သတင်း

နေ့စဉ်သတင်းအကျဉ်း

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး သပိတ်နှင့် KIA၊ PDF၊NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။ အင်တာနက် ဖြတ်တောက်ခံ ထားရသည်မှာ ခြောက်လကျော်ကြာ ရှိလာပြီဖြစ်ပြီး သပိတ်မှောက်ချီတက်ရာ တွင် “NUG အစိုးရ ဒို့အစိုးရ၊ အားတင်းထားပါ KIA မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ်၊ အားတင်း ထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ်၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ အကြမ်းဖက် စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမည် ”ဟု ကြွေးကြော်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

 

  • ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်တွင်းစည်းလုံးညီညွတ် ရေး မရှိမဖြစ် လိုအပ်လာပြီဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) က ထုတ်ပြန်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ် ဝမ်ဟိုင်းတွင် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက် နေ့အထိ ပြုလုပ်ခဲ့သော “၂၀၂၁ ခုနှစ် တိုးချဲ့ ဗဟိုကော်မတီ မျက်နှာ စုံညီအစည်းအဝေး” ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။ “ပြည်ထောင်စု အတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီကိုလိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ် သော အခြေအနေတစ်ရပ်ဖြစ်အောင်ကြိုးပမ်း တည်ဆောက် ရမည်” ဟု SSPP ကဆိုသည်။

 

  • ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်များနှင့် ရှမ်း လူမှုအဖွဲ့အစည်းများ စုစည်း၍ ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်နားထားရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန် သည်။ CSSU အနေဖြင့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ အကြား တိုက်ပွဲများကို တားဆီးနိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၂၀- ၂၀၂၂ အထိ တိုက်ပွဲများ ကျယ်ပြန့်လာခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ရခြင်း၊ ရှမ်းပြည်အတွက် ရှင်းလင်းပြတ် သားသည့် နိုင်ငံရေး ရည်မှန်းချက်များ ချမှတ်နိုင်မှု မရှိခြင်း စသည့် အချက်များ အပါအဝင် အချက် ငါးချက်ကြောင့် လုပ်ငန်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်များ အားနည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

  • အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းက ဖေဖေါ်ဝါရီလ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ကမီခီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ရွာသား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် စောခူနေလား သေဆုံးခဲ့ပြီး စောဘရီး ၇၀ နှစ်၊ စောဟဲနရီ ၄၆ နှစ်၊ နော်ဘူထူး ၄၃ နှစ်၊ စောမူဂေတော ၁၃ နှစ်တို့ ဒဏ်ရာရခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်းသိရှိရသည်။

 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် စစ်ကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်း ယနေ့နံနက် ၁၀ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်းနှင့် မိနစ် ၂၀ ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ် ကြကြောင်းသိရှိရသည်။ ” အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံရှေ့မှာ စစ်ကားတွေ အပစ်ခံ ရတာပြီး ဘယ်အဖွဲ့က လာပစ်တာလဲဆိုတာတော့ မသိရသေးဘူး။ နှစ်ဖက်ပစ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ ဘယ်လောက်သေလဲတော့ မသိသေးဘူး၊ ကျိုက်ထိုဘက်ကနေ လူနာတင် ကားတွေနဲ့ လာသယ်သွားတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

 

  • ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)လက်အောက် တပ်ရင်း ၁၄ အတွင်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဥ်ဖြင့် ယနေ့နံနက် အစောပိုင်း ၂ နာရီဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ “လာပစ် တဲ့အချိန်က ၂ နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ၂ နေရာမှာ လာပစ်သွားတာ။ ပထမက KIA တပ်ရင်း ၁၄ စခန်းအတွင်းမှာ ၂ကြိမ်ပစ်သွားတယ်။ နောက် ရှဒူးဇွပ်ကျေးရွာအနီးမှာရှိတဲ့ ဝခါး (Wahka)တပ်စခန်းမှာတစ်ကြိမ် လာပစ်သွားတယ်”ဟု KIA ရှေ့တန်းတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောကြားချက်အရသိရသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး စစ်ကောင်စီ ကို ဆန့်ကျင်ကာ CDM ဝင်ရောက်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့၌ ထုတ်ပြန်ထား သည်။ နမ့်စန်လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖိုက်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလက ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတနေရာသို့ ဖေဖော်ဝါရီ ပထမအပတ်အတွင်းက ခိုလှုံလာခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် ၃၈၄ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • “ပြည်သူတွေက သေနေပြီ၊ မြန်မာဘီယာ သောက်နေတုန်းလား၊ ပြည်သူတွေက သေနေပြီ မြန်မာဘီယာ ရောင်းနေတုန်းလား” စသည့် စာသားများ ကိုင်စွဲကာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၌ ချီတက်ဆန္ဒပြ ခဲ့ကြသည်။ အဆိုပါ ပြောက်ကျား သပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ကာ “စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု” များဖြစ်ကြသော လူငယ်များသမဂ္ဂ၊ Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု၊ LGBT Community Yangon၊ အခြေခံပညာ ကျောင်းသား လူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM၊ တ.က.သ ကျာင်းသား ဟောင်းများ အင်အားစုတို့ ပါဝင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

 

  • ယနေ့နံနက်ပိုင်းတွင် မန္တ‌လေးမြို့ မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းမှ ဦးဆောင် ကာ “ရာဇဝင်မရိုင်းတဲ့မန္တလေးသမိုင်း ဖက်ဆစ်အရိုးနဲ့ရေးထိုးမည်” ဟူသော စာသားကိုင်ဆွဲ၍ မန္တလေးမြို့လယ်၌ ချီတက်ဆန္ဒပြခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ မန္တလေး လမ်းမကြီးတစ်နေရာတွင် ပြည်သူအများအပြားပါဝင်သည့် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များက ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် “အမှောင်ကျနေတဲ့ တိုင်းပြည်မှာ အနာဂတ်အလင်းရောင်ပြန်ရဖို့တွေး ငါတို့အားလုံး လုံးဝ သွေးမအေးကြေး။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ပေါင်းစုတို့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ငါးရက်ကြာ တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ PDF Saw က အဖွဲ့က ဖေဖော်ဝါရီ  ၂၅ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကား ၁၆ စီးပေါ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ် ဟာ ဂန့်ဂေါ ခရိုင်ကနေ ချင်းပြည်နယ်ကို ထွက်လာရာ လမ်းတစ်လျှောက် လောင်းရှည်ရွာမှာ စတင် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

 

  • မုံရွာမြို့ ချင်းတွင်းမြစ်အတွင်းတွင် မုံရွာလူငယ်အစည်းရုံးမှ ဇူလိုင်လ ၂၆ ရက်နေ့ တိုက်ပွဲ တစ်ခု တွင် ကျဆုံးသွားသော အခြေပညာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကောင်းဆက်ဟိဏ်းကို ဂုဏ်ပြု သောအားဖြင့် ရဲဘော် ကောင်းဆက်ဟိဏ်း ကျဆုံးခြင်း ၇ လပြည့် ချီတက် သပိတ်မှောက်ခြင်းကို ယနေ့ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း၊ မုံရွာ ပင်မသ ပိတ်စစ်ကြောင်း နှင့် LGBT သပိတ်စစ်ကြောင်းတို့ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၅၃ ရက် မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ကနီမြို့နယ် အင်းပေါင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ချဲလေး ဈာပန အခမ်း အနားများနှင့် အကြမ်းဖက် စစ်အာဏာရှင်ဆန်ကျင်ရေး ချီတက်ဆန္ဒပြပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအနီး ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ် ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း သတင်းရရှိ သည်။

 

  • မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေတွင် “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြား မရှိ´´ စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြပြီး သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြသည်။

