သတင်း

ဘန်ကောက်မှ MOU စာချုပ်သက်တမ်းတိုးရန်ပြန်သော အလုပ်သမား ၇ ဦး မြဝတီတွင် ဖမ်းဆီးခံရ

ဘန်ကောက်မှ MOU စာချုပ်သက်တမ်းတိုးရန်ပြန်သော အလုပ်သမား ၇ ဦး မြဝတီတွင် ဖမ်းဆီးခံရ

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
နိုဝင်ဘာ ၁၊ ၂၀၂၃။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံသဘောတူခဲ့ကြတဲ့ MOU စာချုပ်ဖြင့် အလုပ်လာ လုပ်ကြသော မြန်မာအလုပ်သမား ၇ ဦးမှာ MOU စာချုပ် သက်တမ်းတိုးရန် မြဝတီသို့ ပြန်ရောက် ရှိနေချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သတင်းရင်းမြစ်များမှ သိရပါတယ်။

စာချုပ်သက်တမ်းတိုးရန် ဘန်ကောက်မှ မြဝတီကို ပြန်လာခဲ့သူ အယောက် ၃၀ ထဲမှ ၇ ဦးကို ဆန္ဒပြပွဲ များတွင် ပါဝင်လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံများကို ပြပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

” အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဘန်ကောက်ကနေပြန်တယ်။ ၃၀ ရက်နေ့ မြဝတီကို ရောက်တယ်။ နိုင်ငံရေးမှာပါတဲ့သူတွေကို စိစစ်တယ်။ ဆန္ဒပြစဥ်က ဓာတ်ပုံတွေ ကိုပြပြီး သူတို့ ဟုတ် မဟုတ် မေးမြန်း တယ်။ ဟုတ်တယ်ဆိုတဲ့သူတွေကို ဖမ်းထားလိုက်တယ်။ ” လို့ အဆိုပါအလုပ်သမားများနှင့် နီးစပ်သူ တစ်ဦးမှ FJMM ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ ၇ ဦးမှာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦးတို့ ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ က ရန်ကုန်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ” ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံရေးလှုပ်ရှားခဲ့ဖူးတဲ့ သူတွေ အနေနဲ့ မြန်မာပြည်ပြန်ပြီး MOU စာချုပ် ပြန်မချုပ်စေချင်ဘူး။ ဒီဘက်မှာပဲ တစ်ခြား နည်းလမ်းတွေနဲ့ လုပ်လို့ရတာတွေကို လုပ်ဆောင်စေချင်တယ်။ ” လို့ ထိုင်းရောက် မြန်မာနိုင်ငံသား တစ်ဦးမှလည်း အကြံပြုထားပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စက်ရုံဘက်မှ Memorandum of Understanding (MOU) စာချုပ် အတွက် ဆောင်ရွက်ပေးနေတဲ့ Agency ကိုသာ အကူအညီတောင်း ဆောင်ရွက်ခိုင်းဖို့ စီစဥ်ထားသော် လည်း Agency ဘက်မှတော့ အကြောင်း တစ်စုံတစ်ရာ ပြောလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဓါတ်ပုံ – Getty / MOU စနစ်နဲ့ ထိုင်းရောက် မြန်မာအလုပ်သမားများ (ပုံဟောင်း)

Related Articles

Back to top button