမြို့နယ် ဟတ္တလက်ကျေးနယ် နိုအောလာကျေးရွာ၊ ဖလံတောင်ရွာအပြင် မဲသနကျေးနယ် ထီးကျော်ခီးနှင့် ထီးနူ ကျေးရွာများတွင် စစ်ကောင်စီ၏ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်က အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောသည်။ မြေပြင် တပ်အင်အားနည်းလာသည့် စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ထဲတွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်တိုက်ခိုက်မှုလုပ်ဆောင်လာသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုလည်းများ လာကာ ယခုရက်ပိုင်းတွင် မြဝတီထဲတွင်လည်း စစ်ကောင်စီလေကြာင်းတိုက်ခိုက်သည့်အတွက် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ Read ni full

၂၅။ ညောင်ရွှေမြို့နယ် နမ်းပွန်ရွာ စစ်ကောင်စီဂိတ်မှာ ရေပူရွာသား ၃ ဦး ရိုက်နှက်ခံရ
April 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် နမ်းဗွဉ်(နမ်းပွန်)ရွာဂိတ်က စစ်ကောင်စီတပ်တွေဟာ ဂိတ်ကိုဖြတ်လာတဲ့ ရေပူ ရွာသား ၃ ယောက်ကို အပြင်းအထန်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ နမ်းဗွဉ်(နန်းပွန်)ဂိတ်ကို ဖြတ်လာတဲ့ ရေပူရွာသားတွေ ဖြစ်တဲ့ ခွန်ကျော်ဝင်း ၂၃ နှစ်၊ ခွန်ဝေးခမ်း ၁၈ နှစ်နဲ့ မောင်ကျော်ရဲ ၁၆ နှစ်တို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ရိုက်နှက်ခဲ့တာ လို့ သိရပါတယ်။“အဲဒီနေရာက လမ်းဆုံလေ ၊ ဟိုဖက် ဒီဖက် သွားလာဖို့ကဖြတ်မှကိုရတာ၊ သူတို့ကို အရမ်းကြောက်နေရတယ်၊ အသလွတ်ရိုက်နေတာ” လို့ ဒေသခံကပြောပါတယ်။

မိုးဗြဲ၊ ဖယ်ခုံဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အကျအဆုံးများနေတဲ့ စစ်ကောင်စီဟာ ယင်းဂိတ်မှာ အစစ်အဆေး ကြမ်းနေတာဖြစ်ပြီး ခရီးသွားပြည်သူတွေကို အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်နေတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က နမ်းဗွဉ်ရွာက ခွန်တီးပေဟာ PNO ပြည်သူ့စစ်ကောက်ခံတဲ့ ငွေ ကျပ် ၅ သိန်း ၈ သောင်းမထည့်နိုင်လို့ စစ်မှုထမ်းရာမှာ ဖယ်ခုံ တိုက်ပွဲမှာ ကျဆုံးသွားတာကို ဒေသခံတွေထံက ငွေကောက်ခံပြီး နာရေးပြုလုပ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်း သိရပါတယ်။ https://www.facebook.com/photo/?fbid=457468366639613&set=a.285900490463069

၂၆။ မိုင်နွဲ့ရွာကိုစစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေ
April 23, 2024
ကလေးမြို့မြောက်ပိုင်း ချင်းပြည်နယ်၊တီးတိန်မြို့နယ် မိုင်နွဲ့ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၃ ရက် ယနေ့မနက်ပိုင်း မှာ ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ ဒါဟာ စစ်ကောင်စီတပ်က ကလေးမြောက်ပိုင်းမှာ ကျေးရွာ ၆ ရွာမြောက်မီးရှို့ခဲ့ တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၁ ရက်နေ့ကစပြီး အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ မိုင်နွဲ့ရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ယနေ့ ဧပြီလ ၂၃ရက်နေ့ထိဆက်လက်မီးရှို့နေတာဖြစ်ပါတယ်။

“ဒီမနက် ၇ နာရီလောက်ကစပြီး ရှို့တာ၊ အိမ်ခြေ အကုန်နီးပါး မီးလောင်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ကလေး မြောက်ပိုင်းကို စစ်ကောင်စီက ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကြောင်းဝင်ရောက်တဲ့ ပျဉ်းခုံကြီး၊ ပျဉ်းခုံလေး၊ ဟံသာ၊ ကံသာ၊ ယောက်ချိုကွင်း နဲ့ မိုင်နွဲ့ရွာကိုကျေးရွာနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကာ စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမှာနေတာလည်းဖြစ်ပါတယ်။ Read ni full