 

  • အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေး မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁ ရွာမှ တော်လှန်တက် ကြွပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၆ ရက် ညနေပိုင်းတွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ကယားပြည်နယ်အတွင်း တိုက်ပွဲတွေတစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဟာလည်း စစ်ရှောင်စခန်းတွေနဲ့ ပိုမိုနီးကပ်လာသာ‌ကြောင့် တစ်ချို့စစ်ရှောင်စခန်း တွေမှာရှိတဲ့ စစ်ရှောင် ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရ ကြောင်းသိရသည်။

 

  • တအာင်းတပ်မတော် (TNLA)၊ တပ်မဟာ ၂စစ်ဒေသ၊ မိုးကုတ်မြို့၊ ပင်တောင်ရွာအနီးတွင် ကျပ်ငွေ ၂ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီလ ၁၇ ရက်၊ နေ့လည် ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း TNLAက ယနေ့၌ ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ပမာဏနှင့် လက်ရှိကာလတန်ဖိုးမှာ ဘိန်းဖြူ ၂၆၄၀ခွက် (ကာလတန်ဖိုး ၃၉၆,၀၀၀,၀၀၀ ကျပ်)၊ ICE ၁၀၀ ထုပ်(ကာလတန်ဖိုး ၃၃၀,၀၀၀,၀၀၀ ကျပ်)၊ WY ၁၅၀၅၉ ထုပ် (ကာလတန်ဖိုး ၁,၅၀၅,၉၀၀,၀၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂,၂၃၁,၉၀၀,၀၀၀ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားများသမဂ္ဂရုံးခန်းနှင့် ဆရာများ သမဂ္ဂရုံးခန်း နေရာတို့ကို တက္ကသိုလ်ဝင်းအတွင်းမှဖယ်ရှားရန် တက္ကသိုလ်တာဝန်ရှိသူတို့ ကပြောဆိုလာခြင်း သည် ကျောင်းတွင်းအဖွဲ့အစည်းနှစ်ခု၏ ရပ်တည်ချက်များ၊ လုပ်ငန်း ဆောင်တာများကို ဖိနှိပ် ချုပ်ချယ်ခြင်းဖြစ်သလို အာဏာရှင်ဆန်စွာပြုလုပ်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)တွင် ကျောင်းသားသမဂ္ဂဗဟို အမှုဆောင်အဖွဲ့မှ ထုတ်ပြန်သည်။

 

  • လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ညီလာခံကျင်းပရန် မသေချာ သေးကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြော ကြားခဲ့ကြောင်းသိရသည်။ လာမည့် မတ်လအတွင်း ညီလာခံ ကျင်းပနိုင်ရေး နည်းလမ်းရှာဖွေနေ ကြောင်း၊ ညီလာခံ မကျင်းပနိုင်သော်လည်း မိမိတို့ အဖွဲ့အစည်းကို မည်သို့ဆက်လက်လုပ်ဆောင် ရမည်ကို ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

 

  • ကရင်နီ (ကယား)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ပြင်းပြင်း ထန်ထန်တိုက်ခိုက် ထိုးစစ်ဆင်နေမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် များအတွက် ကျေးရွာဒေသခံများက ၎င်းတို့စာသောက်နိုင်ရရန် ငှက်ပျောအူနှင့် ဖရုံသီးများကို လမ်းဘေးဝဲယာတွင် ချထားပေးကာ ကူညီပေးနေကြကြောင်း သိရသည်။ ကရင်နီ ပြည်နယ်အ တွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် နေမှုကြောင့် စစ်ဘေးရှောင် များမှာ နေရာအကြိမ်ကြိမ် ရွှေ့ပြောင်းတိမ်းရှောင်နေကြရပြီး အကူအညီများစွာ လိုအပ်နေရာ ဒေသတွင်း ပြည်သူချင်း တတ်နိုင်သမျှ မျှဝေကူညီနေကြခြင်းဖြစ်သည်။

