သတင်း

ရခိုင်ပြည်က ကျေးရွာတွေကို စစ်ကောင်စီဆက်တိုက်မီးရှို့မှု ရှိလာ

ရခိုင်ပြည်က ကျေးရွာတွေကို စစ်ကောင်စီဆက်တိုက်မီးရှို့မှု ရှိလာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၅၊ ၂၀၂၃
 
ရခိုင်ပြည်က ကျေးရွာတွေနဲ့ မြို့ပြတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့မှု ရှိလာနေတယ်လို့ သိရှိရပါတယ်။
 
ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ရေးနဲ့ ပတ်သက်မှုမရှိတဲ့ ဒေသတွေကိုပါ စစ်ကောင်စီတပ်ဖွဲ့တွေမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးရှို့တာ တွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ဒီနေ့ မွန်းလွဲ၂ နာရီခန့်အချိန်ကလည်း ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာကို စစ်ကောင်စီ၊ နေဗီ ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မီးလောင်နေတယ်လို့ မနော်သီရိ‌ ကျေးရွာသား တစ်ဦးက ပြောပါတယ်။
 
“နေဗီရေတပ်ကနေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ အဲဒီလိုမျိုး ပစ်ခတ်တဲ့ အတွက် ကျနော်တို့လည်း အဝေးကို ထွက်ပြေး‌နေရတယ်။ အခုရွာမီးလောင်နေပါတယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ မြစ်ကနေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တာပါ”
 
အခု‌ မီးလောင်ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေရဲ့ အသေးစိတ်ကို မသိရှိရသေးဘူးလို့ ‌သူက ဆက်ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာနဲ့ ခမောင်းတော ကျေးရွာတွေကို မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။
 
ရခိုင်ပြည်၊ ပေါက်တောမြို့ကိုလည်း စစ်ကောင်စီက နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မီးရှို့မှုကြောင့် ပေါက်တောမြို့ရဲ့ ၇၀ ရာခိုင်နှုန်းဟာ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းဈေးတစ်ခုလုံးကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မီးရှိူ့သွားခဲ့ပါတယ်။

ဓါတ်ပုံ – Arakan Princess Media

Related Articles

Back to top button