၂၇။ မရန်ကထောင်မှာ ကားသမားတွေကို ဂိတ်ရှောင်တဲ့လမ်းပြပေးတယ်ဆိုပြီး အမျိုးသား ၅ ဦးကို စစ်ကောင်စီဖမ်းဆီး
April 22, 2024
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာက စစ်ကောင်စီဂိတ်စောင့် တပ်သားတွေကနေ ကားသမား တွေကို ဂိတ်ရှောင်တဲ့ လမ်းပြပေးတယ်ဆိုပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်ရေးအခြေ အနေကြောင့် ဖားကန့်၊ တနိုင်းဘက်တက်မယ့် ဆန်၊ ဆီစတဲ့ ပစ္စည်းတင်ကုန် ကားတွေအားလုံးကို မရန်ကထောင်ဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကားတွေ အများအပြား ပိတ်မိနေတာလည်း ဖြစ်ပါတယ်။ ဧပြီလ ၂၁ ရက်နေ့ည ၇ နာရီလောက်က အထက်ပါ အမျိးသား ၅ ဦးဟာ ကားသမားတွေကို ဂိတ်ရှောင်တဲ့လမ်းကနေ ဖြတ်သန်းသွားလာဖို့ လမ်းပြပေးတယ်ဆိုပြီး မိုးကောင်းစစ်ကောင်စီတပ်ဘက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ဆန်၊ ဆီ၊ ကုန်ပစ္စည်းသယ်တဲ့ ကားတွေအားလုံးက မရန်ကထောင်ဂိတ်ကနေ ပိတ်ထားတယ်။ တစ်ချို့ကားသမားတွေကို တနိုင်းဘက်သွား တဲ့ လမ်းပြပေးတော့ ငါးယောက်ကို ဖမ်းသွားကြတယ်”လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မရန်ကထောင်အနီးအနားရွာတွေက ဖြစ်တယ်လို့ ကနဦးသိရှိရပြီး နာမည်အတိအကျတော့ မသိရှိရသေးဘူးလို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။ ကုန်ကားတွေကို အထက်ပါ ဂိတ်ကနေ ဖြတ်သန်းသွားလာ ခွင့် ပိတ်ထားတာ နှစ်ပတ်လောက် ရှိလာပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပိတ်မိနေတဲ့ ကားတွေဟာ မရန်ကထောင်ကနေ ကောင်ရာ (နှစ်မိုင်ကျော်) လောက်အထိ ကားတွေ တန်းစီနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒါ့အပြင် နောက်ထပ်သတင်းအရင်းအမြစ် တစ်ဦးရဲ့ ပြောပြချက်အရ ခရီးသွားပြည်သူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ ကြားသိရပေမဲ့ အတိအကျတော့ မသိရှိရဘူးလို့ သိရပါတယ်။ မရန်ကထောင်စစ်ကောင်စီဂိတ်စခန်းမှာ စစ်ကောင်စီတပ်သားအင်အား ၆၀ ထက် မနည်း ရှိနိုင်တယ်လို့လည်း ကြားသိရပါတယ်။ Read ni full

၂၈။ ဒုသမ္မတဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ အနားပေး
April 22, 2024
ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရတာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း (ဧပြီလ ၂၂ ရက်) ည ၈ နာရီတွင် စစ်ကောင်စီလက်အောက်ခံမြဝတီသတင်းက ထုတ်ပြန်ကြေညာသည်။ ” ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်” ဟုဆိုကာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ် (၃)၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိကာ  NLD အစိုးရ၏ဒုတိယသမ္မတ (၂) ဖြစ်လာသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရသော်လည်း ၎င်းသည် ဖမ်းဆီးခြင်းမခံရဘဲ  ဒုတိယသမ္မတအဖြစ်ဆက်ရှိနေခဲ့ သည်။ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူခဲ့သော အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအစည်းအဝေးများကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် ခွင့်ပန်ကြားရှောင်လွှဲခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ကကျင်းပသည့် စစ်ကောင်စီ၏ ကာလုံ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ၎င်းအားပါတီမှ ထုတ်ပယ်‌ လိုက်ကြောင်း NLD ကကြေညာခဲ့သည်။ ယခု တာဝန်မှအနားပေးမှုသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တာဝန်မှ အနားပေးခဲ့သူများအနက် အမြင့်ဆုံးရာထူးဖြစ်သည်။ Read ni full