 

  • ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် Ooredoo ဖုန်းလိုင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှစတင်ကာ ယနေ့ထိ လုံးဝပြတ်တောက်သွားပြီး Telenor ဖုန်းလိုင်းမှာ ယနေ့ ဖေဖော်ဝါရီ  ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင် ပြတ်တောက်သွားကြောင်း သိရသည်။ ပူတာအိုတွင် လတ်တလော MTP နှင့် Mytel ဖုန်းလိုင်း နှစ်ခု သာပုံမှန်ရရှိနေပြီး Ooredoo နှင့် Telenor ဖုန်းလိုင်းပြတ်တောက်ရ ခြင်းမှာ စက်သုံးဆီ ပြတ်လပ် နေခြင်းကြောင်းဖြစ်သည်ဟု KNG သတင်းဌာနတွင်ဖော်ပြထား သည်။

 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ် ဝဲလစ်ကိုယ်ထူကိုယ်ထ ကျောင်း ၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဝဲလစ်ကိုယ်ထူကိုယ်ထစာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီး နှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းကော်မတီ၊ ကျောင်းသား မိဘများနှင့် ကျောင်းသူ ကျောင်း သားများတို့မှ ကျောင်းဆင်းပွဲအား စုပေါင်းကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် ထူးချွန် ကျောင်းသူ/ကျောင်းသားများကို ထူးချွန်ဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ကေအဲန်ယူ က ထုတ်ပြထားသည်။ ဝဲလစ်စာသင်ကျောင်းသည် ကော်သူးလေ ပညာသင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဝဲလစ်ရွာ နှင့် အနီးအနား ကျေးရွာ ၁၀ ရွာကျော်မှ ကျောင်းသူ/ကျောင်းသား ပေါင်း ၁၀၀ ကျော် တက်ရောက်သင်ကြား ခဲ့၍ အတန်းပညာ ၇ တန်းအထိ သင်ကြားပေးလျှက်ရှိကြောင်းသိရသည်။

 

  • တအာင်းပညာရေးအင်စတီကျု (TEI) မှ ကျောင်းဆရာ မိုင်းရဲထက်မြင့် ကို မိုင်းရယ်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များက ဖမ်းဆီးထား၍ အဆိုပါဒေသရှိ တအာင်း ကျေးရွာ သုံးရွာ၌ ကလေးများအား စာသင်ပေးနေသည့် တအာင်း ဆရာများလုံခြုံရေးအရ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင်လာကြောင်း တိမ်းရှောင်လာသူများနှင့်နီးစပ်သည့် တအာင်း ဒေသခံက ပြောသည်။ မိုင်းရယ်မြို့နယ် ကောင်းမောင်ကျေးရွာအုပ်စု ကြူဝင်းကျေးရွာ၌ တာဝန်ကျနေသည့် ဆရာမိုင်းရဲထက်မြင့်ကို ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီ ၂၆ ရက်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်း ဌာနက ဖော်ပြသည်။

 

  • မွန်ပြည်နယ်၌ သစ်သီး၀လံစျေးကွက် ဝယ်လိုအားကျဆင်းလာသဖြင့် စိုက်ပျိုးရေးအခက်ကြုံ နေရကြောင်းသိရသည်။ မွန်ပြည်နယ်၊ သစ်သီးဝလံစျေးကွက်မှာ ပြည်တွင်း၊ပြည်ပ ဝယ်လိုအား လျော့နည်းကျဆင်းလာတာကြောင့် သစ်သီးဥယျာဥ် ခြံလုပ်ငန်း လုပ်ကိုင်သူတွေ ဆက်လက် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အခက်အခဲတွေကြုံ တွေ့နေရတယ်လို့ မွန်ပြည်နယ် သစ်သီး၀လံ စျေးကွက် အလားအလာများ လေ့လာဆန်းစစ်ချက် စာတမ်းအရ သိရှိရပါသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button