သတင်း

“ဝ”ဒေသ၊ ဟိုပန်မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ပြီးနောက် “ဝ”တပ်ဖွဲ့က ဝင်ရောက် အလံလွှင့်ထူထား

“ဝ”ဒေသ၊ ဟိုပန်မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ပြီးနောက် “ဝ”တပ်ဖွဲ့က ဝင်ရောက်အလံလွှင့်ထူထား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၅၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့ကို ဒီကနေ့မှာ ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ပြီး “ဝ”တပ်ဖွဲ့က ဝင်ရောက်အလံလွှင့်ထူထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဟိုပန်မြို့ကို ဒီကနေ့ဇန်နဝါရီလ ၅ရက်၊ မနက် ၁၀နာရီဝန်းကျင်အချိန်မှာ ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နေ့လည် ၁နာရီဝန်းကျင်မှာ UWSAတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာကာ မြို့လယ်မှာ “ဝ” အလံလွှင့်ထူထားတယ်လို့ သိရပါတယ်။

“4ဝီးကားတွေနဲ့ရောက်ချလာပြီး အလံလာထူသွားတယ်၊ တပ်စွဲဖို့အတွက်လည်း ပြင်ဆင်တာတွေလုပ်နေတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့ကတော့ ဝတပ်တွေလာတုန်းက လုံခြုံရေးယူပေးနေတာတွေ့တယ်။ သူတို့အချင်းချင်းတော့ ဘာပစ်ခတ်မှုမှမရှိဘူး၊ စစ်တပ်လက်ထဲက ဟိုပန်ကိုတိုက်ယူပြီး ၀ကိုလွှဲပေးတဲ့သဘောလို့ပဲထင်တယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

ဟိုပန်မြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၁၄၃၊ ၁၄၅) တပ်စခန်းနဲ့ ဟိုပန်မြို့မ ရဲစခန်းတို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို သေဆုံးသူအများအပြားရှိတယ်လို့ သိရပါတယ်။

ဟိုပန်မြို့မှာ လက်ရှိUWSAတပ်ဖွဲ့ဝင်တွေအပြင် ညီနောင်မဟာမိတ်တပ်တွေလည်းရှိနေပြီး မြို့အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ကိုင်သူများကို အထကကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button