၂၉။ တစ်လကျော်ကြာ စစ်ဘေးရှောင်နေရသည့် သင်္ဃန်းညီနောင်စစ်ရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ
April 22, 2024
ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် အခြေစိုက်တပ်ရင်းစခန်းများတွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် နှစ်ဖက်တိုက်ပွဲများကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ(၂,၅၀၀) အတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။ ပြီးခဲ့သည့် မတ်လ ပထမ အပတ်မှစတင်ပြီး သင်္ဃန်းညီနောင်တွင် ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ပွဲ များကြောင့် အနီးဝန်းကျင်ကျေးရွာ ၁၀ ရွာမှဒေသခံများအနေ ဖြင့် ရွှေကုက္ကိုလ်ဒေသ ကျေးရွာများဘက်သို့ ယနေ့အချိန်ထိ စစ်ဘေးတိမ်း ရှောင်နေကြရဆဲဖြစ်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ များလိုအပ်လျက်ရှိကြောင်း ၎င်းတို့ကို လက်ခံကူညီထားသည့် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။“ဘုန်းကြီးကျောင်းမှာ ပဲ လာရှောင်ကြတယ်။ အိမ်လည်းပြန်လို့မရသေးဘူးဆိုတော့ ဒီမှာက တစ်ရက်ကို ဆန်(၈) အိတ်ထိကုန်တယ်။ စစ်ရှောင်ကာလ က ကြာလာတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိ လာတယ်။”ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များကို မြဝတီမြို့ခံလူထုများ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ နှင့် တစ်သီးပုဂ္ဂလိက အလှူရှင် များမှ ကနဦးတိုက်ပွဲကာအတွင်း သွားရောက်လှူဒါန်းကြသော်လည်း စစ်ရှောင်ဦးရေများပြားလွန်းသောကြောင့် နွေရာသီကာလ အတွင်း သောက်သုံးရေရရှိမှုအခက် အခဲများကိုပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။“သောက်သုံးရေ က မလောက်ဘူး။ စစ်ရှောင်ဦးရေကများတော့ လက်ရှိမှာတော့ ရေသန့်စက်ရုံကိုသွား ဘောက်ဆာတွေနဲ့ထည့်ပြီးတော့ သက်သာ အောင်တော့ လုပ်ပေးနေတာ တွေရှိတယ်။ ပြီးခဲ့ တဲ့ရက်ကတော့ NGO တစ်ဖွဲ့ကတော့လာပြီး ရေသန့်စက်လုပ်ပေးမယ်တော့ ပြောတယ်။ ဒါပေမဲ့ လာတပ်မယ်ဘဲပြောသေးတာ အခုထိ လာမတပ်သေးဘူး။” ဟု အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြော သည်။ Read ni full

၃၀။ အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်
 April 23, 2024
သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက်အလှူရှင်များမရှိ၊စားနပ်ရိက္ခာမျာနှင့်ဆေးဝါး များလိုအပ်နေကြောင်းသိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင် ကျော် သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။ လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည် ကြုံရာကျပန်းကို လုပ်ကိုင်ပြီးစားဝတ် နေရေး ကိုဖြေရှင်း နေရသော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲများရင်ဆိုင်နေရသည်။

