သတင်း

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေးခရီးမှာ  AA နှင့် အတူလက်တွဲကြိုးပမ်းလိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၃၊ ၂၀၂၁

အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပါ အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျရောက်သည့် အိမ်ထောင်သက်နှစ် (၄၀) ပြည့်မြောက် မင်္ဂလာဆုမွန်သဝဏ်လွှာကို ပေးပို့လာသည့် (ULA/AA) အား ပြန်လည်အကြောင်းကြားသည့်စာတွင် ထည့်သွင်းရေးသားထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ဖြစ်သည်ဟုလည်း သမ္မတက ရေးသားထားသည်။

“တကယ်တော့ သမ္မတကြီးရဲ့ အိမ်ထောင်သက် နှစ်၄၀ ပြည့်အထိမ်းအမှတ်နေ့မှာ ရက္ခိုင့်တပ်တော် AA  အနေနဲ့ အသိအမှတ်ပြုပြီးမှ သမ္မတကြီးကို သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါတယ်။ သဝဏ်လွှာရဲ့ပေးပို့ခြင်းရဲ့ အဓိကရည်ရွယ်ကချက်ကို ကြည့်မယ်ဆိုရင်တော့ လက်ရှိ NUG အနေနဲ့လည်း ပြည်ထောင်စုတစ်ခုလုံးကို အာဏာရှင်လက်အောက်မှ လွတ်မြောက်ဖို့ရယ် အမျိုးသားတန်းတူညီမျှ‌ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ Federal ပြည်ထောင်စုတစ်ခုတည်ဆောက်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ဟာကို AA အနေနဲ့လည်း အသိအမှတ်ပြုပြီးမှ သဝဏ်လွှာပေးပို့ခြင်းဖြစ်တယ်လို့ ယူဆတယ်။ တစ်ဖက်မှာကလည်း ဒီတော်လှန်ရေးမှာ အောင်မြင်ဖို့ သူတို့အနေနဲ့မေတ္တာပို့ဆုတောင်းပေးတဲ့ဟာကိုတွေ့ရတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ ဘက်ကလည်းကျေးဇူးတင်ကြောင်း NUG ဘက်နေ သဝဏ်လွှာပြန်လိုက်ခြင်းဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလရဲ့ အတွင်းရေးမှူးက ပြောပါတယ်။

သမ္မတကြီး၏နှစ်၄၀ အိမ်ထောင်သက်နှင့်အတူ တိုင်းရင်းသားအင်အားစုတစ်ခုဖြစ်သော AA နှင့် ယခုလိုမျိုး ယုံကြည်မှုအတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်သည်မှာ ပြည်သူအားလုံးအတွက် ဝမ်းပန်းတသာ မျှော်လင့်စရာဖြစ်ကြောင်း ထို့အတူပြည်တွင်းမှာရှိသည့် အင်အားစုများနှင့်အတူ ဝိုင်းဝန်းလက်တွဲပြီးမှ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရန်လည်း ဆက်လက်ပြီးမှ ကြိုးစားသွားမည်ဟု သမ္မတကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကနေလိုလားကြောင်း ပြောကြားလိုသည့်အနေဖြင့် သဝဏ်လွှာကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလ၏ အတွင်းရေးမှူးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ယာယီသမ္မတကြီးကတော် လထော်နန်တောင်တို့၏ ယနေ့ကျရောက်သည့် အိမ်ထောင်သက် နှစ်(၄၀) ပြည့်မြောက်သည့် ပတ္တမြားရတုမင်္ဂလာ အထိမ်းအမှတ်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီမှ  ပေးပို့လာသည့် မင်္ဂလာဆုမွန် သဝဏ်လွှာအား ဝမ်းမြောက်စွာ လက်ခံရရှိပါကြောင်းလည်း ရေးသားထားသည်။

မင်္ဂလာဆုမွန်သဝဏ်လွှာတွင် ဆုတောင်းထားသကဲ့သို့ ပြည‌်ထောင်စုမြန်မာတစ်နိုင်ငံလုံး၏ အမျိုးသားလွတ်မြောက်ရေး အောင်ပွဲရယူသွားနိုင်ရန်အတွက် ကျွန်ုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်းလည်း ရေးသားထားသည်။

Ref – Kachinwaves / NUG

Related Articles

Back to top button