သတင်း

တပ်မိသားစုဝင်များရဲ့ လုံခြုံရေးကြောင့် ဒကစ လောက်ကိုင်က လက်နက်ချတာလို့ စစ်တပ် ပြောခွင့်ရသူပြော

တပ်မိသားစုဝင်များရဲ့ လုံခြုံရေးကြောင့် ဒကစ လောက်ကိုင်က လက်နက်ချတာလို့ စစ်တပ်ပြောခွင့်ရသူပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၃

တိုင်းစစ်ဌာနချုပ်အသေးစား အဆင့်ရှိတဲ့ (ဒကစ) လောက်ကိုင်က ဗိုလ်မှူးချုပ်များနဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူးများ အပါအဝင် စစ်သားထောင်နဲ့ချီ လက်နက်ချလိုက်တာဟာ တပ်မိသားစုဝင်များရဲ့ လုံခြုံရေးကြောင့်လို့ စစ်ကောင်စီ စစ်တပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

“တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေ ရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ပါတယ်” လို့ စစ်ကောင်စီ အာဘော်သတင်းမီဒီယာ Popular News ကို ဖြေဆို ထားတာပါ။

ဒါ့အပြင် လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က တဖက်သတ် ပစ်ခတ်ခံရတာလို့လည်း သူက ထည့်သွင်း ပြောဆိုထားပါတယ်။

” အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာ တွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ဒကစအဆင့်ဆိုတာ တကယ်တော့ ကျွန်တော်တို့ တိုင်းစစ်ဌာနချုပ်အသေးစားလို့ ပြောလို့ရတာပေါ့၊ ကြီးမားတယ်၊ ခံစစ်တွေဆိုလည်း အပြည့်အဝလုပ်ထားတယ်၊ ကျန်တဲ့လက်နက်ခဲယမ်းတွေဆိုလည်း အများကြီးစုပုံထားတယ်၊ အဲဒီအပြင် ခုခံဖို့ဆိုပြီး လက်နက်ခဲယမ်းတွေ ဖြည့်တင်းထား တယ်လို့ သိရတယ်၊ အဲလိုအခြေအနေမျိုးမှာ အခုလက်နက်ချလိုက်တာဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ အများကြီးထိခိုက်မှုတွေရှိတယ်၊ ဒီလို ဒကစအဆင့်က လက်နက်ချ လိုက်ပြီဆိုရင် ဗိုလ်မှူးချုပ်အဆင့်တွေက လက်နက်ချလိုက်ပြီဆိုရင် ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီးအဆင့်ဆိုတာ စစ်တိုက်လို့တောင် မရတော့ဘူး၊ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ ဆက်ပြီးတော့ တိုက်ခိုက်ဖို့ မစွမ်းသာတော့ဘူး၊ သူတို့အနေနဲ့ အရှုံးပေးပါတယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျွန်တော်ထင်တယ် စစ်တပ်ရဲ့သိက္ခာက တော်တော်လေးကို ကျဆင်းတယ်၊ မရှိတဲ့သိက္ခာက အဖက်ဆည်လို့တောင် မရတော့ဘူး” (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး အောင်မျိုးထက်က RFA ရဲ့ သတင်းတပုဒ်မှာ ဖြေဆိုထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၄ ရက်နေ့က ကိုးကန့်တပ်(MNDAA) ထံလက်နက်ချခဲ့တဲ့ လောက်ကိုင်အခြေစိုက် စစ်ဗိုလ်ချုပ်များဖြစ်တဲ့ ဒကစ(လောက်ကိုင်)၏ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ကိုးကန့်စစ်ကောင်စီ အဖွဲ့၏ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်တို့ကို ကိုးကန့်တပ်ဖွဲ့တို့က နွေးထွေးစွာဖြင့် ကျွေးမွေးဧည့်ခံနေတဲ့  ဓာတ်ပုံများကလည်း လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာခဲ့တာပါ။

ဇန်နဝါရီ ၄ က ထောင်နှင့်ချီသော စစ်ကောင်စီတပ်တို့ လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတွင် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ကြပြီဖြစ်သလို လောက်ကိုင်မြို့ရှိ အင်အားအကြီးဆုံး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး လက်နက်ချပြီးနောက် ယမန်နေ့ (ဇန်နဝါရီလ ၅) မှာ မြို့အနီးရှိ နန်ထင်းမိန်တောင် တပ်စခန်းကလည်း လက်နက်ချခဲ့ပြီဖြစ်လို့ ဒေသတစ်ခုလုံး ရရှိပြီဖြစ်ကြောင်း ကိုးကန့်တပ် (MNDAA) က ယမန်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဓါတ်ပုံ – Getty Images (စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း)

Related Articles

Back to top button