ကဗျာ

စစ်ပွဲကြောင့်

စစ်ပွဲကြောင့်

————–

စစ်ပွဲကြားမှာ လသားအရွယ် ကလေးငယ်လေးတစ်ယောက်ကို

ထွေးပွေ့ရင်း ငိုကြွေးနေတဲ့ မိဘတွေရဲ့ ငိုရှိုက်သံတွေ

 

စစ်ပွဲထဲမှာ တိုက်ပွဲကျလို့

ဘုရားစင်ရှေ့က ယူနီဖောင်းနဲ့သားတစ်ယောက်ရဲ့ဓာတ်ပုံနားမှာ

ငိုကြွေးနေကြတဲ့ မိသားစုဝင်တွေ

 

စစ်ပွဲကြောင့် အသိမိတ်ဆွေတွေ သေကြေခဲ့ရလို့

ဝမ်းနည်းပူဆွေးနေကြတဲ့ သူတို့ရဲ့အပေါင်းအသင်းတွေ

 

စစ်ပွဲမှာ ချစ်သူကောင်လေး အသက်ပေးလှူခဲ့ရလို့

ဝမ်းနည်းကြေကွဲနေကြတဲ့ အမျိုးသမီးလေးတွေ

 

စစ်ပွဲကြောင့် အိမ်တွေ ယာတွေ မီးလောင်ပြာကျကုန်လို့

နေထိုင်စားသောက်ရာမဲ့ရင်း ပူဆွေးသောကရောက်နေကြတဲ့ လူတွေ

 

စစ်ပွဲကြောင့်  ရှေ့တန်းမှာ ကျဆုံးသွားတဲ့ အမျိုးသားအုတ်ဂူကို

လက်တစ်ဖက်နဲ့ ပွတ်သပ်ကာ အခြားတစ်ဖက်က ကလေးငယ်ကိုပွေ့ရင်း

ဘယ်လိုရှေ့ဆက်ရမှန်းမသိ၊ တွေဝေငေးမှိုင်နေကြတဲ့ အိမ်ထောင်သည်တွေ

 

ဒီလိုဝမ်းနည်းပူဆွေးမှုတွေဟာ စစ်ပွဲကြောင့်…

ဒီစစ်ပွဲဟာ မသမာလောဘသားတွေကြောင့်ဆိုရင်

မသမာလောဘသားတွေ အမြန်ကျဆုံးပါစေ။

 

ဒီစစ်ပွဲဟာ အမှန်တရားအတွက်လို့ယူဆကြတဲ့သူတွေကြောင့်ဆိုရင်

အမြန်အောင်မြင်ပါစေ။

 

ဒီစစ်ပွဲဟာ နှစ်ဦးနှစ်ဖွဲ့ကြားက ပဋိပက္ခကြောင့်ဆိုရင်

အမြန်ငြိမ်းချမ်းပါစေ။

 

ဒီစစ်ပွဲကြောင့် ဒီလိုဝမ်းနည်းပူဆွေးသောကမှုတွေဟာ

ကံကြမ္မာကြောင့်ဆိုရင် ဒီဘဝနဲ့တင် ကြေကြပါစေ…။

 

မိုင်းအေဲမ်လငါန်း (MALNgean)

Related Articles

Back to top button