“အခုချိန်က အလုပ် လုပ်ဖို့ကလည်း ရှာရခက်တယ် အခုချိန်က။လက်ထဲမှာ ပိုက်ဆံလေးမရှိတော့ ဟိုနားက မန်ကျည်း ရွက်တွေခူး ဒီနားက အရွက်တွေ ခူးနဲ့ ဖြစ်သလိုပဲ မကျဥ်းရွက်လေးနဲ့ ထမင်းလေးနဲ့ လူကြီးတွေကို အဆင်ပြေအောင် ကျွေးရတာ တွေရှိတာပေါ့။စားနပ်ရိက္ခာတွေလည်း လိုတာပေါ့။”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့ပြင် မိသားစုများသည့် သူများထဲတွင် ကျန်းမာရေးမကောင်းသည့် လူကြီးများပါရှိပါက ဆေးဝါး ဝယ်သောက်ရန် အခက်ဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။ “တချို့တွေက အဆင်မပြေတာတွေရှိတယ်။မိုးတွင်းမရောက်သေးတော့ အလုပ်ကလည်း ပါးတယ်လေ။ ဘုန်းကြီး ကျောင်းမှာ မနေတဲ့ သူတွေကတော့ ကြုံတဲ့အလုပ်လုပ်ပြီးဖြေရှင်း ချွေသာသုံး နေရတာ‌ပဲ။သူတို့ ပြန်လို့လည်းမရ အလုပ်က လည်းပါး တချို့ကလည်း ကလေးတွေနဲ့ဆိုတော့ စားဝတ်နေရေးအတွက် စိုးရိမ်ရတာပေ့ါ။”ဟု သူကဆက်ပြောသည်။ Read ni full

၃၁။  ကရင်နှင့် ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကို ကန့်သတ်
 April 22, 2024
ကရင်ပြည်နယ်နဲ့ ကရင်နီ(ကယား) ပြည်နယ်တွေမှာ‌ ပြင်ပသတင်းမီဒီယာတွေ သတင်းရယူမှုနဲ့ ပတ်သက်ပြီး စည်းကမ်း တင်းကျပ် ကန့်သတ်ချက်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) တို့ ကနေ အသီးသီးထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ သတင်းယူမယ့် နိုင်ငံတကာ၊ ပြင်ပမီဒီယာတွေအနေနဲ့ KNU ထံ သတင်းယူခွင့်အတွက် မိမိတို့ရဲ့သက်သေခံအထောက်အထားပြည့်အစုံနဲ့ ခွင့်ပြုချက် တောင်း ခံဖို့၊ KNU နဲ့ သက်ဆိုင်သော သတင်းတွေကို မေးမြန်းရေးသားဖော်ပြခြင်း မှတ်တမ်းရိုက်ကူးရာမှာ ခိုင်လုံမှုရှိတဲ့ သတင်းအချက် အလက်နဲ့ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ ဖြေကြားချက်တွေကို အခြေခံပြီး ရေးသားတင်ပြကြဖို့ မတ် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် KNU ရဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အဆင့်အဆင့်တို့မှာ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ နေရာတွေ၊ ရိုက်ကူးခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်စေ၊ ခွင့်ပြုချက်တောင်းခံမှုမှာ မပါဝင်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးခွင့်မပြုကြောင်း တားမြစ်ထားပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောတောနီးက “အထူးသဖြင့် ဒီကာလဟာ ပုံမှန်အခြေအနေတခုအောက်မှာ‌တော့ မဟုတ်ဘူး လေ။ တကယ်ကိုထူးခြားပြီးတော့ စစ်ပူချိန်လည်းပြောလို့ရတယ်။ အဲဒါကြောင့် အဓိက ကျနော်တို့မှာလည်း တာဝန်ခံမှုနဲ့ တာဝန် ယူမှုအပိုင်းမှာ ကျနော်တို့ နယ်မြေထဲမှာရောက်ရှိလာတဲ့ ပြည်တွင်းရော၊ ပြင်ပရော သတင်းဌာနအသီးသီးကို ကျနော်တို့ဘက်က ဒီလို တာဝန်ယူမှု တာဝန်ခံမှုအပိုင်းမှာရှိသလို အခြားတဖက်မှာဆိုရင်တော့ သတင်းဌာနအသီးသီးကလည်း သက်ဆိုင်ရာ သတင်း ဌာန ကျင့်ဝတ်နဲ့အညီ တာဝန်ယူမှုတာဝန်ခံမှု လုပ်ဖို့လိုပါတယ်။ ဒါအားလုံးကို မဆိုသာသော်လည်း လက်ရှိ မြေပြင်မှာကြုံတွေ့ နေရတဲ့ အနေအထား ခဏခဏဖြစ်နေတယ်။ အဲဒါကြောင့် မရှိမဖြစ် လိုအပ်တဲ့ အနေအထားတခုကြောင့် ဒီလိုထုတ်ပြန်ရတာ ဖြစ်ပါတယ်။ လိုအပ်ချက်အရ လုပ်ရပါတယ်။ လုံခြုံရေးအရလည်း လုပ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ အလားတူ ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ကလည်း ကရင်နီပြည်သို့ ရောက်ရှိလာကြတဲ့  ပြည်တွင်းပြည်ပ သတင်းမီဒီယာ အပါအဝင် အလွတ်တန်းသတင်း ထောက်တွေအတွက်  မီဒီယာကျင့်ဝတ်နဲ့ဆိုင်တဲ့ အချက် ၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။ Read ni full

