“၁၀၂၇ စစ်ဆင်ရေး” မှာ KNDF တပ်ရင်း အမှတ် (၆၀၆) ပါဝင်နေတယ်လို့ပြော
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၃၊ ၂၀၂၃
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNT JP/ MNDAA) ၊ တ အောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA) တို့ ဦးဆောင် ပြီးတိုက်ခိုက်နေတဲ့ ” ၁၀၂၇ စစ်ဆင်ရေး”မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ တပ်ရင်းအမှတ် (၆၀၆)ကလည်း စခန်းသိမ်း တိုက်ပွဲများကို ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေး ထုတ်ပြန် လာပါတယ်။
KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး ပြောတာက ” KNDF ကတော့ တပ်ရင်းအမှတ် (၆၀၆)ကို မြောက်ပိုင်းမှာရှိတဲ့ ညီတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ တပ်ရင်းတစ်ရင်း ဖြစ်ပါတယ်။ အခုလိုမျိုး မြို့သိမ်းတိုက်ပွဲ စခန်းသိမ်း တိုက်ပွဲတွေမှာ မြောက်ပိုင်း မဟာမိတ် စစ်ဦးစစ်မှုအောက်မှာဘဲ တပ်ရင်းအမှတ် (၆၀၆)က ပါဝင်ရတာ ဖြစ်ပါတယ်၊ လော်ဆယ်အသေးစိတ် ကိစ္စတွေနဲ့ တခြားဟာတွေကိုတော့ ပြောလို့ မရသေး ဘူးပေါ့နော်”
ညီနောင် မဟာမိတ် (၃)ဖွဲမှ ဦးဆောင်ပြီး အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို KNDF အနေဖြင့် ထောက်ခံ ကြိုဆိုသလို လက်ရှိမှာလည်း စစ်ဆင်ရေး များထဲ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်တဲ့ထိ ပူးပေါင်း တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့လည်း KNDF ဘက်က ထုတ်ပြန် အသိပေးထားပါတယ်။
ဓါတ်ပုံ – KNDF (ပုံဟောင်း)