၃၂။ မူဆယ်မှာ အုပ်စုဖွဲ့ ဓားပြတိုက်နေသူတွေကို ဖမ်းမိ
April 22, 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာပြန်ပေးဆွဲ ဓားပြတိုက်တဲ့‌ ၉ ယောက်အဖွဲ့ကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တွေ ဖမ်းဆီးရမိထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ “မူဆယ်ကပြန်ပေးဆွဲ ဇာတ်လိုက် ၉ ယောက်ကို ယမန်နေ့  ၂၂ ရက် နေ့ မနက်ပိုင်းက မူဆယ် စစ်တပ်ဗျူဟာကလာခေါ်သွားပြီ။ ဘယ်လို အဖွဲ့လည်း ဆိုတာ အတိအကျ မသီရသေးဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ မူဆယ်က ဌာနဆိုင်ရာတာဝန်ရှိသူ တစ်ဦးက မူဆယ်မှာ ပြန်ပေးဆွဲမှုလုပ်နေတဲ့အဖွဲ့ဖမ်းမိ တယ်လို့ကြားပေမယ့် အတိအကျတော့မသိရဘူးလို့ပြောပါတယ်။ “အခုကပြန်ပေးဆွဲအဖွဲ့တွေက ဆရာဝန်တွေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေကိုပစ်မှတ်ထားပြန်ပေးဆွဲလာတာ။ မုန့်ဟင်းခါးသည်တောင်မကျန်ဘူး။ ခရိုင်လူကြီးတောင် ပြန်ပေးဆွဲတာ”လို့ ပြောပါတယ်။

ဖမ်းဆီးရမိထားသူတွေကိုတော့ စစ်ကောင်စီက စစ်ဆေးနေပြီး အွန်လိုင်းမှာ ပျံ့နံ့နေတဲ့ ဗွီဒီယိုဖိုင်မှာတော့ မေးမြန်းခံရ သူက သူတို့ ကားမောင်းသူအပါ အဖွဲ့ ၉ ယောက်ဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားပါတယ်။ မူဆယ်ဒေသခံတွေကတော့ ပြန်ပေးဆွဲ ဓားပြတိုက်၊ ခြိမ်းခြောက်သူတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းကို ဖော်ထုတ်ပြီး အများရှေ့မှာ သေဒဏ် စီရင်သင့်တာ ဖြစ်ပေမယ့် တကယ်လို့ ဘန်းပြ အဖမ်းပြတာမျိုးဆိုရင်တာမျိုးဆိုရင်တော့ အဲဒီ လူငယ်တွေက စိုးရိမ်စရာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ “ပြန်ပေးဆွဲ ဓမြအဖွဲ့တွေရဲ့ နောက်မှာ ခေါင်းဆောင်ရှိတယ်။ ကျနော့် သူငယ်ချင်းကို ပြန်ပေး ဆွဲခံရတော့ မင်းတို့ ရှာတဲ့ လူ ဒီအိမ်မှာ မရှိဘူးလို့ ပြောလိုက်တာ သူတို့က WeChat နဲ့ Video call ခေါ်ပြီး ငါတို့ အိမ်မှားပြီ ထင် တယ်ဆိုပြီး လှမ်းပြောနေတာ။ သူတို့က ဧည့်ခန်းက ဓတ်ပုံကိုပြလိုက်တော့ အဲဒီ အိမ်ပဲ၊ အိမ်ရှင်မရှိရင် အဖွားကြီးကိုခေ့်ခဲ့လို့ ပြော ပြီး ခေါ်သွားတာ။ ကားနဲ့။ တရုတ် ကလေးတွေ ၇ ယောက်လောက်”လို့ နယ်စပ်ကုန်သည် တစ်ဦးကပြောပါတယ်။   https://www.facebook.com/photo/?fbid=45772978328013 8&set=a.285900487129736

၃၃။  ပြည်သူအသက်အိုးအိမ် စိုးရိမ်ချက်ကြောင့် မြဝတီတိုက်ပွဲအတွင်း အနည်းငယ်ဆုတ်ခွာထားရကြောင်း KNU ပြော
April 22, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်သည့်တိုက်ပွဲအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် နောက်သို့အနည်းငယ်ဆုတ်ခွာထားရကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ပြောသည်။ မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်မှ ဧပြီလ (၁၉)ရက်နေ့က စတင်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုအကြိမ်ရေ (၁၅၀) ထက်မနည်း လုပ်ဆောင်ခဲ့ သည်တွင် ပြည်သူလူထုထိခိုက်သေဆုံးမှုရှိလာသဖြင့် ပူးပေါင်းတပ်ဘက်က မြို့မှ ယာယီဆုတ်ခွာထားခြင်း ဖြစ်သည်။ KNU ပြော ခွင့်ရ ပဒိုစောကလယ်စေးက “အမှတ်(၂)တံတားအောက်က စစ်ကောင်စီတပ်တွေကို တိုက်တဲ့နေရာမှာ လောလောဆယ် ကျနော် တို့အခြေအနေအရ နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်တဲ့သဘောရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက လေကြောင်း နဲ့ မြောက်များစွာဗုံးကြဲချတဲ့အပေါ်မှာ ပြည်သူလူထုအတွက်လည်းစိုးရိမ်မှုရှိတယ်။ ဒါကိုကျနော်တို့ပြန်လည်သုံးသပ်နိုင်ဖို့ အမှတ် (၂)တံတားနောက်ကို နည်းနည်းပြန် ဆုတ်လိုက်တဲ့သဘောပါ။”ဟု ပြောသည်။

KNLA ပူးပေါင်းတပ်များ ဆုတ်ခွာထားသော်လည်း စစ်တပ်ကလေယာဥ်(၂)စင်းဖြင့် မြေနီကုန်းရပ်ကွက်အနီးတဝိုက်သို့ ဗုံး ထပ်မံကြဲချသွားသလို ယခင်နေ့ ကတိုက်ပွဲအတွင်း ဒေသခံထိခိုက်သေဆုံးမှုအပြင် KNLA ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်(၁)ဦး သေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်ကဆိုသည်။“မနေ့ညနေစောင်းလောက် က တော်တော်ငြိမ်သွားပြီး မနက်ကြီး (၁၂)နာရီကျော်လောက်ကျတော့ လေယာဥ်နှစ်စီးနဲ့ မြေနီကုန်းတစ်ဝိုက်ကိုလာကြဲသွား တယ်။ အခုချိန်ထိကတော့ လက်နက်ကြီးလည်း မပစ်ဘူး။ လေယာဥ်လည်း လာမဝဲတော့ဘူး ငြိမ်နေတယ်။ အရင်နေ့က တိုက်ပွဲ မှာတော့ ကျနော်တို့ရဲဘော်ဘက်က တစ်ယောက်ကျပြီး နှစ်ယောက်ထိထားတယ်။” ဟု မြဝတီမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ အမှတ်(၂)တံတားအနီးသို့ ဆုတ်ခွာနေသော ခလရ-၂၇၅ အကြွင်း အကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကူတပ်များကြောင့် မြဝတီမြို့ကိုလက်မလွှတ်ရရေး KNU အနေဖြင့်ကြိုးပမ်းဆောင်ရွက်နေပြီး လုံခြုံရသည့်အနေအထား ရောက်ရှိပါက အုပ်ချုပ်ရေး အကောင်အထည်ဖော်သွားမည်ဟုလည်း ဧပြီလ(၁၂)ရက်နေ့က KNU ဘက်က ကြေညာချက် ထုတ် ပြန်ထားသည်။ “မြို့ကိုအုပ်ချုပ်နိုင်ဖို့အတွက်ကတော့အဆင်မပြေသေးပါဘူး။ ဒါပေမယ့် မြို့ကိုအုပ်ချုပ်ဖို့စီမံခန့်ခွဲဖို့ ရည်ရွယ် ချက်ရှိထားပါတယ်။ လောလောဆယ်မှာ အုပ်ချုပ်ရေးဝင်လို့မရသေးဘူးဆိုပေမဲ့ ဆက်လက်ကြိုးစားဖို့ရှိနေပါတယ်”ဟု KNU ပြောခွင့်ရက ဆိုသည်။ Read ni full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button